"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, June 28, 2019

ဆေးရုံအလုပ် တစ်ကျော့ပြန် (၃)




ဆေးရုံမှာ လူနာနှင့်သက်ဆိုင်သော အချက်အလက်များကို ကွန်ပြူတာသုံးရသည့်အကြောင်း ရှေ့ မှာအနည်းငယ်ပြောပြခဲ့ပြီးပါပြီ။




ဆေးရုံတွင် လူနာ၏အမည်၊ မွေးက္ကရာဇ်၊ အသက်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပတ်၊ ဓာတ်ပုံ အစရှိသည့် လူတစ်ဦးစီ၏အရေးကြီးသောမှတ်တမ်းမှတ်ရာများရှိသဖြင့် ယင်းတို့ကို လူနာနှင့်တာဝန်အရ တိုက်ရိုက်ပတ်သက်သူများမှအပ အခြားသောမသက်ဆိုင်သူများသိရှိခြင်း၊ တွေ့မြင်ခြင်း၊ ရယူခြင်း (ခိုးယူခြင်း)၊ အသုံးချခြင်း (ဥပမာ၊ ရောင်းစားခြင်း) အစရှိသည်တို့မဖြစ်စေရန် အထူးဂရုပြုရပါသည်။

စင်ကာပူနိုင်ငံသည် လူတစ်ဦးစီ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဥပဒေအရ Personal Data Protection Act (PDPA) ဖြင့် တင်းတင်းကျပ်ကျပ်ကာကွယ်စောင့်ရှောက်ပေးထားရာ အစိုးရရုံးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ဝန်ထမ်းများက စည်းကမ်းတကျ စောင့်ရှောက်ကြရန်တာဝန်ရှိပါသည်။  

အကယ် ဌာနကြောင့်ဖြစ် ၀န်ထမ်းတစ်ဦးဦးကြောင့်ဖြစ်စေ လူတစ်ဦး၏ကိုယ်ရေးကိုယ်တာအချက်အလက်တစ်စုံတရာ ပေါက်ကြားမှုရှိက အရေးယူမှုခံကြရမည်ဖြစ်သည်။ 

ထိုကြောင့် ဆေးရုံမှကွန်ပြူတာအားလုံးသည် အလုပ်နှင့်သက်ဆိုင်သည့်ကိစ္စမှလွဲပြီး တခြားအသုံးပြုမှုများပြုလုပ်မရပေ။ ဂူဂယ်တွေ၊ ယူကျု့ တွေ၊ ဖေ့စ်ဘွတ်တွေ၊ အင်တာနက်တွေ ဘာဆိုဘာမှ မရပါချေ။ အီးမေးဆိုကလည်း အလုပ်ကပေးထားသည့်အီးမေးလိပ်စာကိုသာ သုံးနိုင်ပါသည်။

အလုပ်အဆင်ပြေအောင်စီစဉ်ပေးထားပုံ နမူနာလေးတစ်ခုကိုပြောပြချင်ပါသေးသည်။

မိမိသည် ဆေးရုံသို့ရောက်သည်နှင့် ပထမဆုံးအလုပ်အနေဖြင့် ကွန်ပြူတာကို စပြီးသုံးလေ့ရှိသည်။ 

မိမိတာ ၀န်ကျသောအဆောင် (ward) များမှ တာဝန်ခံဆရာဝန်တွေက မိမိ (Physiotherapy Department) ထံ လူနာများလွှဲထားခြင်းရှိမရှိ ကြည့်ပါသည်။ 

ဆိုကြပါစို့။ အဆောင် (၁) မှ ဦးမြ၊ အဆောင် (၄) မှ ဒေါ်လှ၊ အဆောင် (၅) မှ မောင်ကို စသဖြင့်။ ဘယ်အတွက် Refer လုပ်ရကြောင်းမှတ်ချက်ပါရှိသည်။ ဥပမာ၊ balance and gait training, ortho assessment, weight management, oteoporosis, musculoskeletal assessment အစရှိသည်များ။ 

လူနာအား မည်ကဲ့သို့ စမ်းသပ်ရမည်၊ မည်သည့်နည်းဖြင့် ကုသပေးရမည်ဟု လုံးဝမပါရှိပါချေ။ 

သူတို့လူနာအတွက်လိုအပ်တာကိုပဲ အသိပေးခြင်းဖြစ်သည်။

ယနေ့ လူအသစ် ၃ ဦးအား ကြည့်ပေးရမည်ဟုသိပြီးသောအခါ မိမိသည် အဆောင် (၁) က ဦးမြ၏လူနာမှတ်တမ်းကိုဖတ်ရန် ကွန်ပြူတာတွင် Location နေရာရှိ အဆောင် (၁) ကိုနှိပ်ရသည်။ အဆောင် (၁) မှ လူ နာအားလုံး၏အမည်စာရင်းတွေထွက်လာသောအခါ ဦးမြအမည်နေရာကိုနှိပ်ခြင်းဖြင့် သူ၏လူနာမှတ်တမ်းအပြည့်အစုံတွေ့ရတော့ပြီ။ 

