"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, December 18, 2013

ဆီးဂိမ်း ရင်ခုန်သံ




၁၃၇၅ ခုနှစ်၊ နတ်တော်လဆုတ် ၁ ရက်(18 December, 2013 Wednesday)


"တို့ဗမာ နိုင်ပြီ"


ရွှေတံဆိပ်ဆုရှင် မြန်မာလမ်းလျှောက်အားကစားမယ် 'စောမာလာနွယ်' ပန်းဝင်လာစဉ်။



မြန်မာနိုင်ငံက ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ လက်ခံကျင်း ပမယ်ဆိုကတည်းက မိမိ၏ရင်ထဲတွင် ဆီးဂိမ်းရင်ခုန်သံကို စပြီးခံစားခဲ့ရတာပါ။

လွန်ခဲ့သည့် ၄၄ နှစ်ကြာကာလဖြစ်တဲ့ ၁၉၆၉ ခုနှစ်မှာ ၅ ကြိမ်မြောက် အရှေ့ တောင်အာရှကျွန်းဆွယ် အား ကစားပြိုင်ပွဲ (Southeast Asian Peninsular Games – SEAP Games)ကို အိမ်ရှင်အဖြစ် နောက်ဆုံးကျင်း ပခဲ့ပြီး ယခုတစ်ကြိမ်မှာမှ ဆီးဂိမ်း(Southeast Asia Games- SEA Games)ကို ပထမဆုံးအနေနဲ့ ပြန်ပြီး လက်ခံကျင်းပနိုင်ခဲ့တာဖြစ်လို့မို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဂုဏ်လည်း ယူမိပါတယ်။



ရွှေတဆိပ်အများဆုံးနဲ့ မြန်မာက နံပတ် ၁ ရခဲ့တဲ့ ၁၉၆၉ ခုနှစ် SEAP Games နောက်ဆုံးဆုရရှိမှုစာရင်း။




ဒါပေမယ့် အဲဒီလို ၀မ်းမြောက်ဂုဏ်ယူရတဲ့ ဆီးဂိမ်းရင်ခုန်သံနဲ့အတူ မိမိ၏စိတ်ထဲမှာ ဘယ်လိုများ အဖြေ ထွက်လာပါလိမ့်မလဲဆိုတဲ့ စိုးရိမ်စိတ်က မသိုးမသန့်လေးရှိနေခဲ့ပါတယ်။  အားကစားကွင်းတွေ အားကစား ရုံတွေ ဆောက်နေတုန်းက အချိန်မီမှ ပြီးပါ့မလား၊ ပြိုပျက်ကျတာတွေများ ရှိလေ မလားလို့ စိတ်ပူခဲ့မိ သေး တာ။ အိုလံပစ်ပြိုင်ပွဲအတွက် ဆောက်ကြတာတောင်မှ ဖြစ်တတ်ကြသေးတာ မဟုတ်လား။ နောက်ပြီး အား ကစားသမားတွေကို လေ့ကျင့်သင်တန်းပေးတာ၊ လေ့ကျင့်ကြ ရင်းက ထိခိုက်အနာတရဖြစ်တာ၊ အဲဒီ ထိ ခိုက်အနာတရဖြစ်တာတွေကို ကုသပေးတာ၊ ထိခိုက်ဒဏ် ရာဖြစ်တာတွကို ကြိုတင်ကာကွယ်ရေးနဲ့ ကုသ ရေးလုပ်ပေကြမယ့် အကြောအဆစ်ကုပညာရှင် (physiotherapist) တွေကို အထူးသင်တန်းပေးတာ ဖွင့်ပွဲ ပိတ်ပွဲနဲ့ ပွဲစဉ်တွေအတွက် ပြင်ဆင်ကြတာ စသဖြင့် ဟိုတွေးဒီတွေးနဲ့ ရင်မောမိခဲ့ပါသေးတယ်။



အပေါ်ပုံ - ဒီဇင်ဘာ ၁၁ ရက်နေ့က ၂၇ ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲအခန်းအနား။
အောက်ပုံ - (၀ဲ) ၅၇ ကီလိုတန်းမှ ရွှေတံဆိပ်ရှင် မြန်မာလက်ဝှေ့မယ် နွယ်နီဦး၏ ထိထိမိမိ ဘယ်ဖြောင့်လက်သီး။
အောက်ပုံ - (ယာ) ရွှေတံဆိပ်ဆုရှင် မြန်မာအမျိုးသမီးအလေးမမယ်တစ်ဦး ယှဉ်ပြိုင်နေစဉ်။



အဲ .. ဒီလိုနဲ့ ရုပ်သံအစီအစဉ်မှာ ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားကြီးလည်း မြင်လိုက်ရကော ဘာပြောကောင်းပါ့ မလဲ။ ကြက်သီးမွေးညင်းများထပြီး လက်သီးလက်မောင်းတန်းလို့ အော်လိုက်ချင်မိတာ။ အကောင်းဆုံး လုပ် ပြလိုက်တာလေ။ 

ဟာဗျာ .. ဒီလောက်ကြီးကျယ်လှပစွာပြနိုင်လိမ့်မယ်လို့ မထင်ထားခဲ့လို့ပါ။     



"တို့ဗမာ ရှုံးပြီ"


လူပရိသတ် အများဆုံးအားပေးကြပြီး လူအများစုကြီးက မျှော်လင့်အားအထားဆုံးဖြစ်တဲ့ မြန်မာအမျိုးသား နဲ့အမျိုးသမီးဘောလုံးအသင်းများဟာ မကောင်းတဲ့ကံတူအကျိုးပေးဖြင့် ပွတ်ခါသီကာ နှာတစ်ဖျားလေးနဲ့ ရှုံသွားခဲ့ကြရပါတယ်။ ကြားရသိရသလောက်တော့ အသေအလဲကြိုးစားကြတဲ့ အားကစားသမားတွေကော တစ်လုံးတစ်ခဲ အားပေးကြ တဲ့ ဘောလုံးပရိသတ်ကြီးကော အတော်လေးကို ရင်နာစရာပါ။

မာရေကြောရေရှိပြီး သူထင်ရာတစ်ဇွတ်ထိုးလုပ်တတ်တဲ့ ကိုရီးယားနည်းပြကို ပွဲပြီးပြီးချင်း အလုပ်ကနေချက် ချင်းထုတ်ပစ်လိုက်ပါသတဲ့။

ကောင်းလေစွ .. ကောင်းလေစွ ..။

ဒီလိုမှန်းသိခဲ့ရင် ပွဲမစခင်ကတည်းကများ ကြိုကြိုတင်တင်လေး ဖြုတ်ပစ်လိုက်ရင် မြန်မာဘောလုံးအသင်း က ရွှေရချင်ရနိုင်ဦးမှာ။




မြန်မာဘောလုံးအသင်းရှုံးပြီး ပြိုင်ပွဲမှထွက်သွားရသဖြင့် မချိတင်ကဲဖြစ်ကာ ကွင်းထဲမှာ ထိုင်ငိုနေသော ဘောလုံးပရိသတ်တစ်ဦး။
ဓာတ်ပုံ - Sai Zaw / The Irrawaddy


မမျှော်လင့်တဲ့အရှုံးကြောင့် ယူကြုံးမရ ငိုကြီးချက်မဖြစ်ရသူ မြန်မာအမျိုးသမီးဘောလုံးသမားတစ်ဦး။
ဓာတ်ပုံ - မြန်မာဆီးဂိမ်းဘလော့။


ဒီဇင်ဘာ ၁၈ ရက်နေ့က မြန်မာအမျိုးသမီးဘောလုံးအသင်းက ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်ကစားကြရာမှာ ပင်နယ်လ်တီဂိုးသွင်းအဆုံးအဖြတ်ကြောင့် ၉ ၈ိုး - ၈ ၈ိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ မြန်မာအမျိုးသမီးဘောလုံးအ သင်းရှုံးနိမ့်ရတာနဲ့ပတ်သက်ပြီး အိန္ဒိယလူမျိး အမျိုးသမီးဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှုကို မြန်မာအမျိုး သမီးဘေလုံးအသင်းရဲ့  ဂျပန်နည်းပြဆရာက သက်ဆိုင်ရာကို တိုင်တန်းမယ်ဆိုပါတယ်။ 

ဘောလုံးအားကစားက မြန်မာလူမျိုးများ၏သည်းခြေကြိုက်အားကစားပါ။ မြန်မာကလေးငယ်တိုင်းလိုလိုဟာ တစ်ခြားအားကစားတစ်မျိုးမျိုးကို မကစားဖူးဘဲ ရှိကောင်းရှိမယ်။ ဒါပေမယ့် ယောင်္ကျားမှန်ရင် ဘောလုံး မ ကစားဖူးတဲ့သူရယ်လို့တော့ မရှိသလောက်လို့ ပြောရမှာပါ။ ဟိုတစ်ချိန်က မြန်မာ့အားကစား အရှေ့တောင် အာရှမှာ အောင်ပွဲအလီလီခံယူနေခဲ့စဉ် ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲ ဆိုခဲ့ကြတဲ့ "တို့ဗမာ နိုင်ပြီ" သီချင်းဟာ အားကစားအားလုံးကို ရည်စူးတာဖြစ်ပေမယ့် ဘောလုံးနဲ့ပတ်သက်လို့ ပိုပြီး ခံစားဆိုခဲ့ကြတာပါ။




ရိုးရာလှေလှော်ပြိုင်ပွဲ


မြန်မာ့အားကစားကို ရွှေအောင်လံလွှင့်ထူပေးခဲ့ကြတဲ့ ရွှေလောင်းလှေမမများ။
ဓာတ်ပုံ - မြန်မာဆီးဂိမ်းဘလော့။



မနေ့ကရတဲ့သတင်းအထိ ရိုးရာလှေလှော်ပြိုင်ပွဲတွေမှာ မြန်မာအသင်းတွေက ရွှေ ၁၀ ခု ရထားပြီးဖြစ်ပါ တယ်။ နောက်ကိုလည်း ရဖို့ ရှိနေပါသေးတယ်။



မြားပစ်ချန်ပီယံ မအောင်ငှိန်း

တစ်ယောက်တည်းပေမယ့်
ရွှေဆုတွေ တစ်ပုံတစ်ပင်ကြီးရယ်နဲ့
အောင်ငှိန်းငယ် မြန်ဂုဏ်ဝင့်ရှာပေါ့
တစ်ခေတ်မှာ တစ်ယောက်သာမို့
ထွန်းတောက်လှပေတာ။ 


၁၁ နှစ်တာ အားကစားသက်တမ်းမှာ နိုင်ငံတကာပြိုင်ပွဲရွှေဆု ၂၇ ဆု ရထားတဲ့ မြားပစ်အားကစားမယ် မအောင်ငှိန်း။
ဓာတ်ပုံ - မြန်မာဆီးဂိမ်းဘလော့။



ဗိုဗီနမ်သိုင်းအားကစား

ဒီ ၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ ဗိုဗီနမ်အားကစားပြိုင်ပွဲဝင် မြန်မာအမျိုးသမီးအားကစားမယ်များက လော လောဆယ်ပြိုင်နေဆဲ ပွဲ ၆ မျိုးမှာ ရွှေ ၃ ဆု ရယူထားပြီးဖြစ်ပါတယ်။


ဗိုဗီနမ် (Vovinam) ခေါ် ဗီယက်နမ်သိုင်းကစား အလှပြပြိုင်ပွဲဝင်သော မြန်မာအားကစားမယ်တစ်ဦး။
ဓာတ်ပုံ - မြန်မာဆီးဂိမ်းဘလော့။




