"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 29, 2013

ခရီးတစ်ခု (၃)



ထိုင်ဝမ်


၁၃၇၅ ခုနှစ်၊ တော်သလင်းလဆုတ် ၁၀ ရက်။



Thao တိုင်းရင်းသား အမှတ်တရပစ္စည်းဆိုင်။ (ဓာတ်ပုံ - ဖိုးတာ)
Thao တိုင်းရင်းသားကျေးရွာ။ (ဓာတ်ပုံ - ဖိုးတာ)




Thao တိုင်းရင်းသားရွာမှာ တစ်နာရီကြာအချိန်ဖြုံးကြပြီး ဘတ်စ်ကားပြန်မထွက်ခင် လက်ဆောင်ပစ္စည်းဆိုင် တွင် မိနစ် ၂၀ ခန့် ၀င်ကြည့်ကြပါသေးတယ်။ မိမိက လက်နဲ့လုပ်ထားတဲ့ ဇီးကွက်ရုပ်သေးသေးလေးတွေပါတဲ့ သော့တွဲ၊ ထိုင်ဝမ်နိုင်ငံပုံပါတဲ့ သော့တွဲ၊ နေ လ ကန်ပုံပါ သံလိုက်ကပ်ပြား၊ တိုင်းရင်းသားရုပ် ၂ ရုပ်နဲ့ သမီးအ တွက် Thao တိုင်းရင်းသားလွယ်အိပ်တို့ ၀ယ်ခဲ့ပါတယ်။  

နံနက် ၁၁ နာရီမှာ တိုင်းရင်းသားရွာကနေထွက်လာတဲ့ ဘတ်စ်ကားက 'နေ လ ကန်ကြီး'ရဲ့  သစ်ပင်ရိပ်ထူထပ် စွာအုပ်မိုးထားတဲ့ ကန်ပတ်လမ်းတလျှောက် (၃ ပုံ ၂ ပုံ ခရီးခန့်)ကို လှည့်ပတ် မောင်းလာခဲ့ရာ ကန်ရှုခင်းဓာတ် ပုံများစွာ ရိုက်ခဲ့ပါတယ်။ ဗွီဒီယိုလည်း ရိုက်ခဲ့ဖြစ်ပါတယ်။ နေရာအမျိုးမျိုးကနေ အတော်လေးကြည့်လို့ကောင်း ပါတယ်။ အချို့ နေရာတွေမှာ ကျန်းမာရေးလေ့ကျင့်ရင်း လမ်းလျှောက်နေကြသူများနဲ့ပြေးနေသူများ တွေ့ရပါ တယ်။  




နေ လ ကန်ကြီး၏ ရှုခင်းအလှများ။ (ဓာတ်ပုံ - ဖိုးတာ)



နေ လ ကန်ကြီးက ထိုင်ဝမ်နိုင်ငံ၏ အကြီးဆုံးရေချိုအရင်းအမြစ်ဖြစ်သလို တောတောင်သဘာဝရှုခင်းများ ဖြင့်လည်း ပနံရတင့်တယ်လို့နေပါတယ်။ ကန်ထဲမှာ မော်တော်ဘုတ်လှလှလေးတွေကို မြင်တွေ့ခဲ့ရပါတယ်။ ကန်ရဲ့ အရှေ့ ဖက်အခြမ်းက'နေ'နဲ့တူပြီး အနောက်ဖက်အခြမ်းကတော့ ''နဲ့တူတယ်လို့ ပြောကြပါတယ်။ ရေအနက် ၂၇ မီတာ (၈၉ ပေ) ရှိပြီး ရေမျက်နှာပြင်အကျယ်အ၀န်းကတော့ ၇.၉၃ စတုရန်းကီလိုမီတာရှိ တယ်လို့ သိရပါတယ်။

"ဒီကန်ထဲမှာ ရေကူးဖို့ ခွင့်မပြုပါဘူး။ တစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ ရေကူးပြိုင်ပွဲနေ့မှာပဲ ရေကူးခွင့်ပြုတာ ပါ" လို့ဧည့်လမ်းညွှန်အမျိုးသမီးကပြောပြပါတယ်။ 

နေ လ ကန်ကြီးမှ ပြန်ထွက်လာပြီး ချွန်တိုင်ချန်းဘုန်းကြီးကျောင်းရှိရာကို ခရီးဆက်ခဲ့ကြပြန်ပါတယ်။ အပြန်လမ်းဘက်ခရီးဖြစ်လို့မို့ အလာတုန်းကတွေ့ခဲ့ရတဲ့ တောတွေ တောင်တွေ လှိုင်ဂူတွေနဲ့ တံတား တွေကို ပြန်တွေ့ရပါတယ်။


ချွန်တိုင်ချန်းဘုန်းကြီးကျောင်း (Chung Tai Chan Monastery)။ ဓာတ်ပုံ - ဖိုးတာ (၉ ရက် စက်တင်ဘာ၊ ၂၀၁၃)


ချွန်တိုင်ချန်းဘုန်းကြီးကျောင်းကို ယခင်က ခရီးသွားစာစောင်များနဲ့ ထိုင်ဝမ်ရုပ်မြင်သံကြားခရီးသွားအစီအ စဉ်တွေမှာ တွေ့ခဲ့လို့ မြင်တော့မြင်ဖူးထားပါတယ်။ အခုတော့ မမျှော်လင့်ပဲ အဲဒီကိုရောက်သွားခွင့် ဘုရားဖူး ခွင့် ကြုံခဲ့ရတာကြောင့် ၀မ်းသာမဆုံးပါ။ ဘုန်းကြီးကျောင်းကြီးကို မရောက်ခင် အဝေးကနေမြင်နိုင် ဖူးနိုင်ပါ တယ်။ ကားလမ်းမကြီးကနေ ဘုန်းကြီးကျောင်းလမ်းထဲကို ချိုးမ၀င်မီ ၁၀ မိနစ် လောက်ကတည်းက အထင် အရှား တွေ့နေရတာပါ။




ဘုန်းကြီးကျောင်းအတွင်းတွင် ဆရာတော်တစ်ပါးမှ ဦးဆောင်ပြီး ရှင်းလင်းပြသပေးပါတယ်။



အထဲကိုရောက်သွားတော့လည်း ဒုနဲ့ဒယ်နဲ့ တော်တော်ကို ကြီးကျယ်ခန့်ညားထယ်ဝါတာကိုတွေ့ရတာမို့ ရင် သပ်ရှုမောဖွယ်ပါ။

ကျောင်းထဲမှာ ဘုရားဖူးလာသောဧည့်သည်များ သူ့အုပ်စုနှင့်သူရှိနေကြပြီး ရဟန်းတစ်ပါးစီက ဦးဆောင် ခေါ်ယူရှင်းပြပါတယ်။ ပထမအထပ်မှ တတိယအထပ်အထိသာ ဓာတ်ပုံရိုက်ခွင့်ပြုပြီး ၄ ထပ်ကနေ ၆ ထပ်အ ထိကိုတော့ လုံးဝဓာတ်ပုံရိုက်ခွင့်မပြုပါဘူး။ တတိကအထပ်ကနေ ဓာတ်လှေကားစီးပြီး တက်လို့ရသလို ကားရပ်နားအဆောက်အဦ (car park building) များမှာလို ခပ်ပြေပြေလေးမြင့်သွားတဲ့ ကြမ်းပေါ်ကနေ တ ဖြည်းဖြည်း လမ်းလျှောက်ပြီး တက်သွားလို့လည်း ရပါတယ်။ အထပ်တိုင်းမှာ ကြည့်စရာ ရှုစရာတွေရှိနေ ကြတာပါ။ ဘုန်းကြီးကျောင်းပေါ်ကနေ အရပ်လေးမျက်နှာကို မျက်စိတဆုံးအဝေးထိ ကြည့်လို့ သိပ်ကောင်း ပါတယ်။

ဘုန်းကြီးကျောင်းကပြန်ထွက်လာပြီး ညနေ ၅ နာရီ မထိုးခင်လေးမှာ ဟိုတယ်ကိုပြန်ရောက်ပါတယ်။ ခဏ တဖြုတ်နားပြီး ည ၇ နာရီမှာ ညစာစားဖို့ တစ်ခေါက်ပြန်ထွက်ကြရပြန်ပါတယ်။ ဆိုင်တွေကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်လျှောက်ကြည့်ကြရင်း မိမိတို့ စိတ်တိုင်းကျထမင်းဟင်း မတွေ့တာနဲ့ နာရီဝက်လောက် အချိန် ကုန်သွားခဲ့တယ်။ နောက်ဆုံးတော့ လူငယ်ဇနီးမောင်နှံရဲ့ ဆိုင်မှာ စားဖြစ်သွားတယ်။ မစ္စစန်ဂီသာက ကြက် သားဟင်းနဲ့ထမင်းစားပြီး မိမိက ထမင်းကျော်စားပါတယ်။ စားပြီးတော့ ဆိုင်ရှင်အမျိုးသမီးနဲ့ အမှတ်အရ ဓာတ်ပုံတွဲရိုက်ခဲ့သေးတယ်။


စားသောက်ဆိုင်ပိုင်ရှင်အမျိုးသမီးနှင့် မိမိတို့နှစ်ဦး အမှတ်တရ။



၁၃၇၅ ခုနှစ်၊ တော်သလင်းလကွယ်။ (4 October 2013)

