"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, September 28, 2013

ပြည်တော်ပြန် နှုတ်ဆက်ပွဲလေးတစ်ခု



၁၃၇၅ ခုနှစ်၊ တော်သလင်းလဆုတ် ၉ ရက်။



ကိုဇေယျာ၏နှုတ်ဆက်ပွဲနေ့က အမှတ်တရ။ (ယာအစွန်- ကိုဇေယျာ)


ပြီးခဲ့တဲ့အပတ်က မြန်မာပြည်ကိုပြန်မယ့် ကန့်ဘလူသားလူငယ်လေးတစ်ဦးအတွက် စာရေးသူရဲ့  အိမ်မှာ နှုတ်ဆက်ပွဲလေးတစ်ခု လုပ်ခဲ့ပါတယ်။

သူ့နာမည်က ကိုဇေယျာ။

သူက စင်ကာပူကိုလာပြီး အလုပ်လုပ်နေတာ ၁၅ နှစ်ရှိပြီ။

ဇူလိုင်လ ၁၁ ရက်နေ့ နေ့ခင်း ၂ နာရီလောက်မှာ စာရေးသူအလုပ်တွင်ရှိနေဆဲ သူ့ဆီက ဖုန်းသတင်းလေး (SMS) ၀င်လာခဲ့တယ်။

အဲဒီမှာ သူက "အန်ကယ့်ကို ၀မ်းသာစရာသတင်လေး အကြောင်းကြားတာပါခင်ဗျာ။ ပြီးခဲ့တဲ့ဇွန်လ ၁၂ ရက် နေ့ကပဲ ကျွန်တော် ထွက်စာတင်လိုက်ပါပြီ။ ဒီရက်က ကျွန်တော့်သမီးလေးရဲ့  မွေးနေ့ပါ။ သမီးလေး ၏မွေး နေ့ဖြစ်တဲ့ ဒီရက်မှာ ထွက်စာတင်မယ်လို့ ရည်စူးထားခဲ့တဲ့အတိုင်း လုပ်ဖြစ် သွားတာပါ။ ဒါ့ကြောင့် စင်ကာပူနိုင် ငံမှာလာပြီး အလုပ်လုပ်ခဲ့တဲ့ ကျွန်တော်ရဲ့  ၁၅ နှစ်တာခရီးကို သြဂုတ်လကုန်မှာ အဆုံးသတ်ဖို့ သေချာသွားပါ ပြီ။ ကျွန်တော့်ရဲ့ မွေးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့မယ်တော့ မြန်မာနိုင်ငံကို ပြန်ပါတော့မယ်။ ကျေးဇူးများစွာဖြင့် - ဇေယျာ။"


မုဒုံသူအန်တီစိုး၏ ကန့်ဘလူမုန့်တီလက်ရာကို ကန့်ဘလူသူ ကန်ဘလူသားများက အားပေးကြပါတယ်။


စာရေးသူကလည်း ကိုဇေယျာထံ အောက်ပါဖုန်းသတင်းလေး ပြန်ပို့ပေးလိုက်ပါတယ်။


"အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို အခုလိုချနိုင်ခဲ့တာသိရလို့ ၀မ်းသာပါတယ်။ ဟိုဖက် ဒီဖက်မှာရှိနေတဲ့ အခြေအနေအရပ်ရပ်ကို သေသေချာချာသုံးသပ်ပြီးမှ ဆုံးဖြတ်ကြီးတစ်ခုကို ချရတာဖြစ်လို့ လွယ်တဲ့ကိစ္စ တော့မဟုတ်တာ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ် တူမောင်၏ဆုံးဖြတ်ချက်သည် မှန်ကန် တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ အန်ကယ် ယုံကြည်ထားပါတယ်။ ဘာ့ကြောင့်လဲဆိုရင် တူမောင်၏ဇနီး နှင့်သမီးလေးတို့အတွက် ပြည့်စုံတဲ့ မိသားစုရှိဖို့ တူမောင်သည် ခင်ပွန်းတစ်ဦးအနေနဲ့ကော ဖခင် တစ်ယောက်အနေနဲ့ပါ အရေးပါနေတာမို့ပါ။ လိုရင်းကို ပြောရရင်တော့ကွာ၊ တူမောင်က မိသားစု နဲ့အတူတကွရှိနေဖို့ သူတို့ တကယ်လိုအပ်နေပြီဖြစ်တယ် ဆိုတာပါပဲ။