အသက်၊ မှတ်ပုံတင်အမှတ်၊ ရောဂါအမည် (diagnosis) နှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၏ကုသပေးမှုများ၊ သူနာပြုဆရာ ဆရာမများ၏ပြုစုစောင့်ရှောက်ထားမှုများနှင့်တွေ့ရှိချက်များ (အအိပ်အနေ၊ အစားအသောက်၊ သွားလာလှုပ်ရှားမှု) စသည်တို့ကိုအသေးစိတ်သိရှိနိုင်သည်။ 

ထိုအခါ မိမိတို့ Physiotherapy နှင့်သက်ဆိုင်သည်များ သိသင့်သည်များကို မှတ်ရ၏။ 

ဥပမာ၊ လေဖြတ်ထားသည်။ ခြေထောက်ကျိုးခဲ့ဖူးသည်။ ပခုံးဆစ်ကပ်သည်။ ဒူးနာ ခါးနာသည်။ တခြားရောဂါတစ်ခုကြောင့် လမ်းမလျောက်နိုင်သည်မှာ မည်မျှကြာခဲ့ပြီ စသဖြင့်။ 

နောက်ဆုံးတိုင်းထားသော သွေးပေါင်ချိန်၊ သွေးခုံနှုန်း၊ အသက်ရှူနှုန်း၊ သွေးထဲရှိအောက်ဆီဂျင်ပ မာဏ (SpO2) တို့ကိုလည်း ကြည့်သွားရ၏။ 

ယင်းသို့လူနာများအကြောင်းကို ကြိုတင်ဖတ်ပြီးမှသွားရသဖြင့် လူနာကိုမမြင်တွေ့ရသေးခင်မှာပင် လူနာ၏ ရောဂါဝေဒနာအခြေအနေများနှင့်ရင်းနှီးပြီးဖြစ်လေသည်။

             
             Chest Physiotherapy                     


ဆေးဘက်ပညာသိပ္ပံတွင် မိမိတို့ကျောင်းသားဘ၀က အကြောအဆစ်ပညာရပ်၏ဘာသာ ရပ်တစ်ခုဖြစ်သော အသက်ရှူခြင်းလုပ်ငန်းအကြောင်း (Respiratory system) သင်ယူခဲ့ ရပြီးနောက် အသက်ရှူခက်ခဲပြီး အဆုတ်အတွင်းသလိပ်များစုနေသောလူနာများအား ပုံမှန် အသက်ရှူလေ့ကျင့်နည်း (breathing exercise) ကို သင်ပေးခဲ့ရသည်။ 

တစ်ချိန်တည်းမှာ အဆုတ်တွင်းက သလိပ်အပုတ်အသိုးများကို ချောင်းဟတ်ပြီးထွက်လာ နိုင်စေရန် ရင်ခေါင်း (chest wall) အား လက်ခုပ်ဖြင့်ပုတ်ပေးရသည် (percussion)။ ရင်ခေါင်းကို လက်ဖ၀ါးနှစ်ဘက်ဖြင့်ညှစ်ကိုင်ပြီး လှုပ်ခါပေးရသည် (vibration and shaking)။ 

ထိုသို့ပြုလုပ်ပေးသဖြင့် လူနာကချောင်းတွေဟတ်(ဆိုး)ကာ သလိပ်တွေထွက်လာသည်ကို မြင်ရသောအခါ ၀မ်းသာမိခဲ့သည်။ ယင်းသို့သလိပ် တွေထွက်သွားပြီး ကြည်လင်လာသော လူနာ၏မျက်နှာကိုတွေ့ရသောအခါ မိမိတို့မှာ ပီတိဖြစ်မဆုံးတော့ပေ။

မိမိသည် အထက်ပါအသက်ရှူလေ့ကျင့်ကုသနည်းမျိုး (Chest Physiotherapy) ကို မွန် ပြည်နယ်ဆေးရုံကြီး မော်လမြိုင်တွင် ၁၉၈၀ နှစ်လောက်ကနောက်ဆုံးပြုလုပ်ပေးခဲ့ရသည်။ သည်နောက်ပိုင်းအလုပ်များတွင် လူနာအမျိုးအစားမတူသဖြင့် လုံးဝအသုံးချခွင့်မရခဲ့ပေ။


နှစ်ပေါင်းများစွာကြာပြီး ယခုတခါ ဆေးရုံတွင်အလုပ်လုပ်ရသောအခါတွင်မှ ယင်းပညာကို ပြန်လည်အသုံးပြုလျက် အဆုတ်ရောဂါဝေဒနာရှင်များကို ကုသပေးခွင့်ရပါတော့သည်။ 






Wednesday, June 26, 2019

ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၀


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (10)