ညစာစားပြီးတာနဲ့ မူလကစီစဉ်ထားတဲ့အတိုင်း ရှင်ကွန်း မစ်ဆူကိုရှီ ကုန်တိုက်ကြီးကို လမ်းလျှောက်သွားခဲ့ ကြတယ်။ မနက်ဖန်မနက်မှာ တိုင်ချွမ်းမြို့ ကနေပြန်တော့မှာဖြစ်လို့ ဒီမှာဝယ်စရာရှိတာလေးတွေကို ဒီညမှာပဲ အပြတ်ဖြတ်ရတော့မှာ။ လက်ထဲမှာကျန်နေသေးတဲ့ ထိုင်ဝမ်ပိုက်ဆံတွေကို မနက်ဖန်အတွက် ခရီးစရိတ် စား စရိတ်လေး နဲနဲပါးပါးချန်ပြီး အကုန်သုံးပစ်ဖို့ မိမိတို့နှစ်ဦးလုံး အားခဲပြီးကို သွားကြတာ။ အားခဲထားတဲ့အတိုင်း လည်း ၀ယ်ခဲ့ဖြစ်ကြတာပါပဲ။ အိမ်အပြန်မှာ မျက်နှာလုပ်ကြဖို့ရယ်လေ။ ၀ယ်တဲ့ပစ္စည်းထုတ်တွေကို ဆွဲတာဆွဲ လွယ်တာလွယ်နဲ့ ဟိုတယ်ကိုပြန်ရောက်တော့ မိုးအတော်ချုပ်နေပြီးဖြစ်ပေမယ့် ဟိုတယ်ပြန်ရောက် တဲ့အခါ လုံးဝမနားနိုင်ပါဘူး။ မနက်အစောကြီး ခရီးသွားမှာမို့ ထုတ်ပိုးသိမ်းဆည်းပြင်ဆင်ရပြန်ကော။



ညဦးပိုင်းမှာ တွေ့ရသော 'ရှင်ကွန်း မစ်ဆူကိုရှီ' ကုန်တိုက်ကြီး။ (ဓာတ်ပုံ - ဖိုးတာ) 



အလာတုန်းက တောင်ယွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ အမြန်ဘတ်စ်ကားနဲ့ တိုင်ချွမ်းမြို့ ကို တိုက် ရိုက်လာခဲ့တာကြောင့် ထိုင်ဝမ်နိုင်ငံရဲ့ မြို့ တော်ဖြစ်တဲ့ တိုင်ပေမြို့ ကို မရောက်ခဲ့ရသေးပါဘူး။ ဒါကြောင့် အ ခုအပြန်မှာ တစ်နေ့ခင်းအချိန်ရတုန်း တိုင်ပေမြို့ ကို သွားဖို့စိတ်ကူးကြတယ်။ လေယာဉ်က ညနေ ၄ နာရီမှ ထွက်မှာပါ။

နောက်နေ့မနက်မှာ ဟိုတယ်ကနေ အမြန်ရထား (High Speed Train) ဘူတာရုံကို တက္ကစီနဲ့ သွားကြတယ်။ တက္ကစီမှ ခရီးဆောင်လက်ဆွဲသေတ္တာနဲ့ပစ္စည်းတွေသယ်ချကာ လက်မှတ်လည်း ၀ယ်ပြီးကော ရထားက အခု လေးတင်ပဲဝင်လာတော့မယ်ပြောလို့ ဟိုမေးဒီမေးနဲ့ ပလက်ဖောင်းရှိရာကို တက်သုတ် ရိုက် သွားကြရတယ်။ လက်မှတ်မှာ တွဲနံပတ်ပါတာကြောင့် ကိုယ့်တွဲရပ်မယ့်နေရာမှာ တန်းစီရပ်ရတယ်။ ထိုင်ခုံနံပတ် မပေးထားလို့ ကြိုက်တဲ့ထိုင်ခုံမှာ ထိုင်လို့ရပါတယ်။ မိမိနဲ့မစ္စစန်ဂီသာက လက်မှတ်တစ်ချိန်တည်းဝယ်ပေမယ့် တွဲနံပတ်မတူ ဘူး။ ဒါပေမယ့် တွဲချင်းနီးပါတယ်။ စာရေးသူက တခါးပေါက်နား ရွေးထိုင်ပါတယ်။ ဓာတ်ပုံနဲ့ ဗွီဒီယိုရိုက်ချင်လို့ ပါ။ နောက်ပြီး တောသားပီပီ အပေါက်ကနေ ဟိုကြည့်ဒီကြည့်လည်း လုပ်ချင်သေးတာ။



အမြန်ရထား၊ ဘူတာစင်္ကြန်နှင့် ခရီးသည်များ။










  




















ဆက်ပြီးရေးပါဦးမယ်။




















Saturday, September 28, 2013

ပြည်တော်ပြန် နှုတ်ဆက်ပွဲလေးတစ်ခု



၁၃၇၅ ခုနှစ်၊ တော်သလင်းလဆုတ် ၉ ရက်။



ကိုဇေယျာ၏နှုတ်ဆက်ပွဲနေ့က အမှတ်တရ။ (ယာအစွန်- ကိုဇေယျာ)


ပြီးခဲ့တဲ့အပတ်က မြန်မာပြည်ကိုပြန်မယ့် ကန့်ဘလူသားလူငယ်လေးတစ်ဦးအတွက် စာရေးသူရဲ့  အိမ်မှာ နှုတ်ဆက်ပွဲလေးတစ်ခု လုပ်ခဲ့ပါတယ်။

သူ့နာမည်က ကိုဇေယျာ။

သူက စင်ကာပူကိုလာပြီး အလုပ်လုပ်နေတာ ၁၅ နှစ်ရှိပြီ။

ဇူလိုင်လ ၁၁ ရက်နေ့ နေ့ခင်း ၂ နာရီလောက်မှာ စာရေးသူအလုပ်တွင်ရှိနေဆဲ သူ့ဆီက ဖုန်းသတင်းလေး (SMS) ၀င်လာခဲ့တယ်။

အဲဒီမှာ သူက "အန်ကယ့်ကို ၀မ်းသာစရာသတင်လေး အကြောင်းကြားတာပါခင်ဗျာ။ ပြီးခဲ့တဲ့ဇွန်လ ၁၂ ရက် နေ့ကပဲ ကျွန်တော် ထွက်စာတင်လိုက်ပါပြီ။ ဒီရက်က ကျွန်တော့်သမီးလေးရဲ့  မွေးနေ့ပါ။ သမီးလေး ၏မွေး နေ့ဖြစ်တဲ့ ဒီရက်မှာ ထွက်စာတင်မယ်လို့ ရည်စူးထားခဲ့တဲ့အတိုင်း လုပ်ဖြစ် သွားတာပါ။ ဒါ့ကြောင့် စင်ကာပူနိုင် ငံမှာလာပြီး အလုပ်လုပ်ခဲ့တဲ့ ကျွန်တော်ရဲ့  ၁၅ နှစ်တာခရီးကို သြဂုတ်လကုန်မှာ အဆုံးသတ်ဖို့ သေချာသွားပါ ပြီ။ ကျွန်တော့်ရဲ့ မွေးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့မယ်တော့ မြန်မာနိုင်ငံကို ပြန်ပါတော့မယ်။ ကျေးဇူးများစွာဖြင့် - ဇေယျာ။"


မုဒုံသူအန်တီစိုး၏ ကန့်ဘလူမုန့်တီလက်ရာကို ကန့်ဘလူသူ ကန်ဘလူသားများက အားပေးကြပါတယ်။


စာရေးသူကလည်း ကိုဇေယျာထံ အောက်ပါဖုန်းသတင်းလေး ပြန်ပို့ပေးလိုက်ပါတယ်။


"အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို အခုလိုချနိုင်ခဲ့တာသိရလို့ ၀မ်းသာပါတယ်။ ဟိုဖက် ဒီဖက်မှာရှိနေတဲ့ အခြေအနေအရပ်ရပ်ကို သေသေချာချာသုံးသပ်ပြီးမှ ဆုံးဖြတ်ကြီးတစ်ခုကို ချရတာဖြစ်လို့ လွယ်တဲ့ကိစ္စ တော့မဟုတ်တာ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ် တူမောင်၏ဆုံးဖြတ်ချက်သည် မှန်ကန် တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ အန်ကယ် ယုံကြည်ထားပါတယ်။ ဘာ့ကြောင့်လဲဆိုရင် တူမောင်၏ဇနီး နှင့်သမီးလေးတို့အတွက် ပြည့်စုံတဲ့ မိသားစုရှိဖို့ တူမောင်သည် ခင်ပွန်းတစ်ဦးအနေနဲ့ကော ဖခင် တစ်ယောက်အနေနဲ့ပါ အရေးပါနေတာမို့ပါ။ လိုရင်းကို ပြောရရင်တော့ကွာ၊ တူမောင်က မိသားစု နဲ့အတူတကွရှိနေဖို့ သူတို့ တကယ်လိုအပ်နေပြီဖြစ်တယ် ဆိုတာပါပဲ။


ကိုဇေယျာ၏မိသားစုမှာ ကန့်ဘလူမြို့ တွင်ရှိနေကြပြီး သူရဲ့ ဖခင် ဦးခင်မောင်ရည်သည် သတင်း ထောက်တစ် ဦးဖြစ်ကာ မိမိနှင့်မိတ်ဆွေများဖြစ်ကြပါတယ်။ မိမိ မြန်မာပြည်ကိုပြန်လည်ရင်း ကန့်ဘလူမြို့ ကို ရောက်တိုင်း တွေ့ဖြစ်ကြ စကားတွေပြောဖြစ်ကြလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကန့်ဘလူမြို့ လူမှုရေးအသင်းရဲ့ ဦးဆောင်မှုဖြင့် အကြောအဆစ်လူနာများကို စာရေးသူမှ ၂ ရက် ကြာ ကြည့်ရှုစစ်ဆေးကုပေးခဲ့စဉ် ကိုဇေယျာ ၏မိခင်ဖြစ်သူ ဆရာမကြီးလည်း သူရဲ့ ခါးနာဝေဒနာကို လာရောက်ပြရင်း မိမိတို့အတွက် စားသောက်စရာများ ၀ယ်လာပေးတာကြောင့် မိမိ၏ဇနီးနှင့်တွေ့ ဆုံစကားပြောဖြစ်ခဲ့ကြပါသေးတယ်။



အိမ်မှမပြန်မီ မိမိတို့အား ကန်တော့သွားကြပါတယ်။ 


မိမိတို့၏မြေးဦးလေး 'ဆောင်းမြတ်နိုး' ကလည်း ဧည့်သည်များကို ယခုလို ၀ိုင်းဝန်းဧည့်ခံပေးရှာပါတယ်။




