"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, January 5, 2014

ထပ်တရာ





၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်(5 January, 2014 Sunday)




ပြီးခဲ့သောအပတ်ကဟု ထင်ပါသည်။

ကန့်ဘလူမှမိတ်ဆွေတစ်ဦးဖြစ်သူ ကိုစန်းအောင်ထံ ဖုန်းဆက်ရင်း လွန်ခဲ့သောဒီဇင်ဘာလ ၃ ရက် နေ့က မိမိ၏စာပေဟောပြောပွဲအကြောင်းကို ရောက်သွားကြ၏။

သူက " ဒီကနေ့မနက်ကတောင် လက်ဘက်ရည်ဆိုင်မှာ ခင်ဗျားရဲ့ စာပေဟောပြောအကြောင်းကို ကျနော်တို့ ပြောဖြစ်ကြသေးတယ် " ဟု အစချီပြီး " ဒီတစ်ခါ ခင်ဗျားပြောတာကို ဟိုတစ်ခါ ခင်ဗျား အမျိုးသားစာပေဆု ရတုန်းက ပြောတာထက် ပိုကြိုက်တယ်ဗျာ။ မှတ်မိတယ် မဟုတ်လား။ အဲဒီအခေါက်က အမျိုးသားစာပေဆုရ ဆရာညိုဝင်းတို့ သံလျင်မောင်မောင်ဦးတို့နဲ့အတူ ခင်ဗျား ကန့်ဘလူကိုလာပြီး ဟောပြောသွားတာလေဗျာ " ဟု ၁၉၈၇ နှစ်က မိမိတို့၏စာပေဟောပြောပွဲကို ရည် ညွှန်းပြောပါသည်။

မှန်ပါသည်။


မိမိ၏ ယခုတစ်ခေါက်စာပေဟောပြောပွဲမှာ ကန့်ဘလူမြို့ ၌ ဒုတိယအကြိမ်ဖြစ်သည်။ ဟိုတစ်ခါက ပထမအ ကြိမ်တွင် မိမိသည် ပူပူနွေးနွေး အမျိုးသားစာပေဆုရကာစဖြစ်သဖြင့် မိမိ၏စာပေဆုရစာအုပ်ဖြစ်သော "သိ မှတ်ဖွယ်ရာ အကြောအဆစ်ရောဂါများ" အကြောင်းကို အဓိကထားပြီးပြောခဲ့ပါသည်။

ယခုတစ်ခေါက်ဟောပြောရာတွင်မူ အမိမြန်မာပြည်ကိုလွမ်းကြောင်းပြောရင်း မြန်မာအစားအစာအချို့ ကို အာ သီသရှိကာ လွမ်းရကြောင်းပါ ထည့်သွင်းပြောခဲ့ပါသည်။ ဥပမာအဖြစ် မြန်မာပြည်က ထပ်တရာနှင့် စင်ကာပူ က ပလာတာတို့၏ မတူသောအရသာများကို နှိုင်းယှဉ်ပြောပြပါသည်။ 


အရသာမတူသည်မှာ ဂျုံစပ်ပုံမတူသောကြောင့်လည်း ဖြစ်နိုင်၏။ မုန့်လုပ်နည်းမတူသောကြောင့် လည်း ဖြစ်နိုင်၏။ မြန်မာပြည်က ထပ်တရာကို မုန့်ရိုက်စဉ်ကတည်းက အထပ်ကလေးတွေဖြစ် အောင်လုပ်ထားပြီး ဆီနှင့်ကျော်ပြီးပြီးချင်း မုန့်၏ပွရွသောဘေးသား ၂ ဘက်ကို လက်ဖ၀ါး ၂ ခုအ ကြားမှာရိုက်လိုက်သောအခါ အလွှာလေးများ မွထွက်လာကာ စားလို့အလွန်ကောင်းလှပေစွ။ စင်ကာပူက ပလာတာသည် မြန်မာနိုင်ငံက ထပ်တရာကဲ့သို့ အထပ်ကလေးတွေမပါဘဲ တစ်ပြားတည်းသာဖြစ်သည်။ ဘေးသားကို လက်ဖ၀ါးဖြင့် ရိုက် ပေးသော်လည်း မွမထွက်လာပါချေ။

သို့မို့ကြောင့် မြန်မာပြည်က မွမွရွရွ ထပ်တရာကို လွမ်းကြောင်းပြောမိသည်။

ဟောပြောပွဲပြီးသောအခါ မိမိတို့အာလုံး ပိတောက်သိဂ င်္ီခန်းမထဲမှ ထွက်လာခဲ့ကြပါသည်။ ဆိုင်တစ် ဆိုင်တွင် ညစာ သွားစားကြရန်ဖြစ်၏။

သည်အချိန်တွင် အသက် ၂၀ ကျော် ၃၀ ခန့်ရှိမည်ဟုထင်ရသော လူငယ်တစ်ဦးက မိမိအနားသို့ ခပ်ကုပ်ကုပ် လေးကပ်လာပြီး ပလတ်စတစ်အိတ်ကလေး ၁ အိတ်ကို မ၀ံ့မရဲဖြင့် ကမ်းပေးပါသည်။ ပထမသော် မိမိမှာ ကြောင်အမ်းအမ်းဖြစ်သွားမိ၏။ နောက်တော့မှ သူက "ဆရာကြီးစားဖို့ ထပ်တရာပါ ခင်ဗျ" ဟု ပြောလေသည်။

ဒီတော့မှ လက်ထဲတွင်ကိုင်ထားသော ပလတ်စတစ်အိတ်ကလေး၏ ပူပူနွေးနွေးအထိအား သတိပြုမိကာ သ ဘောပေါက်သွားရတော့၏။

မြန်မာနိုင်ငံက ထပ်တရာကို လွမ်းသော စားချင်သော စာရေးဆရာအား သူ့ဟောပြောပွဲကို လာပြီး နားထောင် သော စာဖတ်ပရိသတ်လူငယ်လေးတစ်ဦးက ဟောပြောပွဲမပြီးခင်လေးမှာ မရအရ သွား ရှာဝယ်ကာ ပူပူနွေး နွေး အချိန်မီ လာပေးခဲ့ခြင်းပင်ဖြစ်သည်။

သူ့စေတနာကို မိမိ လေးစား၍ မဆုံးနိုင်ပါ။ ကျေးဇူးတင်လို့လည်း မဆုံးနိုင်ပါ။


မိတ်ဆွေ ကိုစန်းအောင် (မောင်လူဒေါင်း - ကန့်ဘလူ) ကတော့ စာရေးဆရာပီပီ " ကဲဗျာ၊ ကြည့် စမ်းပါဦး၊ ဘယ်လောက်များ ကြည်နူးစရာကောင်းလိုက်သလဲ။ ဒါ စာဖတ်သူက စာရေးဆရာကို ချစ်တာလေ" ဟု တယ်လီဖုန်းထဲမှာ မှတ်ချက်ပြုပြီး ပြောခဲ့ပါသည်။ 














No comments:

Post a Comment