အမြင်ထူးခြား မတူကွဲပြား








မိမိသည် ရာသီဥတုပူနွေးသောမြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့ရသူပီပီ ငယ်စဉ်အခါက အညာဒေသ၏ဆောင်းအအေးလောက်သာခံစားဖူးပြီး မြူနှင်းတွေလောက်သာ မြင်ခဲ့ဖူးပါသည်။

မြန်မာပြည်မြောက်ဖျားအစွန်းဒေသသို့မရောက်ဖူးသဖြင့် ဆီးနှင်းတွေထူထူထဲထဲကျသည်ကိုလည်း မတွေ့ဖူးခဲ့သလို ရေခဲဖုန်းသည့်တောင်ထိပ်များကိုလည်း မမြင်ဖူးခဲ့ပေ။

တစ်နေ့နေ့မှာ ကိုယ့်အမိနိုင်ငံထဲရှိ ယင်းနေရာလေးကို မရောက်ရောက်အောင်သွားကြည့်လိုက်ဦးမည်ဟုဆန္ဒရှိထားသည်။  

သို့ဖြင့် အေးသောနိုင်ငံများသို့ရောက်သွားသောအခါ ဆီးနှင်းကျချိန်မဟုတ်သော်လည်း တောင်ထိပ်များပေါ်တွင် ရေများခဲပြီးကျန်ခဲ့သည်ကို မြင်ဖူးတော့သည်။ တွေ့ဖူးခါစတွင် ထူးဆန်းသလိုခံစားမိ၏။

ကနေဒါနိုင်ငံ ဗဲန်ကူးဗားအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘရစ်တစ်(ရှ)ကိုလန်ဘီယာတက္ကသိုလ် (University of British Columbia) သို့တက္ကစီဖြင့်သွားရင်း ကားမောင်းသူက ညနေခင်းနေရောင်အောက်မှာ ဖြူလွှလွှအ ရောင်တောက်နေသည့်တောင်များကို လက်ညှိုးထိုးပြလျက် 'ဒီတောင်ထိပ်တွေပေါ်ကရေခဲတွေက တနှစ်ပတ်လုံးကိုရှိနေကြတာပါ' ဟုပြောပါသည်။  

ဂျနီဗာမှာလည်း တောင်ထိပ်ပိုင်းတချို့ တ၀က်မှာ ရေခဲတွေဖုန်းနေသည့်တောင်များကို တွေ့ခဲ့ရသည်။ 

မိမိတည်းခိုသောဟိုတယ်စားသောက်ခန်းမှ အတိုင်းသားမြင်တွေ့နေရသည်။ 

ဟိုတယ်မှ လေဆိပ်သို့ဘတ်စ်ကားစီးသွားသောအခါမှာလည်း ကားပေါ်မှလှမ်းမြင်ရသည်။ 

နောက်တစ်ခုမှာ အခန်းထဲမှအပြင်သို့ထွက်လိုက်သည်နှင့်တပြိုင်နက် အအေးဓာတ်ကို သိသိသာသာခံစားရခြင်းဖြစ်သည်။ လေတိုက်လေ ပိုအေးလေပင်။




          
           နေပူနေပေမယ့် လေတိုက်လွန်းလို့ အနွေးထည်ဇစ်ဆွဲတင်ပြီး ဆံပင်ကို လက်နဲ့ဖိထားပေးရတာ။


ဖင်လန်နိုင်ငံ ဟယ်(လ)စင်ကီမြို့ မှာကြုံခဲ့ဖူးသည်။ 

ဆီးနှင်းတွေကျနေသည့်ရာသီမဟုတ်သော်လည်း အနွေးထည်လေးဝတ်ပြီး နေသာထိုင်သာရှိနေသောညီလာခံခန်းမထဲမှ အပြင်သို့ထွက်လိုက်သောအခါ လေတိုက်သည်နှင့်ကြုံက မျက်နှာကိုရေခဲရေနှင့်ဗြုန်းစားကြီးအပက်ခံလိုက်ရသည့်အလား အလန့်တကြားအေးစိမ့်သွားတော့သည်။ တစ်ကိုယ်လုံး ခိုက်ခိုက်ပင်တုန်သွားသည်။

မိုများရွာလိုက်လို့ကတော့ ပိုဆိုးတော့၏။






Sunday, June 23, 2019

အအေးခံ ကားတစ်ပတ်စီးခြင်း






ယခင်အလုပ်လုပ်နေစဉ်တုန်းက မိမိအလုပ်သွားလုပ်နေချိန်တွင် အိပ်မှာတစ်ဦးထဲရှိရှိနေတတ်သောဇနီးသည်နှင့်အတူ စနေ တနင်္ဂနွေနှင့်အခြားအစိုးရရုံးပိတ်ရက်အချို့ မှာ အပြင်ထွက်လေ့ရှိကြသည်။