ကိုဇေယျာ၏မိသားစုမှာ ကန့်ဘလူမြို့ တွင်ရှိနေကြပြီး သူရဲ့ ဖခင် ဦးခင်မောင်ရည်သည် သတင်း ထောက်တစ် ဦးဖြစ်ကာ မိမိနှင့်မိတ်ဆွေများဖြစ်ကြပါတယ်။ မိမိ မြန်မာပြည်ကိုပြန်လည်ရင်း ကန့်ဘလူမြို့ ကို ရောက်တိုင်း တွေ့ဖြစ်ကြ စကားတွေပြောဖြစ်ကြလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကန့်ဘလူမြို့ လူမှုရေးအသင်းရဲ့ ဦးဆောင်မှုဖြင့် အကြောအဆစ်လူနာများကို စာရေးသူမှ ၂ ရက် ကြာ ကြည့်ရှုစစ်ဆေးကုပေးခဲ့စဉ် ကိုဇေယျာ ၏မိခင်ဖြစ်သူ ဆရာမကြီးလည်း သူရဲ့ ခါးနာဝေဒနာကို လာရောက်ပြရင်း မိမိတို့အတွက် စားသောက်စရာများ ၀ယ်လာပေးတာကြောင့် မိမိ၏ဇနီးနှင့်တွေ့ ဆုံစကားပြောဖြစ်ခဲ့ကြပါသေးတယ်။



အိမ်မှမပြန်မီ မိမိတို့အား ကန်တော့သွားကြပါတယ်။ 


မိမိတို့၏မြေးဦးလေး 'ဆောင်းမြတ်နိုး' ကလည်း ဧည့်သည်များကို ယခုလို ၀ိုင်းဝန်းဧည့်ခံပေးရှာပါတယ်။




ယခု ကိုဇေယျာက မြန်မာပြည်သို့ အပြီးအပိုင်ပြန်တော့မည်ဖြစ်ရာ သူ့အတွက် နှုတ်ဆက်ပွဲလေးတစ်ခုပြုလုပ် ပေးဖို့ မိမိက ဇနီးနှင့်တိုင်ပင်ကာ စီစဉ်ရတယ်။ စင်ကာပူမှာရောက်နေကြတဲ့ ဇာတိကန့်ဘလူမှ လူငယ်များအား ဖိတ်ကြားကာ မုန့်တီ၊ မုန့်ဟင်းခါးနှင့် အုန်နို့ခေါက်ဆွဲ ဘာကိုစားချင် သလဲမေးတော့ အများက မုန့်တီလို့ပြော တာနဲ့ မုန့်တီကျွေးဖြစ်သွားပါတယ်။  




ကိုဇေယျာကို လက်ဆောင်ပစ္စည်းများ အမှတ်တရ ပေးကြတယ်။




ဒီနေရာမှာ စိတ်ဝင်စားစရာလေးတစ်ခု ပြောပြချင်ပါတယ်။

ကန့်ဘလူနဲ့ မုန့်တီအကြောင်းရယ်ပါ။

စာရေးသူတို့ ကန့်ဘလူသူကန့်ဘလူသားများသည် မုန့်တီကို နံနက်စာအဖြစ် ဈေးကိုသွားပြီး စား ကြလေ့ ရှိပါတယ်။ အိမ်ကိုဝယ်သွားတဲ့သူတွေအတွက်တော့ အင်ဖက်ကို ကန်တော့ပုံချိုးပြီး ထည့်ပေးတာ။ အင်ဖက် နဲ့ထည့်ထားတဲ့ မုန့်တီရဲ့ အရသာနဲ့အနံ့ကိုက ထူးခြားမှုရှိနေတာ။ စာရေးသူတို့ ငယ်ငယ်က ကန့်ဘလူ ဈေးထဲ မှာ မုန့်တီဆိုင် ၂ ဆိုင်ရှိပါတယ်။'ဒေါ်ခ'ဆိုင်နဲ့ 'ဒေါ်လှမင်း'ဆိုင်တွေ ပါ။ ၂ ဆိုင်စလုံးမှာ သူ့ပရိသတ်နဲ့ သူမို့ ဘာ ပြသနာမှ မကြားမိပါဘူး။ တစ်ဆိုင်က ဈေးရဲ့ တောင်ဘက်အပေါက်နားမှာရှိပြီး နောက်တစ်ဆိုင်က ဈေးရဲ့ အရှေ့ ဘက်က ၀င်းထရံကို ကျောပေးထားတာ။

အဲဒီတုန်းက အခုခေတ်လို စားပွဲနဲ့ကုလားထိုင်မှာ ဖင်ထိုင်ချပြီး စားရတာမျိုးမဟုတ်ပဲ မုန့်ပြင်တဲ့စား ပွဲရှည်ကြီး အပေါ် မုန့်တီပန်းကန်နဲ့ဟင်ချိုပန်းကန်တွေတင်ပြီး စားတဲ့သူတွေက ဒူးလောက်အမြင့်ရှိတဲ့ ခုံတန်းရှည်ပေါ်ကို ခြေဖ၀ါး ၂ ဖက်ချလို့ ဆောင့်ကြောင့်ထိုင် စားကြရတာ။ 












ဆက်ပြီးရေးပါဦးမယ်။








No comments:

Post a Comment