"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, September 5, 2013

ခရီးတစ်ခု (၂)




ထိုင်ဝမ်ကို ရောက်ပြီ




ဒီကနေ့မနက် အိပ်ရာကစောစောထပြီး လေဆိပ်ကိုသွားမယ်လို့ ရည်စူးထားခဲ့တာ စင်ကာပူမှာ မိုးက သဲ ကြီးမဲကြီးရွာတာကြောင့် တက္ကစီရဖို့ အတော်ကြီး အခက်ကြုံခဲ့ရသေးတယ်။ အိမ်ကနေ ကြိုတင်ခေါ်လို့ မ ရတာနဲ့ အိပ်နေတဲ့သားကိုနှိုးပြီး လမ်းမကိုထွက်ခေါ်ခိုင်းရတယ်။ ဒါလည်း တော်တော်နဲ့ မရပြန်ဘူး။ စောင့် နေရင် အချိန်ကုန်မှာစိုးလို့ သားက လမ်းမှာကားရှာနေတုန်း မိမိတို့ဇနီးမောင်နှံက သားရှိတဲ့လမ်းမအထိ ပစ္စည်းတွေနဲ့ ထွက်လိုက်သွားကြရတယ်။     




China Airlines လေယာဉ်ပျံပေါ်မှာ ... ။


တောင်ယွမ်းလေဆိပ်မှာ ပစ္စည်းယူအပြီး ...။




တောင်ယွမ်းလေဆိပ်မှာ ယူဘတ်စ်ကားပေါ် မတက်မီ ...။



ဒီကနေ့မနက် ၁၀ နာရီခွဲမှာ စင်ကာပူကနေ China Airlines နဲ့ ထွက်လာခဲ့တာ ညနေ ၃ နာရီခွဲမှာ ထိုင် ၀မ်နိုင်ငံရဲ့  အကြီးဆုံးလေဆိပ်ကြီးဖြစ်တဲ့ တောင်ယွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ခဲ့ပါတယ်။ ဒီ ကနေ မနက်ဖန်မှာ ညီလာခံကျင်းပမယ့် တိုင်ချွမ်းမြို့ ကိုသွားဖို့ ဘတ်စ်ကားဂိတ်ကို မေးမြန်းရှာဖွေကြရပါ တယ်။ ဘတ်စ်ကားဂိတ်က လေဆိပ်မှာပဲရှိတာဖြစ်လို့ အလွယ်တကူနဲ့ တွေ့ပါတယ်။ လက်မှတ်မှတ်ပြီးတော့ ယူဘတ်စ်ကား (UBus) ပေါ်တက်ပြီး ခြေပစ်လက်ပစ်အနားယူလိုက်ရတယ်။ ခရီးသည် မပြည့်တာကြောင့် ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ် 'ထိုင်လို့ စီးလို့ ကောင်းမှကောင်း'ဆိုတဲ့အထဲကပါပဲ။ 




တိုင်ချွမ်းမြို့ ကိုရောက်တော့ စီးလာသော ယူဘတ်စ်မှ ဆင်းတဲ့နေရာ။







ညနေ နေ၀င်ရီတရောအချိန်မှာ ကားက မိမိတို့တည်းခိုမယ့်ဟိုတယ် (Hotel Dion) အနီးရပ်ပေးခဲ့ပါတယ်။ စင်ကာပူက မလာခင်ကတည်းက အွန်လိုင်းမှ ကြိုတင်အခန်းယူထားပြီးဖြစ်လို့ အဆင်ပြေပါတယ်။   



ညစာထွက်စားရင်း Shin Kong Mitsukoshi ကုန်တိုက်ကြီးရှေ့ မှာ အမှတ်တရ ...။



သြဂုတ် ၆ ရက် ၂၀၁၃ သောကြာနေ့။



China Medical University ရှေ့ မှာ ...။


နံနက်စောစောအိပ်ယာကထကာ ဟိုတယ်ကကျွေးတဲ့နံနက်စာစားပြီး ညီလာခံအကြိုအလုပ်ရုံသင်တန်း (Pre-Congress Workshop) ရှိတဲ့ China Medical University ကို တက္ကစီနဲ့ သွားကြတယ်။   