ယခု ကိုဇေယျာက မြန်မာပြည်သို့ အပြီးအပိုင်ပြန်တော့မည်ဖြစ်ရာ သူ့အတွက် နှုတ်ဆက်ပွဲလေးတစ်ခုပြုလုပ် ပေးဖို့ မိမိက ဇနီးနှင့်တိုင်ပင်ကာ စီစဉ်ရတယ်။ စင်ကာပူမှာရောက်နေကြတဲ့ ဇာတိကန့်ဘလူမှ လူငယ်များအား ဖိတ်ကြားကာ မုန့်တီ၊ မုန့်ဟင်းခါးနှင့် အုန်နို့ခေါက်ဆွဲ ဘာကိုစားချင် သလဲမေးတော့ အများက မုန့်တီလို့ပြော တာနဲ့ မုန့်တီကျွေးဖြစ်သွားပါတယ်။  




ကိုဇေယျာကို လက်ဆောင်ပစ္စည်းများ အမှတ်တရ ပေးကြတယ်။




ဒီနေရာမှာ စိတ်ဝင်စားစရာလေးတစ်ခု ပြောပြချင်ပါတယ်။

ကန့်ဘလူနဲ့ မုန့်တီအကြောင်းရယ်ပါ။

စာရေးသူတို့ ကန့်ဘလူသူကန့်ဘလူသားများသည် မုန့်တီကို နံနက်စာအဖြစ် ဈေးကိုသွားပြီး စား ကြလေ့ ရှိပါတယ်။ အိမ်ကိုဝယ်သွားတဲ့သူတွေအတွက်တော့ အင်ဖက်ကို ကန်တော့ပုံချိုးပြီး ထည့်ပေးတာ။ အင်ဖက် နဲ့ထည့်ထားတဲ့ မုန့်တီရဲ့ အရသာနဲ့အနံ့ကိုက ထူးခြားမှုရှိနေတာ။ စာရေးသူတို့ ငယ်ငယ်က ကန့်ဘလူ ဈေးထဲ မှာ မုန့်တီဆိုင် ၂ ဆိုင်ရှိပါတယ်။'ဒေါ်ခ'ဆိုင်နဲ့ 'ဒေါ်လှမင်း'ဆိုင်တွေ ပါ။ ၂ ဆိုင်စလုံးမှာ သူ့ပရိသတ်နဲ့ သူမို့ ဘာ ပြသနာမှ မကြားမိပါဘူး။ တစ်ဆိုင်က ဈေးရဲ့ တောင်ဘက်အပေါက်နားမှာရှိပြီး နောက်တစ်ဆိုင်က ဈေးရဲ့ အရှေ့ ဘက်က ၀င်းထရံကို ကျောပေးထားတာ။

အဲဒီတုန်းက အခုခေတ်လို စားပွဲနဲ့ကုလားထိုင်မှာ ဖင်ထိုင်ချပြီး စားရတာမျိုးမဟုတ်ပဲ မုန့်ပြင်တဲ့စား ပွဲရှည်ကြီး အပေါ် မုန့်တီပန်းကန်နဲ့ဟင်ချိုပန်းကန်တွေတင်ပြီး စားတဲ့သူတွေက ဒူးလောက်အမြင့်ရှိတဲ့ ခုံတန်းရှည်ပေါ်ကို ခြေဖ၀ါး ၂ ဖက်ချလို့ ဆောင့်ကြောင့်ထိုင် စားကြရတာ။ 












ဆက်ပြီးရေးပါဦးမယ်။








Friday, September 27, 2013

ဘယ်စာကို မောင် ဘယ်လိုဖတ်မလို့တုန်း



၁၃၇၅ ခုနှစ်၊ တော်သလင်းလဆုတ် ၈ ရက်။









ယခုစာကို မရေးခင်လေးမှာ သီချင်းစာသားအနေဖြင့်ကော ရှင်ပြုပွဲများတွင် ရှင်လောင်းလှည့်သောအခါ 


'သျှိုး' လိုက်ရတုအနေဖြင့်ပါ ကြားရတတ်သည့်စာသားလေးကို အမှတ်မထင် သတိရလိုက်မိပါသည်။



'ဘယ်စာကို ဘယ်နှဝါ မောင် သင်မတုန်း' ဟူ၍။




သို့ဖြစ်ရာ ယခုစာ၏ခေါင်းစဉ်လေးကို အထက်ကစာသားအား သံယောင်လိုက်ပြီး 'ဘယ်စာကို မောင်


ဘယ်လိုဖတ်မလို့တုန်း' ဟု အမည်ပေးလိုက်ရသည်။ 


စာလိုရေးပြီးပြောရလျှင် မည်သည့်စာပေများကို မည်ကဲ့သို့ဖတ်ရှုပါမည်နည်းဟု ဆိုနိုင်လေသည်။




စာအမျိုးမျိုးရှိကြရာတွင် မိမိနှစ်ခြိုက်သော မိမိစိတ်ဝင်စားသော စာများဖြစ်ဖို့ လိုအပ်သလို စာကောင်း


ပေမွန်များဖြစ်ဖို့လည်း အလွန်အရေးကြီးလေသည်။ စာကောင်းပေမွန်များက အဆုံးအမများပေးသည်။


အသိပညာ ဗဟုသုတများပေးသည်။ အသိအလိမ္မာကို တိုးပွားစေသည်။ စိတ်ဓာတ်အင်အားကို မြှင့်တင်


ပေးနိုင်သည်။ ကြီးပွားတိုးတက်ရေးကို ဖြစ်စေနိုင်သည်။ ချုပ်၍ဆိုရသော် လူကောင်းလူတော်ဖြစ်စေရန် 


များစွာမှ ပံ့ပိုးပေးနိုင်လေသည်။





တစ်ဖန် မိမိဖတ်ချင်သည့်စာကို စိတ်ကြိုက်ရွေးခြယ်ခြင်း၊ စာကောင်းပေမွန်ဖြစ်ခြင်းဖြင့် လုံလောက်ပြည့်စုံမှု


မရှိသေးပေ။ မိမိဖတ်ရှုလိုသော ကဗျာ ၀တ္တု ပြဇာတ် ဆောင်းပါး အစရှိသည့်စာပေများကို မည်သို့မည်ပုံ အ


ကျိုးရှိစွာ ဖတ်တတ်ရန်လည်း အထူးလိုအပ်လှ၏။




ယင်းနှင့်ပတ်သက်ပြီး 'ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့''ကုသိုလ်နှင့် အကုသိုလ်' အစရှိသည့်စာအုပ်များကို ရေး


သားပြုစုခဲ့သူ ဆရာကြီးဦးရွှေအောင်က စာဖတ်သူအမျိုးအစားအား အောက်ပါအတိုင်း ခွဲခြားပြောပြခဲ့သည်


ကို မှတ်သားရဖူးသည်။







"စာဖတ်သူများကို အမျိုးအစားခွဲခြားလျင် စာကို နောက်က လိုက်၍ဖတ်သူ ၊ စာကို ရင်ဘောင်တန်း၍


ဖတ်သူ ၊ စာကို ရှေ့က ကြို၍ဖတ်သူ.. ဟူ၍ သုံးမျိုး ခွဲနိုင်ကြောင်းတွေ့ရသည်



စာကို ဖတ်သောအခါ စာ၏သဒ္ဒါအနက်ကိုသာသိပြီး သဒ္ဒါနက်အတိုင်း ခံယူကျင့်သုံးသော စာဖတ်သူ


များကို စာကို နောက်က လိုက်၍ဖတ်သူများအမျိုးအစား၌ ထည့်သွင်းပါသည်။



စာ၏သဒ္ဒါ အနက်ကို ဖောက်ထွင်း၍ စာရေးသူ၏ စေတနာ ၊ စာရေးသူ၏ ရည်ရွယ်ချက် ၊ စာရေးသူ၏



နှလုံးသွင်းကိုသိပြီး ယင်းအတိုင်း ခံယူကျင့်သုံးသော စာဖတ်သူများကို စာကို ရင်ဘောင်တန်း၍ဖတ်သူ



များအမျိုးအစား၌ ထည့်သွင်းပါသည်။



စာရေးသူ၏ စေတနာ ၊ စာရေးသူ၏ ရည်ရွယ်ချက် ၊ စာရေးသူ၏နှလုံးသွင်းကို ထွင်းဖောက်၍ စာ၏


အနတ္တအနက်တိုင်အောင်သိပြီး ယင်းအတိုင်း ခံယူကျင့်သုံးသော စာဖတ်သူများကို စာကို ရှေ့ က


ကြို၍ဖတ်သူများ အမျိုးအစား၌ ထည့်သွင်းပါသည်။"







စာဖတ်သူများအနေဖြင့် မိမိသည် မည်သည့်စာဖတ်သူအမျိုးအစားတွင် ပါဝင်နေကြောင်းကို သတိ


ပြုကြစေချင်ပါသည်။




အသက်ရှင်ရေးနှင့် အားအင်ရှိစေရေးတို့အတွက် အစားအစာများကို စားသောက်ကြရာတွင် ၀မ်းဝ


လျှင်ပြီးကောဆိုပြီး ပါးစပ်အထဲသို့ အစားအစာထိုးသွင်းကာ အလောသုံးဆယ် မြိုချရုံဖြင့်မပြီးပဲ မိမိ


စားသောအစားအစာ၏အရသာကို သိရှိခံစားတတ်ဖို့လိုအပ်သလို မိမိ၏၀မ်းအတွင်းအစားအစာများ


ကောင်းစွာကျညက်မှုရှိစေရန် အချိန်လုံလောက်စွာပေးပြီး ၀ါးရမည်လည်းဖြစ်သည်။




အလားတူစွာပင် စာကိုဖတ်ကြရာတွင်လည်း စာကို ပြီးပြီးကော အပေါ်ယံမျှ ဖတ်ခြင်းမျိုးမပြုလုပ်ပဲ


စာမှပေးသည့် ရသကိုခံစားလျက် စာ၏ဆိုလိုရင်းအနက်ကို ကောင်းစွာထိုးထွင်းသိရှိနားလည်နိုင် စေရန်