၁၃၇၅ ခုနှစ်၊ နတ်တော်လဆုတ် ၄ ရက်(21 December, 2013 Saturday)

မိမိသည် အခုတလောမှာ ရွှေကုန်သည် ငွေကုန်သည် မဟုတ်ပါဘဲလျက် ရွှေအကြောင်းစဉ်းစားရ၊ ငွေအ ကြောင်းစဉ်းစာရ၊ ရွှေအရေအတွက် တွက်ရ၊ ငွေအရေအတွက် တွက်ရနဲ့ ဖြစ်နေခဲ့ပါတယ်။


ဟုတ်ပါတယ်။

ဒီကနေ့တော့ မြန်မာက ရွှေဘယ်နှစ်ခုရတယ်၊ ငွေဘယ်နှစ်ခုရတယ်၊ စုစုပေါင်း ဘယ်နှစ်ဆုရှိပြီ စသဖြင့် ဆုရဇယား(Medal Tally) ကို စတော့ရှယ်ယာကစားသူလို ကြည့်ရှုမှန်းဆတွက်ချက်နေရပါတယ်။ မြန်မာ အားကစားသမားတွေ ရွှေပိုရတော့ ၀မ်းသာရသလို တစ်ခြားနိုင်ငံတွေက ရွှေအရများပြီး မြန်မာအသင်းအ နားကို ကပ်လာတဲ့အခါ မိမိမှာ ပူပန်ရပြန်ကော။




မြန်မာနိုင်ငံအတွက်နှင့် ၂၇ ကြိမ်မြောက်ဆီးဂိမ်းမှာ ပထမဆုံးရွှေဆုရယူခဲ့သော မြန်မာအမျိုးသမီးခြင်းလုံးအသင်း။ 



ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးကို တရားဝင်မဖွင့်ခင်မှာ အားကစားပြိုင်ပွဲတွေစတော့ မြန်မာအမျိုးသမီးခြင်းလုံး အသင်းက ထိုင်းအမျိုးသမီးခြင်းလုံးအသင်းကို ၃ ပွဲပြတ်ခြေစွမ်းပြအနိုင်ယူပြီး ၂၇ ကြိမ်မြောက်ဆီးဂိမ်းပွဲကြီး ၏ ဗွေဆော်ဦးရွှေတံဆိပ်ကို ရယူပြလိုက်တာဟာဖြင့် မြန်မာတွေအဖို့ အလွန်ပဲကျက်သရေရှိလှပါတယ်။ 

မင်္ဂလာလည်း ရှိပါတယ်။ 



မြန်မာဆီးဂိမ်း၏ ရွှေကိစ္စ ငွေကိစ္စကို ခြေရာပြန်ကောက်ကြည့်မယ်ဆိုရင် မိမိမှာရှိတဲ့ သတင်းမှတ်တမ်းများအ ရ ဒီဇင်ဘာလ ၄ ရက်နေ့က အမျိုးသမီးခြင်းလုံးအသင်းရဲ့  ဗွေဆော်ဦးရလိုက်တဲ့ ရွှေတံဆိပ်ကနေ ဆုရဇယား မှာ နံပတ်တစ်နေရာကို ယူထားခဲ့တာဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့၁နာ ရီနဲ့ ၅ မိနစ် သတင်းထုတ်ပြန်ချိန် အထိ ရွှေ ၂၇၊ ငွေ ၂၆နဲ့ ၁၀ ရက်ကြာ ရပ်တည်နိုင်ခဲ့ပါတယ်။ အင် ဒိုနီးရှား(ရွှေ ၂၄၊ ငွေ ၃၀)၊ ဗီယက်နမ်(ရွှေ ၂၄၊ ငွေ ၁၄)နဲ့ ထိုင်း(ရွှေ ၂၂၊ ငွေ ၂၅)နိုင်ငံတို့က မြန်မာ ရဲ့ အောက်နားကနေ ဒုတိယ၊ တတိယနဲ့စတုတ္ထနေ ရာများမှာ ရှိနေခဲ့ကြတာပါ။

ဒါပေမယ့် အဲဒီနေ့ည ၈ နာရီ ၁၅ မိနစ်သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက ရွှေ ၃၁ ခုနဲ့ ဒုတိယနေ ရာကို ဆင်းပေးလိုက်ရပြီး ထိုင်းက ရွှေ ၃၃ ခုနဲ့ ပထမနေရာကို လုယူသွားနိုင်ခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး ယနေ့အ ထိ မြန်မာဟာ ဆုရဇယား၏ထိပ်ဆုံးနေရာကို ပြန်မရောက်နိုင်ခဲ့တော့ပါဘူး။ထိုင်းနိုင်ငံကပဲ နံပတ်တစ်နေရာကို စွဲစွဲမြဲမြဲ ယူထားနိုင်ခဲ့တာ ဒီကနေ့အထိပါ။ 

ဒီနောက်ပိုင်းမယ်တော့ မြန်မာရဲ့ ဆုရဇယားနံပတ် ၂ နေရာလေးဟာ ၂ ရက်လောက်ပဲကြာလိုက်ပြီး ၃ ရက် မြောက်တဲ့နေ့ကစလို့ ခုံလှုပ်ကာ အင်ဒိုနီးရှားက လာလုယူသွားလိုက်၊ ဗီယက်နမ်က လာတက်ယူလိုက်နဲ့ ရှိ နေခဲ့ပါတယ်။ နံပတ် ၁ နေရာကဆင်းလာခဲ့ရတဲ့ မြန်မာခမျာ ဒုတိယနေရာမှာတောင် ဖင်မမြဲနိုင်ရှာပဲ တတိ ယနေရာအထိ မိုးသွားခိုရပြန်ပါတယ်။ ပိုဆိုးတာက ဒီဇင်ဘာ ၁၈ရက်မှာ စတုတ္ထအဆင့်အထိ ထိုးကျသွား တာမို့ အတော်လေးကို စိုးရိမ်တကြီး ဖြစ်သွားခဲ့ရပါတော့တယ်။ ဒါပေမယ့် အဲဒီနေ့ညနေပိုင်းမှာ တတိယနေ ရာကို ပြန်တက်သွားနိုင်ခဲ့တာကြောင့် 'ဟင်'ချရပါတယ်။ နောက်ရက်မှာ ဒုတိယနေရာကို ထပ်ပြီးတက်သွား ခဲ့ပြန်တာမို့ ပျော်လိုက်မိတာ။

သို့သော်လည်း တတိယနေရာမှာရှိတဲ့ ဗီယက်နမ်နဲ့ မြန်မာက ရွှေအရေအတွက် ၁ ခု ၂ ခု လောက်ပဲ သီသီ လေးကွာနေသေးတာမို့ စိတ်မချတချကြီးဖြစ်နေရဆဲပါ။ ဒီဇင်ဘာလ ၂၁ ရက် ညနေပိုင်းမှာတော့ ရွှေ ၇ ခု အထိ ကွာလာခဲ့ပါတယ်။ တစ်ခါ အဲဒီညမှာ မြန်မာက ရွှေ ၈၄ ခုနဲ့ ဗီယက်နမ်ထက် ရွှေ ၁၁ ခုအထိအပေါ်စီး ရှိလာလို့ ဗီယက်နမ်က လိုက်မီတော့မှာ မဟုတ်ဘူးလို့ ယုံကြည်စိတ်ချမိပါတယ်။

မြန်မာနိုင်ငံရဲ့ ရွှေအလှုပ် ငွေအလှုပ်တွေနဲ့အတူ၊ ဆုရနေရာ အပြောင်းအရွေ့ တွေနဲ့အတူ မိမိ၏ဆီးဂိမ်းရင်ခုန် သံများဟာလည်း ဆောက်တည်ရာမရနိုင်ပဲ မတည်မငြိမ် ဖြစ်နေခဲ့ရပါတယ်။

စိုးရိမ်နေလိုက်ရတာ စိတ်ပူပန်နေလိုက်ရတာ ပြောပဲ မပြောပါနဲ့တော့။




၁၃၇၅ ခုနှစ်၊ နတ်တော်လဆုတ် ၅ ရက်(22 December, 2013 Sunday)


စောစောကလေးတင်ပဲ ဆီးဂိမ်းပိတ်ပွဲအခမ်းအနားကြီးကို စိတ်ရွှင်လမ်းချမ်းမြေ့ စွာဖြင့် ကြည့်လို့ပြီးသွားခဲ့ ပါတယ်။

မိမိတို့ ရွှေမြန်မာက ရွှေ ၈၆ ခု၊ ငွေ ၆၂ ခု၊ ကြေး ၈၅ ခုနဲ့ ဆုတံဆိပ်စုစုပေါင်း ၂၃၃ ဆုကို ပိုင်နိုင်နိုင် ကြီး ပွေ့ပိုက်ပြီး ဆုရအဆင့် ၂ နေရာမှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဖတ်မိ ကြားမိရသ၍ မြန်မာနိုင်ငံမှာ ယနေ့ကျင်းပပြီးစီးသွားတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီး ကို ညီအစ် ကိုတော် အရှေ့ တောင်အာရှနိုင်ငံများက အားရချီးမွမ်းခဲ့ကြပါတယ်။ ဖွင့်ပွဲ ပိတ်ပွဲများရဲ့  အလွန်လှပ ခမ်းနားမှု၊ ပြိုင်ပွဲများကို စနစ်တကျစီစဉ်ဆောင်ရွက်ခဲ့နိုင်မှုနဲ့ မြန်မာအားကစားသမား၏ အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ် နဲ့ယှဉ်ပြိုင်ကာ ဆုတံဆိပ်အမြောက်အများ ရယူနိုင်ခဲ့မှုများအတွက် အဓိကအားဖြင့် ဖွင့်ဟချီးကျူးကြတာဖြစ် တယ်။

သည်အတွက် မိမိတို့မြန်မာအားလုံး ၀မ်းမြောက်ဂုဏ်ယူကြမယ်ဆိုတာ သေချာပါတယ်။


နောင်လာမည့်ဆီးဂိမ်းပြိုင်ပွဲများနှင့် အခြားသောဒေသတွင်းအားကစားပြိုင်ပွဲများမှာလည်း အောင်ပွဲအလီလီခံ နိုင်ပြီး နိုင်ငံ၏ဂုဏ်ကို ယခုထက် ဆထက်ထမ်းပိုး မြှင့်တင်ပေးနိုင်ကြစေရန် ဆန္ဒပြုဆုမွန်ကောင်း တောင်း လိုက်ရပါတယ်။  










ကိုယ်လက်လှုပ်ရှား ကျန်းမာရေးဆုလာဘ်တစ်ပါး



၁၃၇၅ ခုနှစ်၊ နတ်တော်လဆုတ် ၁ ရက်။ (18 December, 2013 Wednesday)


ပြီးခဲ့သော စက်တင်ဘာလ ၈ ရက်နေ့တွင်ကျရောက်ပြီး တစ်ကမ္ဘာ့လုံးအနှံ့ကျင်းပခဲ့သည့် ကမ္ဘာ့အကြော အဆစ်ကုပညာရပ်နေ့ (World Physical Therapy Day) ၏ ဆောင်ပုဒ်မှာ "ကိုယ်လက်လှုပ်ရှား ကျန်းမာ ရေးဆုလာဘ်တစ်ပါး" (Movement for Health) ဖြစ်သဖြင့် အောက်ပါကျန်းမာရေးပညာပေးဆောင်းပါး ကို ကြေးမုံသတင်းစာသို့ မိမိ ရေးသားပေးပို့ခဲ့ခြင်းဖြစ်ပါသည်။




ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါး။




အာရောဂျံ ပရမံလာဘံ - ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟူ၍ မိမိတို့အားလုံး ငယ်စဉ်ကပင် ကြားဖူးနား ၀ရှိခဲ့ကြပြီး ပြောဖန်များ ကြားရဖန်များသဖြင့် နားမှာအစွဲလွန်ကာ ရိုးအီသွားလျက် အချို့ က အလေးပင်မ မူတတ်ကြဟု ထင်ပါသည်။ ကျန်းမာရေးသည် အရေးကြီးကြောင်း နားလည်ယုံကြည်လက်ခံထားကြသော် လည်း ယင်းအဆင့်တွင်သာ ရပ်တန့်နေတတ်ပြီး တကယ်တမ်းအားထုတ်ဆောင်ရွက်သည့်အဆင့်သို့ မ ရောက်ကြသည်က များလေသည်။

သို့ပေမယ့် ဆောင်းရာသီ၏ ဒီဇင်္ဘာလတွင်မူ လူအတော်များများ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ဖြစ်ကြပါ သည်။ မိမိတို့ငယ်စဉ်ကတည်းက ဒီဇင်္ဘာလသို့ရောက်လေတိုင်း အသံချဲ့ စက်ကြီးမှ "စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့"ဆိုသောကျန်းမာရေးလှုံ့ ဆော်သီချင်းကို နှစ်စဉ်ကြားရလေ့ ရှိပြီး အိပ်ယာထဲက နေ အိပ်ချင်မူးတူး မထချင်ထချင် လူးလဲထကာ လမ်းလျှောက်သွားခဲ့ရသည်မှာ ကျန်း မာရေးအတွက် အမှန် တကယ်အကျိုးရှိခဲ့ပါသည်။ သို့သော် ၁၂ လကာလတွင် ၁ လခန့်သာလမ်းလျှောက် ခြင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းဖြင့် ရေရှည်ကျန်းမာရေးအကျိုးဖြစ်ထွန်းမှုကား မရရှိနိုင်ပါချေ။ တစ်နှစ်ပတ်လုံး အချိန်မှန်မှန် လိုက်စားလေ့ကျင့်ကြရန် လိုလေသည်။


အထက်တွင်ဆိုခဲ့သည့်အတိုင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းသည် ကျန်းမာရေးအတွက်ကောင်းမွန် ကြောင်းကို လူတိုင်းလိုလို သိထားကြပြီးဖြစ်သည်။ သို့တစေ ယင်းသို့သိရှိထားကြသူတိုင်း သူတို့၏ကျန်း မာရေးအတွက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ကြပါသလော။ အဖြေက ရှင်းနေပါ၏။ လူတိုင်းမပြောနှင့်၊ အ တော်များများပင် အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ကြသည်က များလေသည်။ အချို့ က အချိန်မရ ကြောင်း အကြောင်းပြကြ၏။ အချို့  က နေပူလို့ မိုးရွာလို့ အေးလို့ ဗိုက်ဆာလွန်းလို့ ဗိုက်တင်းနေလို့ စသ ဖြင့် ဟိုဟိုသည်သည် ယိုးမယ်ဖွဲ့ကာ အပျင်းထူ၍ မလုပ်ဖြစ်ကြ။ အချို့ ကမူ ကိုယ်လက်လှုပ်ရှားမှုဟူသည် ကို သေချာဂနစွာ မသိသဖြင့်သော်လည်းကောင်း၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်မှုနှင့်ကျန်းမာရေးတို့ မည်သို့မည်ပုံ တိုက်ရိုက်ဆက်စပ်မှုရှိနေကြောင်းကို နားလည်သဘောပေါက်ခြင်း မရှိကြ၍လည်းကောင်း အမှုမဲ့အမှတ်မဲ့ မလုပ်ဖြစ်ကြခြင်းဖြစ်လေသည်။

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်မှုဆိုသည်မှာ ခြေလက်ခေါင်းခါးအစရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို စနစ်တကျ လှုပ်ရှားပေးခြင်းပင်ဖြစ်သည်။ လမ်းလျှောက်ခြင်း ပြေးခြင်း ရေကူးခြင်းကဲ့သို့သော အားကစား ပစ္စည်း တစ်စုံတရာမပါဘဲ လေ့ကျင့်နိုင်သကဲ့သို့၊ ခြင်းခတ်ခြင်း ဘောလုံးကန်ခြင်း ကြက်တောင်ရိုက်ခြင်း တို့ကဲ့သို့သော အားကစားပစ္စည်း တစ်မျိုးမျိုးသုံး၍လည်း လေ့ကျင့်နိုင်လေသည်။ အားကစားပစ္စည်း တစ် မျိုးမျိုးကို သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ ဦးနှောက်နှင့်အာရုံကြောတို့၏စေ့ဆော်မှု၊ ကြွက်သားများရုန်း ဆန့်မှု၊ အရိုးအဆစ်များ၏လှုပ်ရှားမှုများကြောင့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်မှုဖြစ်ရလေသည်။ တစ်ချိန် တည်းမှာ နှလုံး အဆုတ်စသည့် သွေးလှည့်စနစ်နှင့်အသက်ရူလုပ်ငန်းများကိုပါ လေ့ကျင့်မှုဖြစ်စေတော့ ၏။

ယခုအခါ တစ်နေ့တစ်ခြားတိုးတက်ရှာဖွေတွေ့ရှိနေသည့် ဆေးသုတေသနလုပ်ငန်းရပ်များသည် ကိုယ် လက်လှုပ်ရှားမှုလေ့ကျင့်မှုကြောင့်ရရှိလာသည့် ကျန်းမာရေးကောင်းကျိုးများကို အသက်အရွယ်မရွေး လူတိုင်းခံစားရရှိနိုင်ကြောင်း ယခင်ထက်ပို၍ခိုင်ခိုင်မာမာ သိရှိလာကြပြီးဖြစ်သည်။ သန်စွမ်းသူများကော မသန်စွမ်းသူများကိုပါ ကျန်းမာကြံ့ ခိုင်မှုဖြစ်စေသည်။ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် သွေးတိုး ဆီး ချိုအစရှိသည့် ရောဂါဝေဒနာခံစားနေကြရသူများပင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ပေးခြင်းဖြင့် ကျန်းမာ ရေး ပိုမိုကောင်းမွန်လာကြသည်။

ယခုအပတ်တွင်ဖတ်လိုက်ရသော ပြင်သစ်သတင်းဌာနနှင့်နယူးယောက်တိုင်းမ်တို့မှ ကျန်းမာရေးသတင်း ၂ ပုဒ်ကို ဥပမာပေး တင်ပြလိုပါသည်။

အသက်အရွယ်ကြီးသူများအနေဖြင့် ယခင်က ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်မှုများ မလုပ်ဖြစ်ခဲ့စေဦး ယခု အချိန်မှစပြီး လုပ်ကြမည်ဆိုပါက များစွာနောက်မကျလှသေးဟုဆိုပါသည်။ ယခုကဲ့သို့ အသက်အရွယ် ကြီးမှလုပ်ပါလျှင် ကျန်းမာရေး၏ကောင်းကျိုးများကို အသေအချာရရှိနိုင်သေးကြောင်း ဗြိတိသျှအားကစား ဆိုင်ရာဂျာနယ်တွင် ဖော်ပြထားလေသည်။ အသက် ၆၄ နှစ်အထက်ရှိသူ ၃၅၀၀ ဦးတို့၏ ကျန်းမာရေး မှတ်တမ်းများကို ၈ နှစ်ကျော်ကြာလေ့လာပြီး ရေးသားထားခြင်းဖြစ်သည်။ တစ်ပတ်လျှင်တစ်ရက် ပုံမှန် လေ့ကျင့်ကြသူ အသက်ကြီးသူများသည် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်မှုမရှိသူ အသက်ကြီးသူများထက် ကျန်းကျန်းမာမာဖြင့် အသက်ကြီးရန် (Healthy ageing) အခွင့်အလမ်း ခုနှစ်
ဆ ပိုရှိကြောင်း တွေ့ရှိရသည် ဆို၏။

လန်ဒန်တက္ကသိုလ်မှ သုတေသနလေ့လာမှုခေါင်းဆောင် 'မတ်ခ်ဟန်းမား' က "အရေးကြီးတဲ့ အဓိကအ ချက်ကတော့ဗျာ အသက်ကြီးလာတဲ့အခါ လှုပ်လှုပ်ရှားရှားရှိနေကြဖို့ လိုတာပါပဲ။ လေ့ကျင့်လှုပ်ရှားတယ် ဆိုရာမှာလည်း အားကစားရုံကိုသွားပြီး လေ့ကျင့်ဖို့ မဟုတ်ပါဘူး။ သစ်ပင်ပန်းပင် စိုက်တာတို့ ဈေးကို လမ်းလျှောက်ပြီးသွားတာတို့လောက် ပြောချင်တာရယ်ပါ" ဟု ရှင်းလင်းပြောကြားခဲ့လေသည်။ သည်တွင်
ကျန်းကျန်းမာမာဖြင့် အသက်ကြီးခြင်းဟူသည် အဘယ်နည်း။ လိုရင်းကို အနှစ်ချုပ်ပြောရသော် အဓိက ရောဂါကြီးများကင်းရှင်းလျက် မသန်စွမ်းမှုမဖြစ်ပဲ စိတ်ဓာတ်ကျဝေဒနာနှင့် မှတ်ဥာဏ်သိသိသာသာကျ ဆင်းခြင်းများမရှိခြင်းကို ဆိုလိုလေသည်။

ကိုယ်ဝန်ဆောင်မိခင်လောင်းများသည်ပင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်မှုများကို ဆရာဝန်နှင့်အကြော အဆစ်ကုပညာရှင်များ (physiotherapist) ညွန်ကြားသည့်အတိုင်း တိတိကျကျ လိုက်နာလုပ်ဆောင်ပါ က မိခင်ကိုယ်တိုင် ကျန်းမာရေးကောင်းမွန်ခြင်းနှင့်မွေးဖွားရလွယ်ကူချောမွေ့ခြင်းဖြစ်ရုံမက ၀မ်းထဲရှိသန္ဓေ သား၏ ဦးနှောက်ဖွံ့ဖြိုးမှုအား ပိုမိုကောင်းမွန်လာစေပြီး မွေးဖွားလာပြီးနောက်တွင်လည်း ကလေး၏နှလုံး သွေးကြောများ ပိုမိုသန်စွမ်းလာကြောင်းကို သုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။

ွှဤစာရေးသူကိုယ်တိုင်သည်လည်း ဥာဏ်ရည်နိမ့်ကလေးများအား ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်မှုများ ပြုလုပ်စေလျက် ကျန်းမာရေးတိုးတက်မှုရှိလာကြောင်းနှင့်ခံနိုင်ရည်မြင့်မားလာကြကြောင်း လေ့လာသိရှိခဲ့ ရပါသည်။ မိမိသည် အသက် ၆၀ ကျော်လာပြီဖြစ်သော်လည်း ငယ်စဉ်မှစပြီး ကိုယ်လက် လှုပ်ရှားမှုလေ့ ကျင့်မှုများကိုမပြတ်ပြုလုပ်လာခဲ့ရာ ယခုအခါကျန်းကျန်းမာမာဖြင့် လူငယ်များနှင့်မခြား လှုပ် ရှားသွားလာ နိုင်ကာ ၀န်ထမ်းတစ်ဦးအဖြစ် အချိန်ပြည့် အလုပ်လုပ်ကိုင်လျက် ရှိနေပါသေးသည်။

