"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, January 25, 2014

မှတ်မိပါသေးတယ် မော်လမြိုင်ဆေးရုံကြီးကိုကွယ်



၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်။ ( 25 January, 2014 Saturday)




တစ်နေ့က မြန်မာသတင်းစာ နာရေးကဏ္ဍမှာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးသိန်းညွန့် ၏ဇနီးဖြစ်သူ ဆရာဝန်မကြီးဒေါက်တာဒေါ်စီစီ ကွယ်လွန်သွားကြောင်းတွေ့လိုက်ရတော့ တစ်ချိန်က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် မိမိ လေးစားသိကျွမ်းခင်မင်ခဲ့ကြသူများဖြစ်လို့ စိတ်မကောင်းမိ ဖြစ်ရပါတယ်။ 

ထိုစဉ်အခါက မိမိသည် ဆေးရုံကြီးရှိ အကြောအဆစ်ကုဌာနတွင် အကြောအဆစ်ကုပညာရှင် (Physiotherapist) အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ဆရာကြီးဦးသိန်းညွန့်က မွန်ပြည်နယ်    ခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်ပြီး ဆရာမကြီးဒေါ်စီစီက ဆေးရုံကြီးသွေးလှူဘဏ်မှာ တာဝန်ခံဖြစ် ပါတယ်။ အကြောအဆစ်ဆေးကုဌာနမှာ အကြောအဆစ်ကုပညာရှင် ၂ ဦးရှိရာ မိမိက အတွေ့အ ကြုံ ပိုပြီးရှိတာဖြစ်လို့ အပြင်လူနာကော အတွင်းလူနာများကိုပါ ကုသမှုပေးရပြီး ကျန်တဲ့တစ်ဦးက အပြင်လူနာတွေကိုပဲ ကုသပေးပါတယ်။ 

ဒါကြောင့် အတွင်းလူနာရှိတဲ့ ဖျားနာဆောင် ခွဲစိတ်ဆောင်တွေကိုသွားပြီး လူနာကြည့်ရင်း မိမိက အဆောင်တာဝန်ခံဆရာဝန်ကြီးများနဲ့ ပိုမိုထိတွေ့ရင်းနှီးမှု ရှိခဲ့ပါတယ်။ အထူးကုဆရာဝန်ကြီးများကလည်း သူတို့ရဲ့ လူနာများ၏ သွားလာလှုပ်ရှားနိုင်မှုတိုးတက်ရေးအတွက် မိမိတို့ကို တကယ်တမ်း ယုံကြည်အားထားကြတာဖြစ်တယ်။ အဲဒီဆရာဝန်ကြီးများအထဲမှာ သမားတော်ကြီးများဖြစ်ကြတဲ့ ဒေါက်တာဦးလှထွန်းနဲ့ဒေါက်တာဦးစိန်ဦး၊ အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးမျိုမြင့်တို့နှင့် ပိုပြီးလက်တွဲလုပ်ခဲ့ရပါတယ်။ 

နောက်ပြီး ဆေးရုံအလုပ်သမားအစည်းအရုံးရဲ့ လုပ်ငန်းအချို့ ကို စာရေးသူက တာဝန်ယူထားရတာ ကြောင့် ဒီအစည်းအရုံးကဆရာဝန်ကြီးများဖြစ်တဲ့ မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးစောမက်စ်ဒွေးနဲ့ နားနှာခေါင်းလည်ချောင်းခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးခင်ဌေးတို့နှင့်လည်း ရင်းနှီးမှုရှိရပြန်ပါတယ်။ တစ်ခါ ဆေးရုံက နံရံကပ်စာစောင်အတွက် အယ်ဒီတာတာဝန်ကို ယူထားရလို့ မော်လမြိုင်ဆေးရုံခွဲက ဆေးရုံအုပ်ကြီးဒေါက်တာဦးတင်စိုး (စာရေးဆရာ ဒေါက်တာတင်စိုး- ကလေးခွဲစိတ်အထူးကု)နဲ့လည်း သိကျွမ်းခင်မင်ခဲ့ပါတယ်။ ဒေါက်တာဦးတင်စိုးက မိ မိ၏လုံးချင်းဝတ္တုလက်ရေးစာမူကို ထုတ်ဝေဖို့ စာရေးဆရာနတ်နွယ်ထံ မိတ်ဆက်စာရေးပေးခဲ့ပါ တယ်။



မော်လမြိုင်ဆေးရုံကြီးမှာ အလုပ်လုပ်ခဲ့ရတာဟာ မိမိ၏အလုပ်အတွေ့အကြုံတွင်  အလွန်ပျော်စရာ ကောင်းသောကာလအပိုင်းအခြားလေးဖြစ်ခဲ့ရပါတယ်။ မိတ်သစ်ဆွေသစ်များတိုးပွားလာခဲ့ရသလို မိတ်ကောင်းဆွေကောင်းများလည်း ရရှိခဲ့ပါတယ်။ ဘ၀အတွေ့အကြုံများလည်း ကြွယ်ဝခဲ့ပါတယ်။ 