ကျေညက်စွာ ဖတ်ရှုဖို့ လိုအပ်သည်ဖြစ်၏။ 




မိမိဖတ်သောစာအမျိုးအစားကိုလိုက်ပြီး တစ်စုံတစ်ရာသောအားထုတ်မှုပြုပါမှ စာဖတ်ရကျိုးနပ်မည်ကို


သတိချပ်အပ်ပေသည်။




စာဖတ်ချင်သူတိုင်း စာပေကို ချစ်မြတ်နိုးကြသူတိုင်း စာဖတ်တတ်ကြစေချင်ပါသည်။




မှတ်ချက်။  ။

ဤစာကို မူလက ဒေါင်းမင်းအွန်လိုင်းစာပေ၏ 'အယ်ဒီတာ့စကား' အတွက် ရေးခဲ့ခြင်းဖြစ်သည်။ ကျွန်းသာ ယာစာဖတ်ပရိသတ်များလည်း စိတ်ဝင်စားပါက ဖတ်ရှုနိုင်ကြစေရန် ထပ်ဆင့်ဖော်ပြပေးလိုက်ပါ၏။










Thursday, September 19, 2013

မြန်မာအမျိုးသမီးများ အရှက်မဲ့ဝံ့ကြလေပြီလား


၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်။



အရှက်မဲ့စွာ ၀တ်စားဆင်ယင်ထားကြသည့် မြန်မာအမျိုးသမီးကြီးကြီးငယ်ငယ်များအား မကြာခဏမြင်တွေ့ ရလေတိုင်း မိမိသည် အထက်ပါမေးခွန်းကို မိမိကိုယ်ကိုမိမိ ရင်လေးစွာမေးနေမိခဲ့သည်မှာ ကြာလှပြီဖြစ် သည်။

သို့သော် ဒီအကြောင်းကို တစ်ခါဖူးမျှ မရေးခဲ့ဖြစ်ပါ။ သူများတွေရေးထားသည်ကိုသာ ဂရုတစိုက် ဖတ်ကြည့် ခဲ့သည်။ သူတို့အတွေးနှင့် မိမိ၏အတွေးတို့ကို အနုလုံပဋိလုံ နှိုင်းယှဉ်ချိန်ထိုး စဉ်စားကြည့်မိသည်။

မြန်မာလူမျိုးသည် ယဉ်ကျေးသောလူမျိုး၊ သိမ်မွေ့သောလူမျိုး၊ ထိန်းသိမ်းစောင့်ရှောက်အပ်သော ရိုးရာဓ လေ့ထုံးတမ်းစဉ်လာများကို လေးစားသည့်လူမျိုး၊ ဟီရိသြတ္တပ္ပ(အရှက်အကြောက်)ရှိသောလူမျိုး၊ တစ်နည်း ဆိုရသော် အယဉ်ကိုကြိုက်ပြီး အရိုင်းကို လက်မခံနိုင်(တတ်)သောလူမျိုး ဖြစ်သည်။

မြန်မာမဆန်စွာ ပက်ပက်စက်စက် အရှက်မဲ့ဝတ်စားကြသူများက လွန်ကြလေသလား၊ ဒင်း(သင်း)တို့ကို က လောင်သွားထက်ထက်ဖြင့် မညှာမတာ ထိုးနှက်ဝေဖန်ရေးသားထောက်ပြကြသူများကပင် လွန်လေသလား မိမိ အဖြေရှာကြည့်မိပါသည်။

သေချာသည်ကတော့ ဒီကိစ္စကို အမျိုးသားရေးရှုထောင့်မှ လေးလေးနက်နက် ပြောကြဆိုကြ ဆွေးနွေးကြ ဖို့လိုသည် မှန်၏။

အောက်တွင်ဖော်ပြထားသည့် အမျိုးသမီးကလောင်ရှင် ထားမြတ်မာ(မြန်မာစာ)၏ ဆောင်းပါးကိုဖတ်ကြည့် ပြီး လေးနက်စွာ စဉ်းစားကြည့်ကြစေချင်ပါသည်။

တစ်ခုခုတော့လုပ်ကြဖို့ အချိန်တန်နေပြီဖြစ်သည်။

မြန်မာအမျိုးသမီးများကိုယ်တိုင်က ဦးဆောင်ဦးရွက်ပြုလျက် မိမိတို့၏အရေးအရာကိစ္စကို ဥစ္စာရင်လို ဥစ္စာ ရင်ခဲလုပ်နိုင်ကြလျှင် ကောင်းပါမည်။  




(၁)

(၂)

(၃)

၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ထုတ် 7DAY NEWS ဂျာနယ် (Vol.12, No.6) စာမျက်နှာ ၃၂ မှ မူရင်းအတိုင်း ကူးယူဖော်ပြထားပါသည်။



လော်လည် (အသံထွက် - လော်လီ၊ လော်လယ်) - လျှပ်ပေါ်သည်။ စောင့်စည်းမှုမရှိဖြစ်သည်။






၁၃၇၅ ခုနှစ်၊ နတ်တော်လကွယ်။ 31 December (Tuesday) 2013



တန်ဖိုးနည်းမိန်းမတွေ ...

မြန်မာသတင်းစာတစ်စောင်မှ ပညာပေးကာတွန်းတစ်ကွက်။

အမျိုးသမီးများအနေဖြင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ကြရန်  မြန်မာကာတွန်းဆရာများ ကလည်း ကာတွန်းအနုပညာဖြင့် တစ်ဖက်တစ်လမ်းမှ အထက်ပါအတိုင်း ဝေဖန်ထောက်ပြကြ၏။












Wednesday, September 18, 2013

ကိုဝင်းဇော်ဦး ရှာပုံတော်


၁၃၇၅ ခုနှစ်၊ တော်သတင်းလဆန်း ၁၄ ရက်။



ပြီးခဲ့တဲ့လ ၁၇ ရက်နေ့က "ကိုဝင်းဇော်ဦးကို ကူညီကြပါစို့" ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီကျွန်းသာယာဘလော့မှာ ရေးရင်း စင်ကာပူနိုင်ငံကို ရောက်နေကြတဲ့ ကန့်ဘလူမြို့ သူမြို့ သားလူငယ်များအား အလှူငွေကောက်ခံဖို့ ဆော်သြရပါတယ်။

ယခုလ ၁ ရက်နေ့မှာတော့ ကန့်ဘလူမြို့ သားလူငယ်တစ်ဦးဖြစ်တဲ့ ကိုဇေယျာနဲ့ မိမိတို့ဇနီးမောင်နှံတို့သည် ကိုဝင်းဇော်ဦးရှိတဲ့ စင်ကာပူအထွေထွေရောဂါကုဆေးရုံကြီး (Singapore General Hospital)ကို သွားခဲ့ကြ ပါတယ်။ ကိုဇေယျာ ကောက်ခံလာတဲ့အလှူငွေနဲ့ မိမိတို့မိသားစု၏အလှူငွေများကို သွားပြီးပေးအပ်ဖို့ပါ။ 

ညနေ ၃ နာရီမှာ SGH ကိုရောက်တော့ ဦးနှောက်နဲ့အာရုံကြောဌာနရှိတဲ့ အဆောင် ၇ (Block 7) ကို သွား ခဲ့ကြတယ်။ အဲဒီက သတင်းစုံစမ်းရေးကောင်တာမှာ တန်းစီပြီး မေးမြန်းကြည့်တာ ကိုဝင်းဇော်ဦး မရှိဘူးလို့ ပြောပါတယ်။ ဒါနဲ့ တစ်ဆေးရုံလုံးကို ကွန်ပြူတာမှာ ရှာကြည့်ပေးဖို့ပြောတဲ့အခါ ဆေးရုံဝန်ထမ်းက စိတ်ရှည် လက်ရှည်ဖြင့် ရှာပေးပြန်တော့လည်း မတွေ့ရပါဘူးတဲ့။


နောက်ဆုံးတော့ အရေးပေါ်ဌာနက အရေးကြီးလူနာခန်းမှာ သွားမေးဖို့ပြောတာနဲ့ သွားကြည့်တော့လည်း ဘာသတင်းအစအနမှ မရခဲ့ပါဘူး။ ဒီလိုနဲ့ ညနေ ၄ နာရီကျော်လောက်မှာ လက်လျှော့ပြီး ဆေးရုံက စား သောက်ဆိုင်ကို သွားကြတယ်။ ကိုဇေယျာက နေ့လည်စာ မစားရသေးလို့ သူ့ခမျာ ခေါင်းတောင်မူးနောက် နောက်ကြီး ဖြစ်နေရှာပြီ။  

ဒီနောက်တော့ စာရေးသူက ထိုင်ဝမ်ကို သွားဖို့ကိစ္စနဲ့ အလုပ်များခဲ့တာရယ်၊ ထိုင်ဝမ်မှာ တစ်ပတ်လောက် ရောက်နေခဲ့တာရယ်တွေကြောင့် အလှူငွေပေးအပ်ရေးကို ဆက်ပြီးမလုပ်နိုင်ခဲ့ပါဘူး။ တစ်နေ့ကတော့ ကို ဇေယျာထံ ဖုန်းဆက်ပြီး ရှေ့ အပတ်ထဲ သူ မြန်မာပြည်ကိုပြန်တဲ့အခါ ရန်ကုန်မှာ သွားလှူပေးဖို့ပြောရပါတယ်။ 

သို့ပေမယ့် မနေ့က The Straits Times သတင်းစာမှာ ကိုဝင်းဇော်ဦး စင်ကာပူမှာ ယနေ့အထိ ရှိနေသေးတာ သိရတော့ တစ်မျိုးတွေးမိရပြန်ပါတယ်။ 

ဒီလိုပါ။

လာမည့်စနေနေ့မှာ ကိုဇေယျာအတွက် နှုတ်ဆက်ပွဲလေးလုပ်တဲ့အခါ ဆရာဝန်ကြီးဦးခင်မောင်ဝင်းနှင့် ကို ၀င်းဇော်ဦးတို့ကို စာရေးသူ၏အိမ်ကိုဖိတ်ပြီး ကန့်ဘလူမြို့ သူမြို့ သားလူငယ်များက အလှူငွေပေးအပ်နိုင်ရင် သိပ်ပြီး ၀မ်းသာကြည်နူးစရာကောင်းလိုက်မှာပဲလို့လေ။