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်မှု ပြုလုပ်ခြင်းကြောင့်ရရှိလာသည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ကား အံ့ဖွယ်လိလိပင် ရှိပါဘိ၏။ အဖိုအခ ပေးရန်မလိုပဲ ဘေးထွက်အန္တရာယ်ကင်းရှင်းစွာဖြင့် မိမိစိတ် တိုင်းကျ ရွေးချယ်စီစဉ်ပြုလုပ်နိုင်သော ကိုယ်လက်လှုပ်ရှားမှုများဖြင့် ကျန်းမာရေးဆုလာဘ်ကြီးအား လူ တိုင်းလူတိုင်း ရယူခံစားနိုင်စေကြောင်း ဆန္ဒပြုတိုက်တွန်းနှိုးဆော်လိုက်ရပါသည်။  




 

Saturday, December 14, 2013

ထီးထမ်းလမ်းလျှောက် စင်ကာပူ (၂)



'ထီးထမ်းလမ်းလျှောက်' ဆိုသောမြန်မာစကား၏ မူရင်းအဓိပ္ပါယ်ကို 'အလုပ်အကိုင် မည်မည်ရရ မလုပ်ဘဲ ဟိုဟိုသည်သည် လျှောက်သွားနေသူ' ဟု ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ဦးစီးဌာနမှ ထုတ်ဝေသော 'မြန်မာအဘိဓာန်' တွင် အနက်ဖွင့်ထားပါသည်။

သို့ဖြစ်ရာ ထီးထမ်းလမ်းလျှောက် စင်ကာပူ တွင် မိမိသည် အလုပ်တစ်ခု မည်မည်ရရမရှိပါပဲ စင်ကာပူမှာ ဟိုသွားဒီသွားလုပ်ရင်း ဟိုနေရာရောက် ဒီနေရာရောက်ကာ ဟိုတွေ့ဒီတွေ့အကြောင်းအရာကလေးများအပေါ် မိမိ တွေးမိ ရင်တွင်းခံစားမိသည်တို့ကို ပြောပါမည်။ 




၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက်။ (14 December, 2013 Saturday)




အမှတ် ၄၉ ဘတ်စ်ကားလိုင်းအသစ်။ ဓာတ်ပုံ - ဖိုးတာ။


ယန့နံနက်က ဈေးတွင်မနက်စာစားပြီး အိမ်သို့ပြန်ရန် ထုံးစံအတိုင်း ကားမှတ်တိုင်မှာရပ်ပြီး ကားစောင့်ရင်း ဇ နီးနှင့်စကားပြောနေစဉ် ယခင်က ဤမှတ်တိုင်တွင်မတွေ့ရသော ဘတ်စ်ကားနံပတ်အသစ်တစ်စီးကို တွေ့ရသ ဖြင့် ကားအရှေ့ ဘက်ရှိဆိုင်းဘုတ်ကိုဖတ်ကြည့်မိသည်။ သည်တော့မှ လွန် ခဲ့သောလအနည်းငယ်က သတင်းစာ တွင်ပါရှိသော သတင်းတစ်ပုဒ်အား ပြန်ပြီးမှတ်မိရ၏။


ယခုလောလောဆယ် ဘတ်စ်ကား ၁ စီးသာပြေးဆွဲလျက်ရှိသော မိမိတို့ ၄၂ လမ်း (Street 42) တွင် နောက် ထပ်ဘတ်စ်ကားလိုင်း ၁ ခု ထပ်ဆွဲပေးမည့်သတင်းဖြစ်သည်။ သို့သော် ယင်းသတင်း ကို မေ့နေခဲ့ကာ ယခု ဘတ်စ်ကားအမှတ် ၄၉ ကိုတွေ့တော့မှ သတိပြန်ရမိပါသည်။ သို့နှင့် မူလက ဘတ်စ်ကားအမှတ် ၃၃၄ ကို စောင့်နေသည့် မိမိတို့ဇနီးမောင်နှံသည် စိတ်ကူးပြောင်းလျက် ဘတ်စ်ကားအမှတ် ၄၉ ၏ခရီးစဉ်အသစ်ကို စီး စမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြပါသည်။ 




ဘတ်စ်ကားလိုင်းခရီးစဉ် လက်ကမ်းစာစောင်။




ခဏအကြာတွင် မျှော်နေသည့်ဘတ်စ်ကားနံပတ် ၄၉ ရောက်လာသောအခါ အခြားသောခရီးသည်အချို့ နှင့် အတူ မိမိတို့ ကားပေါ်သို့ တက်လိုက်ကြပါသည်။ ကားလက်မှတ်ကို စက်မှာကပ်ရန်လက် လှမ်းသောအခါ ကားဒရိုင်ဘာက "ဒီကားလိုင်းက ဒီကနေ့မှစဆွဲတဲ့လိုင်းအသစ်ပါ။ ဒီကနေ့နဲ့မနက်ဖန် ၂ ရက်အတွက် ကားခ ပေးဖို့မလိုပါဘူး။ အဲဒီ ၂ ရက်အတွက် လိုင်းသစ်ကို မိတ်ဆက်ပေးတဲ့အနေနဲ့ အခမဲ့ စီးနိုင်ကြပါတယ်" ဟု ပြောပါသည်။ အလကားစီးရမည်မှန်းသိရ၍ စီးခြင်းမဟုတ်သော်လည်း အလကားစီးရသဖြင့်တော့ သဘော ခွေ့ မိသည်အမှန်။ 'သဲ့ခ်ယူး'ပါ အက်စ်ဘီအက်စ် (SBS) ရယ်။



ဘတ်စ်ကားက Jurong West ဈေးမှတ်တိုင်ကနေ ၄၂ လမ်းထဲကို ကွေ့ဝင်ပြီးနောက် Jurong West Ave 1 သို့ရောက်သောအခါ ဘတ်စ် ၃၃၄ ကဲ့သို့ ယင်းလမ်းထဲသို့ ကွေ့မ၀င်ပဲ ၄၁ လမ်းအထဲသို့ တည့် တည့်မောင်း ၀င်လိုက်ပါသည်။ ၄၁ လမ်းဆုံးတော့ ၅၁ လမ်း၏၀ဲဘက်သို့ကွေ့ဝင်ကာ လိတ်ဆိုက် ဘူတာတွင်ရပ်ပါသည်။ စုစုပေါင်း ၁၂ မိနစ်ကြာ၏။ မိမိ၏အိမ်မှ လိတ်ဆိုက်ဘူတာသို့ သွားမည်ဆို က ၁၀ မိနစ်ခန့်သာ ကြာပါမည်။ ယ ခု ဘတ်စ်လိုင်းအသစ် ၄၉ ဖြင့် ယခင်က တိုက်ရိုက်သွားမရသည့် လိတ်ဆိုက်ဘူတာနှင့် တာမန်ဂျူရောင်းအ ရပ် (Taman Jurong) တို့သို့ ရောက်နိုင်သဖြင့် များစွာမှ အဆင်ပြေသည်ကို တွေ့ရ၏။


လိတ်ဆိုက်ဘူတာမှ Corporation Road၊ ထိုမှ Yuan Ching Road တို့သို့ မောင်းသွားသောအခါ တိုက်အသစ် များဖြင့် ပြောင်းလဲသွားသည့်မြင်ကွင်းအသစ်များကို တွေ့ခဲ့ရသည်။ ယခင် လိတ်ဆိုက် ဘူတာနှင့်မျက်နှာချင်း ဆိုင်ရှိ တိုက် ၅၁၈ တွင်နေခဲ့စဉ်က အရပ်ဒေသသို့ မကြာမကြာ အရောက် အပေါက်ရှိခဲ့သဖြင့် ထိုစဉ်က တွေ့ခဲ့ရသောမြင်ကွင်းများဖြင့် များစွာကွာခြားသွားပြီဖြစ်သည်။ လူဦး ရေလည်း အတော်ထူထပ်လာ၏။ ၁၉၉၂ ခုနှစ်က မိမိ၏မိဘနှစ်ပါး စင်ကာပူသို့ ၃ လကြာ အလည် အပတ်ရောက်နေစဉ်က ဘခင်ကြီးသည် နံနက်ဝေ လီဝေလင်းအချိန်တိုင်း တာမန်ဂျူရောင်းအရပ် သို့ နေ့စဉ် တစ်နာရီခန့်လမ်းလျှောက်လေ့ရှိ၏။ 


မိမိ စင်ကာပူသို့ရောက်စက ကန်ချင်းလမ်း(Kang Ching Street)ရှိ တိုက်တန်းလျားတစ်ခုတွင် တစ်ပတ်ကျော် ခန့် နေခဲ့ဖူးသည်။ မိတ်ဆွေ ဦးအောင်အောင်၏အိမ်မှာဖြစ်သည်။ သူသည် ယခုအခါ အမေရိကန်နိုင်ငံတွင် ရောက်နေပါသည်။ ဘတ်စ်ကားက ကန်ချင်းလမ်းအထဲသို့ မ၀င်သော်လည်း Corporation Drive လမ်းမှ ကန် ချင်းလမ်းကိုလှမ်းမြင်နေရသဖြင့် "ဟောဟို အုတ်ခုံဖြူဖြူလေးရဲ့  အနောက်ဖက်နားမှာပေါ့ POSB ရှိတယ်၊ နောက်ပြီး KFC ဆိုင်လေးလည်းရှိသေးတယ်။ အခုတော့ ရှိမရှိ မသိရတော့ဘူး" ဟု မိမိက ဇနီးအား သတိတရ ပြောမိပါသည်။


ကန်ချင်းတိုက်တန်းမှ လိတ်ဆိုက်ဘူတာသို့အသွား ကားလမ်းဘေးတွေ့ရသော မာလီမောမူလတန်းကျောင်း (Merlimau Primary School) မှာ ၁၉၉၀ ခုနှစ်အလွန်ကာလများက မြန်မာကလေးများ စင်ကာပူနိုင်ငံမှာ စ တက်ခဲ့သောကျာင်းတစ်ကျောင်းဖြစ်ခဲ့ပြီး ယခုအခါ ကျောင်းပျောက်သွားကာ ဘေးချင်းကပ်မှ Yuan Ching Secondary School နှင့် ဇာတ်ပေါင်းသွားတော့၏။ 




သဘောခွေ့ = ကြည်နူးနှစ်သက်သည်။ သဘောတွေ့သည်။





ဆက်ပြီးရေးပါဦးမည်။




Saturday, December 7, 2013

ထိုသုံးရက် သို့မဟုတ် ကန့််ဘလူမြို့ ခရီး



၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက်(7 December, 2013 Saturday)




အာစရိယပူဇော်ပွဲအခန်းအနား။ ဓာတ်ပုံ - ဖိုးတာ၊ ၁ ရက် ဒီဇင်ဘာ ၂၀၁၃။ 



ထိုသုံးရက်ဆိုသည်မှာ ဒီဇင်ဘာလ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့ကို ပြောလိုရင်းဖြစ်ပါ၏။


ဒီဇင်ဘာလ ၁ ရက် တနင်္ဂနွေနေ့

ထိုနေ့ နံနက် ၈ နာရီတွင် ကန့်ဘလူသို့ မိမိတို့ဇနီးမောင်နှံ ရောက်ကြသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲက ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကား၈ိတ်မှ 'အောင်ရတနာ' ခ ရီးသည်တင် အမြန်ဘတ်စ်ကားကြီးဖြင့် လာခဲ့ကြခြင်းဖြစ်သည်။ မိမိတို့ ၂ ဦးနှင့်အတူ မုဒုံမှာနေသည့် ဇနီး၏ ညီမ ၂ ဦးလည်း အတူလိုက်ပါလာကြ၏။ မနှစ်က မိမိတို့ ကန့်ဘလူကိုလာကြစဉ်ကလည်း သူတို့ပါခဲ့သည်။