အောက်ကဓာတ်ပုံကိုကြည့်ပြီး ကျွန်းသာယာရဲ့ ဘလော့ဆရာကြီး ထိုင်ဝမ်ကို ရောက်တုန်းရောက်ခိုက်မှာ မျက်နှာအလှ သွားပြင်နေတာများလားလို့ ထင်မိကောင်းထင်မိကြမှာပါ။

တကယ်က မဟုတ်ရပါဘူးဗျာ။ 

ဒီကနေ့ပြုလုပ်တဲ့ ညီလာခံအကြိုအလုပ်ရုံသင်တန်းမှာ သင်တန်းသားအချင်းချင် တစ်ယောက်တလှည့်စီ လက်တွေ့လုပ်တာရယ်ပါ။ မိမိနဲ့အတွဲကျတဲ့သူက နယူးဇီလန်က အကြောအဆစ်ကုပညာရှင် မရီး(Maree) ဖြစ်ပါတယ်။


ညီလာခံအကြိုအလုပ်ရုံသင်တန်း(Pre-Congress Workshop)မှ လက်တွေ့သင်ခန်းစာတစ်ခု။ 



ညီလာခံ ကြိုဆိုဧည့်ခံပွဲ

မနက် ၉ နာရီကစတဲ့ ညီလာခံအကြိုအလုပ်ရုံသင်တန်းဟာ ညနေ ၅ နာရီမှာ ပြီးသွားခဲ့ပါတယ်။ အဲဒီကနေ ကြိုဆိုဧည့်ခံပွဲရှိတဲ့ နန်ရှန်း ပညာရေးနှင့်သင်တန်းဌာန (Nan Shan Education and Training Center - ETC) ကို ဘတ်စ်ကားကြီးများနဲ့ပို့ပေးပါတယ်။



တရုတ်ခြင်္သေအက။


တိုင်ချွမ်းမြို့ တော်ဝန်မှ နှုတ်ခွန်းဆက်နေစဉ် ..။

ပါမောက္ခ ဒေါက်တာမာရီလင်းမော့ဖတ်မှ နှုတ်ခွန်းဆက်နေစဉ် ..။


နိုင်ငံတကာမှ ညီလာခံကိုယ်စားလှယ်များ။


ညနေ ၆ နာရီခွဲမှာ ညီလာခံကြိုဆိုဧည့်ခံပွဲကို တရုတ်ခြင်္သေ့အက (Lion Dance)နဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအခန်းအနားတွင် တိုင်ချွမ်းမြို့ တော်ဝန်၊ ထိုင်ဝမ်အကြောအဆစ်ကုပညာရပ်အသင်းဥက္ကဌ ဒေါက်တာစူ ဖန်ဂျဲန်နှင့် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်အသင်းကြီးဥက္ကဌ ပါမောက္ခ ဒေါက်တာမာရီလင်းမော့ဖတ်တို့ က နှုတ်ခွန်းဆက်စကားများ ပြောကြားဆိုကြိုကြပါတယ်။ 




မသန်စွမ်းသူနှစ်ဦး၏ မြူးမြူးကြွကြွ စုံတွဲအက။


အာရှနှင့်အနောက်ပစိဖစ်ဒေသမှကိုယ်စားလှယ်များနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှကိုယ်စားလှယ်များက လက် တွန်းလှည်းစီး မသန်စွမ်းသူ ၂ ဦး၏စုံတွဲအကတင်ဆက်မှုကို တခဲနက် လက်ခုတ်လက်ဝါးတီးပြီး အားပေးခဲ့ ကြတာဟာဖြင့် ဧည့်ခန်းမကြီးတစ်ခုလုံး သိမ့်သိမ့်တုန်မျှပါ။   




ဖြူနှင်းလှိုင်၊ စာရေးသူ၊ အာရှအကြောအဆစ်ကုပညာရပ်အသင်းဥက္ကဌ ၀ဲန်ဂျန်ချင်းနှင့် နီနီယဉ်။