သိရင် အကြောင်းကြားပြောပေးလိုက်ကြပါကွယ် ..
ကျေးဇူးကုဋေကုဋာ တင်ပါမယ်။













Saturday, September 14, 2013

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ ဂုဏ်ပြုသတင်းနှင့် ဆောင်းပါး


၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်



မြန်မာအကြောအဆစ်ကုပညာရပ်အသင်း၏ 'ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့' အခမ်းအနား။ (ဓာတ်ပုံ - ဆရာဦးမောင်မောင်မြင့်မှ ကျေးဇူးပြုသည်။) 




မိမိတို့ အကြောအဆစ်ကုပညာရှင်များမှာ နိုင်ငံအလိုက်ဖွဲ့စည်းထားသော အကြောအဆစ်ကုပညာရှင်များ အသင်းများရယ်လို့ ရှိကြပါတယ်။ ဥပမာ မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်း (Myanmar Physiotherapy Association)။ တစ်ခါ ကမ္ဘာ့ပထ၀ီဝန်းကျင်အလိုက် စုပေါင်းဖွဲ့စည်းထားသော ဒေသဆိုင် ရာအကြောအဆစ်ကုပညာရှင်များအသင်းကြီး ၅ သင်း ဆိုတာလည်း ရှိပြန်ပါသေးတယ်။ ဥပမာ အာရှဒေသ ဆိုင်ရာ အကြောအဆစ်ကုပညာရှင်များအသင်း (Asian Confederation for Physical Therapy)။  


နောက်တစ်ခါ နိုင်ငံတကာအတိုင်းအတာအနေဖြင့် အကြောအဆစ်ကုပညာရှင်များအသင်း (၁၀၆)သင်းနှင့် အသင်းသားများ စုစုပါင်း ၃၅၀,၀၀၀ ဦး ရှိသော ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအသင်းချုပ်ကြီး (World Confederation for Physical Therapy – WCPT) ဆိုတာကို ဖွဲ့စည်းခဲ့ပြီး အင်္ဂလန်နိုင်ငံတွင် ရုံး စိုက်ထားရှိခဲ့ပါတယ်။ ဒီအဖွဲ့ချုပ်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒေသဆိုင်ရာနှင့်ကမ္ဘာ့ညီလာခံများကို ပုံ မှန်ကျင်းပလေ့ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံချင်းအလိုက်လည်း အကြောအဆစ်ကုပညာရပ်ဆိုင်ရာအ မျိုးသားညီလာခံ (National Physiotherapy Congress)များကို နှစ်စဉ်ကျင်းပကြပါတယ်။ 

သို့ဖြစ်ရာ မိမိသည် ယခုလ ၈ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့နဲ့ ပတ် သက်ပြီး သ၀ဏ်လွှာတစ်ပုဒ်နှင့်ဆောင်းပါးတစ်ပုဒ်တို့ကို ကြေးမုံသတင်းစာတိုက်သို့ လှမ်းပြီးပေးပို့ခဲ့ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ အကြောအဆစ်ကုပညာရပ်နှင့်အကြောအဆစ်ကုပညာရှင်များ၏အခန်းကဏ္ဍ ကို ပြည်သူများသိရှိနားလည်ကြရန်ဖြစ်ပါတယ်။

အသေးစိတ်အကြောင်းအရာများကိုတော့ အောက်မှာ ဖတ်ရှုကြည့်နိုင်ကြပါတယ်။  


ကြေးမုံသတင်းစာ - ၃ ရက် စက်တင်ဘာလ။





ကြေးမုံသတင်းစာ - ၈ ရက် စက်တင်ဘာလ။



ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့နှင့် သမိုင်းကြောင်း


စက်တင်ဘာလ () ရက်နေ့သည် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ (World Physiotherapy Day) ဖြစ်သည်။

ဤနေ့တွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံအသီးသီးမှ အကြောအဆစ်ကုပညာရပ်အဖွဲ့အစည်းများသည် အကြော အဆစ်ကုပညာရပ်အကြောင်း ပညာပေးဟောပြောပို့ချခြင်း၊ အကြောအဆစ်လူနာများအား အခမဲ့စမ်းသပ် ကြည့်ရှုပေးခြင်း၊ ကျန်းမာကြံ့ ခိုင်ရေးကိုဖြစ်စေသည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများကို လက်တွေ့သင် ကြားပြသပေးခြင်းနှင့် အကြောအဆစ်ဝေဒနာများမှ ကင်းဝေးရာကင်းဝေးကြောင်း နေနည်း ထိုင်နည်း လုပ် နည်း ကိုင်နည်း အစရှိသောနည်းလမ်းကောင်များကို လမ်းညွှန်ကြလေ့ရှိပါသည်။

အကြောအဆစ်ကုပညာရပ်၏ သမိုင်းကြောင်းကို တစေ့တစောင်းလေ့လာကြည့်မည်ဆိုက များစွာစိတ်ဝင် စားဖွယ်ကောင်းလှ၏။ ကမ္ဘာ့ဆေးပညာနယ်ပယ်တွင် နေလိုလလိုထင်ရှားကျော်ဇောပြီး ဆေးပညာလောက ၏ ဖခင်ကြီးလည်းဖြစ်သည့် ဂရိသမားတော်ကြီး ဟစ်ပိုးကရပ်တီး()သည် အကြောအဆစ်ကုဆေးပညာကို ကနဦး စတင်အသုံးပြုခဲ့သော သမားတော်များအထဲမှ တစ်ဦးအပါအ၀င်ဖြစ်ခဲ့လေသည်။ သမားတော်ကြီး ဟစ်ပိုးကရပ်တီး() က နှိပ်နယ်ကုသမှုပညာ (massage)၊ အကြောအဆစ်ပြုပြင်ကုသမှုပညာ (manual therapy) နှင့် ရေ၏ဂုဏ်သတ္တိကို အသုံးပြု၍ ကုသပေးသည့်ပညာ(hydrotherapy) တို့ကို အကြောအဆစ် ရောဂါဝေဒနာများကုသရာတွင် အသုံးပြုကြရန် ဘီစီ ၄၆၀ ၀န်းကျင်ကာလကတည်းက တိုက်တွန်းအားပေး ခဲ့ပါသည်။

သို့ဖြစ်ပေရာ အကြောအဆစ်ကုပညာရပ်၏ အချို့ သောအစိတ်အပိုင်းများသည် ဆေးသိပ္ပံပညာရပ်ကဲ့သို့ပင် သက်တမ်း ကြာမြင့်သည် (Some aspects of physiotherapy are as old as medicine.) ဟု ပြောစမှတ် ပြုကြခြင်းဖြစ်၏။ ဒီမှာဖက်ပိုင်းဖြစ်သော မျက်မှောက်ခေတ်အကြောအဆစ်ကုဆေးပညာရပ်သမိုင်းကား ၁၉ ရာစု အကုန်ပိုင်းလောက်မှ အင်္ဂလန်နိုင်ငံတွင် အခြေပြုခဲ့ခြင်းဖြစ်၏။ ၁၉၁၆ ခုနှစ်၌ အန္တလန်းတိတ်အလယ် ပိုင်းနှင့် နယူးအင်္ဂလန်ပြည်နယ်များတွင် ပိုလီယိုအကြောသေ ရောဂန္တရကပ်ဆိုးကြီး ကျရောက်သောအခါ အကြောအဆစ်ကုဆေးပညာရပ်ဆိုင်ရာကုထုံးများ (physiotherapy techniques) ကို ပို၍တွင်တွင်ကျယ် ကျယ် အသုံးပြုလာခဲ့ကြရ၏။

အကြောအဆစ်ကုပညာရပ်သမိုင်း၏ အဓိကအချိုးအကွေ့ကြီးကား ပထမကမ္ဘာစစ်ကြီးအတွင်း၌ ဖြစ်ခဲ့ရ သည်ဆို၏။ စစ်ပွဲတွင်ဒဏ်ရာရရှိသည့် စစ်သည်တော်အမြောက်အများကို နေ့ညမအားကုသပေးနေရသော အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးများအနေဖြင့် လူနာများ၏ ကာကွယ်ရေးနှင့်ပြန်လည်ထူထောင်ကုသရေး အပိုင်းတို့အတွက် အကြောအဆစ်ကုပညာရှင်များကို များစွာအားကိုးအားထားပြုခဲ့ကြရလေသည်။ ဤသို့ ဖြင့် ၁၉၁၈ ခုနှစ်တွင် အမေရိကန်စစ်တပ် ဆေးဘက်ဋ္ဌာနကြီးသည် အထူးဆေးရုံတပ်မများနှင့်ပြန်လည် ထူထောင်ရေးဋ္ဌာနများ ဖွင့်လှစ်ပြီး အကြောအဆစ်ကုပညာရှင်များကို တာဝန်ထမ်းဆောင်စေခဲ့သည်။ ဒါ့အ ပြင် အမေရိကန်နိုင်ငံ၏ပထမဦးဆုံး အကြောအဆစ်ကုပညာရပ်သိပ္ပံကျောင်း (School of Physical Therapy) ကို ‘၀ါရှင်တန်ဒီစီ’ ၌ရှိသော ‘ဝေါလ်တာရိဒ်’ စစ်ဆေးရုံကြီး၌ ဖွင့်လှစ်ခဲ့သည်။

တစ်ဖန် ၁၉၂၁ ခုနှစ်သို့ရောက်သောအခါ အကြောအဆစ်ကုပညာရှင် ၂၄၅ ဦးဖြင့် အမေရိကန်အကြောအ ဆစ်ကုပညာရပ်အသင်း (American Physiotherapy Association) ကို ဖွဲ့စည်းခဲ့တော့၏။ တစ်ချိန်တည်း မှာ အင်္ဂလန်၊ သြစတေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ဟော်လန်အစရှိသော တိုးတက်သည့်နိုင်ငံကြီးများတွင် အကြောအဆစ်ကုပညာရှင်များကို တက္ကသိုလ်များမှ ပညာရည်အဆင့်အတန်းမြင့်စွာ မွေးထုတ်လာခဲ့ကြ၏။ အကြောအဆစ်ကုပညာရပ်ကို အမေရိကန်နိုင်ငံက Physical Therapy ဟုခေါ်ဝေါ်သုံးစွဲပြီး မြန်မာနိုင်ငံအ ပါအ၀င် အင်္ဂလန်၊ ကနေဒါနှင့် သြစတေးလျနိုင်ငံများကမူ Physiotherapy ဟုသာ ခေါ်ဝေါ်သုံးစွဲကြလေ သည်။