ပြီးခဲ့သောနှစ်က မိမိ၏မွေးဇာတိ ကန့််ဘလူသို့အလည်ပြန်လာရင်း ရွှေသိမ်တော်ကျောင်းတိုက်တွင် အကြော အဆစ်ဝေဒနာရှင် ၈၂ ဦးကို ခရီးသွားဟန်လွှဲ ကြည့်ရှုစမ်းသပ်ကာ အကြောအဆစ်ကုသ မှုများ (Physioth-erapy treatment) များ ပေးခဲ့ရသေးသည်။ ယခုနှစ်တွင်မူ မိမိ၏မွေးဇာတိ ကန့််ဘလူသို့ အလည်သက်သက် ပြန်လာခြင်းမဟုတ်ပဲ ရွှေသိမ်တော်ကျောင်းတိုက်ဆရာတော်မှ ပြန်လာနိုင်က ပြန်လာပြီး လူနာများကြည့်ပေး စေချင်သည်ဟု အမိန့်ရှိသဖြင့် မိမိမှာလည်း ခွင့်ရက်ကလေး အနည်းငယ် ကျန်ရှိနေသည်ကတစ်ကြောင်း အ ကြောအဆစ်ဝေဒနာရှင်များအား ကြည့်ရှုစမ်း သပ်လျက် ကုသပေးလိုသောကြောင့်တစ်ကြောင်း ပြန်ဖြစ်သွား ခဲ့ခြင်းဖြစ်ပါလေ၏။


သို့သော် ယခုတစ်ကြိမ်တွင် မနှစ်ကရရှိခဲ့သည့် မိမိ၏ကုသပေးမှုအတွေ့အကြုံများအရ လူနာများအား ဖိဖိစီး စီးနှင့်ထိထိရောက်ရောက် ကုမှုပေးနိုင်စေရေးအတွက် ဆရာအင်အားကိုများစွာတိုးနိုင်စေရန် ကြိုတင်စီစဉ်ခဲ့ ရ၏။ မန္တလေးရှိ တပည့်မလေးဒေါ်ဝေေ၀ညွန့်(အကြောအဆစ်ကုပညာရှင်)၏အကူအညီဖြင့် လုပ်အားပေးဆ ရာ ၁၂ ဦးကို လုပ်အားပေးရရှိခဲ့ပါသည်။




အာစရိယပူဇော်ပွဲမှာ ငယ်ရင်းဆရာများ မိတ်ဆွေဆရာများနှင့်အတူ အမှတ်တရ။ 

 

ယခုနှစ်တွင် ကန့်ဘလူသို့ပြန်လာဖြစ်ခြင်း၏ထူးခြားချက်မှာ ကန့်ဘလူမြို့  အ..က ကျောင်းဝင်း၌ ပြုလုပ် သော အာစရိယ ပူဇော်ပွဲကို ကြုံကြိုက်ခွင့်ရလိုက်ခြင်းပင် ဖြစ်ပါလေ၏။

မိမိ ကန့််ဘလူမြို့ ကိုရောက်ရှိသည့် ဒီဇင်ဘာလ ၁ ရက်နေ့မနက် ၉ နာရီမှာ ကျောင်းသူကျောင်းသားဟောင်း များက ဦးဆောင်ကျင်းပသော အာစရိယပူဇော်ပွဲရှိရာ အထက်တန်းကျောင်းဝင်းထဲသို့ သွားခဲ့ပါသည်။ 'မိဖ မေတ္တာ'တည်းခိုခန်းတွင် ပစ္စည်းများချပြီးသောအခါ အကြောအဆစ်ကုသိုလ်ဖြစ်ဆေးခန်းကော်မတီမှ ကား ဖြင့်လာခေါ်၍ လိုက်သွားခဲ့ ရသည်။ ကျောင်းဝင်းအထဲသို့ ကားဝင်လိုက်သောအခါ လူအတော်များများ ရောက် နေကြပေပြီ။ အချင်းချင်းလက်ဆွဲနှုတ်ဆက်ပြီး ဟိုနေရာတစ်စု ဒီနေရာတစ်စု ၀ိုင်းဖွဲ့စကားပြောနေကြသည်။



ဆရာဆရာမကြီးများနှင့်တပည့်များ မုန့်တီလက်ဆုံစားကြရင်း စကားစမြည်ပြောနေကြစဉ် .. (ဓာတ်ပုံ - ဖိုးတာ)


ကျောင်းကြီး၏မျက်နှာစာရှိ ကွင်းပြင်ကြီးအထဲ၌ သက်ကျားအိုဆရာဆရာမကြီးများနှင့် ခေါင်းဖြူပြီး အသက် ၅၀ ကျော် ၆၀ ကျော်အရွယ်ရှိနေကြပြီဖြစ်သော သူတို့၏တပည့်ဖြစ်သူများ နွေးထွေးလှိုက်လှဲသော အပြုံး ကိုယ်စီဖြင့်ရှိနေကြသည်မှာ ထိုနေ့က ကန့််ဘလူမြို့ ၏ အလှအပဆုံးမြင်ကွင်းတစ်ရပ်ပင် ဖြစ်ပါလေ၏။ 


တစ်ချိန်တစ်ခါတုန်းက ဤအ..က ကျောင်းတော်ကြီးတွင် ပညာသင်ကြားခဲ့ကြသော တပည့်များက ယခု ကန်တော့ခံကြွရောက်လာသော ဆရာဆရာမကြီးများ၏လက်များကို အသာအယာဆွဲယူ ဖေးမကြသလို ဆ ရာဆရာမကြီးများကလည်း တပည့်များ၏ပခုန်းများကို တယုတယပုတ်လျက် ရှေးဟောင်းနှောင်းဖြစ်များ မ မောနိုင်မပန်းနိုင် မေးကြပြောကြပါသည်။ ဆရာဆရာမကြီးအတော် များများသည် အသက် ၇၀ ကျော် ၈၀ ကျော်အရွယ် ရှိနေကြပြီဖြစ်၏။ ဇရာ၏ထုထောင်းမှုကြောင့် ဒူးနာသူ ခါးနာသူ အင်အားချို့ တဲ့ကာ ကောင်းစွာ လမ်းမလျှောက်နိုင်ကြသူများ ပါရှိနေကြ၏။


..က ကျောင်းကြီး၌ တစ်ချိန်က တာဝန်ထမ်းဆောင်ခဲ့ကြသည့်ဆရာဆရာမကြီးများတွင် မြို့ ခံများပါရှိ သကဲ့သို့ အခြားမြို့ များမှ ကန့်ဘလူမြို့ သို့လာရောက်ကာ အလုပ်လုပ်ခဲ့ကြသော ဆရာဆရာမကြီးများလည်း ပါရှိခဲ့ကြ၏။ မိမိ၏ဆရာဆရာမကြီးအချို့ ကိုလည်း မိမိ ပညာရင်နို့သောက်စို့ခဲ့ သော ဤကျောင်းမှာ ပြန်လည် တွေ့ဆုံကာ ယခုကျင်းပသည့် တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကြီးမှာ ပထမဆုံးအကြိမ် ကိုယ်တိုင် ကိုယ်ကျ ကန်တော့ခွင့်ရခဲ့ပါတော့သည်။ မိမိ၏ဆရာဆ ရာမကြီးအချို့ သည် အရွယ်လွန်ကာ ကျန်းမာရေးမ ကောင်းသဖြင့် အာစရိယပူဇော်ပွဲသို့ ရပ်ဝေးမှ မ လာရောက်နိုင်၍လည်းကောင်း၊ အချို့ မှာ ကွယ်လွန်သွား ကြပြီဖြစ်၍လည်းကောင်း ကန်တော့ခွင့် မကြုံရပေ။



အာစရိယပူဇော်ပွဲသို့လာရောက်ကြသူများအား ကျောင်းသူကျောင်းသားဟောင်းများက ကန့်ဘလူမုန့်တီ(နန်း ကြီးသုတ်)ဖြင့် ဧည့်ခံကျွေးမွေးကြပါသည်။ မိမိ၏စားပွဲဝိုင်းတွင် မိမိ၏ကျောင်းနေဖက်သူငယ်ချင်းများ ဆွေမျိုး မောင်နှမများဖြင့် စားသောက်ရင်း တစ်ဝါးဝါးရယ်မောကာ စကားပြောဖြစ်ကြ၏။ ဟိုသူငယ်ချင်းက လာနှုတ် ဆက် ဒီသူငယ်ချင်းက လာနှုတ်ဆက်ဖြင့် ပျော်စရာကောင်းလှ၏။







နံနက် ၉ နာရီတွင် အာစရိယပူဇော်ပွဲစတင်ကျင်းပတော့မည့်အကြောင်း အသံချဲ့ စက်မှကြေညာသဖြင့် မုန့်တီ ကျွေးသောဓမ္မာရုံပေါ်မှ အာစရိယပူဇော်ပွဲစင်ရှိရာသို့ သွားကြရ၏။  




အာစရိယပူဇော်ပွဲအခန်းအနားကို ဓာတ်ပုံများရိုက်ပြီးသောအခါ မိမိတည်းခိုရာတည်းခိုခန်းသို့ ပြန်သွားခဲ့ပါ သည်။ ခဏကြာသောအခါ ကားလာကြိုသဖြင့် ဇနီး၊ သူ၏ညီမ ၂ ဦးနှင့်အတူ ရွေသိမ်တော် ကျောင်းတိုက်သို့ သွားကြ၏။ လူနာများကို စတင်မကြည့်မီ လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်ရန် ဖြစ်သည်။ မန္တလေးမှ လာ ရောက်ကြမည့် အကြောအဆစ်ကုပညာရှင် ၁၂ ဦးမှာ နေ့ခင်း ၂ နာရီခွဲ ခန့်တွင်မှ ရောက်မည်ဖြစ်သဖြင့် မိမိက လူနာများကို စပြီးကြည့်ရှုခဲ့ပါသည်။ 




(ပုံကြီး) ကန့်ဘလူမြို့ ၏ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော်တွင် မန္တလေးမှလုပ်အားပေးလာသော အကြောအဆစ်ကုပညာရှင်များ ဘုရားဖူးရောက်ခဲ့ကြစဉ်က စာရေသူတို့ဇနီးမောင်နှံနှင့် အမှတ်တရ။
(ပုံသေး) ၀ဲ - လူနာများအကြောင်း အချင်းချင်း တိုင်ပင်ဆွေးနွေးကြစဉ်။ ယာ - လူနာ စမ်းသပ်ကုသပေးနေစဉ်။






ဘုန်းကြီးကျောင်းထဲရှိ ဓမ္မာရုံရှေ့ တွင်ချထားပေးသော ထိုင်ခုံများ၌ လူနာများထိုင်စောင့်လျက်ရှိကြသည်။ စား ပွဲတစ်ခုမှာ လူကြီး ၃ ဦးက လူနာအမည်စာရင်းကောက်ယူပြီး လူနာမှတ်တမ်းများပေးနေပါသည်။ လူနာများ က လူနာမှတ်တမ်းများနှင့် အကြောအဆစ်ကုသိုလ်ဖြစ်ဆေးခန်းလက်ကမ်း စာစောင်များ ကိုယ်စီ ကိုင်ကာ ခေါ်မည့်အလှည့်ကို စောင့်ဆိုင်းနေကြ၏။

