"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, January 26, 2014

မြန်မာသတင်းတိုများ (ဇန်န၀ါရီ၊ ၂၀၁၄)




၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက်။ ( 26 January, 2014 Sunday)




  • စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးခန့်အပ် 

ဦးဌေးအောင်အား စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ကြောင်းကို ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ်မြန်မာသတင်းစာများတွင် ဖော်ပြထားသည်။


  • ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်ခင်ယုမေ ကွယ်လွန်




ရုပ်ရှင်မင်းသမီးကြီး ဒေါ်ခင်ယုမေ၏ သဘာဝအချောအလှ ငယ်ရုပ်လွှာ။
(ဓာတ်ပုံ - burmese.dvb)



မြန်မာ့ရုပ်ရှင်လောကတွင် အောင်မြင်ကျော်ကြား ပရိသတ်အကြိုက်များခဲ့သော ရုပ်ရှင်မင်းသမီးကြီး ထပ်ဆင့်အကယ်ဒမီ ဒေါ်ခင်ယုမေ ၊၇၈ နှစ်၊ သည် ဇန်န၀ါရီလ ၂၄ ရက်နေ့က ကွယ်လွန်သွားကြောင်း သိရှိရသည်။ 




  • ပုဂံသို့ ပြည်ပခရီးသည် ၀င်ရောက်မှုများလာ 

ယခုနှစ် ဇန်န၀ါရီလအတွင်း ပုဂံဒေသသို့ ပြည်ပခရီးသည်လာရောက်မှုသည် ယခင်နှစ်ဇန်န၀ါရီလ ကထက် ၃၅ ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ခန်းဝန်ကြီးဌာန  မှ ပြောကြားသည်။ 
၂၀၁၃ ခုနှစ် တစ်နှစ်လုံးမှာ မြန်မာနိုင်ငံသို့ ပြည်ပခရီးသည် ၁ ဒသမ ၉  သန်းကျော် လာရောက်ခဲ့ပြီး ယခုနှစ် တွင် ၃ သန်းခန့် လာရောက်မည်ဟု မျှော်မှန်ထားကြောင်း သိရှိရသည်။  


  • ဗန်ကောက်နှင့်အန်ကောဝပ်သို့ မြန်မာပြည်မှ ကားနှင့်သွားနိုင်ပြီ 


ယခုနှစ် ဇန်န၀ါရီလမှစပြီး ရန်ကုန်၊ မော်လမြိုင်နှင့်ဘားအံမြို့ များမှ ဗန်ကောက်နှင့်အန်ကောဝပ်ဘုရား ကျောင်း တို့သို့ မော်တော်ယာဉ်များဖြင့် ၀န်ဆောင်မှုလျေက်ရှိနေသည်။ ကားခမှာ ခရီးစဉ်ကို လိုက်ပြီး ကျပ် ၄၅၀၀၀ မှ ကျပ် ၆၀၀၀၀ အထိ ရှိသည်ဆို၏။ 


  • ပညာရေးမူဝါဒဆွေးနွေးပွဲကိုတက္ကသိုလ်ဆရာ၊ ဆရာမများအသင်းသပိတ်မှောက် 

မြန်မာနိုင်ငံ၏ပညာရေး တိုးတက်လာစေရန် သမ္မတဦးသိန်းစိန်က လမ်းညွှန်ဖွဲ့စည်းထားသည့် အခြေခံပ ညာကဏ္ဍမူဝါဒ ဆွေးနွေးပွဲသို့ အသင်းကို တိုက်ရိုက်လေးလေးစားစား မဖိတ်ခြင်း၊ ဆွေးနွေးပွဲတက်ရောက် မည့်ဆရာ ဆရာမများအား တာဝန်မလစ်ဟင်းစေရန် စီစဉ်မပေးခြင်းတို့ကြောင့် တက္ကသိုလ်ဆရာ၊ ဆရာမ များအသင်းက မတက်ရောက်ပဲ သပိတ်မှောက်ခဲ့ကြသည်။



  • ရန်ကုန်စက်မှုတက္ကသိုလ်မှ ရန်ကုန်နည်းပညာတက္ကသိုလ်သို့

တစ်ချိန်က အရှေ့ တောင်အာရှဒေသရှိကျောင်းများအနက် အကောင်းဆုံးကျောင်းတစ်ကျောင်းအဖြစ်ထင် ရှားခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကို ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) အဖြစ်အသွင်ပြောင်း ပြီး အစိုးရမှစိုက်ထုတ်ကျခံသောငွေအပြင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဟောင်းများ၏လှူဒါန်းငွေများ ဖြင့် နိုင်ငံတကာအဆင့်မီပညာရှင်များမွေးထုတ်ပေးရန် တစ်ကျော့ပြန်အသက်သွင်းလျက်ရှိကြောင်း ကြားသိ ရသည်။


  • မန္တလေးစာရေးဆရာနှင့်ကာတွန်ဆရာများဧရာဝတီစာပေပွဲတော်မှနုတ်ထွက်ကြ

မန္တလေးမြို့မှနာမည်ကျော်ကာတွန်းဆရာ ၃၀ ကျော်နှင့်စာရေးဆရာအတော်များများသည် ဒုတိယ အကြိမ်ကျင်းပမည့် ဧရာဝတီစာပေပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား မနှစ်သက်သောကြောင့် စာပေပွဲတော်က ရုတ်တရက်နုက်ထွက်သွားကြကြောင်း ကြားသိရသည်။  


  • စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးကို ထုံးသင်္ကန်းဖြင့်သာ ဖူးမြင်လို

ယခင်အခါများက ထုံးသင်္ကန်းဖွေးဖွေးဖြူစွာဖြင့်သာ တစ်ချိန်လုံး ဖူးတွေ့ကြည်ညိုခဲ့ကြရသော ရာဇာမဏိစူဋ္ဌာ ကောင်းမှုတော်ဘုရားကြီးကို ၂၀၁၀ ခုနှစ်က ရွှေဆေးသုတ်လိမ်းလျက် ရွှေသင်္ကန်းကပ်လှူခဲ့ပါသည်။ သို့ သော် စစ်ကိုင်းမြို့ ခံလူများနှင့် အခြားသောမြို့ များမှလူအများစူကမူ ရှေးယခင်က ဖူးမြင်ခဲ့ကြရသည့်အတိုင်း ကောင်းမှုတော်ဘုရားကြီးသည် ထုံးသင်္ကန်းဖြင့်သာ ပိုပြီးထူးကဲစွာကြည်ညိုစရာကောင်းလှကြောင်းနှင့် ယင်း သို့ထုံးသင်္ကန်းပြန်လည်ကပ်လှူနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကြားသိရသည်။ 




  • မိုးမခလစဉ်မဂ္ဂဇင်း ရန်ကုန်မှာ ပုံနှိပ်ထုတ်ဝေမည်




၁၀ စုနှစ် တစ်ခုကြာသည်အထိ“မြန်မာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊လွတ်လပ်တဲ့လူ့ဘောင်သစ်”ဆိုသော ဆောင်ပုဒ်ကို ကိုင်ဆွဲပြီး ရပ်တည်လှုပ်ရှားခဲ့သည့် မိုးမခ အွန်လိုင်းမီဒီယာသည် ရန်ကုန်မြို့ တွင် မိုးမခ လစဉ် မဂ္ဂဇင်းတစ်စောင်ကို ပုံနှိပ်ထုတ်ဝေသွားရန် ပြင်ဆင်နေကြောင်း မိုးမခသတင်းအရ ကြားသိရသည်။ 

လက်ရှိ မိုးမခ အွန်လိုင်းစာဖတ်ပရိသတ်များအပြင် ပုံနှိပ်စာဖတ်ပရိသတ်များနှင့်ပါ ပေါင်းကူးတွေ့ဆုံနိုင်ရန် ရည်ရွယ်ကာ စီစဉ်ထားသည်ဆို၏။




  • မြစ်ကြီးနား-မန္တလေးအမြန်ရထား တွဲသစ်များဖြင့်ဆွဲပြီ

အမှတ် ၅၆ အစုန် မြစ်ကြီးနား-မန္တလေးအမြန်ရထားကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး တွဲအသစ်များဖြင့် စတင်ပြေးဆွဲကြောင်းကြားသိရသည်။

မြန်မာ့မီးရထားသည် တစ်နိုင်ငံလုံးရှိ ရထားသံလမ်းမိုင်ပေါင်း ၄၈၀၀ ကျော်ကို ပြူပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ပြည်တွင်းပြည်ပမှငွေကြေးနှင့်နည်းပညာများရယူလျက် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ကိုရီးယားနိုင်ငံနှင့်လည်းကောင်း ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုကားလမ်းမ ကြီးကို အိန္ဒိယချေးငွေဖြင့်လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။





  • ကွန်ဖူးမင်းသား ဂျက်လီး မန္တလေးအထကကျောင်းသားများကိုကွန်ဖူးသင်ပေးမည်


ကွန်ဖူးမင်းသား ဂျက်လီး။

တရုတ်ရုပ်ရှင်လောကနှင့်ဟောလိဝုဒ်ရုပ်ရှင်လောကတို့တွင် နာမည်ကျော်ကြားအောင်မြင်လျက်ရှိသော ကွန်ဖူးမင်းသား ဂျက်လီးသည် မန္တလေးမြို့ ရှိအခြေခံပညာအထက်တန်းကျောင်း၂ကျောင်းမှ ကျောင်းသား များကို ကွန်ဖူးပညာရပ်များကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးမည်ဖြစ်ပြီး သဘာဝဘေးဒဏ်ခံခဲ့ရသည့် ဒေသများအတွက် ရန်ပုံငွေများရှာဖွေလှူဒါန်းသွားမည့်ဖြစ်ကြောင်းလည်း သိရှိရသည်။




  • ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်အကြောင်း ဟောပြောမည်


ဦးသန့်နေသွားခဲ့သောအိမ်ကိုပြုလုပ်ထားသည့် ဦးသန့်ပြတိုက်။ (ဓာတ်ပုံ - မြန်မာ့အလင်းသတင်းစာ)


"ဗုဒ္ဓ၀ါဒီ ဦးသန့်"(U Thant: Buddhism In Action) စာအုပ်ကို ရေးသားပြုစုခဲ့သူ ကနေဒါနိုင်ငံမှ ပါမောက္ခ ဒေါက်တာဝေါလ်တာဒွန်သည် မြန်မာနိုင်ငံသို့လာရောက်ပြီး ဦးသန့်နေထိုင်သွားခဲ့သည့် ကမာရွတ်မြို့ နယ် ပန်းဝါလမ်း အိမ်အမှတ် ၃၁ ရှိ ဦးသန့်ပြတိုက်တွင်"U Thant, A Man of Peace: His Achievements and Challenges"နှင့် "Saving the World: U Thant's Mediation of the Cuban Missile Crisis" ခေါင်းစဉ် များဖြင့် ဖေဖော်ဝါ ရီလ ၈ ရက်နှင့် ၉  ရက်တို့တွင် ဟောပြောမည်ဖြစ်ကြောင်းကို ဦးသန့်၏သမီးဖြစ်သူ ဒေါ် အေးအေးသန့်က ပြောကြားကြောင်း ကြားသိရသည်။



  • န်းရွှေစက်တော်ရာ ဘုရားပွဲတော် ဖွင့်လှစ်




မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို တပို့တွဲလဆန်း ၅ ရက် (ဖေဖော်ဝါရီလ ၄ ရက်)နေ့ တွင် ရေနံချောင်းဆရာတော်ဘုရားကြီးက ဖွင့်လှစ်ချီးမြင့်တော်မူကြောင်းနှင့် မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပသွားမည်ဟု ကြားသိရသည်။    











Saturday, January 25, 2014

မှတ်မိပါသေးတယ် မော်လမြိုင်ဆေးရုံကြီးကိုကွယ်



၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်။ ( 25 January, 2014 Saturday)




တစ်နေ့က မြန်မာသတင်းစာ နာရေးကဏ္ဍမှာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးသိန်းညွန့် ၏ဇနီးဖြစ်သူ ဆရာဝန်မကြီးဒေါက်တာဒေါ်စီစီ ကွယ်လွန်သွားကြောင်းတွေ့လိုက်ရတော့ တစ်ချိန်က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် မိမိ လေးစားသိကျွမ်းခင်မင်ခဲ့ကြသူများဖြစ်လို့ စိတ်မကောင်းမိ ဖြစ်ရပါတယ်။ 

ထိုစဉ်အခါက မိမိသည် ဆေးရုံကြီးရှိ အကြောအဆစ်ကုဌာနတွင် အကြောအဆစ်ကုပညာရှင် (Physiotherapist) အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ဆရာကြီးဦးသိန်းညွန့်က မွန်ပြည်နယ်    ခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်ပြီး ဆရာမကြီးဒေါ်စီစီက ဆေးရုံကြီးသွေးလှူဘဏ်မှာ တာဝန်ခံဖြစ် ပါတယ်။ အကြောအဆစ်ဆေးကုဌာနမှာ အကြောအဆစ်ကုပညာရှင် ၂ ဦးရှိရာ မိမိက အတွေ့အ ကြုံ ပိုပြီးရှိတာဖြစ်လို့ အပြင်လူနာကော အတွင်းလူနာများကိုပါ ကုသမှုပေးရပြီး ကျန်တဲ့တစ်ဦးက အပြင်လူနာတွေကိုပဲ ကုသပေးပါတယ်။ 

ဒါကြောင့် အတွင်းလူနာရှိတဲ့ ဖျားနာဆောင် ခွဲစိတ်ဆောင်တွေကိုသွားပြီး လူနာကြည့်ရင်း မိမိက အဆောင်တာဝန်ခံဆရာဝန်ကြီးများနဲ့ ပိုမိုထိတွေ့ရင်းနှီးမှု ရှိခဲ့ပါတယ်။ အထူးကုဆရာဝန်ကြီးများကလည်း သူတို့ရဲ့ လူနာများ၏ သွားလာလှုပ်ရှားနိုင်မှုတိုးတက်ရေးအတွက် မိမိတို့ကို တကယ်တမ်း ယုံကြည်အားထားကြတာဖြစ်တယ်။ အဲဒီဆရာဝန်ကြီးများအထဲမှာ သမားတော်ကြီးများဖြစ်ကြတဲ့ ဒေါက်တာဦးလှထွန်းနဲ့ဒေါက်တာဦးစိန်ဦး၊ အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးမျိုမြင့်တို့နှင့် ပိုပြီးလက်တွဲလုပ်ခဲ့ရပါတယ်။ 

နောက်ပြီး ဆေးရုံအလုပ်သမားအစည်းအရုံးရဲ့ လုပ်ငန်းအချို့ ကို စာရေးသူက တာဝန်ယူထားရတာ ကြောင့် ဒီအစည်းအရုံးကဆရာဝန်ကြီးများဖြစ်တဲ့ မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးစောမက်စ်ဒွေးနဲ့ နားနှာခေါင်းလည်ချောင်းခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးခင်ဌေးတို့နှင့်လည်း ရင်းနှီးမှုရှိရပြန်ပါတယ်။ တစ်ခါ ဆေးရုံက နံရံကပ်စာစောင်အတွက် အယ်ဒီတာတာဝန်ကို ယူထားရလို့ မော်လမြိုင်ဆေးရုံခွဲက ဆေးရုံအုပ်ကြီးဒေါက်တာဦးတင်စိုး (စာရေးဆရာ ဒေါက်တာတင်စိုး- ကလေးခွဲစိတ်အထူးကု)နဲ့လည်း သိကျွမ်းခင်မင်ခဲ့ပါတယ်။ ဒေါက်တာဦးတင်စိုးက မိ မိ၏လုံးချင်းဝတ္တုလက်ရေးစာမူကို ထုတ်ဝေဖို့ စာရေးဆရာနတ်နွယ်ထံ မိတ်ဆက်စာရေးပေးခဲ့ပါ တယ်။



မော်လမြိုင်ဆေးရုံကြီးမှာ အလုပ်လုပ်ခဲ့ရတာဟာ မိမိ၏အလုပ်အတွေ့အကြုံတွင်  အလွန်ပျော်စရာ ကောင်းသောကာလအပိုင်းအခြားလေးဖြစ်ခဲ့ရပါတယ်။ မိတ်သစ်ဆွေသစ်များတိုးပွားလာခဲ့ရသလို မိတ်ကောင်းဆွေကောင်းများလည်း ရရှိခဲ့ပါတယ်။ ဘ၀အတွေ့အကြုံများလည်း ကြွယ်ဝခဲ့ပါတယ်။ 

အလုပ်နဲ့ပတ်သက်လို့လည်း မိမိအပေါ်က လမ်းညွှန်ကြီးကြပ်မည့်သူမရှိပဲ မိမိဖာသာ ဦးဆောင်ဆုံး  ဖြတ်လုပ်ကိုင်ခွင့်များရရှိခဲ့တာဖြစ်လို့မို့ လုပ်ငန်းကျွမ်းကျင်မှုများ ရှိခဲ့ပါတယ်။ အကြောအဆစ်ကုပ ညာရှင်များဟာ မိမိတို့ပညာရပ်နဲ့သက်ဆိုင်တဲ့လူနာများကို အစမှအဆုံးကြည့်ရှုစမ်းသပ်ပြီး တာဝန်ယူကာ ကုသပေးနိုင်တယ်ဆိုတာ ပြသခွင့်ရခဲ့တာဟာ စိတ်အကျေနပ်ဆုံးပါ။ 

ဥပမာပေးရရင် ထိုစဉ်က ပြည်နယ်ဆေးရုံကြီးမှဆရာဝန်ကြီးများဦးဆောင်ပြီး အထူးကုအဖွဲ့တွေ နယ်ကို သွားကြတဲ့အခါ ခွဲစိတ်အထူးကု၊ ဖျားနာအထူးကု၊ အရိုးအထူးကု၊ မျက်စိအထူးကုဆရာဝန်ကြီးများလို မိမိ ကိုလည်း အကြောအဆစ်အထူးကုတစ်နေရာပေးပြီး သီသန့်တာဝန်ယူစေခဲ့ပါတယ်။ ဒါကြောင့် သတင်းစာ များမှာ အထူးကုအဖွဲ့ရဲ့ ခရီးစဉ်သတင်းပါလာတော့ မိမိကိုလည်း အထူးကုဆရာဝန်ကြီးတစ်ဦးလို့ အမှတ် မှားပြီး မြန်မာသတင်းစာများတွင် ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးဟုလည်းကောင်း၊ အင်္ဂလိပ်သတင်းစာများတွင် Neurologistဟုလည်းကောင်း မှားယွင်းဖော်ပြတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ တကယ်က မော်လမြိုင်မြို့ ရှိ  ပြည်နယ်ဆေးရုံကြီးမှာဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး (Neurologist)ရယ်လို့ မရှိခဲ့ဖူးပါဘူး။ အကြောအဆစ်ကုပညာရှင် (Physiotherapist)ပဲ ရှိတာပါ။ 