အိမ်တွင်းအောင်းအိမ်ရှင်မကြီးအတွက် စိတ်ပြေလက်ပျောက် အညောင်းအညာပြေခရီးပါပေ။

များသောအားဖြင့် မိမိတို့နေရာအရပ်ဒေသမှ တစ်နာရီနီးပါးဘတ်စ်ကားစီးရသောနေရာများသို့ သွားကြခြင်းဖြစ်သည်။


ဘတ်စ်ကားပေါ်မှာအငြိမ့်သား



အလုပ်ပိတ်ရက်ဖြစ်သဖြင့် ခရီးသည်သိပ်မများလှပဲ ဘတ်စ်ကားစီးရချောင်သည်။ အပေါ်ထပ်ရှေ့ နားကခုံမှာစီးလျက် တောင်ငေးမြောက်ငေးကြည့်ရင်း စကားတွေပြောဖြစ်ကြသည်။

အမှတ် ၉၇ ဘတ်စ်ကား သို့မဟုတ် အမှတ် ၅၀၂ အမြန်ကားစီးပြီး စင်ကာပူမြို့ လည်က  Suntec City ကိုသွားသည်။ အရောင်းပြခန်းတွေ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွေ ကြည့်သည်။ နေ့လည်စာစာသောက်သည်။

သို့မဟုတ်က အမှတ် ၁၉၇ ဘတ်စ်ကားစီးပြီး မြန်မာရွာကြီးရှိရာ ပင်နင်းစူးလားပလာဇာကုန်တိုက်သို့သွားပြီး မြန်မာစာစားကြသည်။ မြန်မာချက်ပြုတ်စရာတွေ ၀ယ်ကြသည်။

ဝယ်စရာထွေထွေထူးထူးမရှိလည်း ဟိုဆိုင်ဒီဆိုင်တွေကို အလကားမတ်တင်း ၀င်ကြည့်ကြသေး၏။




Dry weather has turned grass brown by a road in Singapore.



















Some leaves on plants in a park turned brown after a dry February 2019.


ယခုနှစ်မှာတော့ စင်ကာပူမှာ ရာသီဥ တု ပူအိုက်လာတာများသဖြင့် ဘတ်စ်ကားစီးနည်းတစ်မျိုး တိုးလာတော့သည်။

အရပ်ထဲက ဂျူရောင်းဝက်စ်ဈေးမှာဖြစ်ဖြစ်၊ ဂျူရောင်းအိစ်က Jem နဲ့ West Gate ကုန်တိုက်ကြီးများမှာဖြစ်ဖြစ် တစ်ပတ်စာချက်စရာတွေ ၀ယ်ပြီးသောအခါ ဘတ်စ်ကားမှတ်တိုင် ဒါမှမဟုတ် ဘတ်စ်ကားဂိတ် (Bus terminal) မှာရပ်နေကြရင်းက တစ်ဦးမျက်နှာကိုတစ်ဦးကြည့်မိတတ်ကြ၏။

ဒါဆို နှစ်ဦးသား သဘောပေါက်ကြပေပြီ။

' ဒီနေ့ပူအိုက်တယ်။ အအေးခံရင်း ကားတစ်ပတ်စီးကြရအောင် ' ဆိုတာရယ်ပါ။

ဂျူရောင်းဝက်စ်ဈေးကနေ ဘတ်စ်ကား ၂ မှတ်တိုင်စီးပြီးအိမ်ပြန်ရောက်နိုင်တာကို မစီးပဲ မှတ်တိုင် ၂၀ ကျော် လောက် ဘတ်စ်ကား ၂ ဆင့် (၄၉ ၊ ၃၃၄) စီးရသောခရီးကို ပြောင်းပြန်စီးတတ်ကြသည်။

တစ်နာရီနီးပါးစီးပြီး အိမ်ရောက်တော့၏။ ကားထဲတွင် မအေးပဲဘယ်မှာရှိပါအံ့နည်း။

ဂျူရောင်းအိစ်က Jem နဲ့ West Gate ကုန်တိုက်ကြီးများမှာဈေးဝယ်ဖြစ်သောနေ့တွင် မှတ်တိုင် ၁၅ ခုလောက်နှင့်အိမ်ပြန်ရောက်မည့် ဘတ်စ်ကား (၃၃၄) ကိုမစီးပဲ မှတ်တိုင် ၂၀ ကျော်ခန့်စီးရသောဘတ်စ်ကား (၄၉ ) ကို အအေးခံသက်သက်ပတ်စီးကြပြန်သည်။

ဘတ်စ်ကားပေါ်မှာ အအေးဇိမ်ခံပြီးနောက် အိမ်သို့ပြန်ရောက်ကြတော့၏။

ဟုတ်ကဲ့။

အအေးခံ ကားတစ်ပတ်စီးခြင်းဆိုတာ ဒါပါပဲဗျ။




ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၉


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (9)









ညီလာခံပထမနေ့တွင် မိမိ ပထမဆုံးနားထောင်ဖြစ်သောသုတေသနစာတမ်းများမှာ ချော်လဲကျခြင်းနှင့်ကြိုတင်ပြင်ဆင်ကာကွယ်ရေးတို့အကြောင်းဖြစ်သည်။








မိမိရေးလက်စ WCPT ဂျနီဗာခရီးစဉ်အမှတ် (၉) ကိုဆက်ရေးရန် အထက်ပါစာတစ်ကြောင်းရေးပြီး draft အဖြစ် save လုပ်ထားဆဲ အသိတစ်ဦး၏ပေါင်ထိပ်ရိုးကျိုးခြင်းသတင်းကို စိတ်မကောင်းစွာကြားသိခဲ့ရသည်။

.............