အကြောအဆစ်ကုပညာရှင်များ၏ ပညာရေးအဆင့်အတန်းသည် ယခုအခါ များစွာမြင့်မားလာသည်ဖြစ်ရာ မဟာသိပ္ပံဘွဲ့နှင့်ပါရဂူဘွဲ့ရများကို ထင်ရှားသည့်တက္ကသိုလ်များမှ သင်ကြား မွေးထုတ်ပေးလျက်ရှိသည်မှာ ဆယ်စုနှစ် ၂ ခုနီးပါး ရှိခဲ့ပြီဖြစ်သည်။ ပီအိတ်ခ်ျဒီ(Ph.D) ခေါ် ပါရဂူဘွဲ့အမျိုးအစားအပြင် အကြောအဆစ် ကုဆရာဝန်ဘွဲ့ (Doctor of Physiotherapy) ကိုလည်း သင်ကြားချီမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး (WHO) က ISCO Code 2264 (International Standard Classification of Occupation - ISCO Code 2264) ဖြင့် အကြောအဆစ်ကုပညာရှင်များသည် အကြောအဆစ်လူနာများကို လွတ်လပ်စွာ စမ်းသပ်စစ်ဆေးကုသမှုပေးနိုင်သည့်ပညာရှင် (Medical professional) အဖြစ် သတ်မှတ်ခဲ့ သည်။

မြန်မာနိုင်ငံတွင်လည်း ယခင်က အကြောအဆစ်ကုပညာရှင်များကို ဒီပလိုမာအဆင့်သာ မွေးထုတ်ပေးနိုင်ခဲ့ ပြီး ယခုနောက်ပိုင်းတွင် နိုင်ငံတော်အစိုးရက အမြော်အမြင်ကြီးစွာဖြင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္က သိုလ်များ ဖွင့်လှစ်ပေးလျက် ဘွဲ့ရအကြောအဆစ်ကုပညာရှင်များကို နှစ်စဉ် မွေးထုတ်ပေးခဲ့ပါသည်။ တစ်ခါ အကြောအဆစ်ကုပညာရပ်ကို မဟာသိပ္ပံအဆင့်ထိ ဆက်လက်မြှင့်တင်ပေးခဲ့ပြန်ပါသည်။ မကြာမီကာလ တွင် နိုင်ငံတော်၏ပညာရေးရည်မှန်းချက်များနှင်အညီ အကြောအဆစ်ကုပညာရပ်ကို နိုင်ငံတကာအဆင့်မီ ပါရဂူဘွဲ့အထိ တိုးတက်သင်ကြားချီးမြှင့်နိုင်တော့မည်ဟုလည်း ယုံကြည်ထားမိ၏။

ပြီးခဲ့သော သြဂုတ်လကလည်း အင်္ဂလန်နိုင်ငံမှဝန်ကြီး (Care and Support Minister) ‘နော်မန်လမ်း’ က “အကြောအဆစ်ကုပညာရှင်များသည် အကြောအဆစ်ဆိုင်ရာရောဂါဝေဒနာများအတွက် ဆေးဝါးများကို တိုက်ရိုက်ညွှန်ကြားပေးနိုင်ကြောင်း၊ ယင်းဆေးဝါးများရရှိရန် လူနာများသည် အထွေထွေရောဂါကုဆရာ ၀န်များ (GP) ထံသို့ သွားရောက်ရန် မလိုတော့ကြောင်း၊ လူနာများအနေဖြင့် နှစ်နေရာသွားရန် မလိုတော့ သလို ဆရာဝန်များအနေဖြင့်လည်း အခြားသောလူနာများအတွက် ပိုမိုအချိန်ပေးကာ ကြည့်ရှုကုသနိုင်တော့ မည်ဖြစ်ကြောင်း” ပြောကြားခဲ့လေသည်။

အကြောအဆစ်ရောဂါဝေဒနာများကို မွေးကင်းစ ရက်သားကလေးငယ်မှ သက်ကြီးရွယ်အိုများအထိ မည်သူ မျှမကင်းနိုင်ကြပေ။ ယခုအခါ ယာဉ်တိုက်မှုများ တစ်နေ့တခြား များပြားလာနေခြင်း၊ အသက်ရှည်သူ သက် ကြီးရွယ်အိုများ တိုးပွားလျက်ရှိခြင်း၊ အားကစားနှင့် ဘ၀နေထိုင်မှုဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုများ ပိုမိုဖြစ်ပွား လာခြင်းတို့ကြောင့် ခါးနာ ဒူးနာ ဇက်ခိုင် ပေါင်ကိုက် ပခုံးကပ် လေဖြတ် အစရှိသည့် အကြောအဆစ်ရောဂါ ဝေဒနာခံစားကြရသူများ ဆတက်ထမ်းပိုးများပြာလျက်ရှိရာ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ကြီး၏ “ကိုယ်လက်လှုပ်ရှား ကျန်းမာရေးဆုလာဘ်တစ်ပါး” (Movement for Health) ဟူသောဆောင်ပုဒ်နှင့်အညီ မြန်မာအကြောအဆစ်ကုပညာရှင်များအနေဖြင့် မိမိတို့ အထူးတတ်ကျွမ်းသည့် အကြောအဆစ်ကုပညာရပ် ဖြင့် ဝေဒနာရှင်အားလုံးကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ ပြုစုစောင့်ရှောက်ကြရမည်ဖြစ်သည်။




အထူးကျေးဇူးတင်ရှိခြင်း

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ကြီးနှင့်သက်ဆိုင်သော ဂုဏ်ပြုသတင်းလွှာနှင့်ဆောင်းပါးများ ပါရှိ သောသတင်းစာများကို ပုံကူးပြီး မိမိထံသို့အီးမေးဖြင့် တကူးတကပို့ပေးခဲ့ကြသော ဆရာဦးမောင်မောင်မြင့်
(Physiotherapist)နှင့် ဆရာမဒေါ်တင်စန္ဒာဝင်း(Physiotherapist)တို့ကို များစွာကျေးဇူးတင်ရှိကြောင်းပါ။


























Thursday, September 5, 2013

ခရီးတစ်ခု (၂)




ထိုင်ဝမ်ကို ရောက်ပြီ




ဒီကနေ့မနက် အိပ်ရာကစောစောထပြီး လေဆိပ်ကိုသွားမယ်လို့ ရည်စူးထားခဲ့တာ စင်ကာပူမှာ မိုးက သဲ ကြီးမဲကြီးရွာတာကြောင့် တက္ကစီရဖို့ အတော်ကြီး အခက်ကြုံခဲ့ရသေးတယ်။ အိမ်ကနေ ကြိုတင်ခေါ်လို့ မ ရတာနဲ့ အိပ်နေတဲ့သားကိုနှိုးပြီး လမ်းမကိုထွက်ခေါ်ခိုင်းရတယ်။ ဒါလည်း တော်တော်နဲ့ မရပြန်ဘူး။ စောင့် နေရင် အချိန်ကုန်မှာစိုးလို့ သားက လမ်းမှာကားရှာနေတုန်း မိမိတို့ဇနီးမောင်နှံက သားရှိတဲ့လမ်းမအထိ ပစ္စည်းတွေနဲ့ ထွက်လိုက်သွားကြရတယ်။     




China Airlines လေယာဉ်ပျံပေါ်မှာ ... ။


တောင်ယွမ်းလေဆိပ်မှာ ပစ္စည်းယူအပြီး ...။




တောင်ယွမ်းလေဆိပ်မှာ ယူဘတ်စ်ကားပေါ် မတက်မီ ...။



ဒီကနေ့မနက် ၁၀ နာရီခွဲမှာ စင်ကာပူကနေ China Airlines နဲ့ ထွက်လာခဲ့တာ ညနေ ၃ နာရီခွဲမှာ ထိုင် ၀မ်နိုင်ငံရဲ့  အကြီးဆုံးလေဆိပ်ကြီးဖြစ်တဲ့ တောင်ယွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ခဲ့ပါတယ်။ ဒီ ကနေ မနက်ဖန်မှာ ညီလာခံကျင်းပမယ့် တိုင်ချွမ်းမြို့ ကိုသွားဖို့ ဘတ်စ်ကားဂိတ်ကို မေးမြန်းရှာဖွေကြရပါ တယ်။ ဘတ်စ်ကားဂိတ်က လေဆိပ်မှာပဲရှိတာဖြစ်လို့ အလွယ်တကူနဲ့ တွေ့ပါတယ်။ လက်မှတ်မှတ်ပြီးတော့ ယူဘတ်စ်ကား (UBus) ပေါ်တက်ပြီး ခြေပစ်လက်ပစ်အနားယူလိုက်ရတယ်။ ခရီးသည် မပြည့်တာကြောင့် ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ် 'ထိုင်လို့ စီးလို့ ကောင်းမှကောင်း'ဆိုတဲ့အထဲကပါပဲ။ 




တိုင်ချွမ်းမြို့ ကိုရောက်တော့ စီးလာသော ယူဘတ်စ်မှ ဆင်းတဲ့နေရာ။







ညနေ နေ၀င်ရီတရောအချိန်မှာ ကားက မိမိတို့တည်းခိုမယ့်ဟိုတယ် (Hotel Dion) အနီးရပ်ပေးခဲ့ပါတယ်။ စင်ကာပူက မလာခင်ကတည်းက အွန်လိုင်းမှ ကြိုတင်အခန်းယူထားပြီးဖြစ်လို့ အဆင်ပြေပါတယ်။   