အဲဒီမှာ မထင်မှတ်ပဲ မြန်မာပြည်က အကြောအဆစ်ကုပညာရှင်သမီးငယ် ၂ ဦးက မိမိကို လာပြီးနှုတ်ဆက် ကြလို့ ၀မ်းမြောက်ဝမ်းသာဖြစ်ရတယ်။ ဖြူနှင်းလှိုင်နဲ့ နီနီယဉ်တို့နှစ်ဦးဖြစ်ကြပြီး နောက်တစ်ဦးဖြစ်တဲ့ချမ်းမင်း ၀င်းကတော့ ပစ္စည်းတစ်ခုမေ့လို့ ပြန်ယူနေတာနဲ့ မတွေ့ခဲ့ရဘူး။ နောက်မှ မိမိ၏ဖုန်းနံပတ်ကို အီးမေးနဲ့လှမ်း ပြီးတောင်းလို့ ပေးလိုက်ရသေးတယ်။ 

အခုတစ်ခေါက်မှာ စာရေးသူတို့အဖွဲ့အစည်းမှ အကြောအဆစ်ကုပညာရှင်၂ ဦးကို ထိုင်ဝမ်ညီလာခံသွား တက် ဖို့ စေလွှတ်ပေးခဲ့ပါတယ်။ မိမိ၏လက်ထောက်ဖြစ်သူ မစ္စစန်ဂီသာနှင့် မိမိတို့ဖြစ်ကြပါတယ်။



ညီလာခံ ညစာစားပွဲမှာ အကြီးတန်းအကြောအဆစ်ကုပညာရှင် မစ္စစန်ဂီသာနှင့် အမှတ်တရ။



"ခရီးတစ်ခု (၁)" မှာ ရေးခဲ့သလို ညီလာခံသွားတက်တိုင်း မိတ်ဆွေအသစ်တွေ တိုးလာသလို မိတ်ဆွေအ ဟောင်းများနဲ့လဲ ပြန်ပြီးတွေ့တတ်ပါသေးတယ်။ အောက်ကဓာတ်ပုံထဲက မိတ်ဆွေဟောင်း ၂ ဦးကတော့ မိမိ ကမ္ဗောဒီးယားကို ၂၀၀၇ ခုနှစ်က သင်တန်းသွားပေးစဉ်က တွေ့ခဲ့ကြတာဖြစ်ပြီး အဲဒီနှစ်က ကမ္ဗောဒီး ယားအ ကြောအဆစ်ကုပညာရှင်များအသင်းရဲ့  ၇ ကြိမ်မြောက် ညီလာခံညစာစားပွဲမှာလည်း ထပ်ပြီးတွေ့ ခဲ့ကြတာဖြစ် တယ်။



ညီလာခံ ၄ ခု မှာ တွေ့ခဲ့ဖူးတဲ့ အသိတစ်ဦး။





ဆေးရုံလေ့လာရေးသွားသည့်အဖွဲ့။



ဒီနေ့ညနေမှာ ညီလာခံကပြန်တာ အတော်လေးကိုနောက်ကျခဲ့တယ်။ မိမိနဲ့ အတူလာတဲ့ မစ္စစန်ဂီသာ သွား ပြီးနားထောင်တဲ့ သုတေသနစာတမ်းက မိမိသွားပြီးနားထောင်တဲ့ စာတမ်းဖတ်ပွဲထက် နာရီဝက်စောပြီးခဲ့ တယ်။ ပုံမှန်က ညနေ ၅ နာရီလောက်မှာ စာတမ်းဖတ်တာအားလုံး ပြီးရမှာ။ ဒါနဲ့ မစ္စစန်ဂီသာနဲ့ သူ့သူငယ် ချင်း ဒေါက်တာနီးလမ်(Neelam)တို့က စာရေးသူကိုစောင့်နေခဲ့ကြရတယ်။ ညီလာခံကနေ ဟိုတယ်ကို ပြန် ပို့ ပေးတဲ့ နောက်ဆုံးဘတ်စ်ကားကလည်း လမ်းမှာကားတွေပိတ်ကျပ်နေတာကြောင့် နောက်ကျမှ ရောက် လာပါလေကော။  