ညနေ ၂ နာရီခွဲခန့်တွင် မန္တလေးမှလုပ်အားပေးလာသော အကြောအဆစ်ကုပညာရှင်များ ရောက်လာကြ သည်။ ဧည့်ခံကြိုဆိုရေးအဖွဲ့က နေ့လည်စာစားရန်ပြောသောအခါ သူတို့က လမ်း၌စားခဲ့ကြပြီးဖြစ်ကြောင်း ပြောသဖြင့် မိမိက ဆေးကုသမှုအစီအစဉ်များကို ရှင်းပြပါသည်။ ထို့နောက် လူနာများ တစ်ဦးချင်းခေါ်ယူပြီး ပဏာမကြည့်ရှုခြင်း (observation)၊ စမ်းသပ်စစ်ဆေးခြင်း (physical examination)နှင့် ကုသမှုပေးခြင်းများ ကို လက်တွေ့ပြသပေးပါသည်။ ခြေလက်လှုပ်ရှားမှုများအတွက် မိမိ ရန်ကုန်မှဝယ်ယူခဲ့သော သိုင်းကြိုးများ (slings)နှင့်သံချိတ်များ တပ်ဆင်ရန် ကုတင်များပေါ်၌ ထုတ်တန်းများ ရိုက်ကြရသည်။

လေဖြတ်သောလူနာများအနေဖြင့် မတ်တတ်ရပ်ခြင်းနှင့် လမ်းလျောက်ခြင်းတို့လေ့ကျင့်နိုင်စေရန် တန်းဘား (parallel bar)ကား ကြိုတင်မှာထားသည့်အတိုင်း ခိုင်ခိုင်ခန့်ခန့် ပြုလုပ်ထားပြီးဖြစ်သည်။ ယခင်နှစ်က လေ့ ကျင့်ပစ္စည်းများမပါရှိသဖြင့် ရေသန့်ဗူးခွံများအတွင်း သဲများထည့်ကာ လူ နာများ အသုံးပြုကြရသည်။ သဲ ထည့်ထားသောရေသန့်ဗူးခွံများကို လက်ဖြင့်ဆုတ်ကိုင်ခြင်း၊ အပေါ် သို့ မ,တင်ခြင်း၊ လှိမ့်ခြင်း၊ ထောင်လျက် အနေအထားဖြင့် ဘေးတိုက်တွန်းရွေ့ ခြင်း စသည့်လှုပ်ရှား လေ့ကျင့်မှုများ လုပ်ခဲ့သည်။

ယခုနှစ်တွင်မူ လက်ကိုအားပြုပြီး လမ်းလျောက်လေ့ကျင့်ရန် တန်းဘား၊ ခြေလက်တို့ကို လှုပ်ရှား ပေးသည့် ကြွက်သားများကို ပြန်လည်လှုံ့ ဆော်နှိုးဆွပေးရင်း သန်စွမ်းမှုဖြစ်လာစေရန် သိုင်းကြိုးများနှင့် လူနာများကို အဆင်ပြေသက်သာစွာ စမ်းသပ်စစ်ဆေးနိုင်ရန် တစ်ယောက်အိပ်ကုတင်များ အားဖြည့်ပြင်ဆင်နိုင်ခဲ့သည်။ ထို့အပြင် အဆစ်လှုပ်ရှားမှုတိုင်းသည့် ကိရိယာလေး ၆ ခု အား မိမိ သည် စင်ကာပူနိုင်ငံမှ ၀ယ်လာခဲ့သည်။ မူလက မန္တလေးမှ အကြောအဆစ်ကုပညာရှင် ၅ ဦး လာ ရောက်လုပ်အားပေးမည်ဟုကြားသိရသဖြင့် သူတို့ကို အမှတ်တရလက်ဆောင်ပေးရန်နှင့်လူနာများ စမ်းသပ်ရာတွင် တပါတည်းအသုံးပြုနိုင်ရန်ဖြစ်သည်။ သို့သော် လုပ်အားပေးသူမှာ ၁၂ ဦးဖြစ်သဖြင့် မဲချ၍ ပေးလိုက်ရတော့၏။ မဲမပေါက်သူများကို နောက်မှ လူကြုံဖြင့်ပို့ပေးလိုက်မည်ဟု အားတုန့် အားနာ ပြောခဲ့ရသည်။






၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ဆေးခန်းကိုလာသော လူနာများအားပေးဝေသည့် လက်ကမ်းစာစောင်။ 







မိမိအပါအ၀င် ရပ်ဝေးမှလာသောအကြောအဆစ်ကုပညာရှင် ၁၃ ဦးနှင့် ကန့််ဘလူဆေးရုံမှ ၁ ဦး စုစုပေါင်း ၁၄ ဦးရှိသော်လည်း တစ်ရက်လျှင် လူနာအရေအတွက် ၈၀ နှင့် ၉၀ ကြားရှိသဖြင့် လက်မလည်အောင် အလုပ်များ လှသည်။ ထမင်းစားချိန်မှအပ တစ်နေ့လုံး အနားယူချိန်ဟူ၍ မရလိုက်ပါချေ။ လူနာများကို မေးမြန်းခြင်း၊ကြည့်ရှုစမ်းသပ်ခြင်း၊ ဝေဒနာအကြောင်းရှင်းလင်းပြောပြခြင်း၊ အနေအထိုင်နှင့်ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှု များ သင်ကြားပြသပေးခြင်းများကို အားလုံးက ဒေါင်ချာစိုင်းအောင် လုပ်ကြရ၏။ လူနာများကိုစမ်းသပ်ရင်း မိ မိက သင်ကြားပေးရခြင်းများရှိသကဲ့သို့ မျိုးဆက်သစ်ပညာရှင်များက သိလိုသဖြင့် မေးသည်များကို ရှင်းလင်း ပြောပြရသောသောကြောင့် အချိန်ကုန်ရတတ်သေးသည်။

တစ်ချိန်တည်းတွင် သူတို့ကိုခေါ်မည့်အလှည့်အား လည်တဆန့်ဆန့်ဖြင့် စောင့်ကြည့်နေကြသော လူနာများကို မအားမလပ်သည့်ကြားက မိမိတို့ အားနာနေမိသေး၏။ လူနာအချို့ သည် ကန့်ဘလူမြို့ ပေါ်မှ မဟုတ်ပဲ မိုင်အ နည်းငယ်ဝေးသော ရွာနီးချုပ်စပ်မှ လာခဲ့ကြခြင်းဖြစ်သည်။



မည်သို့ဆိုစေ ရွှေသိမ်တော်ကျောင်းတိုက်ဆရာတော်ကြီး၏ဦးဆောင်မှုနှင့် အကြောအဆစ်ကုသိုလ် ဖြစ်ဆေး ခန်းဖြစ်မြောက်ရေးကေယ်မတီမှ ဦးဌေး၊ ဦးကပ်ကျော်၊ ဦးကျောက်ခဲ အစရှိသည့်လူကြီး များ၏ လိုလေသေး မရှိ ဘက်ပေါင်းစုံ စီစဉ်လုပ်ကိုင်ပေးမှုများကြောင့် လူနာများနှင့်မိမိတို့အားလုံး အစစ အဆင်ပြေခဲ့ပါသည်။ ကျေးဇူးလည်း အထူးတင်ရှိရပါသည်။

ထိုညက ကန့်ဘလူဆောင်း၏အေးချမ်းမှုအရသာကို သိသိသာသာလေး ခံစားကြည့်မိရင်း နှစ်နှစ်ခြိုက်ခြိုက် ကြီး အိပ်ပျော်သွားခဲ့ပါတော့၏။



ဒီဇင်ဘာလ ၂ ရက် တနင်္လာနေ့




(၀ဲဘက်စားပွဲထိပ်မှ လက်ယာရစ် .. အားလုံးထိုင်ကြလျက်) ဆရာကြီးဦးရွှေဘော်၊ ဆရာကြီးဦးခင်ထွန်း(ညွှန်ကြားရေးမှူး - ငြိမ်း)၊ စာရေးသူ၊ ဆရာကြီးဦးမြင့်ဆွေ (ဘာသာပြန်စာရေးဆရာ ကောင်းထက်ဝင်း-ရန်ကုန်တက္ကသိုလ်)၊ ဆရာကြီးဦးကျော်စန်း(ကဗျာဆရာ ကျော်စန်း-မန်းတက္ကသိုလ်)၊ ဦးခင်မောင်ရည် (သတင်းထောက်/စာရေးဆရာ၊ ကျောပေးထိုင်နေသူ)။




မနေ့က မတွေ့လိုက်ရသော မိမိ၏ဆရာဆရာမများနှင့် မိတ်ဆွေကျောင်းဆရာများကို တွေ့ဆုံနှုတ်ဆက်နိုင် စေရန် ဒီကနေ့ အိပ်ယာမှစောစောထခဲ့ပါသည်။


သူတို့အားလုံးတည်းခိုကြသော ဆရာဦးတင်ဦး၏အိမ်မှာ မိမိ၏တည်းခိုခန်းမှ ၃-၄ အိမ်သာဝေးပါသည်။ မ နေ့ညနေပိုင်းက သွားရောက်တွေ့ဆုံရန်ရည်ရွယ်ထားခဲ့သော်လည်း အလုပ်ပြီး၍ ညစာစားသောက်ပြီးနောက် မိုးအနည်းငယ်ချုပ်နေပြီဖြစ်သဖြင့်မသွားလိုက်ဖြစ်တော့ပေ။ မိမိ၏တည်းခိုခန်းတွင် မန္တလေးမှလာသော မိမိ ၏ဆရာမကြီး ဒေါ်ထိုက်ထိုက်ရှိနေပြီး မနေ့နံနက်ကတည်းက ဆရာကန်တော့ပွဲတွင် ဆရာမကြီးကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီးဖြစ်၏။

ဒီကနေ့တွင် ဆရာဆရာမကြီးများအားလုံး ကန့်ဘလူမှပြန်ကြမည်ဖြစ်သည်။ မိမိ၏ငယ်ဆရာကြီး မန္တလေးမှ ဦးရွှေဘော် (စိုက်ပျိုးရေးဘာသာရပ်)နှင့် ရင်းနှီးသောမိတ်ဆွေကျောင်းဆရာများဖြစ်ကြသည့် မော်လမြိုင်မှ ဦး ခင်ထွန်း၊ ရန်ကုန်မှ ဦးမြင့်ဆွေ၊ မုံရွာမှ ဦးကျော်စန်းတို့နှင့် အချိန်အတန်ကြာ စကားပြောဆိုနှုတ်ဆက်နိုင်ခဲ့ ၍ မိမိအနေဖြင့် အလွန်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါသည်။