ညစာထွက်စားရင်း Shin Kong Mitsukoshi ကုန်တိုက်ကြီးရှေ့ မှာ အမှတ်တရ ...။



သြဂုတ် ၆ ရက် ၂၀၁၃ သောကြာနေ့။



China Medical University ရှေ့ မှာ ...။


နံနက်စောစောအိပ်ယာကထကာ ဟိုတယ်ကကျွေးတဲ့နံနက်စာစားပြီး ညီလာခံအကြိုအလုပ်ရုံသင်တန်း (Pre-Congress Workshop) ရှိတဲ့ China Medical University ကို တက္ကစီနဲ့ သွားကြတယ်။   

အောက်ကဓာတ်ပုံကိုကြည့်ပြီး ကျွန်းသာယာရဲ့ ဘလော့ဆရာကြီး ထိုင်ဝမ်ကို ရောက်တုန်းရောက်ခိုက်မှာ မျက်နှာအလှ သွားပြင်နေတာများလားလို့ ထင်မိကောင်းထင်မိကြမှာပါ။

တကယ်က မဟုတ်ရပါဘူးဗျာ။ 

ဒီကနေ့ပြုလုပ်တဲ့ ညီလာခံအကြိုအလုပ်ရုံသင်တန်းမှာ သင်တန်းသားအချင်းချင် တစ်ယောက်တလှည့်စီ လက်တွေ့လုပ်တာရယ်ပါ။ မိမိနဲ့အတွဲကျတဲ့သူက နယူးဇီလန်က အကြောအဆစ်ကုပညာရှင် မရီး(Maree) ဖြစ်ပါတယ်။


ညီလာခံအကြိုအလုပ်ရုံသင်တန်း(Pre-Congress Workshop)မှ လက်တွေ့သင်ခန်းစာတစ်ခု။ 



ညီလာခံ ကြိုဆိုဧည့်ခံပွဲ

မနက် ၉ နာရီကစတဲ့ ညီလာခံအကြိုအလုပ်ရုံသင်တန်းဟာ ညနေ ၅ နာရီမှာ ပြီးသွားခဲ့ပါတယ်။ အဲဒီကနေ ကြိုဆိုဧည့်ခံပွဲရှိတဲ့ နန်ရှန်း ပညာရေးနှင့်သင်တန်းဌာန (Nan Shan Education and Training Center - ETC) ကို ဘတ်စ်ကားကြီးများနဲ့ပို့ပေးပါတယ်။



တရုတ်ခြင်္သေအက။


တိုင်ချွမ်းမြို့ တော်ဝန်မှ နှုတ်ခွန်းဆက်နေစဉ် ..။

ပါမောက္ခ ဒေါက်တာမာရီလင်းမော့ဖတ်မှ နှုတ်ခွန်းဆက်နေစဉ် ..။


နိုင်ငံတကာမှ ညီလာခံကိုယ်စားလှယ်များ။


ညနေ ၆ နာရီခွဲမှာ ညီလာခံကြိုဆိုဧည့်ခံပွဲကို တရုတ်ခြင်္သေ့အက (Lion Dance)နဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအခန်းအနားတွင် တိုင်ချွမ်းမြို့ တော်ဝန်၊ ထိုင်ဝမ်အကြောအဆစ်ကုပညာရပ်အသင်းဥက္ကဌ ဒေါက်တာစူ ဖန်ဂျဲန်နှင့် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်အသင်းကြီးဥက္ကဌ ပါမောက္ခ ဒေါက်တာမာရီလင်းမော့ဖတ်တို့ က နှုတ်ခွန်းဆက်စကားများ ပြောကြားဆိုကြိုကြပါတယ်။ 




မသန်စွမ်းသူနှစ်ဦး၏ မြူးမြူးကြွကြွ စုံတွဲအက။


အာရှနှင့်အနောက်ပစိဖစ်ဒေသမှကိုယ်စားလှယ်များနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှကိုယ်စားလှယ်များက လက် တွန်းလှည်းစီး မသန်စွမ်းသူ ၂ ဦး၏စုံတွဲအကတင်ဆက်မှုကို တခဲနက် လက်ခုတ်လက်ဝါးတီးပြီး အားပေးခဲ့ ကြတာဟာဖြင့် ဧည့်ခန်းမကြီးတစ်ခုလုံး သိမ့်သိမ့်တုန်မျှပါ။   




ဖြူနှင်းလှိုင်၊ စာရေးသူ၊ အာရှအကြောအဆစ်ကုပညာရပ်အသင်းဥက္ကဌ ၀ဲန်ဂျန်ချင်းနှင့် နီနီယဉ်။


အဲဒီမှာ မထင်မှတ်ပဲ မြန်မာပြည်က အကြောအဆစ်ကုပညာရှင်သမီးငယ် ၂ ဦးက မိမိကို လာပြီးနှုတ်ဆက် ကြလို့ ၀မ်းမြောက်ဝမ်းသာဖြစ်ရတယ်။ ဖြူနှင်းလှိုင်နဲ့ နီနီယဉ်တို့နှစ်ဦးဖြစ်ကြပြီး နောက်တစ်ဦးဖြစ်တဲ့ချမ်းမင်း ၀င်းကတော့ ပစ္စည်းတစ်ခုမေ့လို့ ပြန်ယူနေတာနဲ့ မတွေ့ခဲ့ရဘူး။ နောက်မှ မိမိ၏ဖုန်းနံပတ်ကို အီးမေးနဲ့လှမ်း ပြီးတောင်းလို့ ပေးလိုက်ရသေးတယ်။ 

အခုတစ်ခေါက်မှာ စာရေးသူတို့အဖွဲ့အစည်းမှ အကြောအဆစ်ကုပညာရှင်၂ ဦးကို ထိုင်ဝမ်ညီလာခံသွား တက် ဖို့ စေလွှတ်ပေးခဲ့ပါတယ်။ မိမိ၏လက်ထောက်ဖြစ်သူ မစ္စစန်ဂီသာနှင့် မိမိတို့ဖြစ်ကြပါတယ်။



ညီလာခံ ညစာစားပွဲမှာ အကြီးတန်းအကြောအဆစ်ကုပညာရှင် မစ္စစန်ဂီသာနှင့် အမှတ်တရ။



"ခရီးတစ်ခု (၁)" မှာ ရေးခဲ့သလို ညီလာခံသွားတက်တိုင်း မိတ်ဆွေအသစ်တွေ တိုးလာသလို မိတ်ဆွေအ ဟောင်းများနဲ့လဲ ပြန်ပြီးတွေ့တတ်ပါသေးတယ်။ အောက်ကဓာတ်ပုံထဲက မိတ်ဆွေဟောင်း ၂ ဦးကတော့ မိမိ ကမ္ဗောဒီးယားကို ၂၀၀၇ ခုနှစ်က သင်တန်းသွားပေးစဉ်က တွေ့ခဲ့ကြတာဖြစ်ပြီး အဲဒီနှစ်က ကမ္ဗောဒီး ယားအ ကြောအဆစ်ကုပညာရှင်များအသင်းရဲ့  ၇ ကြိမ်မြောက် ညီလာခံညစာစားပွဲမှာလည်း ထပ်ပြီးတွေ့ ခဲ့ကြတာဖြစ် တယ်။



ညီလာခံ ၄ ခု မှာ တွေ့ခဲ့ဖူးတဲ့ အသိတစ်ဦး။





ဆေးရုံလေ့လာရေးသွားသည့်အဖွဲ့။



ဒီနေ့ညနေမှာ ညီလာခံကပြန်တာ အတော်လေးကိုနောက်ကျခဲ့တယ်။ မိမိနဲ့ အတူလာတဲ့ မစ္စစန်ဂီသာ သွား ပြီးနားထောင်တဲ့ သုတေသနစာတမ်းက မိမိသွားပြီးနားထောင်တဲ့ စာတမ်းဖတ်ပွဲထက် နာရီဝက်စောပြီးခဲ့ တယ်။ ပုံမှန်က ညနေ ၅ နာရီလောက်မှာ စာတမ်းဖတ်တာအားလုံး ပြီးရမှာ။ ဒါနဲ့ မစ္စစန်ဂီသာနဲ့ သူ့သူငယ် ချင်း ဒေါက်တာနီးလမ်(Neelam)တို့က စာရေးသူကိုစောင့်နေခဲ့ကြရတယ်။ ညီလာခံကနေ ဟိုတယ်ကို ပြန် ပို့ ပေးတဲ့ နောက်ဆုံးဘတ်စ်ကားကလည်း လမ်းမှာကားတွေပိတ်ကျပ်နေတာကြောင့် နောက်ကျမှ ရောက် လာပါလေကော။  



လူတွေနဲ့ ကျပ်ညပ်တိုးဝှေ့နေတဲ့ ဖုန်ချိုင်းညဈေးမြင်ကွင်း။




ဖုန်ချိုင်းညဈေးက လမ်းဘေးအကြော်ဆိုင်လေး။


အပြန်မှာ ညဈေးကိုသွားဖို့ လမ်းတစ်နေရာမှာ ဆင်းကြတယ်။ မိမိတို့နဲ့အတူ ဖိလစ်ပိုင်က ညီလာခံကိုယ်စား လှယ် ၃ ဦးလည်းပါတယ်။ တက္ကစီ ၂ စီးနဲ့ ညဈေးကို သွားကြခဲ့တယ်။ လမ်းကျဉ်းကျဉ်းလေးထဲမှာရှိတဲ့ ဒီည ဈေးကိုမြင်ရတော့ မော်လမြိုင်ဈေးကြီးအနားက ဒေါင်းမင်းဈေးကို သွားပြီးသတိရမိတယ်။ 