မကြာသေးခင်က မော်လမြိုင်မှမိမိနှင့်ရင်းနှီးသော အသက် ၉၀ ကျော်အသိတစ်ဦး ချော်လဲကျပြီးပေါင်ထိပ်ရိုးကျိုးသွားခဲ့သည်။ ရန်ကုန်မှဆေးရုံကြီးတစ်ခုတွင် အရိုးခွဲစိတ်ကုဆရာဝန်ကြီးက ကျိုးသွားသောပေါင်ထိပ်ရိုးခေါင်း (femoral head) ကိုဖြတ်ထုတ်လျက် ပေါင်ထိပ်ရိုးခေါင်းအတု (prosthesis) ဖြင့်အစားထိုးထည့်ပေးခဲ့ ၏။

သူ၏သားဖြစ်သူဆရာဝန်က ဓာတ်ပုံများတင်ထားသဖြင့် သိလိုက်ရသည်။

ယခုအခါ လေးချောင်းထောက် (Walking frame) ခေါ် အားပြုကရိယာဖြင့် အိမ်မှာလမ်းလျောက်လေ့ကျင့်ရင်း သွားလာနိုင်နေပြီဖြစ်သည်။ ဗွီဒီယိုရိုက်ပြီး ဖေ့စ်ဘွတ်တွင်တင်ထားသဖြင့် ကြည့်ပြီးဝမ်းသာမိသည်။

ဟိုယခင်က ယခုလိုဖြစ်ပါမူ လူနာများခမျာ လမ်းထလျောက်ဖို့နေနေသာသာ အိပ်ရာထဲမှာပင်ရှိနေရှာပေဦးမည်။ အချို့ လူနာများသည် အိပ်ရာတွင်နေရချိန်ကြာလွန်သောကြောင့် အိပ်ရာနာ (bedsore) များပင်ဖြစ်ကုန်ကြရရှာသည်။


                                  
                  မြီးညောင့်ရိုးနှင့်တင်ပါးတို့တွင်ဖြစ်သော အိပ်ရာနာ   


                                                                                
                                                                                                  ခြေဖနောင့်တွင်ဖြစ်သောအိပ်ရာနာ

ယခုတော့၊

  • သားသမီးများက ဖခင်ကို ရန်ကုန်ရှိအထူးကုဆေးရုံကြီးသို့ အချိန်မီခေါ်သွားလျက် ကုသမှုခံယူစေခြင်း
  • အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့က ကျွမ်းကျင်မှုပညာစွမ်းဖြင့် ထိရောက်စွာကုသပေးခဲ့ခြင်း
  • ခွဲစိတ်ကုမှုပြီးသည်နှင့် အကြောအဆစ်ကုပညာဖြင့်ပြန်လည်ထူထောင်ပေးရေး (Physiotherapy and rehabilitation) ကို ဆက်တိုက်ပြုလုပ်ပေးခြင်း (ခွဲစိတ်ပြီး ၅ ရက်မြောက်နေ့မှာ အနည်းငယ်စပြီးလမ်းလျောက်ကြောင်းသိရသည်။)
  • မိသားစု၏အင်တိုက်အားတိုက် ပြုစုစောင့်ရှောက်အားပေးကူညီမှု
အစရှိသည်တို့ကြောင့် အချိန်တိုတိုလေးအတွင်းမှာ လူနာက ပြုံးရွှင်ရယ်မောလျက် လမ်းပြန်လျောက်နိုင်ပြီဖြစ်ရာ ၀မ်းမြောက်စရာပင်ဖြစ်တော့သည်။




ဆက်ပြီးရေးပါဦးမည်။






Saturday, June 22, 2019

ရာသီအပူနှင့်ကင်ပွန်းချဉ်ဟင်းချို




                