လူတွေနဲ့ ကျပ်ညပ်တိုးဝှေ့နေတဲ့ ဖုန်ချိုင်းညဈေးမြင်ကွင်း။




ဖုန်ချိုင်းညဈေးက လမ်းဘေးအကြော်ဆိုင်လေး။


အပြန်မှာ ညဈေးကိုသွားဖို့ လမ်းတစ်နေရာမှာ ဆင်းကြတယ်။ မိမိတို့နဲ့အတူ ဖိလစ်ပိုင်က ညီလာခံကိုယ်စား လှယ် ၃ ဦးလည်းပါတယ်။ တက္ကစီ ၂ စီးနဲ့ ညဈေးကို သွားကြခဲ့တယ်။ လမ်းကျဉ်းကျဉ်းလေးထဲမှာရှိတဲ့ ဒီည ဈေးကိုမြင်ရတော့ မော်လမြိုင်ဈေးကြီးအနားက ဒေါင်းမင်းဈေးကို သွားပြီးသတိရမိတယ်။ 



သြဂုတ် ၈ ရက် ၂၀၁၃ တနင်္ဂနွေနေ့။


ဒီညနေ ညီလာခံပြီးတော့ မိမိနဲ့ အတူလာတဲ့ မစ္စစန်ဂီသာက ညဈေးကိုသွားကြဖို့ပြောတာကို သဘောတူ လိုက်သေးတယ်။ ဒါနဲ့ မစ္စစန်ဂီသာရယ် ဒေါက်တာနီးလမ်ရယ် မိမိတို့ ညီလာခံက အကြိုအပို့လုပ်ပေးတဲ့ ဘတ်စ်ကားနဲ့ ၀င်ဆာဟိုတယ်ကို လာခဲ့ကြတယ်။ အဲဒီကနေမှ တက္ကစီငှားပြီး တိုင်ချွမ်းမြို့ ရဲ့  နာမည်ကြီး ဖုန်ချိုင်းညဈေးကို သွားကြဖို့ဖြစ်တယ်။ 

ဝင်ဆာဟိုတယ်ကိုရောက်တော့ တက္ကစီက လွယ်လွယ်နဲ့မရပြန်ဘူး။ နောက်ပြီး လက်ဝဲဖက်သွားရမှာလား လက်ယာဖက်သွားရမှာလား မသေချာတာနဲ့ အနားကဆိုင်ထဲ ၀င်ပြီးမေးရတယ်။ ဆိုင်ရှင် မိမိတို့ကို နိုင်ငံ ခြားသားတွေမှန်းသိလို့ သူက တယ်လီဖုန်းနဲ့ တက္ကစီခေါ်ပေးရှာပါတယ်။ အချိန်အတော်လေးနှောင်းသွား တာမို့ စာရေးသူက ညဈေးကို လိုက်မသွားတော့ပဲ ဟိုတယ်မှာပဲ ပြန်နားနေခဲ့တယ်။




သြဂုတ် ၉ ရက် ၂၀၁၃ တနင်္လာနေ့။


မနေ့က စာတမ်းဖတ်ပွဲတွေပြီးသွားသလို ညီလာခံပိတ်ပွဲအခမ်းအနားလည်းပြီးသွားပြီမို့ ညနေပိုင်း ဟိုတယ် ကိုပြန်လာတော့ စိတ်ထဲမှာ ဘာပေါ့သွားသလဲ မပြောပါနဲ့တော့။