ကွယ်လွန်သူ သွေးလှူဘဏ်တာဝန်ခံဆရာဝန်မကြီး ဒေါက်တာဒေါ်စီစီနှင့် မိမိသွေးလှူခဲ့သည့် အ ကြောင်းများကို အနည်းငယ်ပြောပြလိုပါတယ်။ ထိုစဉ်က ဆေးရုံတွင် သွေးသွင်းကုသရန်လိုသော လူနာများကို ဆေးရုံအလုပ်သမားအချို့ အပါအ၀င် အရပ်ထဲကလူအချို့ ကပါ သွေးရောင်းစားနေကြ တာကို နေ့တိုင်းလိုတွေ့မြင်နေရပါတယ်။ မိမိတို့အကြောအဆစ်ကုဌာနက သွေးလှူဘဏ်နဲ့နီးနေလို့ ဆေးရုံဟောင်းအဆောက်အဦနဲ့ဆေးရုံသစ်အဆောက်အဦနှစ်ခုအကြားဆက်ထားတဲ့ပလက်ဖောင်းလမ်းလေးမှာ သွေးရောင်းစားသူတွေ တိုးတိုးတိုးတိုးနဲ့ တိုင်ပင်သွားလာနေကြတာ မိမိတို့အကြော ဌာနရဲ့  ပြူတင်းမှန်တခါးကနေ အတိုင်းသားတွေ့မြင်နေရတတ်ပါတယ်။ 

ဒါကြောင့်ဆင်းရဲတဲ့လူနာများအဖို့ သွေးဝယ်သွင်းဖို့ အခက်အခဲတွေ့ကြရပါတယ်။ ဒီအတွက် ဆေး ရုံတက်နေတဲ့သူတစ်ဦးဦး သွေးရဖို့အခက်အခဲတွေ့နေရင် မိမိကို အချိန်မရွေးအကြောင်းကြားပြီး ယူ နိုင်ကြောင်းကို ဆရာဝန်မကြီးဒေါ်စီစီအား မိမိက ကြိုပြီးပြောပြထားခဲ့ပါတယ်။ ဆရာဝန်မကြီးက လူနာအချို့  အိုသွေးလိုတဲ့အခါတိုင်း အလုပ်သမားလေးလွှတ်ပြီး မိမိကိုအကြောင်းကြားပေးတာဖြစ်လို့ အလုပ်ထဲကနေသွားပြီး ၇ ကြိမ် ၈ ကြိမ်လောက် သွေးလှူခဲ့ပါတယ်။   


အဲဒီအချိန်က မြန်မာပြည်မှာ မှောင်ခိုလုပ်ခန်း အတော်လေးကြီးထွားနေတာကြောင့် လက်လုပ်  လက်စားများနဲ့ လခစားဝန်ထမ်းတွေအတော်လေးကို ကသီလင်တဖြစ်ပြီး ဘ၀ရပ်တည်မှုအလွန်တ ရာမှ ခက်ခဲနေတဲ့ခေတ်ဆိုးကြီးပါ။ ဆိုလိုတာက စာရေးသူ မော်လမြိုင်ကို ရောက်သွားခဲ့တဲ့ ၁၉၇၅ ခုနှစ်ကနေ ၁၉၈၁ခုနှစ်ဝန်းကျင်လောက်ဖြစ်တယ်။ ထိုင်းနိုင်ငံကနေ တောတောင်တွေကို ခဲရာခဲဆစ်  ကျော်ဖြတ်သယ်ဆောင်လာကြပြီး တချို့ ကို မော်လမြိုင် ဒေါင်းမင်းဈေးမှာ ချရောင်းတာရောင်းကြလို့ တချို့  ကို ရန်ကုန်ရှိလေဟာပြင်ဈေးအထိ ရထားတစ်တန် ကားတစ်တန်နဲ့ တင်ပို့ကြပါတယ်။ ရထားနဲ့မှောင်ခိုသယ်တဲ့အမျိုးသမီးတွေက သူတို့ကိုယ်မှာကပ်ပြီးရစ်ပတ်ချီကာ ဖွက်ယူလာကြလို့ ကိုယ်လုံးက အာကာသယဉ်မှူးတွေလို ဖောင်းဖောင်းကားကား ပွရောင်းရောင်းကြီးဖြစ်နေတာကြောင့် မြင်ရသူတွေအဖို့ ပြုံးစိပြုံးစိ ဖြစ်ကြရပါတယ်။ 




၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်။ (1 February, 2014 Saturday)


ယခုလို စီးပွားရေးကျပ်တည်းတဲ့အချိန်မျိုးမှာ စာရေးသူကလည်း မော်လမြိုင်လိုကုန်ဈေးနှုန်းကြီးနေတဲ့မြို့ ကိုမှ ကံမကောင်းဆိုးဝါးစွာ ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် တစ်ကိုယ်တည်းသမားလူပျိုလူလွတ်ဖြစ်လို့ မထောင်း သာဘူးလို့ ပြောနိုင်ပါတယ်။ ရတဲ့လစာဝင်ငွေလေးနဲ့ တစ်လပြီးတစ်လ ငွေအပိုလေး မစုဆောင်းမိပေမယ့် အ နည်းဆုံး အလျဉ်မီရုံလေးတော့ နေသွားလို့ရတယ်ပေါ့။ 

စောစောကပြောခဲ့သလိုပါပဲ။ ရန်ကုန်က သမိုင်းအရပ်မှာရှိတဲ့ မသန်မစွမ်းလူနာများဆေးရုံမှ (Hospital for the Disable) မွန်ပြည်နယ် မော်လမြိုင်မြို့ ကပြည်သူ့ဆေးရုံကြီးကို ပြောင်းသွားခဲ့ရတာဟာ မိမိအဖို့ အလွန် တန်ဖိုးရှိတဲ့ ပညာရပ်အတွေ့အကြုံတွေနဲ့လူမှုရေးအတွေ့အကြုံတွေရခဲ့ရတာဖြစ်လို့ မိမိ၏ဘ၀တွင် မော်လမြိုင် မြို့ နဲ့မော်လမြိုင်ဆေးရုံကြီးတို့သည်အမြဲထာဝရ မှတ်မှတ်ရရ ရှိနေမှာဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးမြင့်ဆွေ၏ စာအုပ်နာမည်ဖြစ်တဲ့ 'မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ်' ကို အတုယူပြီး 'မှတ်မိပါသေးတယ် မော်လမြိုင်ဆေးရုံကြီးကိုကွယ်' ခေါင်းစဉ် ပေးလိုက်ရခြင်းပါ။ ဆရာကြီး၏ယင်းစာအုပ်သည် ၁၉၆၇ ခုနှစ်က ပထမအကြိမ် ပုံနှပ်ပြီးနောက် နောက်ထပ် အနည်းဆုံး ၃ ကြိမ်ခန့် ပြန်ပြီးပုံနှိပ်ရတဲ့အထိ အောင်မြင်ကျော်ကြားကာ စာဖတ်သူအကြိုက်များခဲ့ပါတယ်။



ကသီလင်တ (အသံထွက် - ကသီလင်ဒါ့) = ကိုယ်စိတ်ပန်းလျက်။ ဗျာများလျက်။

အလျဉ်မီ = ရှေ့ နောက်ဆက်မိသည်။







ဆက်ပြီးရေးပါဦးမယ်။





Sunday, January 19, 2014

ရေစုန်နှင့်ရေဆန်




၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက်။ (19 January, 2014 Sunday)



ပြီးခဲ့သောအပတ်က မိမိအိပ်ရာစောစောဝင်သောတစ်ညတွင် ကန့်ဘလူမှပြန်လာသောကိုကြည်ရွှင်က မိ မိထံဖုန်းဆက်ခဲ့သည်။ မကြာသေးခင်ရက်များကမှ သူ၏မိဘများထံသို့ အလည်သွားရာက ပြန်ရောက်လာ ကြောင်း၊ သူ့ဖခင်ကြီး၏ကျန်းမာရေးအခြေအနေနှင့် မိမိ၏စာပေဟောပြောပွဲ ဗွီဒီယိုအခွေကိုလည်း ယူလာ ပေးကြောင်းများ ပြောပါသည်။  
သူ၏ဖခင်ကြီးမှာ လေဖြတ်ထားပြီး အိပ်ရာတွင်လဲနေရလေရာ သူ၏မိခင်ကြီးနှင့်သားသမီးများက နေ့စဉ်အ ချိန်ပြည့် ပြုစုစောင့်ရှောက်ပေးနေကြရသည်။ "ကျနော်လဲ အဖေ့ကို ပြုစုနေရတာနဲ့ ရွှေသိမ်တော်ကျောင်း တိုက်က ဆရာတော်ကိုတောင် မဖူးခဲ့ရပါဘူး အန်ကယ်ရာ"ဟု ပြောရှာပါသည်။ ထို့နောက် သူ့ဖခင်ကြီးအ တွက် စင်ကာပူမှမသွားမီ မေးမြန်စုံစမ်းပြီး ဆေးဝါးအချို့ ဝယ်သွားသေးကြောင်းသိရှိရ၏။

မိမိသိသောမြန်မာလူငယ်များထံမှ အလားတူသတင်းစကားလေးများ မကြာခဏ ကြားမိရလေတိုင်း မိမိတွင် ၀မ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်လျက် ပီတိဖြစ်ရသည်မှာ အကြိမ်ကြိမ်ရှိခဲ့ပေပြီ။ မိမိသည် အသက်အရွယ် ကြီးရင့်လာသည့်အလျောက် လူငယ်များ၏ကန်တော့ခြင်းအမှုအား ခံယူရလေ့ရှိရာ သူတို့အားလုံးကို သာဓုခေါ် ပြီးဆုပေးရလေသည်။ 

မိမိပေးလေ့ပေးထရှိသည့်ဆုများတွင် အဓိကအလေးအနက်ပြုပေးသောဆုတစ်ခုမှာ အမိအဖတို့အား အလုပ် အကျွေးပြုကျေးဇူးဆပ်နိုင် ကြသော အမျိုးသားကောင်းသမီးကောင်များဖြစ်ကြရေးပင် ဖြစ်လေသည်။ ဆုပေး ခြင်းနှင့်အတူ အဆုံးအမပေးရာတွင်လည်း မိဘတို့၏တုနှိုင်းမရှိ ကြီးလှပေစွသော မေတ္တာနှင့်ကျေးဇူးတရား တို့အား ထာဝရ သတိတရရှိနေကြရန် သတိပေးရပါသည်။