အလုပ်နဲ့ပတ်သက်လို့လည်း မိမိအပေါ်က လမ်းညွှန်ကြီးကြပ်မည့်သူမရှိပဲ မိမိဖာသာ ဦးဆောင်ဆုံး  ဖြတ်လုပ်ကိုင်ခွင့်များရရှိခဲ့တာဖြစ်လို့မို့ လုပ်ငန်းကျွမ်းကျင်မှုများ ရှိခဲ့ပါတယ်။ အကြောအဆစ်ကုပ ညာရှင်များဟာ မိမိတို့ပညာရပ်နဲ့သက်ဆိုင်တဲ့လူနာများကို အစမှအဆုံးကြည့်ရှုစမ်းသပ်ပြီး တာဝန်ယူကာ ကုသပေးနိုင်တယ်ဆိုတာ ပြသခွင့်ရခဲ့တာဟာ စိတ်အကျေနပ်ဆုံးပါ။ 

ဥပမာပေးရရင် ထိုစဉ်က ပြည်နယ်ဆေးရုံကြီးမှဆရာဝန်ကြီးများဦးဆောင်ပြီး အထူးကုအဖွဲ့တွေ နယ်ကို သွားကြတဲ့အခါ ခွဲစိတ်အထူးကု၊ ဖျားနာအထူးကု၊ အရိုးအထူးကု၊ မျက်စိအထူးကုဆရာဝန်ကြီးများလို မိမိ ကိုလည်း အကြောအဆစ်အထူးကုတစ်နေရာပေးပြီး သီသန့်တာဝန်ယူစေခဲ့ပါတယ်။ ဒါကြောင့် သတင်းစာ များမှာ အထူးကုအဖွဲ့ရဲ့ ခရီးစဉ်သတင်းပါလာတော့ မိမိကိုလည်း အထူးကုဆရာဝန်ကြီးတစ်ဦးလို့ အမှတ် မှားပြီး မြန်မာသတင်းစာများတွင် ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးဟုလည်းကောင်း၊ အင်္ဂလိပ်သတင်းစာများတွင် Neurologistဟုလည်းကောင်း မှားယွင်းဖော်ပြတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ တကယ်က မော်လမြိုင်မြို့ ရှိ  ပြည်နယ်ဆေးရုံကြီးမှာဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး (Neurologist)ရယ်လို့ မရှိခဲ့ဖူးပါဘူး။ အကြောအဆစ်ကုပညာရှင် (Physiotherapist)ပဲ ရှိတာပါ။ 

ကွယ်လွန်သူ သွေးလှူဘဏ်တာဝန်ခံဆရာဝန်မကြီး ဒေါက်တာဒေါ်စီစီနှင့် မိမိသွေးလှူခဲ့သည့် အ ကြောင်းများကို အနည်းငယ်ပြောပြလိုပါတယ်။ ထိုစဉ်က ဆေးရုံတွင် သွေးသွင်းကုသရန်လိုသော လူနာများကို ဆေးရုံအလုပ်သမားအချို့ အပါအ၀င် အရပ်ထဲကလူအချို့ ကပါ သွေးရောင်းစားနေကြ တာကို နေ့တိုင်းလိုတွေ့မြင်နေရပါတယ်။ မိမိတို့အကြောအဆစ်ကုဌာနက သွေးလှူဘဏ်နဲ့နီးနေလို့ ဆေးရုံဟောင်းအဆောက်အဦနဲ့ဆေးရုံသစ်အဆောက်အဦနှစ်ခုအကြားဆက်ထားတဲ့ပလက်ဖောင်းလမ်းလေးမှာ သွေးရောင်းစားသူတွေ တိုးတိုးတိုးတိုးနဲ့ တိုင်ပင်သွားလာနေကြတာ မိမိတို့အကြော ဌာနရဲ့  ပြူတင်းမှန်တခါးကနေ အတိုင်းသားတွေ့မြင်နေရတတ်ပါတယ်။ 

ဒါကြောင့်ဆင်းရဲတဲ့လူနာများအဖို့ သွေးဝယ်သွင်းဖို့ အခက်အခဲတွေ့ကြရပါတယ်။ ဒီအတွက် ဆေး ရုံတက်နေတဲ့သူတစ်ဦးဦး သွေးရဖို့အခက်အခဲတွေ့နေရင် မိမိကို အချိန်မရွေးအကြောင်းကြားပြီး ယူ နိုင်ကြောင်းကို ဆရာဝန်မကြီးဒေါ်စီစီအား မိမိက ကြိုပြီးပြောပြထားခဲ့ပါတယ်။ ဆရာဝန်မကြီးက လူနာအချို့  အိုသွေးလိုတဲ့အခါတိုင်း အလုပ်သမားလေးလွှတ်ပြီး မိမိကိုအကြောင်းကြားပေးတာဖြစ်လို့ အလုပ်ထဲကနေသွားပြီး ၇ ကြိမ် ၈ ကြိမ်လောက် သွေးလှူခဲ့ပါတယ်။   