အိမ်ရှင်မ၏လက်ရာ ကင်ပွန်းချဉ်ဟင်းချို


ယခုတလော စင်ကာပူတွင် ရာသီဥတုပူသည်။

လမ်းထွက်မှ ပူသည်မဟုတ်။
အိမ်ထဲမှာနေရင်းလည်း ပူအိုက်သည်။
အပြင်ထွက်သောအခါ ပိုဆိုး၏။

ဆေးရုံတွင် အခါတိုင်းအလုပ်လုပ်နေတုန်းက ပူသည်ဟုထူးထူးခြားခြားမခံစားမိပေ။

ယခုအခါ ဘတ်စ်ကားမှတ်တိုင်မှ ဆေးရုံအထဲသို့ ပုံမှန်လမ်းလျောက်သွားရုံဖြင့် ချွေးစို့ကာပူအိုက်လာသည်။
၇ မိနစ် ၈ မိနစ်ခန့် လမ်းလျောက်လာရုံဖြင့် မျက်နှာကိုချွေးသုတ်ရတော့ပြီ။

သို့သော် ဌာနတွင် လေအေးစက်ကြောင့် ခံသာသေး၏။

လူနာဆောင်များတွင် လေအေးစက်မရှိပဲ ပန်ကာများသာရှိသဖြင့် လူနာကြည့်ရင်း စမ်းသပ်ရင်း သိသိသာသာကြီးအိုက်လာသည်။

မျက်နှာသာမဟုတ်ပဲ တစ်ကိုယ်လုံးချွေးများထွက်လာတတ်သည်။

လမ်းမှာ အလုပ်မှာ ဓာတ်လှေကားထဲမှာ လူတွေနှင့်တွေ့က 'ပူတယ်နော်' 'ရာသီဥတုက ပူလိုက်တာ' ဟု မှတ်ချက်ပြုနှုတ်ဆက်ကြသည်။

သို့ဖြစ်ရာ အိမ်ရှင်မက အခုရက်ပိုင်း ကင်ပွန်းချဉ်ဟင်းချိုလေးချက်သဖြင့် အခါတိုင်းထက် ပို၍သောက်ကောင်းသည်။ သောက်လိုက်သည်နှင့် ရင်ထဲမှာ သိသိသာသာအေးဆင်းသွားတော့သည်။ 

ထိုကြောင့် ကင်ပွန်းချဉ်၏ဆေးဘက်ဝင်အာဟာရတန်ဖိုးကို တန်ဖိုးထားမိ၏။

မြန်မာ့ဆေးစွမ်းအကြောင်းဆောင်းပါးတစ်ပုဒ်တွင် အောက်ပါအတိုင်းရေးထားသည်။

ပူပြင်းခြောက်သွေ့သောနွေကာလနှင့်လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်းအစာတစ်မျိုးမှာ ကင်ပွန်းချဉ်ဖြစ်သည်တဲ့။









Thursday, June 20, 2019

ဆေးရုံအလုပ် တစ်ကျော့ပြန် (၂)




ဆေးရုံမှာ နေ့တစ်ဝက်အလုပ်လုပ်တယ်ဆိုတာ မနက် ၈ နာရီခွဲကနေ နေ့ခင်း ၁၂ နာရီခွဲအထိ ၄ နာရီကြာပါတယ်။

ဆေးရုံဆိုတော့ ယခင်က မိမိလုပ်ခဲ့တဲ့ ဗွီဒလျှူအို (Voluntary Welfare Organisation - VWO) အဖွဲ့အစည်းနဲ့မတူပါဘူး။ 

ဗွီဒလျှူအိုမှာက ကလေးတွေ (အထူးသဖြင့်ဥာဏ်ရည်မသန်စွမ်းကျောင်းသူကျောင်းသားတွေ) နဲ့လူရွယ်လူကြီးတွေရဲ့ အထူးကျန်းမာရေးလိုအပ်ချက်များ (special healthcare needs - SHCN) ကို ဖြည့်ဆည်းပေးကြရတာ။ 

ဒါပေမယ့် သူတို့ရဲ့ မူလရည်ရွယ်ချက်က ကျန်းမာရေးအဓိကမဟုတ်ဘူး။ 

  • ကျောင်းတွေမှာရှိတဲ့ကလေးတွေအတွက်က ပညာရေး (Education)
  • သင်တန်းဌာနတွေမှာရှိတဲ့ လူငယ်လူရွယ်တွေအတွက်ဆို အသက်မွေးဝမ်းကျောင်းအတတ်ပညာ (Vocational training)
  • နေ့ခင်းစောင့်ရှောက်ရေးဌာနတွေမှာဆို အခြေခံနေထိုင်သွားလာမှုကိစ္စတွေသင်ကြားလေ့ကျင့်ပေးခြင်း (Activities of daily living - ADL)  

ဆေးရုံဆိုတာက ဆေးဝါးကုသမှု (တနည်း) ကျန်းမာရေးစောင့်ရှောက်မှုပေးရတာ။

အစိုးရဆေးရုံပဲဖြစ်ဖြစ် ပုဂ္ဂလိကဆေးရုံပဲဖြစ်ဖြစ် ဆေးဝါးကုသပေးဖို့ပဲ။ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ပဲ။