မိမိက ဆရာများနှင့်တွေ့ဆုံစကားပြောနေသဖြင့် မန္တလေးမှလုပ်အားပေးလာသောအကြောအဆစ် ကုပညာ ရှင်များအား မိမိကိုစောင့်မနေပဲ ဘုန်းကြီးကျောင်းသို့သွားပြီး နံနက်စာစားနှင့်ရန်ပြောထား ခဲ့ပါသည်။ တည်းခို ခန်းသို့ပြန်ရောက်၍ မိမိ၏အခန်းရှိရာ ၃ ထပ်တွင် ဘုန်းကြီးကျောင်းသို့သွားရန်ပစ္စည်းများယူနေစဉ် ဧည့်သည် တစ်ဦးရောက်နေကြောင်း အကြောင်းကြားလာသဖြင့် အောက်ထပ်သို့ဆင်းသွားသောအခါ ဦးစိုးမြင့်အား တွေ့ ရ၏။ ဦးစိုးမြင့်နှင့်ခေတ္တမျှစကားပြောပြီး မိမိတို့ဇနီးမောင်နှံကို ကားလာကြိုသောကြောင့် ဘုန်းကြီးကျောင်းသို့ လိုက်သွားကြရ၏။ ကျောင်းတွင် အရင် ရောက်နေသော လုပ်အားပေးအကြောအဆစ်ကုပညာရှင်လူငယ်များ နှင့်အတူ နံနက်စာစားကြပြီးနောက် မိမိတို့အားလုံး ဘုန်းကြီးကျောင်းအတွင်းရှိ စေတီအနီးတွင် အမှတ်တရစု ပေါင်းဓာတ်ပုံရိုက်ကြပါသည်။



မိဖမေတ္တာတည်းခိုခန်းတွင် မိတ်ဆွေဦးစိုးမြင့်နှင့် အမှတ်တရ။ ၂ ရက် ဒီဇင်ဘာ ၂၀၁၃။




(အောက်ပုံ ၁ မြိန်မြိန်ရှက်ရှက်စားခဲ့ရသော ဘုန်းကြီးကျောင်းက နံနက်စာ။ အောက်ပုံ ၂ ဘုန်းကြီးကျောင်းမှ အချက်အပြုတ် လုပ်အား အလှူရှင်များ)










ရွှေသိမ်တော်ကျောင်းတိုက်။ ၂ ရက် ဒီဇင်ဘာ ၂၀၁၃။





ဓာတ်ပုံရိုက်ပြီးနောက် လူနာများကို စကြည့်ကြပါသည်။ လာရောက်ပြသကြသော အကြောအဆစ်လူနာအ များစုသည် လေဖြတ်လူနာ၊ ခါးနာသူ၊ ဒူးနာသူနှင့် လက်မောင်းဆစ်ကပ်သူများဖြစ်ကြ၏။ အချို့ သောလူနာ များသည် ဆရာဝန်နှင့် တစ်ခါမှမပြသဘူးပေ။ ဆရာဝန်နှင့်ပြဖူးသူအချို့ မှာလည်း ကြွက်သားများပြန်လည် သန်စွမ်းရန်နှင့် အဆစ်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ရကောင်းမှန်းမ သိကြပါချေ။ အကြောအဆစ်လူ နာများ တကယ်တမ်းလိုအပ်နေသည်မှာ စနစ်တကျလှုပ်ရှားလေ့ ကျင့်နည်းများ၊ ဝေဒနာနှင့်သင့်အောင် နေ တတ်ထိုင်တတ်မှုများနှင့် ယင်းတို့ကို သေသေချာချာ ရှင်းလင်းပြောပြသင်ကြားပေးရခြင်းများ ပင်ဖြစ်လေ သည်။ သို့အတွက် မိမိတို့သည် လိုအပ်သောကြည့် ရှုစမ်းသပ်မှုများပြုလုပ်ပြီးနောက် လူနာများနှင့်လူနာအ ဖော်များကို လှုပ်ရှားလေ့ကျင့်နည်းများနှင့် ရှောင်ရန်ဆောင်ရန်များကို လက်ထပ်သင်ကြားပြသပေးကြရ၏။



နေ့ခင်းထမင်းစားရန် လူနာကြည့်ခြင်းကို တစ်ခဏနားသောအချိန်တွင် မိမိနှင့်ဇနီးတို့သည် ထမင်းကတိုက်က ရိုက်စားပြီး ဆွေမျိုးအိမ်တစ်အိမ်သို့ အသော့လေးသွားခဲ့ကြ၏။ ကန်တော့ခံမည့် အဒေါ် ၂ ဦး၊ အမ ၂ ဦးနှင့် အကို ၁ ဦးတို့က မိမိတို့အား စောင့်နေကြမည်ဖြစ်သည်။




မိမိသည် မြန်မာပြည်သို့အလည်ပြန်ရင်း မိခင်ကြီးရှိရာ ကန့်ဘလူကိုရောက်တိုင်း မိခင်ကြီးနှင့်အတူ အဒေါ်များ နှင့်ဦးလေးတော်သူတို့အား မိမိတတ်အားသ၍ ငွေနှင့်လက်ဆောင်ပစ္စည်းများ ကန်တော့ လေ့ရှိပါ သည်။ မိခင် ကြီး၏မောင်နှမများအားလုံး ကန့်ဘလူမြို့ မှာနေကြသဖြင့် အမြဲတမ်းစုံစုံညီညီ ကန်တော့ခွင့်ရလေသည်။ မိမိ စင်ကာပူကိုရောက်ပြီးနောက်ပိုင်းတွင် မိခင်ကြီးဘက်မှ ညီအစ်ကို မောင်နှမအရင်းအချာ ၁၁ ဦးရှိသည့်အနက် ၈ ဦးသာ သက်ရှိထင်ရှားရှိပါတော့၏။ ယင်းအဒေါ်များ နှင့်ဦးလေး ၈ ဦးတို့ကို နှစ်အတန်ကြာသည်အထိ ကန် တော့နိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင် မိမိ၏မိခင်ကြီးအပါအ၀င် တစ်ဦးပြီးတစ်ဦးကွယ်လွန်သွားပေရာ ယမန်နှစ် နှင့်ယခုနှစ်တွင် အဒေါ် ၂ ဦးသာ ကျန်ရှိပါသည်။ သို့နှင့် ယခုနှစ်ကစပြီး ၀မ်းကွဲအမ ၂ ဦးနှင့်အစ်ကို ၁ ဦးတို့ ကို အဒေါ်နှစ်ဦးနှင့်အတူ ကန်တော့ခဲ့ပါသည်။



အကြောအဆစ်ကုသိုလ်ဖြစ်ဆေးကုသမှု ဒုတိယနေ့ဖြစ်သော ယနေ့တွင် လူနာအတော်လေးများ လေသည်။ ကိုကြည်ရွှင်က ကန့်ဘလူရှိသူတို့အိမ်တွင်ညစာစားရန် စင်ကာပူမှာကတည်းက ကြိုကြိုတင်တင်ဖိတ်ထားခဲ့ သည်ကိုသွားဖို့ အတော်လေးအခက်အခဲကြုံရ၏။ မူလက ညနေ ၄ နာရီမှာ ညစာသွားစားရန် စီစဉ်ထားသော် လည်း ည ၆ နာရီထိုးပြီးခါမှ ဘုန်းကြီးကျောင်းက ထွက်နိုင်ခဲ့၏။ ညစာကျွေးမည့်သူများက ညစာပြင်ထားပြီး ကာမှ မိမိတို့မရောက်လာသေးသဖြင့် ထမင်းဟင်းများကို ဘယ်နှစ်ကြိမ်ပြန်ပြန်ပြီးနွေးနေရသည်မသိ။ အားနာ စရာ အလွန်ကောင်းလှပါ၏။ ထိုညက ညစာစားပြီးနောက် မန္တလေးမှလုပ်အားပေးလာသောအကြောအဆစ် ကုပညာရှင်လူငယ်များနှင့် ကန့်ဘလူမြို့ ၏ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော်မြတ်သို့ သွားဖြစ် ခဲ့ကြပါသည်။
  





အပေါ်ပုံ- အဒေါ် ဒေါ်ထွေးရီနှင့်ဒေါ်ငယ်၊ အမ ဒေါ်အမာနှင့်ဒေါ်နွဲ့၊ အစ်ကို ဦးမြင့်သိန်းတို့ကို ကန်တော့ကြသည်။
အောက်ပုံ - မန္တလေး(မြို့ ဟောင်း)မှ တရားဟောဆရာတော် ဦးသြသဓထံ အိတ်ဆောင်နာရီ ကပ်လှူစဉ်။ ၂ ရက် ဒီဇင်ဘာ။






၁၃၇၅ ခုနှစ်၊ နတ်တော်လဆုတ် ၁၁ ရက်။ (28 December, 2013 Saturday)




ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့


ယနေ့သည် ကန့်ဘလူမြို့  ရွှေသိမ်တော်ကျောင်းတိုက်တွင်ပြုလုပ်သော အကြောအဆစ်ကုသမှုဆိုင်ရာ ကု သိုလ်ဖြစ်ဆေးခန်း (Physiotherapy Community Outreach Programme)၏ တတိယနှင့်နောက်ဆုံးနေ့ ဖြစ်သည်။

ဘုန်းကြီးကျောင်းနံနက်ပိုင်းတွင် သံဃာအပါး ၂၀၀ ကျော်အား ဆွမ်းကြီးလောင်းပွဲရှိသဖြင့် မိမိတို့၏ ဆေး ကုသမှုအစီအစဉ်ကို ထိုနေ့က နောက်ကျပြီးစခဲ့သည်။ သို့အတွက် ရွှေသိမ်တော်လူမှုရေးကူညီစောင့် ရှောက် ရေးအသင်းက မန္တလေးမှလုပ်အားပေးလာကြသောအကြောအဆစ်ကုပညာရှင်များကို သဖန်းဆိပ်ဆည်ကြီး သို့ ကား ၂ စီးဖြင့် လိုက်ပို့ပေးရန် စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်။ ၂ ရက်လုံးလုံး လူနာများဖြင့် ခြေချင်းလိမ်အောင် ပျားပန်းခတ်အလုပ်များနေခဲ့သော သူတို့အဖို့ မြန်မာနိုင်ငံ၏အကြီးဆုံးရေလှောင်တမံကြီးဖြစ်သည့်သဖန်းဆိပ် ဆည်သို့ လေ့လာရေးခရီးသွားရ၍ စိတ်လက်ရွှင်လန်းအပန်းဖြေကာ ပျော်ရွှင်မှုရကြလေသည်။




လုပ်အားပေးအကြောအဆစ်ကုပညာရှင်များ၏ သဖန်းဆိပ်ဆည်ကြီးသို့ ကား ၂ စီးဖြင့် လေ့လာရေးအပန်းဖြေခရီး။



(ပုံကြီး) ရွှေသိမ်တော်ဆုတောင်းပြည့်စေတီတော်မြတ်တွင် အမှတ်တရ။
(ပုံသေး) ပုံ ၂၊ ၃ နှင့် ၄ - မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်များကို လက်တွေ့သင်ကြားပြသပေးနေစဉ်။




စာပေဟောပြောပွဲ



ဒီဇင်ဘာလ ၃ ရက်နေ့ညက ပြုလုပ်ခဲ့သော စာပေဟောပြောပွဲ။
အပေါ်ပုံ (ရှေ့ တန်း၊ ၀ဲမှ) - ဦးညွန့်သောင်၊ ဦးစန်းအောင်၊ ဦးစိုးမြင့်၊ ဦးသောင်းထိန်၊ ဦးကျော်မြင့်။  