အဲဒီအချိန်က မြန်မာပြည်မှာ မှောင်ခိုလုပ်ခန်း အတော်လေးကြီးထွားနေတာကြောင့် လက်လုပ်  လက်စားများနဲ့ လခစားဝန်ထမ်းတွေအတော်လေးကို ကသီလင်တဖြစ်ပြီး ဘ၀ရပ်တည်မှုအလွန်တ ရာမှ ခက်ခဲနေတဲ့ခေတ်ဆိုးကြီးပါ။ ဆိုလိုတာက စာရေးသူ မော်လမြိုင်ကို ရောက်သွားခဲ့တဲ့ ၁၉၇၅ ခုနှစ်ကနေ ၁၉၈၁ခုနှစ်ဝန်းကျင်လောက်ဖြစ်တယ်။ ထိုင်းနိုင်ငံကနေ တောတောင်တွေကို ခဲရာခဲဆစ်  ကျော်ဖြတ်သယ်ဆောင်လာကြပြီး တချို့ ကို မော်လမြိုင် ဒေါင်းမင်းဈေးမှာ ချရောင်းတာရောင်းကြလို့ တချို့  ကို ရန်ကုန်ရှိလေဟာပြင်ဈေးအထိ ရထားတစ်တန် ကားတစ်တန်နဲ့ တင်ပို့ကြပါတယ်။ ရထားနဲ့မှောင်ခိုသယ်တဲ့အမျိုးသမီးတွေက သူတို့ကိုယ်မှာကပ်ပြီးရစ်ပတ်ချီကာ ဖွက်ယူလာကြလို့ ကိုယ်လုံးက အာကာသယဉ်မှူးတွေလို ဖောင်းဖောင်းကားကား ပွရောင်းရောင်းကြီးဖြစ်နေတာကြောင့် မြင်ရသူတွေအဖို့ ပြုံးစိပြုံးစိ ဖြစ်ကြရပါတယ်။ 




၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်။ (1 February, 2014 Saturday)


ယခုလို စီးပွားရေးကျပ်တည်းတဲ့အချိန်မျိုးမှာ စာရေးသူကလည်း မော်လမြိုင်လိုကုန်ဈေးနှုန်းကြီးနေတဲ့မြို့ ကိုမှ ကံမကောင်းဆိုးဝါးစွာ ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် တစ်ကိုယ်တည်းသမားလူပျိုလူလွတ်ဖြစ်လို့ မထောင်း သာဘူးလို့ ပြောနိုင်ပါတယ်။ ရတဲ့လစာဝင်ငွေလေးနဲ့ တစ်လပြီးတစ်လ ငွေအပိုလေး မစုဆောင်းမိပေမယ့် အ နည်းဆုံး အလျဉ်မီရုံလေးတော့ နေသွားလို့ရတယ်ပေါ့။ 

စောစောကပြောခဲ့သလိုပါပဲ။ ရန်ကုန်က သမိုင်းအရပ်မှာရှိတဲ့ မသန်မစွမ်းလူနာများဆေးရုံမှ (Hospital for the Disable) မွန်ပြည်နယ် မော်လမြိုင်မြို့ ကပြည်သူ့ဆေးရုံကြီးကို ပြောင်းသွားခဲ့ရတာဟာ မိမိအဖို့ အလွန် တန်ဖိုးရှိတဲ့ ပညာရပ်အတွေ့အကြုံတွေနဲ့လူမှုရေးအတွေ့အကြုံတွေရခဲ့ရတာဖြစ်လို့ မိမိ၏ဘ၀တွင် မော်လမြိုင် မြို့ နဲ့မော်လမြိုင်ဆေးရုံကြီးတို့သည်အမြဲထာဝရ မှတ်မှတ်ရရ ရှိနေမှာဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးမြင့်ဆွေ၏ စာအုပ်နာမည်ဖြစ်တဲ့ 'မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ်' ကို အတုယူပြီး 'မှတ်မိပါသေးတယ် မော်လမြိုင်ဆေးရုံကြီးကိုကွယ်' ခေါင်းစဉ် ပေးလိုက်ရခြင်းပါ။ ဆရာကြီး၏ယင်းစာအုပ်သည် ၁၉၆၇ ခုနှစ်က ပထမအကြိမ် ပုံနှပ်ပြီးနောက် နောက်ထပ် အနည်းဆုံး ၃ ကြိမ်ခန့် ပြန်ပြီးပုံနှိပ်ရတဲ့အထိ အောင်မြင်ကျော်ကြားကာ စာဖတ်သူအကြိုက်များခဲ့ပါတယ်။



ကသီလင်တ (အသံထွက် - ကသီလင်ဒါ့) = ကိုယ်စိတ်ပန်းလျက်။ ဗျာများလျက်။

အလျဉ်မီ = ရှေ့ နောက်ဆက်မိသည်။







ဆက်ပြီးရေးပါဦးမယ်။





No comments:

Post a Comment