ယင်းကဲ့သို့ အဆုံးအမပေးရင်း မိမိ၏စိတ်ထဲတွင် တစ်ခါတစ်ရံ အမှတ်ရမိတတ်သော အဆုံးအမတစ်ခုကိုမူ မ လိုအပ်ဟုယူဆကာ မပြောမိပါချေ။ သူတို့တွေအားလုံး မိဘ၏ကျေးဇူးတရားများကို မပေးဆပ်နိုင်ဦးသော်မှ ထိုကျေးဇူးတရားများအား စိတ်ကွက်မှားလျက် မစော်ကားမိကြရလေအောင် အသိတရားရှိရှိဖြင့် ကျင့်ကြံနေ ထိုင် တတ်ကြစေလိုခြင်းဖြစ်လေသည်။ 



ငယ်စဉ်အခါများက မိမိတို့သည်  အမိအဖတို့၏မေတ္တာနှင့်ကျေးဇူးတရားတို့နှင့်ပတ်သက်ပြီး အမိ အဖတို့မှ လည်းကောင်း၊ အဘိုးအဘွားတို့နှင့် ဦးကြီးဦးလေး ဒေါ်ကြီးဒေါ်လေးတို့မှလည်းကောင်း၊ အစ်ကိုအစ်မများမှ လည်းကောင်း၊ ရဟန်းသံဃာတော်များ၊ ဆရာဆရာမများနှင့် လူကြီးသူမများမှလည်းကောင်း ကြားနာမှတ် သား ခံယူခဲ့ကြရသည်။ မာဃဒေ၀ကဲ့သို့သော စာပေကျမ်းဂန်များမှ လည်း ဖတ်ရှုသိရှိမှတ်သား ခဲ့ရပါ၏။ 


လူ့ဘုံဌာန 
ဤလောက၌
ဘကို လက်ယာ  
မိမှာ လက်ဝဲ
အမြဲဆောင်ရွက်
ပခုံးထက်တွင်
တင်လျက်လုပ်ကျွေး
မပြတ်မွေးလည်း
ကျေးဇူးဂုဏ်ဆိုင်
မကုန်နိုင်ဘူး။
                         (မာဃဒေ၀)


မန်မာ့ရာဇ၀င်တွင် အမိအဖတို့၏ကျေးဇူးတရားများကို အထူးသိတတ်သူအဖြစ်ထင်ရှားခဲ့သူတစ်ဦးကား အာ ဇာနည်သူရဲကောင်းစစ်သူကြီး ကျန်စစ်သားမင်းကြီး၏သားတော်ဖြစ်သူ ရာဇကုမာရ်မင်းသားဖြစ်၏။ ရာဇကု မာရ်မင်းသားသည် သားတော်တစ်ဦးအနေဖြင့် ကျန်စစ်သားမင်းကြီး၏ ထီးနန်းအမွေကို ခံယူထိုက် သူဖြစ်ပါ သော်လည်း မြေးဖြစ်သူအလောင်းစည်သူအား ထီးမွေနန်းမွေပေးအပ် ပြီးကာမှ  နောက်ကျရောက်လာခဲ့သ ဖြင့် ထီးနန်းနှင့်ကံခေလွဲချော်ခဲ့ရသော်လည်း ဖခင်ဖြစ်သူအပေါ် မေတ္တာမပျက်ပဲ ဖခမည်းတော်၏ကျေးဇူးတ ရားတို့ကိုသာ အောက်မေ့သတိရတော်မူကာ နာမကျန်းဖြစ်နေသည့် ကျန်စစ်သားမင်းကြီး ဘ၀ကူးကောင်း စေရန်ရည်စူးလျက် မြစေတီဘုရားတည်ခြင်းနှင့်မြစေတီကျောက်စာကို ဘာသာလေးမျိုးဖြင့် ရေးထိုးပူဇော် ခြင်းများပြုလုပ်ပြီး ကုသိုလ်ကောင်းမှုများပင် လုပ်တော်မူခဲ့ပါသေးသည်။



အမိအဖတို့၏ကျေးဇူးတရားများကို မိဘများမကွယ်လွန်မီမှာသာ ဆပ်သင့်ကြကြောင်းကို မင်းကွန်း တိပိဋ ကဓရ ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ၏ ကိုယ်တွေ့အဆုံးအမမှာ သူလိုငါလို ပုထုဇဉ်လော ကီသားများအဖို့ အထူးပင်သံဝေဂရလျက် ကြောက်ရွံ့ ထိတ်လန့်ခြင်းဖြစ်ဖွယ်လိလိရှိချေသည်။ 
တစ်နေ့တွင် မြင်းခြံမှာရှိသော ဆရာတော်ဘုရား၏မယ်တော်ကြီးကွယ်လွန်သည့်အခါ ညီငယ်ဖြစ်သူ  မောင် ဘသင်က လူးလိမ့်ပြီးငိုလေသည်။ ညီဖြစ်သူသည် ချုံးပွဲချငိုရင်းက ဆရာတော်ကြီး အဘယ့်ကြောင့်လိုက် မငိုရတာလဲဟု အပြစ်တင်သေးသည်။ သည်တွင် ဆရာတော်ဘုရားကြီးက အောက်ပါအတိုင်း မိန့်တော်မူ လေသည်။
“မောင်ဘသင် .. မင်းကို ငါ အစကတည်းက မပြောခဲ့ဘူးလား။ အမေ့ကို ပြုစုပါ ထောက်ပံ့ပါ ဆိုခဲ့တုန်းက တော့ မင်း နားမထောင်ခဲ့ဘူး။ အခုမှ ငိုနေလို့ ဘာလုပ်မှာလဲ။ ဘာအကျိုးရှိဦးမှာမို့လဲ။ ငါက အမေ့ကို ကျေနပ် အောင်ပြုစုထားပြီးပြီ။ ဒါ့ကြောင့် ငါ မငိုဘူးကွ။ ငါက ငိုဖို့ မလိုပါဘူး။ မင်းကတော့ အမေ့ကိုမပြုစု မ ကျွေးမွေး ဘဲ ပစ်ထားခဲ့တဲ့သူဆိုတော့ ငိုရပေမပေါ့ကွာ။ ငိုဟေ့ မောင်ဘသင်။ ငိုကွ။ မင်း မှတ်ထား။ မိဘကို မသေခင် မှာ လုပ်ကျွေးပါ။ သေတော့မှ ငိုမနေပါနဲ့”

ဒါနဲ့ပတ်သက်ပြီး ကိုးဘွဲ့ရဆရာတော်ကလည်း ..
“လူတွေမှာ မိဘကျေးဇူးကို ပြန်ဆပ်ချင်တဲ့စိတ်ဟာ၊ ဘယ်တော့မှ ဖြစ်တတ်ကြပါသလဲဆိုလို့ရှိရင် မိဘတွေ မရှိကြတော့ပြီဆိုတော့မှ၊ သေကွဲ ရှင်ကွဲ ကွဲကြရပြီဆိုတော့မှ ဖြစ်လာတတ်ကြတာပါ။ ငိုဖို့ မလို၊ ကျွေးဖို့သာ လိုတယ်” ဟု ဆုံးမတော်မူခဲ့ပါသည်။ 

အမိအဖတို့သည် သားသမီးတို့ကို ငယ်စဉ်တောင်ကျေး ကလေးဘ၀မှ လူလားမြောက်သည်အထိ တယုတယ ပြုစုပျိုးထောင်ကာ မကောင်းမြစ်တား ကောင်းရာညွှန်လျက် ဆုံးမသွန်သင် ပညာသင်ပေး ကြသည်မှန်သော် လည်း ထိုထိုသောကျေးဇူးအဖုံဖုံတို့ကို အကြောင်းပြုလျက် မိမိတို့၏သားသမီးများထံမှ တစ်စုံတစ်ရာ ပြန်လည် ရရကောင်းစေဆိုသော မျှော်ကိုးခြင်းမျိုး မရှိတတ်ကြပါချေ။ 
သို့ဖြစ်ပေရာ မိဘတို့၏အလွန်တရာဖြူစင်လှသောအချစ်သည်ကား ကိုယ်ကသာပေးလိုပြီး မိမိ၏သားသမီးများ ထံမှ ပြန်လည်ရယူရန် ရည်ရွယ်မထားသည့် တစ်နည်းဆိုရသော် မြစ်များကဲ့သို့ စုန်ရေသာစီးဆင်းပေးကာ ရေ ဆန်တက်လေ့မရှိသောမေတ္တာဟု ဆိုစမှတ်ပြုကြခြင်းဖြစ်သည်။ 

***


မိမိတို့သည်လည်း အရွယ်ရောက်သောသားသမီးများရှိသည့် မိဘဖြစ်လေရာ အသက်ကြီးသူတို့ကြုံတွေ့ရ တတ် မြဲ အမှီအခိုအထောက်အပံ့ကိစ္စကို လင်နှင့်မယားနှစ်ကိုယ်ကြား ကြိုကြိုတင်တင် ဆွေးနွေးတိုင်ပင်ထား ခဲ့ကြ၏။ မိမိတို့သည် ချမ်းသာကြွယ်ဝသူများ မဟုတ်ကြသော်လည်း အိုမင်းမစွမ်းရှိလာသောအခါ မိမိတို့အ တွက် သားသမီးများတွင် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန် အစီအစဉ်များကို ဆုံးဖြတ်ချမှတ်ခဲ့ကြ၏။ 