သြဂုတ် ၈ ရက် ၂၀၁၃ တနင်္ဂနွေနေ့။


ဒီညနေ ညီလာခံပြီးတော့ မိမိနဲ့ အတူလာတဲ့ မစ္စစန်ဂီသာက ညဈေးကိုသွားကြဖို့ပြောတာကို သဘောတူ လိုက်သေးတယ်။ ဒါနဲ့ မစ္စစန်ဂီသာရယ် ဒေါက်တာနီးလမ်ရယ် မိမိတို့ ညီလာခံက အကြိုအပို့လုပ်ပေးတဲ့ ဘတ်စ်ကားနဲ့ ၀င်ဆာဟိုတယ်ကို လာခဲ့ကြတယ်။ အဲဒီကနေမှ တက္ကစီငှားပြီး တိုင်ချွမ်းမြို့ ရဲ့  နာမည်ကြီး ဖုန်ချိုင်းညဈေးကို သွားကြဖို့ဖြစ်တယ်။ 

ဝင်ဆာဟိုတယ်ကိုရောက်တော့ တက္ကစီက လွယ်လွယ်နဲ့မရပြန်ဘူး။ နောက်ပြီး လက်ဝဲဖက်သွားရမှာလား လက်ယာဖက်သွားရမှာလား မသေချာတာနဲ့ အနားကဆိုင်ထဲ ၀င်ပြီးမေးရတယ်။ ဆိုင်ရှင် မိမိတို့ကို နိုင်ငံ ခြားသားတွေမှန်းသိလို့ သူက တယ်လီဖုန်းနဲ့ တက္ကစီခေါ်ပေးရှာပါတယ်။ အချိန်အတော်လေးနှောင်းသွား တာမို့ စာရေးသူက ညဈေးကို လိုက်မသွားတော့ပဲ ဟိုတယ်မှာပဲ ပြန်နားနေခဲ့တယ်။




သြဂုတ် ၉ ရက် ၂၀၁၃ တနင်္လာနေ့။


မနေ့က စာတမ်းဖတ်ပွဲတွေပြီးသွားသလို ညီလာခံပိတ်ပွဲအခမ်းအနားလည်းပြီးသွားပြီမို့ ညနေပိုင်း ဟိုတယ် ကိုပြန်လာတော့ စိတ်ထဲမှာ ဘာပေါ့သွားသလဲ မပြောပါနဲ့တော့။

ဒီနေ့တော့ ညီလာခံကစီစဉ်ပေးတဲ့ အလည်အပတ်ခရီး သွားခဲ့ဖြစ်တယ်။


ပင်လယ်ရေမျက်နှာပြင်အထက် ၇၅၀ မီတာအမြင့်မှာရှိသော 'နေ လ ကန်ကြီး'။



'နေ' 'လ' ကန်ကြီး (Sun Moon Lake) မှာ အမှတ်တရ။



‘နေ လ ကန်’ ကြီးကိုသွားဖို့ရာ စုရပ်တစ်နေရာဖြစ်တဲ့ စပလဲန်းဒါဟိုတယ်ကိုသွားကြရတယ်။ အဲဒီကိုရောက် တော့ စောနေသေးလို့ ဘတ်စ်ကားတစ်စီးပဲရောက်သေးတယ်။ ဒါကြောင့် ကမ္ဗောဒီးယားနဲ့ သီရီ လင်္ကာက ကိုယ်စားလှယ်အသိတွေနဲ့ စကားပြောနေဖြစ်တယ်။ 


ကမ္ဗောဒီးယားနှင့်သီရိလင်္ကာမှ ညီလာခံကိုယ်စားလှယ်မိတ်ဆွေများနှင့် စပလဲန်ဒါဟိုတယ်ရှေ့ မှာ ...။


ခဏကြာတော့ ဘတ်စ်ကားတွေထပ် ရောက်လာတာ တွေ့ရပြီး ညီလာခံကိုယ်စားလှယ်တွေကို  တစ်နေ့လုံးနေ မယ့်သူနဲ့ နေ့ဝက်ပဲနေမယ့်လူဆိုပြီး နှစ်တန်းခွဲပြီး တန်းစီကြရတယ်။ ပြီး နာမည်စာရင်းကောက်ပြီး လက်မှတ် ထိုးခိုင်းတယ်။ အားလုံးကားပေါ်ကို ရောက်တဲ့အခါ သွားမယ့်သူတစ်ရောက်လိုနေသေးလို့ နောက်ထပ် မိနစ် ၂၀ နာရီဝက်လောက် စောင့်ရမယ့်အကြောင်း ပြောပါတယ်။


အာဖဂန်နစ္စတန်နိုင်ငံကိုယ်စားလှယ်နှင့် 'နေ လ ကန်' ခရီးမှာ ...။




ကားပေါ်မှာ မိမိနဲ့ထိုင်ခုံနီးချင်းက အာဖဂန်နစ္စတန်ကိုယ်စားလှယ်ဖြစ်တယ်။ သူနဲ့ ဟိုအကြောင်းဒီအကြောင်း လေးတွေ ပြောဖြစ်ကြတယ်။ သူလာတဲ့ခရီးစဉ်ကိုမေးကြည့်တာ အတော်လေးစိတ်ဝင်စားဖို့ကောင်းတာ တစ် ခုတွေ့ရတယ်။ အဲဒါကတော့ ထိုင်ဝမ်ဗီဇာရဖို့ အာဖဂန်နစ္စတန်နိုင်ငံသားက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ကို သွားပြီး ၁၀ ရက်ကြီးများတောင် အချိန်ပေး နေခဲ့ရပါသတဲ့။ မြန်မာပြည်ကလူဆိုရင် ဘန်ကောက်ကိုသွားပြီး ထိုင်ဝမ်ဗီဇာယူတာ အဲဒီလောက်ကြာမယ် မဟုတ်ပါဘူး။ နောက်ပြီး လာရတဲ့ခရီးစဉ်ကိုလည်း ကြည့်ပါဦး။ သူနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့ ကနေ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ၊ အဲဒီကနေမှ ဟောင်ကောင်၊ ဟောင်ကောင်ကနေတစ်ဆင့် ထိုင်ဝမ်နိုင်ငံ တိုင်ချွမ်းမြို့ ကို လာခဲ့ရတာ။

ဒါ့ကြောင့် ကာဘူးမြို့ ကနေ တိုင်ချွမ်းမြို့ ကို လာခဲ့တာ ၂ ရက်ကြာရပါသတဲ့လေ။



‘နေ လ ကန်ကြီး’သို့



မိုးပျံတံတားတစ်ခုနှင့် စိမ်းစိမ်းစိုစို တောတောင်များ။



နံနက် ၈ နာရီခွဲကျော်လောက်မှာ စုရပ်ဖြစ်တဲ့ စပလဲန်းဒါဟိုတယ်ကနေ ဘတ်စ်ကား ၃စီး ၄စီးနဲ့ ‘နေ လကန် ကြီး’ ဆီသို့ ထွက်ခဲ့ကြရာ လမ်းတလျောက်မှာ မိုးပျံကားလမ်းအတော်များများကို တွေ့ရပါတယ်။ ချောင်းတို့ မြစ်တို့ကို ကျော်ဖြတ်တာရှိသလို အဝေးပြေးလမ်းဖြစ်တာကြောင့် မြို့ ရွာတွေရဲ့ အပေါ်က ရှောင်ပြီးသွားတာ မျိုးလည်း ရှိပါတယ်။ နံနက် ၉ နာရီကျော်ကျော်လေးမှာ အတော်လေးရှည်တဲ့ လှိုင်ခေါင်းတစ်ခုအထဲ ဖြတ် မောင်းပါတယ်။

 တောင်တွေက လက်ညှိုးထိုးမလွဲမို့ ကားက တောင်တွေကို တိုးလျှိုပေါက်ဖောက်ထားတဲ့ လှိုင်ခေါင်းတွေကို မကြာခဏ ဖြတ်ဖြတ်ပြီး မောင်းနေရပါတယ်။


ဧည့်ကြိုအမျိုးသမီးက မိမိတို့အုပ်စုအား လမ်းညွှန်ခေါ်ဆောင်ရှင်းပြနေစဉ်။

ဧည့်ကြိုအမျိုးသမီးက လမ်းတစ်လျှောက်လုံး စာရေးသူတို့ကို ရယ်စရာလေးတွေကြားညှပ်ပြီး ရှင်းပြပါတယ်။ သူ့နာမည်က ‘မစ္စလီလင်း’ပါတဲ့။ အသက် ၃၇ နှစ်လောက်ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဖော်ဖော်ရွေရွေရှိ ပြီး ဟောဟောဒိုင်းဒိုင်းပြောတတ်သူပါ။ တစ်နေရာမှာတော့ ကွမ်းသီးခြံတွေနဲ့ လက်ဖက်ခင်းတွေကို တွေ့ရပါ တယ်။ တောင်စောင်းတွေမှာစိုက်ထားတဲ့ လက်ဖက်ပင်တွေကို စီစီရီရီမြင်ရတော့ မလေးရှားနိုင်ငံက တောင် ပေါ်ဒေသဖြစ်တဲ့ ‘ကင်မရွန်ဟိုင်းလဲန်းစ်’(Cameron Highlands) ကို အမှတ်ရမိပါတယ်။ 



Thao တိုင်းရင်းသူတစ်ဦးနှင့် အမှတ်တရ။


ထိုင်ဝမ်မှာ တိုင်းရင်းသားလူမျိုးတွေရှိပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ထိုင်ဝမ်တောင်ယွမ်းအပြည်ပြည် ဆိုင်ရာလေဆိပ်မှာ လေယာဉ်ပြောင်းစီးစဉ်က တိုင်းရင်းသားအရုပ်ကလေးတွေကို အမှတ်တရ ၀ယ်ခဲ့ဖူးပါ တယ်။ ယခုတစ်ခေါက်မှာတော့ 'နေ လ ကန်'အနီးတွင်နေကြတဲ့ Thao တိုင်းရင်းသားအိမ်ဆိုင်တစ်ဆိုင် ကို ရောက်ခဲ့ပါတယ်။ အဲဒီဆိုင်ကိုဝင်ပြီး ခဏတဖြုတ်ကြည့်ရှုကြတယ်။ ဆိုင်ကတိုက်တဲ့ ရေနွေးကြမ်းကို သောက်ရင်း ပစ္စည်းနဲနဲပါးပါးဝယ်၊ရှင်းပြတာလေးတွေနားထောင်ကြပြီး တိုင်းရင်းသားဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးနဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့သေးတယ်။