ဒီတော့ ဆေးဘက်ပညာသိပ္ပံကျောင်းသားဘ၀က ဆေးရုံတွေကိုသွားခဲ့ရတာ၊ ဖျားနာ ခွဲစိတ် ခြေတုလက်တု မသန်စွမ်းပြန်လည်ထူထောင်ရေး အစရှိတဲ့လူနာဆောင်တွေနဲ့ ဌာနတွေကိုသွားခဲ့ရတာအားလုံးကို ပြန်လည်အမှတ်ရမိတယ်။ 

ကျောင်းပြီးလို့ အလုပ်ထဲရောက်ပြန်တော့လဲ ဆေးရုံတွေမှာရှိတဲ့ လူနာဆောင်တွေကိုသွားပြီး ဖျားနာ ခွဲစိတ်အစရှိတဲ့လူနာအမျိုးမျိုးကို ကုသမှုပေးခဲ့ရတာတွေ သတိတရရှိမိတယ်။

အခုက ဆေးရုံဝန်းကျင်မှာ ဒီအငွေ့အသက်တွေ ပြန်ကြုံတွေ့ပြီး ပြန်ခံစားနေရပြီလေ။

မိမိရဲ့ ရုံးခန်းရှိတဲ့အကြောအဆစ်ကုဌာန (Physiotherapy Department) ကနေ ကိုယ်တာဝန်ကျတဲ့လူနာဆောင်တွေဆီကို တစ်ခုပြီးတစ်ခုသွားကြရတယ်။ ဒီမှာက လူနာအဆောင်တွေကို ဘလော့ဝမ်း Block 1၊ ဘလော့တူး Block 2 စသဖြင့် နံပတ်နဲ့အမည်ပေးထားပြီး ရောဂါဝေဒနာနဲ့လူနာအမျိုးအစားအလိုက်ထားရှိတယ်။ 

အဲဒီမှာ ကိုယ်ကြည့်စရာရှိတဲ့ လူနာအသစ်နဲ့အဟောင်းတွေကိုကြည့်ပြီး ကုသမှုပေးရတယ်။ လူနာအသစ်ကို အကြောအဆစ်ကုသမှုအတွက် အထူးကုဆရာဝန်ကြီး သို့မဟုတ် အဆောင်တာဝန်ခံဆရာဝန်ကြီးကလွဲလိုက်ပြီဆိုရင် မိမိတို့က ကုသမှု (treatment) မပေးနိုင်သေးတောင်မှ လူနာကို ၂၄ နာရီအတွင်းကြည့်ဖြစ်အောင် (assessment) ကြည့်လေ့ရှိကြတယ်။

ဒါက အကြောအဆစ်ကုဌာနက ကိုယ့်ဘာသာကိုယ် သတ်မှတ်ထားတာပါ။ ဘယ်သူကမှပြောလို့မဟုတ်ပါဘူး။ တကယ်တော့ ၂ ရက် ၃ ရက်အတွင်းကြည့်ရင်လဲဖြစ်တာပါပဲ။

နံနက် ၁၁ နာရီခွဲကျော်ကျော်လောက်မှာတော့ ဌာနကိုအသီးအသီးပြန်လာကြပြီး ကွန်ပြူတာထဲမှာလူနာမှတ်တမ်းတွေရေးဖြည့်ကြရတာ။ 

လူနာမှတ်တမ်းက အားလုံးအတွက် ပုံစံတစ်ခုတည်းဖြစ်ပြီး Subjective, Objective, Assessment, Treatment, Plan အစရှိသဖြင့်ပါရှိပါတယ်။ 

ကိုယ်စမ်းသပ်တွေ့ရှိတာတွေရယ်၊ ကုသမှုပေးခဲ့တာတွရယ်၊ နောင်ကိုဖြည့်စွက်ကုသပေးမယ်လို့ရည်ရွယ်ထားတာတွေရယ်။ Therapist Assistant (TA) တွေကို ညွှန်ကြားရတာတွေရယ်၊ အဆောင်ကတာဝန်ကျဆရာဝန်နဲ့သူနာပြုဆရာဆရာမများကို ပြောချင်တာရှိကပြောဖို့ရယ် (recommendation) အကုန်ပါရှိပါတယ်။
အကြောအဆစ်ကုဌာန (Physiotherapy Department) ရဲ့  ဌာနမှူး (Head) က အကြောအဆစ်ကုပညာရှင်ပဲဖြစ်ပါတယ်။ တခြားဘယ်ဆရာဝန် ဘယ်အထူးကုဆိုသူတွေမှမရှိပါဘူး။ မလိုလို့ပေါ့

အကြောအဆစ်ကုပညာရှင်တွေကို Refer to PT ဆိုတာကလွဲပြီး ဘာအပိုအဆာမှ ရေးလေ့မရှိဘူး။ 
အမြီးမတတ်ဘူး။ 