စာပေဟောပြောပွဲ

မိမိ၏မူလအစီအစဉ်မှာ စာပေဟောပြောပွဲလုပ်ရန် မဟုတ်ပါချေ။ လူနာများကိုယ်တိုင်ကိုလည်းကောင်း၊ သူတို့ နှင့်အတူပါလာသည့် လူနာဖော်များကိုလည်းကောင်း ဘုန်းကြီးကျောင်း၌ အကြောအဆစ်ဆိုင်ရာပညာပေး ဟောပြောရန်သာ ရည်ရွယ်ထားပါသည်။ သို့သော် စင်ကာပူမှမထွက်ခွာမီ ၂ ရက်၊ ၃ ရက် ခန့်အလိုတွင် “အန် ကယ်၊ စာပေဟောပြောပွဲလဲ စီစဉ်ထားတယ်ပြောတယ်။ ပြင်ဆင်ထားနိုင်အောင်လို့ အကြောင်းကြားတာပါခင် ဗျာ”ဟု စင်ကာပူနှင်ကန့်ဘလူတိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပေးနေသူ ကိုကြည်ရွှင်ကပြောခဲ့ပါသည်။ တစ် ဆက်တည်းမှာ သူက“အန်ကယ်ဟောပြောတဲ့အခါ အန်ကယ်တို့ခေတ်က ကန့်ဘလူမြို့ အကြောင်းကို လူငယ် တွေသိရအောင် ပြောပြပေးပါ။ နောက်ပြီး သစ်ပင်တို့ သစ်တောတို့ကို ဂရုစိုက်တန်ဖိုးထားတတ်အောင်ပါ သတိပေး ပေးပါ ခင်ဗျာ” ဟု ပြောပါသေးသည်။ 


တစ်ခါ ဟောပြောမည့်နေ့ညနေကလည်း လူမှုရေးအသင်းမှဦးဌေးက “ကျောင်းသားလူငယ်တွေ အ တော်များများ ဖိတ်ထားပါတယ်။ လူငယ်တွေကို ဦးစားပေးပြီးပြောပေးပါ ဆရာကြီး” ဟု ပြောပါ သည်။ ထိုနေ့က ညနေပိုင်းတွင် လူနာများကြည့်ပြီးသောအခါ မိတ်ဆွေဦးခင်မောင်ရည်အိမ်သို့ မိမိ တို့ဇနီးမောင်နှံ ညစာ သွားစားကြ၏။ ဦးခင်မောင်ရည်၏သားဖြစ်သူ ကိုဇေယျာက ယခုညစာပေ ဟောပြောပွဲတွင် အခမ်းအနားမှူးအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ညစာစားပြီးသောအခါ ဟောပြောပွဲကျင်းပမည့် ပိတောက်သိင်္ဂီခန်းမသို့ သွားကြသည်။

ယခင်အခါများက ညနေပိုင်းအချိန်ကစပြီး လူများဖြင့် စည်ကားလေ့ရှိသော ပိတောက်သိင်္ဂီခန်းမကား ယခုအခါ ခြောက်သွေ့သွေ့ကြီးဖြစ်လို့နေပါသည်။ ကြားနေကျ ဈေးသည်များနှင့်ဈေး ၀ယ်များ၏အသံဗလံ များကို မကြားရလေတော့။ စားသောက်စရာများရောင်းသည့် ပွဲဈေးတန်းလည်း နတ္တိ။ အသံချဲ့ စက်မှ ကြား နေကျ ကျယ်ကျယ်လောင်လောင်သီချင်းသံများကိုလည်း မကြားနိုင်လေတော့။ မြင်နေကျ လှုပ်လှုပ်ရွရွ လူ ပရိသတ်ကြီးကိုလည်း မတွေ့ရလေတော့။ ၀ါးကပ်ထရံကြားမှ ရုံ၏အပြင်ဘက်သို့ အတိုင်းသားကြားရတတ် သော ရုပ်ရှင်ဇာတ်ကားအသံများလည်း ဆိတ်သုဉ်းခဲ့ချေပြီ။  တကယ်က ရုံနှင့်နာမည်သာ ကျန်ခဲ့ကာ ဘာမှ အသက်ဝင်လှုပ်ရှားမှုဟူ၍ မရှိကြလေတော့။ ၀ိညာဉ်ချုပ်သွားသော ရုပ်ခန္ဓာ။ 


 
စာပေဟောပြောပွဲမစမီ ပိတောက်သိင်္ဂီခန်းမရုံးခန်းတွင် ကိုညွန့်သောင်၊ ကိုစန်းအောင်အစရှိသည့် သူငယ်ချင်း များ မိတ်ဟောင်းဆွေဟောင်းများနှင့် စကားပြောဖြစ်သည်။ သာကြောင်းမာကြောင်းနှင့် မိမိတို့မြို့ အကြောင်း အလ္လာပ သလ္လာပ တောရောက်တောင်ရောက် ပြောဖြစ်ကြပါ၏။ 




ပိတောက်သိင်္ဂီခန်းမရုံးခန်း - (၀ဲမှ) ဒေါ်စိုးစိုးအေး၊ စာရေးသူ၊ ဦးညွန့်သောင် (မြို့ မိမြို့ ဖ ဥက္ကဌ၊ မြို့ နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ)၊ ဦးစန်းအောင် (သတင်းထောက်/စာရေးဆရာ မောင်လူဒေါင်း-ကန့်ဘလူ)၊ ဦးစန်းဦး။



ရုံးခန်းထဲမှာ စကားစမြည်ပြောနေကြစဉ် ခန်းမကြီးအတွင်းမှ ဟောပြောပွဲနှင့်ပတ်သက်သော ကြေ ညာသံကို တစ်ခါတစ်ခါ ကြားနေရသည်။ အမှတ်တရဓာတ်ပုံများလည်း ရိုက်ဖြစ်ကြ၏။ နောက်ဆုံး မိမိတို့အဖွဲ့ ခန်းမကြီး အထဲသို့ဝင်လာတော့မည့်အကြောင်း ကြေညာသောအခါ မိမိတို့သည် ရုံးခန်းမှ ဟောပြောခန်းမဆီသို့သွားကြ ရပါသည်။ မိမိတို့အားနေရာထိုင်ခင်းပေးပြီးနောက် အခမ်းအနားမှူးကိုဇေယျာက အခန်းအနားစတင်ကြောင်း ကြေညာပြီး မိမိ၏အထုပ္ပတ္တိအကျဉ်းကို မိတ်ဆက်ပြောကြားပေး၏။







စာပေဟောပြောပွဲလာပရိသတ်နှင့် အခမ်းအနာမှူးကိုဇေယျာ။






ထို့နောက်တွင် မိမိ၏ဟောပြောပွဲအစီအစဉ်ကို စပါသည်။

မိမိ၏ဟောပြောပွဲကို မိမိတို့ခေတ်က ကန့်ဘလူမြို့ အကြောင်း၊ မီးရထားလမ်းအ၀င်က ကျွန်းတောကြီးအ
ကြောင်း၊ ကန့််ဘလူမှ ညောင်အိုင်ရွာသို့သွားသောလမ်းဘေးတစ်ဖက်တစ်ချက်ရှိ ၀ါးရုံတောများနှင့်လယ် ကွက်များပေါ်မှ သစ်သားတံတားရှည်အကြောင်း၊သစ်ပင်များအုတ်မိုးထားသည့် လျှိုနှင့်ဆည်ကြီးအကြောင်း၊ မြို့ ပြဖွံ့ဖြိုးမှုနှင့်အတူ ယင်းတို့ပျောက်ကွယ်သွားရကြောင်း၊ မိမိ၏စာရေးသားမှုအတွေ့အကြုံအချို့ ၊ ဆရာများ ၏အဆုံးအမများနှင့်အကျိုးကျေးဇူးများကို ဂုဏ်ပြုဖော်ညွှန်းခြင်း၊ အင်္ဂလိပ်စာလေ့လာမှုအတွေ့အကြုံနှင့်နည်း ပေးလမ်းပြမှုများ၊ မြန်မာရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေး၊အကြောအဆစ်ရောဂါအချို့ ၏သိကောင်းစရာများ စ သည်တို့ကို ရောမွှေလျက် ခံစားမျှဝေဟန်ဖြင့်ပြောခဲ့ပါသည်။ ဆေးပညာပေးသက်သက်အနေဖြင့် မပြောဟော ဖြစ်ခဲ့ပါ။


လာရောက်နားထောင်ကြသူအများစုမှာ ကျောင်းသူကျောင်းသားလူငယ်လူရွယ်များဖြစ်ကြသဖြင့် မူလကရည် ရွယ်ထားသော အကြောအဆစ်ပညာပေးဟောပြောခြင်းထက် ကိုကြည်ရွှင်နှင့်ဦးဌေးတို့ အကြံပြုသည့်အတိုင်း လူငယ်များကို ဦးစားပေးပြောဖြစ်ခဲ့ပါသည်။ သို့ဖြစ်ရာ အကြောအဆစ်ဝေဒနာများအကြောင်းကိုပိုမိုနားထောင် လိုသဖြင့် လာရောက်ခဲ့ကြသောပရိသတ်အား မျှော်လင့်ထားကြသည့်အတိုင်း မဟောပြောဖြစ်ခဲ့သည့်အတွက် တောင်းပန်လိုပါသည်။ နောက်တစ်ကြိမ်မှာ အကြောအဆစ်ရောဂါဝေဒနာများအကြောင်းကိုသာ သီးသန့်အ ထူး ဟောပြောပေးရန် မိမိ အားထုတ်ပါဦးမည်။  





၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်။ (2 February, 2014 Sunday)







လွန်ခဲ့သော ၂ ပတ်ခန့်က ကန့်ဘလူကိုအလည်သွားပြီး ပြန်လာသော ကိုကြည်ရွှင်က မိမိထံ ဖုန်းဆက်ခဲ့ သည်။ ကန့်ဘလူမြို့ တွင် ပြုလုပ်ခဲ့သည့် မိမိ၏စာပေဟောပြောပွဲစီဒီအခွေယူလာပေးကြောင်း သတင်းပေး ပါသည်။


နောက်တစ်ခါ တမြန်နေ့နံနက်ကလည်း မိမိထံ ဖုန်းဆက်ပြီး စနေနေ့နံနက်ပိုင်းတွင် မိမိအိမ်သို့ အလယ်လာ ကြမည့်အကြောင်း၊ သူတို့အတွက်စားစရာများ လုပ်မထားရန်နှင့် မုန့်ဟင်းခါးချက်ပြီး ယူလာမည်ဟုပြောပါ သည်။ မနေ့က ကိုကြည်ရွှင်တို့ဇနီးမောင်နှံ သူတို့၏လသားအရွယ် သမီးလေးနှင့်အတူရောက်လာပြီး စာပေ ဟောပြောပွဲစီဒီအခွေပါယူလာပေးသဖြင့်မိမိနှင့်ဇနီးဖြစ်သူတို့ ကြည်ရင်း မြန်မာပြည်နှင့်ကန့်ဘလူကိုအလွမ်း ဖြေကြရသည်။ 







ဒေါင်ချာစိုင်း (ဒေါင်ဂျာစိုင်း) - ချာချာလည်သည်။

ရွာနီးချုပ်စပ် ရွာအနီးဝန်းကျင်ရှိကျေးရွာများ


ခြေချင်းလိမ် (အသံထွက် - ချေဂျင်းလိန်၊ ချီဂျင်းလိမ်) - ကိစ္စတစ်စုံတစ်ခုအတွက် ရှုပ်ယှက်ခတ်အောင် လှုပ်ရှားသွားလာသည်။

ပျားပန်းခတ် - အခေါက်ခေါက် အပြန်ပြန်။

အာလာပ သလ္လာပ (အသံထွက် - အာလာပါ့ သန်လာပါ့ ) - အပြန်အလှန် ဖွယ်ဖွယ်ရာရာ ပြော သောစကား။ အလ္လာပ သလ္လာပ(အသံထွက် - အန်လာပါ့ သန်လာပါ့ ) နှင့်အဓိပ္ပာယ်အတူတူ။

တမြန်နေ့ - မနေ့က အလျင်ဖြစ်သောနေ့







ဆက်ပြီးရေးပါဦးမည်။