ဒီနေ့တော့ ညီလာခံကစီစဉ်ပေးတဲ့ အလည်အပတ်ခရီး သွားခဲ့ဖြစ်တယ်။


ပင်လယ်ရေမျက်နှာပြင်အထက် ၇၅၀ မီတာအမြင့်မှာရှိသော 'နေ လ ကန်ကြီး'။



'နေ' 'လ' ကန်ကြီး (Sun Moon Lake) မှာ အမှတ်တရ။



‘နေ လ ကန်’ ကြီးကိုသွားဖို့ရာ စုရပ်တစ်နေရာဖြစ်တဲ့ စပလဲန်းဒါဟိုတယ်ကိုသွားကြရတယ်။ အဲဒီကိုရောက် တော့ စောနေသေးလို့ ဘတ်စ်ကားတစ်စီးပဲရောက်သေးတယ်။ ဒါကြောင့် ကမ္ဗောဒီးယားနဲ့ သီရီ လင်္ကာက ကိုယ်စားလှယ်အသိတွေနဲ့ စကားပြောနေဖြစ်တယ်။ 


ကမ္ဗောဒီးယားနှင့်သီရိလင်္ကာမှ ညီလာခံကိုယ်စားလှယ်မိတ်ဆွေများနှင့် စပလဲန်ဒါဟိုတယ်ရှေ့ မှာ ...။


ခဏကြာတော့ ဘတ်စ်ကားတွေထပ် ရောက်လာတာ တွေ့ရပြီး ညီလာခံကိုယ်စားလှယ်တွေကို  တစ်နေ့လုံးနေ မယ့်သူနဲ့ နေ့ဝက်ပဲနေမယ့်လူဆိုပြီး နှစ်တန်းခွဲပြီး တန်းစီကြရတယ်။ ပြီး နာမည်စာရင်းကောက်ပြီး လက်မှတ် ထိုးခိုင်းတယ်။ အားလုံးကားပေါ်ကို ရောက်တဲ့အခါ သွားမယ့်သူတစ်ရောက်လိုနေသေးလို့ နောက်ထပ် မိနစ် ၂၀ နာရီဝက်လောက် စောင့်ရမယ့်အကြောင်း ပြောပါတယ်။


အာဖဂန်နစ္စတန်နိုင်ငံကိုယ်စားလှယ်နှင့် 'နေ လ ကန်' ခရီးမှာ ...။




ကားပေါ်မှာ မိမိနဲ့ထိုင်ခုံနီးချင်းက အာဖဂန်နစ္စတန်ကိုယ်စားလှယ်ဖြစ်တယ်။ သူနဲ့ ဟိုအကြောင်းဒီအကြောင်း လေးတွေ ပြောဖြစ်ကြတယ်။ သူလာတဲ့ခရီးစဉ်ကိုမေးကြည့်တာ အတော်လေးစိတ်ဝင်စားဖို့ကောင်းတာ တစ် ခုတွေ့ရတယ်။ အဲဒါကတော့ ထိုင်ဝမ်ဗီဇာရဖို့ အာဖဂန်နစ္စတန်နိုင်ငံသားက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ကို သွားပြီး ၁၀ ရက်ကြီးများတောင် အချိန်ပေး နေခဲ့ရပါသတဲ့။ မြန်မာပြည်ကလူဆိုရင် ဘန်ကောက်ကိုသွားပြီး ထိုင်ဝမ်ဗီဇာယူတာ အဲဒီလောက်ကြာမယ် မဟုတ်ပါဘူး။ နောက်ပြီး လာရတဲ့ခရီးစဉ်ကိုလည်း ကြည့်ပါဦး။ သူနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့ ကနေ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ၊ အဲဒီကနေမှ ဟောင်ကောင်၊ ဟောင်ကောင်ကနေတစ်ဆင့် ထိုင်ဝမ်နိုင်ငံ တိုင်ချွမ်းမြို့ ကို လာခဲ့ရတာ။