သားသမီးများကို မိမိတို့ကသာ အပေးရှိပြီး သူတို့ထံမှ အယူမရှိသော ပိုပြီးအရေးကြီးသည်မှာ အတောင်းအ ရမ်းမရှိသော ရေစုန်မိဘများသာ ဖြစ်ရပါလို၏။  









Monday, January 13, 2014

မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား (၂)




၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်။ 13 January 2014 (Monday)



ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ထုတ် ကြေးမုံသတင်းစာမှာ ဆရာမြေနီသစ္စာက "ယနေ့မြန်မာတိုင်း မြန်မာဝါကျကို မှန်ကန်အောင်ရေးဖွဲ့တတ်ပါသလား" ဆိုသောမေးခွန်းလေးဖြင့် အောက်ဖော်ပြပါသူ၏ဆောင်းပါးကို စပြီး ရေးလိုက်ပါတယ်။

ယခုဆောင်းပါးတွင် "က" နှင့် "မှ" ၊ "ကို" နှင့် "အား" တို့ရဲ့  ရေးထုံးအမှန်ကို ရိုးစင်းသောဥပမာများပေးပြီး ရှင်းပြထားပါတယ်။

မြန်မာစာ မြန်မာစကားကို ချစ်မြတ်နိုးကြသူတိုင်း ဖတ်သင့် သိထားသင့်တယ်လို့ ယုံကြည်မိတာကြောင့် တစ်ဆင့်ကူးယူဖော်ပြပေးလိုက်ပါတယ်။








မြန်မာတိုင်း မြန်မာတိုင်း မြန်မာစာနှင့် မြန်မာစကားတို့ကို ချစ်တတ်ကြစေချင်ပါတယ်။








Saturday, January 11, 2014

၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပွဲတော်





၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်။ (11 January, 2014 Saturday)









 နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်း။ ဓာတ်ပုံ - Asian Paralympic Committee



မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအား ကစားပွဲတော် (The 7th ASEAN Para-Games) ကို နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း တွင် ယခုနှစ် ဇန်န၀ါရီလ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ ၂ နှစ်မှာ တစ်ကြိမ် ကျင်းပလေ့ရှိသော ဤအားကစားပြိုင်ပွဲတွင် အားကစားအမျိုးအစားပေါင်း ၁၂ မျိုးပါရှိမည်ဖြစ် သည်။ အာဆီယံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ် (The Asean Para-Sports Federation – APSF) နှင့် နေပြည်တော် အာဆီယံ မသန်စွမ်းသူများအားကစားပွဲတော် ကျင်းပရေးကော်မတီ (Naypyitaw Asean Para-Games Organising Committee – NAPGOC) တို့သည် အားကစား အမျိုးအစားများပါဝင်မှုနှင့် အင်ဒိုနီးရှားနိုင်ငံ ဆိုလိုမြို့ မှာ နောက်ဆုံးကျင်းပခဲ့စဉ်ကထက် အားက စားအမျိုးအစားပိုထည့်ရန်တို့ကို သဘောတူညီခဲ့ကြပြီးဖြစ်သည်။

၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပွဲတော်သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံ တို့မှ မသန်စွမ်းအားကစားသမား စုစုပေါင်း ၂၀၀၀ ခန့် လာရောက်ပါဝင်ဆင်နွှဲကြလိမ့်မည်ဟု မျှော် လင့်ထားသည်။

ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးကို ခန့်ခန့်ညားညားလှလှပပနှင့်အောင်အောင်မြင်မြင် ကျင်းပပေးနိုင်ခဲ့ သောမြန်မာနိုင်ငံအနေဖြင့် ယခုတစ်ကြိမ်တွင်လည်း ခန့်ညားလှပစွာ အလားတူကျင်းပပေးနိုင်လိမ့် မည်ဟု ယုံကြည်ထားပါသည်။

မသန်စွမ်းသူများအတွက်အားကစားပြိုင်ပွဲများသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်ကတည်းက ပင် စတင်ရှိနေခဲ့ကြောင်း သိရှိရသည်။ သောတအာရုံချွတ်ယွင်းပြီး နားမကြားသူများအတွက် ပထ မဆုံးသော အားကစားကလပ်သင်းများ(sport clubs)မှာ ၁၈၈၈ ခုနှစ်ကပင် ဂျာမဏီနိုင်ငံ ဘာလင် မြို့ တွင် ရှိနေပြီးဖြစ်သည်။ သို့သော် မသန်စွမ်းသူများပါဝင်ဆင်နွှဲကြသော အားကစားပြိုင်ပွဲများ တ ကယ်တမ်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသည်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက်ပိုင်းတွင်မှ ဖြစ် လေသည်။ ယင်းသို့ဖြစ်ရသည့်အဓိကအကြောင်းရင်းမှာ စစ်ကြီးအတွင်းက ထိခိုက်ဒဏ်ရာရခဲ့ကြရ သော စစ်သည်များနှင့် အရပ်သားအမြောက်အများတို့ကို အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်ရင်း ဖြစ်၏။

၁၉၄၄ ခုနှစ်က ဗြိတိသျှအစိုးရ၏ မေတ္တာရပ်ခံချက်အရ ဂျာမဏီနိုင်ငံဖွား ဗြိတိသျှလူမျိုး ဦးနှောက် နှင့်အာရုံကြောဆိုင်ရာဆရာဝန်ကြီး ဒေါက်တာလူးဝဒ်ဂတ်မန်းသည် ဗြိတိန်နိုင်ငံရှိ စတုတ်မဲန်ဒီဗယ် ဆေးရုံကြီး ကျောရိုးထိခိုက်ဒဏ်ရာအထူးကုဌာနတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် မ သန်စွမ်းမှုပြန်လည်ထူထောင်ရေးဆိုင်ရာ လေ့ကျင့်မှုအားကစားအမျိုးအစား (Rehabilitation Sport)မှ အပျော်တမ်းအပန်းဖြေအားကစားအမျိုးအစား(Recreational Sport)၊ ထိုမှ ယနေ့ခေတ် ကဲ့သို့သော ယှဉ်ပြိုင်မှုအားကစားအမျိုးအစား (Competitive Sport)သို့ အဆင့်ဆင့်တိုးတက် ပြောင်းလဲလာတော့၏။

၁၉၄၈ ခုနှစ်က လန်ဒန်မြို့ ၌ကျင်းပသော အိုလံပစ်ပြိုင်ပွဲဖွင့်သည့်နေ့နှင့်တိုက်ဆိုင်လျက် စတုတ်မဲန် ဒီဗယ်ဆေးရုံကြီး၌ လက်တွန်းလှည်းစီးမသန်စွမ်းသူများအားကစားပြိုင်ပွဲတစ်ခုကို ဒေါက်တာလူးဝဒ် ဂတ်မန်းက ဦးဆောင်ပြုလုပ်ပေးခဲ့ပါသည်။ ယင်းပြိုင်ပွဲတွင် လက်တွန်းလှည်းစီးမသန်စွမ်းအားက စားသမားမောင်မယ် ၁၆ ဦးတို့က မြားပစ်ပြိုင်ခဲ့ကြသည်။ ထိုမှတစ်ဆင့် မသန်စွမ်းသူများ၏ ပထမ ဦးဆုံးသော ပါရာလံပစ်အားကစားပွဲတော်ကြီး(Paralympic Games) ကို ၁၉၆၀ ခုနှစ်က အီတလီ နိုင်ငံ ရောမမြို့ တွင် ကျင်းပခဲ့ရာ ၂၃ နိုင်ငံမှ မသန်စွမ်းအားကစားသမားပေါင်း ၄၀၀ ပါဝင်ဆင်နွှဲခဲ့ ကြသည်။ ကမ္ဘာ့ပါရာလံပစ်ပွဲတော်ကြီးကို ၄ နှစ်တစ်ကြိမ်ကျင်းပလေ့ရှိခဲ့ရာ ၁၉၇၆ ခုနှစ်က အစ ပြုပြီး ဆောင်းရာသီနှင့်နွေရာသီပါရာလံပစ်ပြိုင်ပွဲများဟူ၍ ၂ မျိုးရှိလာခဲ့၏။


တစ်ဖန် ၁၉၈၈ ခုနှစ်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ တွင်ကျင်းပခဲ့သော နွေရာသီပါရာလံပစ်ပြိုင်ပွဲ (Summer Games)နှင့် ၁၉၉၂ ခုနှစ်က ပြင်သစ်နိုင်ငံ အယ်လ်ဘတ်ဗီးလ်မြို့ တွင်ကျင်းပခဲ့သော ဆောင်းရာသီပါရာလံပစ်ပြိုင်ပွဲ (Winter Games)များမှ အစပြုကာ ကမ္ဘာ့အိုလံပစ်ပွဲတော်ကြီး (Olympics) ကျင်းပရာနိုင်ငံနှင့်နေရာတို့မှာပင် ကမ္ဘာ့ပါရာလံပစ်အားကစားပြိုင်ပွဲများကို ရက်အ နည်းငယ်ခြားပြီး ကျင်းပခဲ့ပါသည်။ အလားတူပင် ဆီးဂိမ်းကျင်းပရာနိုင်ငံနှင့်နေရာတို့တွင် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပရခြင်းဖြစ်လေသည်။  


အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲ၏ ရည်ရွယ်ချက်များမှာ ၁) မသန်စွမ်းသူများကို ပြန် လည်ထူထောင်ပေးလျက် အားကစားဖြင့် လူမှုအသိုင်းအ၀န်းထဲသို့ ပါဝင်ဝင်ဆံ့နိုင်စေရန်၊ ၂) မ သန်စွမ်းသူများနှင့်မသန်စွမ်းအားကစားသမားများအား လူ့အဖွဲ့အစည်းတွင် အပြည့်အ၀လက်ခံ ရန်နှင့်တန်းတူရပိုင်ခွင့်များ ရရှိစေနိုင်ကြရန်၊ ၃) အရှေ့ တောင်အာရှဒေသ South East Asia region) တွင် မသန်စွမ်းသူများအတွက် အားကစားလုပ်ငန်းများ လှုံ့ဆော်ဖွံ့ဖြိုးလာစေရန်၊ ၄) မ သန်စွမ်းသူများအားကစားလှုပ်ရှားများကို လူထုအတွင်း သိရှိပြန့်နှံ့ လာစေရန်၊ ၅) အရှေ့ တောင် အာရှဒေသအတွင်းရှိ မသန်စွမ်းသူများအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ တိုး တက်လာကြစရန်တို့ ဖြစ်ကြသည်။

ပထမအကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲကို ၂၀၀၁ ခုနှစ်က မလေးရှားနိုင် ငံ ကွာလာလန်ပူမြို့ တွင် ကျင်းပခဲ့ပါသည်။ ပြီးခဲ့သောနှစ် ဒီဇင်ဘာလက ၂၇ ကြိမ်မြောက် အရှေ့  တောင်အာရှအားကစားပြိုင်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့သည့်မြန်မာနိုင်ငံသည် ယင်းပြိုင် ပွဲကြီးအပြီး ရက်ပေါင်း ၂၀ အကြာတွင် ၇ ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအား ကစားပြိုင် ပွဲကို ယခုနှစ် ဇန်န၀ါရီလ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ်လက်ခံ ကျင်းပပေးမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အားကစားသမား ၂၁၂ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဤပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ အလေးမ၊ မြားပစ်၊ စစ်တုရင်၊ တစ်ဖက်ငါးယောက်ပါ ဘောလုံး၊ တစ်ဖက် ခုနှစ်ယောက်ပါ ဘောလုံး၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘော်လီဘော၊ ဘီးတပ်လှည်းစီး ဘတ်စကက်ဘော၊ ဘိုစီ၊ ဂိုးလ်ဘော အစရှိသောအားကစားနည်း ၁၂ မျိုး ပါဝင်မည်ဖြစ်ပြီး ပွဲစဉ် ပေါင်း ၃၃၉ ပွဲအတွက် ရွှေတံဆိပ် ၃၃၉ ခု၊ ငွေတံဆိပ် ၃၃၉ ခုနှင့် ကြေးတံ ဆိပ် ၃၃၉ တို့ ချီးမြှင့် သွားမည်ဟု သိရှိရ၏။ မြန်မာနိုင်ငံတွင် ကိုယ်လက်အင်္ဂါမသန်စွမ်းသူ၊ မျက်မမြင်သူ၊ နားမကြားသူ၊ ဥာဏ်ရည်နိမ့်သူ စသည့် မသန်စွမ်းသူဦးရေ ၁ သန်းကျော်ရှိသည်ဟုသိရှိရသည်။

ပြီးခဲ့သောနှစ်က ဆီးဂိမ်းပြိုင်ပွဲကြီးတွင် မြန်မာအားကစားမောင်မယ်များက အားကစားစွမ်းဆောင် ရည်နှင့်အားကစားစိတ်ဓာတ်အပြည့်အ၀ဖြင့် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များစွာကိုဆွတ်ခူးကာ နိုင်ငံ၏ ဂုဏ်ကို မြင့်မြင့်မားမားအောင်လံလွှင့်ထူနိုင်ခဲ့ကြသကဲ့သို့ ယခုလာမည့် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်လည်း မြန်မာမသန်စွမ်းအားကစားမောင်မယ်များအနေဖြင့် ရွှေ၊ ငွေ၊ ကြေးတံ ဆိပ်များစွာ ဆွတ်ခူးနိုင်ကြစေရန် အားကစားအဖွဲ့ချုပ်အလိုက် အပြင်းအထန်လေ့ကျင့်သင်တန်း လေးနေသလို တစ်ဖက်မှလည်း အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲအကြို တံခွန်စိုက်ဖ လားပြိုင်ပွဲနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းအားကစားပြိုင်ပွဲ ၂ ခုကို ကျင်းပလျက် နိုင်ငံတော်မှ အားသစ်လောင်းပေးခဲ့ပြီးဖြစ်သည်။ 

သို့ဖြစ်ပေရာ မြန်မာအားကစားအမားများအားလုံး ပွဲစဉ်တိုင်းမှာ အနိုင်မခံ အရှုံးမပေးသောစိတ် ဓာတ်ဖြင့် ရေကုန်ရေခန်းယှဉ်ပြိုင်ကြလျက် အမိနိုင်ငံတော်အတွက်ဆုတံဆိပ်ပေါင်းများစွာကို ဆွတ် ခူးပေးနိုင်ကြစေရန် ဆုမွန်ကောင်းတောင်းရင်း တခဲနက်အားပေးကြပါစို့။ ။




၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက်။ (17 January, 2014 Friday)


အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ဇန်န၀ါရီလ ၁၄ ရက်နေ့ကစခဲ့ပြီး ၃ ရက်မြောက်သောနေ့တွင် မြန်မာမသန်စွမ်းအားကစားမောင်မယ်များက ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ အောက်ပါအတိုင်းဆွတ်ခူး နိုင်ခဲ့ကြ ၏။



ဇန်န၀ါရီလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ရယူထားပါသည်။



အမျိုးသမီးလှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သော မကြီး။ ဓာတ်ပုံ - မြန်မာ့အလင်း၊ ၁၇-၀၁-၂၀၁၄။





၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက်။ (18 January, 2014 Saturday)



ဇန်န၀ါရီလ ၁၈ ရက်နေ့ထုတ် မြန်မာသတင်းစာများက သတင်းအရ ယခုအခါ မြန်မာမသန်စွမ်းအားကစားသ မားများက ရွှေတံဆိပ် ၂၂ ခု၊ ငွေတံဆိပ် ၂၀ ခုနှင့် ကြေးတံဆိပ် ၂၄ ခု ရရှိထားပြီး ဆုတံဆိပ်စုစုပေါင်း ၆၆ ခု ဖြင့် နိုင်ငံအလိုက်ဆုရဇယားတွင် နံပတ် ၅ နေရာမှာ ရှိနေပါသည်။








 မြန်မာ့အလင်းသတင်းစာ (ဇန်န၀ါရီ ၁၈ ရက် ၂၀၁၄) 







မြန်မာ့အလင်းသတင်းစာ (ဇန်န၀ါရီ ၁၈ ရက် ၂၀၁၄) 



ဇန်န၀ါရီလ ၁၈ ရက်နေ့ထုတ် မြန်မာသတင်းစာများက သတင်းအရ ယခုအခါ မြန်မာမသန်စွမ်းအားကစားသ မားများက ရွှေတံဆိပ် ၂၂ ခု၊ ငွေတံဆိပ် ၂၀ ခုနှင့် ကြေးတံဆိပ် ၂၄ ခု ရရှိထားပြီး ဆုတံဆိပ်စုစုပေါင်း ၆၆ ခု ဖြင့် နိုင်ငံအလိုက်ဆုရဇယားတွင် နံပတ် ၅ နေရာမှာ ရှိနေပါသည်။



ကိုမျိုးဆွေ

သံပြားဝိုင်းပစ်နှင့် သံလုံးပစ်ပြိုင်ပွဲ ရွှေတံဆိပ် ၂ ဆုရှင် ကိုမျိုးဆွေက သူသည်  ယခုကဲ့သို့ရွှေတံဆိပ်များရ လိုသဖြင့် လေ့ကျင့်ခဲ့ရကြောင်းနှင့် နောက်ထပ်နိုင်ငံတကာပြိုင်ပွဲများမှာလည်း ဆုတံဆိပ်တွေ ရယုပေးလို ကြောင်း ပြောခဲ့သည်။







မနော်ဟဲဖောထူးထွေး

စစ်တုရင်ပုံမှန်ရွေ့ ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်လေး မနော်ဟဲဖောထူးထွေးက သူသည် ခ၀ဲခြံ မျက်မမြင်ကျောင်း တွင် န၀မတန်းတက်နေပြီး ယခုပြိုင်ပွဲကြီးအတွက်အတွက် ၂ နှစ်ခန့်အချိန်ယူကာ လေ့ကျင့်ခဲ့သဖြင့် နိုင်ငံ၏ ဂုဏ်ကိုဆောင်လျက် အောင်မြင်မှုရရှိခဲ့ကြောင်း ပီတိပြုံးဖြင့်ပြောခဲ့သည်။




အမျိုးသမီးတစ်ဦးချင်း စစ်တုရင်ပုံမှန်ရွှေ့ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မနော်ဟဲဖောထူးထွေး၏ ပီတိအပြုံး။








အာဆီယံစံချိန်ချိုးကာ ရွှေတံဆိပ်ဆုဆွတ်ခူးရရှိသွားသည့် မြန်မာရေကူးအဖွဲ့။ 


























Sunday, January 5, 2014

ထပ်တရာ





၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်(5 January, 2014 Sunday)




ပြီးခဲ့သောအပတ်ကဟု ထင်ပါသည်။

ကန့်ဘလူမှမိတ်ဆွေတစ်ဦးဖြစ်သူ ကိုစန်းအောင်ထံ ဖုန်းဆက်ရင်း လွန်ခဲ့သောဒီဇင်ဘာလ ၃ ရက် နေ့က မိမိ၏စာပေဟောပြောပွဲအကြောင်းကို ရောက်သွားကြ၏။