ဒါ့ကြောင့် ကာဘူးမြို့ ကနေ တိုင်ချွမ်းမြို့ ကို လာခဲ့တာ ၂ ရက်ကြာရပါသတဲ့လေ။



‘နေ လ ကန်ကြီး’သို့



မိုးပျံတံတားတစ်ခုနှင့် စိမ်းစိမ်းစိုစို တောတောင်များ။



နံနက် ၈ နာရီခွဲကျော်လောက်မှာ စုရပ်ဖြစ်တဲ့ စပလဲန်းဒါဟိုတယ်ကနေ ဘတ်စ်ကား ၃စီး ၄စီးနဲ့ ‘နေ လကန် ကြီး’ ဆီသို့ ထွက်ခဲ့ကြရာ လမ်းတလျောက်မှာ မိုးပျံကားလမ်းအတော်များများကို တွေ့ရပါတယ်။ ချောင်းတို့ မြစ်တို့ကို ကျော်ဖြတ်တာရှိသလို အဝေးပြေးလမ်းဖြစ်တာကြောင့် မြို့ ရွာတွေရဲ့ အပေါ်က ရှောင်ပြီးသွားတာ မျိုးလည်း ရှိပါတယ်။ နံနက် ၉ နာရီကျော်ကျော်လေးမှာ အတော်လေးရှည်တဲ့ လှိုင်ခေါင်းတစ်ခုအထဲ ဖြတ် မောင်းပါတယ်။

 တောင်တွေက လက်ညှိုးထိုးမလွဲမို့ ကားက တောင်တွေကို တိုးလျှိုပေါက်ဖောက်ထားတဲ့ လှိုင်ခေါင်းတွေကို မကြာခဏ ဖြတ်ဖြတ်ပြီး မောင်းနေရပါတယ်။


ဧည့်ကြိုအမျိုးသမီးက မိမိတို့အုပ်စုအား လမ်းညွှန်ခေါ်ဆောင်ရှင်းပြနေစဉ်။

ဧည့်ကြိုအမျိုးသမီးက လမ်းတစ်လျှောက်လုံး စာရေးသူတို့ကို ရယ်စရာလေးတွေကြားညှပ်ပြီး ရှင်းပြပါတယ်။ သူ့နာမည်က ‘မစ္စလီလင်း’ပါတဲ့။ အသက် ၃၇ နှစ်လောက်ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဖော်ဖော်ရွေရွေရှိ ပြီး ဟောဟောဒိုင်းဒိုင်းပြောတတ်သူပါ။ တစ်နေရာမှာတော့ ကွမ်းသီးခြံတွေနဲ့ လက်ဖက်ခင်းတွေကို တွေ့ရပါ တယ်။ တောင်စောင်းတွေမှာစိုက်ထားတဲ့ လက်ဖက်ပင်တွေကို စီစီရီရီမြင်ရတော့ မလေးရှားနိုင်ငံက တောင် ပေါ်ဒေသဖြစ်တဲ့ ‘ကင်မရွန်ဟိုင်းလဲန်းစ်’(Cameron Highlands) ကို အမှတ်ရမိပါတယ်။ 



Thao တိုင်းရင်းသူတစ်ဦးနှင့် အမှတ်တရ။


ထိုင်ဝမ်မှာ တိုင်းရင်းသားလူမျိုးတွေရှိပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ထိုင်ဝမ်တောင်ယွမ်းအပြည်ပြည် ဆိုင်ရာလေဆိပ်မှာ လေယာဉ်ပြောင်းစီးစဉ်က တိုင်းရင်းသားအရုပ်ကလေးတွေကို အမှတ်တရ ၀ယ်ခဲ့ဖူးပါ တယ်။ ယခုတစ်ခေါက်မှာတော့ 'နေ လ ကန်'အနီးတွင်နေကြတဲ့ Thao တိုင်းရင်းသားအိမ်ဆိုင်တစ်ဆိုင် ကို ရောက်ခဲ့ပါတယ်။ အဲဒီဆိုင်ကိုဝင်ပြီး ခဏတဖြုတ်ကြည့်ရှုကြတယ်။ ဆိုင်ကတိုက်တဲ့ ရေနွေးကြမ်းကို သောက်ရင်း ပစ္စည်းနဲနဲပါးပါးဝယ်၊ရှင်းပြတာလေးတွေနားထောင်ကြပြီး တိုင်းရင်းသားဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးနဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့သေးတယ်။


































































No comments:

Post a Comment