သူက " ဒီကနေ့မနက်ကတောင် လက်ဘက်ရည်ဆိုင်မှာ ခင်ဗျားရဲ့ စာပေဟောပြောအကြောင်းကို ကျနော်တို့ ပြောဖြစ်ကြသေးတယ် " ဟု အစချီပြီး " ဒီတစ်ခါ ခင်ဗျားပြောတာကို ဟိုတစ်ခါ ခင်ဗျား အမျိုးသားစာပေဆု ရတုန်းက ပြောတာထက် ပိုကြိုက်တယ်ဗျာ။ မှတ်မိတယ် မဟုတ်လား။ အဲဒီအခေါက်က အမျိုးသားစာပေဆုရ ဆရာညိုဝင်းတို့ သံလျင်မောင်မောင်ဦးတို့နဲ့အတူ ခင်ဗျား ကန့်ဘလူကိုလာပြီး ဟောပြောသွားတာလေဗျာ " ဟု ၁၉၈၇ နှစ်က မိမိတို့၏စာပေဟောပြောပွဲကို ရည် ညွှန်းပြောပါသည်။

မှန်ပါသည်။


မိမိ၏ ယခုတစ်ခေါက်စာပေဟောပြောပွဲမှာ ကန့်ဘလူမြို့ ၌ ဒုတိယအကြိမ်ဖြစ်သည်။ ဟိုတစ်ခါက ပထမအ ကြိမ်တွင် မိမိသည် ပူပူနွေးနွေး အမျိုးသားစာပေဆုရကာစဖြစ်သဖြင့် မိမိ၏စာပေဆုရစာအုပ်ဖြစ်သော "သိ မှတ်ဖွယ်ရာ အကြောအဆစ်ရောဂါများ" အကြောင်းကို အဓိကထားပြီးပြောခဲ့ပါသည်။

ယခုတစ်ခေါက်ဟောပြောရာတွင်မူ အမိမြန်မာပြည်ကိုလွမ်းကြောင်းပြောရင်း မြန်မာအစားအစာအချို့ ကို အာ သီသရှိကာ လွမ်းရကြောင်းပါ ထည့်သွင်းပြောခဲ့ပါသည်။ ဥပမာအဖြစ် မြန်မာပြည်က ထပ်တရာနှင့် စင်ကာပူ က ပလာတာတို့၏ မတူသောအရသာများကို နှိုင်းယှဉ်ပြောပြပါသည်။ 


အရသာမတူသည်မှာ ဂျုံစပ်ပုံမတူသောကြောင့်လည်း ဖြစ်နိုင်၏။ မုန့်လုပ်နည်းမတူသောကြောင့် လည်း ဖြစ်နိုင်၏။ မြန်မာပြည်က ထပ်တရာကို မုန့်ရိုက်စဉ်ကတည်းက အထပ်ကလေးတွေဖြစ် အောင်လုပ်ထားပြီး ဆီနှင့်ကျော်ပြီးပြီးချင်း မုန့်၏ပွရွသောဘေးသား ၂ ဘက်ကို လက်ဖ၀ါး ၂ ခုအ ကြားမှာရိုက်လိုက်သောအခါ အလွှာလေးများ မွထွက်လာကာ စားလို့အလွန်ကောင်းလှပေစွ။ စင်ကာပူက ပလာတာသည် မြန်မာနိုင်ငံက ထပ်တရာကဲ့သို့ အထပ်ကလေးတွေမပါဘဲ တစ်ပြားတည်းသာဖြစ်သည်။ ဘေးသားကို လက်ဖ၀ါးဖြင့် ရိုက် ပေးသော်လည်း မွမထွက်လာပါချေ။

သို့မို့ကြောင့် မြန်မာပြည်က မွမွရွရွ ထပ်တရာကို လွမ်းကြောင်းပြောမိသည်။

ဟောပြောပွဲပြီးသောအခါ မိမိတို့အာလုံး ပိတောက်သိဂ င်္ီခန်းမထဲမှ ထွက်လာခဲ့ကြပါသည်။ ဆိုင်တစ် ဆိုင်တွင် ညစာ သွားစားကြရန်ဖြစ်၏။

သည်အချိန်တွင် အသက် ၂၀ ကျော် ၃၀ ခန့်ရှိမည်ဟုထင်ရသော လူငယ်တစ်ဦးက မိမိအနားသို့ ခပ်ကုပ်ကုပ် လေးကပ်လာပြီး ပလတ်စတစ်အိတ်ကလေး ၁ အိတ်ကို မ၀ံ့မရဲဖြင့် ကမ်းပေးပါသည်။ ပထမသော် မိမိမှာ ကြောင်အမ်းအမ်းဖြစ်သွားမိ၏။ နောက်တော့မှ သူက "ဆရာကြီးစားဖို့ ထပ်တရာပါ ခင်ဗျ" ဟု ပြောလေသည်။

ဒီတော့မှ လက်ထဲတွင်ကိုင်ထားသော ပလတ်စတစ်အိတ်ကလေး၏ ပူပူနွေးနွေးအထိအား သတိပြုမိကာ သ ဘောပေါက်သွားရတော့၏။

မြန်မာနိုင်ငံက ထပ်တရာကို လွမ်းသော စားချင်သော စာရေးဆရာအား သူ့ဟောပြောပွဲကို လာပြီး နားထောင် သော စာဖတ်ပရိသတ်လူငယ်လေးတစ်ဦးက ဟောပြောပွဲမပြီးခင်လေးမှာ မရအရ သွား ရှာဝယ်ကာ ပူပူနွေး နွေး အချိန်မီ လာပေးခဲ့ခြင်းပင်ဖြစ်သည်။

သူ့စေတနာကို မိမိ လေးစား၍ မဆုံးနိုင်ပါ။ ကျေးဇူးတင်လို့လည်း မဆုံးနိုင်ပါ။


မိတ်ဆွေ ကိုစန်းအောင် (မောင်လူဒေါင်း - ကန့်ဘလူ) ကတော့ စာရေးဆရာပီပီ " ကဲဗျာ၊ ကြည့် စမ်းပါဦး၊ ဘယ်လောက်များ ကြည်နူးစရာကောင်းလိုက်သလဲ။ ဒါ စာဖတ်သူက စာရေးဆရာကို ချစ်တာလေ" ဟု တယ်လီဖုန်းထဲမှာ မှတ်ချက်ပြုပြီး ပြောခဲ့ပါသည်။ 














Wednesday, January 1, 2014

တစ်စွန်းတစ်စ ပုံရိပ်များ (၁)




၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်။ (1 January, 2014 Wednesday)



စာရေးဆရာမကြီး ဒေါ်ဝဲန်ဒီ လောရုံ


ဒီကနေ့ရရှိသော ဧရာဝတီအွန်လိုင်းစာစောင်မှာ Burma-Born English Novelist to attend Second Irrawaddy Literary Festival ဆိုတဲ့ ခေါင်းစဉ်နဲ့ စိတ်ဝင်စားစရာသတင်တစ်ပုဒ်ကို ဖတ် လိုက်ရပါတယ်။ ပိုပြီးစိတ်ဝင်စားသွားမိတာက မိမိမတွေ့ဖူးပေမယ့် နာမည်ကို ကောင်းကောင်းကြား ခဲ့ဖူးတဲ့ မြန်မာနိုင်ငံမှာ တစ်ချိန်ကထင်ရှားသော နေးရှင်းအင်္ဂလိပ်သတင်းစာပိုင်ရှင် ဦးလောရုံ၏သမီးဖြစ်နေလို့ပါ။ 




ဒေါ်ဝဲန်ဒီ လောရုံ။ (ဓာတ်ပုံ - The Irrawaddy)



စာရေးသူတို့ငယ်ငယ်အရွယ် စာအုပ်စာပေကို စိတ်ဝင်စားနေကြတုန်းက ဦးလောရုံ နဲ့နေးရှင်းသတင်းစာကို တွဲပြီးသိရှိမှတ်သားခဲ့ပါတယ်။ ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနှင့် ဦးလောရုံတို့၏ပြည်ပြေးအစိုးရအ ကြောင်းတွေကိုလည်း တစ်စွန်းတစ်စ ကြားခဲ့ဖူးပါတယ်။

အခုတစ်ခါ သတင်းစာဆရာကြီးဦးလောရုံ၏သမီးဖြစ်သူ စာရေးဆရာမကြီး ၀ဲန်ဒီလောရုံအကြောင်း တစ်စွန်း တစ်စကြားရပြန်ပါပြီ။


ယခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံးမြို့ တော်ဖြစ်သော မန္တလေးမြို့ တွင်ကျင်းပမယ့် ဧရာဝတီစာပေပွဲတော် ၂၀၁၄ (The Irrawaddy Literary Festival 2014) ကို လာရောက်ပြီး ပါဝင်ဆင် နွှဲမှာဖြစ်ပါတယ်။ ဧရာဝတီစာပေပွဲတော်သည် မြန်မာပြည်၏အကြီးဆုံးသော အပြည်ပြည်ဆိုင်ရာစာပေပွဲ တော်တစ်ခုဖြစ်တဲ့အလျှောက် မြန်မာနိုင်ငံနဲ့နိုင်ငံတကာမှစာရေးဆရာအတော် များများတက်ရောက်ကြမှာ ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီစာ ပေပွဲတော်ကြီး၏နာယကကြီးဖြစ်ပါတယ်။


ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာစတင်မယ့် စာပေပွဲတော်၏ဒုတိယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက် မှာဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ၀တ္ထုစာပေများရေးသားကြသော စာရေးဆရာများဖြစ်ကြသော Louis de Bernières Jung Chang Ben Okri Caroline Moorehead Sudha Shah နှင့် အခြားသော ကမ္ဘာသိ စာရေးဆရာများကို ပွဲထုတ်မယ်လို့ သိရပါတယ်။ 

ပထမအကြိမ်မြောက် ဧရာဝတီစာပေပွဲတော်ကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့ တွင်ကျင်းပခဲ့တာပါ။ ၃ ရက်ကြာကျင်းပမည့် ဒီစာပေပွဲတော်ကြီးက နိုင်ငံတကာမှကျော်ကြားတဲ့စာရေးဆရာ များကို မြန်မာနိုင်ငံ သို့ဖိတ်ကြားပြီး မြန်မာနိုင်ငံကစာရေးဆရာများ စာဖတ်သူများနဲ့ တွေ့ဆုံပေးမှာ ဖြစ်ပါတယ်။ မြန်မာပြည်ဖွား မန္တလေးဇာတိ စာရေးဆရာမကြီး ဒေါ်ဝဲန်ဒီလောရုံသည် အင်္ဂလိပ်ဘာသာဖြင့် ၀တ္ထုစာပေများရေးသားသည့် လက်ချိုးရေတွက်ရလောက်အောင်နည်းပါးလှတဲ့ မြန်မာစာရေး ဆရာများထဲက တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ ဆရာမကြီးရေးသားခဲ့သော အင်္ဂလိပ်ဝတ္ထုစာ အုပ်များကို နိုင်ငံတကာအဆင့်မီရိုက်နှိပ်ထုပ်ဝေပြီး ကမ္ဘာအနှံ့ ဖြန့်ချိခဲ့သည်အထိ အောင်မြင်မှုများ ရရှိခဲ့တာလည်းဖြစ်တယ်။


စာရေးဆရာမကြီး ဒေါ်ဝဲန်ဒီလောရုံသည် မြန်မာပြည်မှာ မွေးဖွားကြီးပြင်းလာခဲ့သော်လည်း အသက် ၂၀ အ ရွယ်မှာ မြန်မာပြည်မှထွက်ခွာပြီး အမေရိကန်နိုင်ငံတွင် ပြောင်းရွေ့ အခြေချခဲ့ပါတယ်။ ယခု အခါ လန်ဒန်မြို့ မှာနေထိုင်လျက်ရှိပါတယ်။ ဒီကနေ့အထိ ၀တ္ထုစာအုပ် ၃ အုပ် ရေးသားခဲ့ပြီး သူတို့ မိသားစု၏မြန်မာပြည်အ တွေ့အကြုံ အမှတ်တရများ (family memoir) အားအခြေခံပြီး ရေးထားသော Golden Parasol: A Daugh-ter's Memoir of Burmaအမည်ရှိ ၀တ္ထုကို မနှစ်က ထုတ်ဝေခဲ့ပါတယ်။ 






ယခုစာအုပ်သည် လွတ်လပ်ရေးရပြီးစမြန်မာနိုင်ငံရဲ့  သပွတ်အူလိုရှုပ်ထွေးလှတဲ့ ပကတိပြည်တွင်းရေး အ ခြေအနေအရပ်ရပ်ကို နောက်ခံထားရေးသားထားတာဖြစ်တယ်လို့ ပြောကြပါတယ်။ အဓိကဇာတ်ကောင်က တော့ The Nation အင်္ဂလိပ်သတင်းစာ ထုတ်ဝေသူလည်းဖြစ်ပြီး အယ်ဒီတာလည်းဖြစ်တဲ့ ဦးလောရုံဖြစ်ပါ တယ်။ စာရေးဆရာမကြီး ဒေါ်ဝဲန်ဒီလောရုံ၏ဖခင်ကြီးပါ။



Frontline Club တွင် BBC သတင်းထောက် Bridget Kendall နှင့် ဒေါ်ဝဲန်ဒီလောရုံတို့ တွေ့ဆုံခန်း။ 






့








ဆက်ပြီးရေးပါဦးမယ်။





နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ကြပါစေ




၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်(1 January, 2014 Wednesday)



မကောင်းမှုများ၊ ရှောင်ရှားပယ်ခွါ
ကောင်းမှုတရား၊ ပွားများကြပါ
မိမိစိတ်ရင်း၊ ဖြူဝင်းစေရာ
ဤသုံးပါး
ဘုရားတိုင်း ညွှန်ကြားတာ။ ။



အင်တာနက်မှာ မြန်မာပြက္ခဒိန်တွေရှာရင်း 'ဖလော်ရီဒါပြည်နယ် ဓမ္မာလောက ဗုဒ္ဓဘာသာအသင်း' (Dham-maloka Buddhist Society, Florida) ကထုတ်ဝေတဲ့ ၂၀၁၄ခုနှစ်ပြက္ခဒိန်၏ ဇန်န၀ါရီလ စာမျက်နှာမှာ အ ထက်ပါဓမ္မအဆုံးအမကဗျာလေးကို အမှတ်မထင်တွေ့ရလို့ တစ်ဆင့်ကူးယူဖော်ပြ ပေးလိုက်ပါတယ်။

မိမိ အခုရေးမယ့် အကြောင်းအရာနဲ့ စပ်ဟပ်သက်ဆိုင်နေတာမို့ပါ။

မိမိတို့မြန်မာနှစ်သစ်က နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကြီး ၃-၄ ရက် ကျင်းပပြီးမှပါ။

ဒီကနေ့မှာကျရောက်တဲ့ အနောက်တိုင်းနှစ်သစ်ကတော့ ခရစ္စမတ်ပွဲတော်ပြီးလို့ တစ်ပတ်လောက် ကြာမှ ရောက်တာ။ မိမိတို့မြန်မာလူမျိုးတွေအဖို့ မြန်မာပြက္ခဒိန်အရကော အနောက်တိုင်းပြက္ခဒိန်အရပါ ၂ ကြိမ် ၂ ခါ နှစ်သစ်ကူးရတယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။

ဒါကြောင့် မိဘဆွေမျိုးများနဲ့မိတ်ဆွေအပေါင်းအသင်းများကို 'ပျော်ရွှင်ချမ်းမြေ့ တဲ့မင်္ဂလာနှစ်သစ်ပါ' (Happy New Year) လို့ အချို့ သောသူများက ၁ ကြိမ်၊ အချို့ သောသူများက ၂ ကြိမ် စသဖြင့် နှုတ်ခွန်းဆက်ရင်း ဆု မွန်ကောင်းများ တောင်းပေးရတတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လုပ်ဖြစ်သည်ဖြစ်စေ မလုပ်ဖြစ်သည်ဖြစ်စေ နှစ်သစ်ကူးအဓိဋ္ဌာန် (New Year's Resolution) ဆိုတာကိုလည်း ပြုတတ်ကြပါသေးတယ်။ တစ်ချို့ က လေး လေးနက်နက်၊ အချို့ ကတော့ ပေါ့ပေါ့တန်တန်။ တစ်ချို့ တွေမှာက ဘာအဓိဋ္ဌာန်မှကို မပြုကြတာ။

တကယ်က နှစ်သစ်ကူးအဓိဋ္ဌာန်ဆိုတာ နှစ်ဟောင်းနဲ့နှစ်သစ်တို့၏အပြောင်းအလဲမှာ အလွန်အရေး ကြီးသော လူတိုင်းလူတိုင်း လုပ်သင့်တဲ့ကိစ္စတစ်ရပ်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ပညာရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ်၊ အတတ်ပညာရပ်ပဲဖြစ်ဖြစ်၊ အလုပ်အကိုင်ပဲဖြစ်ဖြစ် တစ်ကိုယ်ရေကိစ္စပဲဖြစ်ဖြစ် တိုးတက်ဖို့ ပြုပြင်ဖို့ဆိုရင် မိမိ လုပ်ခဲ့ပြီးတာတွေနဲ့လက်ရှိလုပ်နေတာတွေကို မိမိကိုယ်တိုင် သေသေ ချာချာ စေ့စေ့စပ်စပ်ပြန်လှည့်ကြည့်ပြီး ဝေဖန်သုံးသပ်ရမှာမို့ပါ။

အဲဒီလိုဝေဖန်သုံးသပ်ရာက တွေ့လာရ သိလာရတဲ့ အားသာချက်အားနည်းချက်တွေကိုအခြေခံကာ နှစ်သစ်မှာ ဖြင့် ဘာတွေကို ဘယ်လိုလုပ်ကိုင်မယ်၊ ပြုပြင်စရာရှိတာတွေကို ဘယ်လိုပြုပြင်မယ် စသဖြင့် တိတိကျကျ ခိုင် ခိုင်မာမာဆုံးဖြတ်ချက်ချရမှာဖြစ်တယ်။ ဒါဟာ နှစ်သစ်ကူးအဓိဋ္ဌာန်ပါ။ လူတစ် ဦးတစ်ယောက်မှာ နှစ်သစ်ကူး အဓိဋ္ဌာန်ရယ်လို့ ရေရေရာရာမရှိရင် နှစ်သစ်နဲ့နှစ်ဟောင်းတွေဟာ ထူးမခြားနားပဲဖြစ်နေပါမယ်။ တိုးတက်မှုဆို တာလည်း မရှိနိုင်တော့ပါဘူး။ 


မနေ့ည ၁၁ နာရီကျော်ကစပြီး အီးမေးနဲ့ဖြစ်ဖြစ်၊ အက်စ်အဲမ်အက်စ်နဲ့ပဲဖြစ်ဖြစ်၊ ဗိုက်ဘာနဲ့ဖြစ်ဖြစ်၊ ချက်စ်ကပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်တာတွေကို မိမိ ရရှိခဲ့ပါတယ်။ မိမိကလည်း သိတာ ရတာနဲ့ မဆိုင်းမငံ့ပဲ ပြန်ပြီးနှုတ်ခွန်းဆက်ကာ ဆုမွန်ကောင်းများတောင်းပေးရတယ်။

သူတို့အားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ကြပါစေလို့။

တစ်ချိန်တည်းမှာ ..

ကျွန်းသာယာစာဖတ်ပရိသတ်များ မကောင်းမှုတွေရှောင်ကာ ကောင်းမှုတွေ ဆပွားလို့ စိတ်ရင်းဖြူစင်စွာထား နိင်လျက် နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ကြစေရန် ဆန္ဒပြုဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။