ဆက်ရေးပါဦးမည်။









Tuesday, June 18, 2019

ကျွန်းသာယာ သတင်းစဉ်



ကျွန်းသာယာဘလော့စာဖတ်ပရိသတ်များအတွက် သတင်းစဉ်စာစောင်လေးတစ်စောင်ထုတ်ဝေရန် ပြင်ဆင်နေပါသည်။

သတင်းများကို မြန်မာပြည်ထုတ်သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များနှင့် ပြည်ပမှထုတ်ဝေသော စာ-နယ်-ဇင်းများမှ အဓိကရွေးခြယ်ရယူပါမည်။ 

သတင်းရေးသားမှုကိုမူ ကျွန်းသာယာသတင်းစဉ်အယ်ဒီတာမှ သင့်တော်သလို အနှစ်ချုပ်ပြန်လည်ရေးသားမည်ဖြစ်သည်။ တိုက်ရိုက်ကူးယူဖော်ပြခြင်းမျိုး မပြုလုပ်ပါ။

ဓာတ်ပုံများကို ထည့်သွင်းအသုံးပြုသောအခါ မူလဖော်ပြခဲ့သည့်အရင်းအမြစ်ကိုဖော်ပြပေးပါမည်။ 
အကျိုးအမြတ်အတွက်ထုတ်ဝေသောသတင်းစဉ်မဟုတ်သဖြင့် ကြိုတင်ခွင့်ပြုချက်ကို ရယူမည်မဟုတ်ပါ။ 

ဖေ့စ်ဘွတ်ကဲ့သို့သော social networking website မှသတင်းများကို ကိုးကားခြင်း ဖော်ပြခြင်းပြုလုပ်မည်မဟုတ်ပါ။

မည်သို့ဆိုစေ အရင်းအဖြစ်ခိုင်မာစိတ်ချရသည်ဟုယူဆရသည့်သတင်းများ ဆောင်းပါးများ သတင်းထုန်ပြန်ချက်များကိုသာ ကျွန်းသာယာသတင်းစာစဉ်အယ်ဒီတာမှ ဂရုတစိုက်စိစစ်ရွေးခြယ်ဖော်ပြသွားမည်ဖြစ်သည်။ 

သတင်းများကိုဖော်ပြရာတွင် အယ်ဒီတာ၏အကြိုက်သက်သက်ကို ဘက်လိုက်ရွေးခြယ်ဖော်ပြခြင်းမျိုးမပြုလုပ်ပဲ စာဖတ်ပရိသတ်အကျိုးရှိမည့်သတင်းမျိုးနှင့်အကြောင်းအရာမျိုးများကိုသာ ပုဂ္ဂလဓိဋ္ဌာန်ကင်းရှင်းစွာဖြင့် ထည့်သွင်းသွားမည်ဖြစ်ပါကြောင်း။ ။














































မကြာမီ လာမည် မျှော် ....

  












Monday, June 17, 2019

ဦးနု ဦးသန့်နှင့်သူတို့၏စာများ (၂)



ဦးနုနှင့်ဦးသန့်နှစ်ဦးမှာ အရင်းနှီးဆုံးမိတ်ဆွေများဖြစ်ကြပြီး တူညီမှု တိုက်ဆိုင်မှုလေးများရှိကြသည်မှာ စိတ်ဝင်စားဖို့ကောင်းလေသည်။

ဦးနုသည် ဧရာဝတီတိုင်း မြောင်းမြခရိုင်က ၀ါးခယ်မသား။
ဦးသန့်သည်လည်း ဧရာဝတီတိုင်း မအူပင်ခရိုင်က ပန်းတနော်သား။
ဧရာဝတီတိုင်းသားနှစ်ဦး။

နှစ်ဦးလုံးမှာ နာမည်တစ်လုံးစီသာရှိကြသည်။ နုနှင့်သန့်။
ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါခဲ့ကြသည်။
ကြီးလာလျှင် စာရေးဆရာလုပ်ရန်ဆန္ဒရှိခဲ့ကြတာခြင်းတူသည်။

ဦးနုနှင့်ဦးသန့်တွေ့ဆုံကြုံကြိုက်ခဲ့ကြပုံမှာ ပဌာန်းဆက်ဟုဆိုလောက်သည်။
ဧရာဝတီတိုင်းအတွင်းမှာ နှစ်ဦးလုံးမွေးခဲ့ကြပြီး မြို့ နီးချင်းတွင် ကျောင်းဆရာအတူလုပ်ကြရင်း သိကျွမ်းခင်မင်ခဲ့ကြသည်။

ဦးနု ၀န်ကြီးချုပ်ဖြစ်လာသောအခါ ပန်းတနော်တွင်ကျောင်းဆရာလုပ်နေသည့်ဦးသန့်ကို ရန်ကုန်သို့ခေါ်ပြီး အသံလွှင့်ဌာနညွှန်ကြားရေးမှူးရာထူးပေးသည်။ နောက်ပိုင်းမှာ ဦးသန့်သည် ဦးနု၏အစိုးရအဖွဲ့တွင် ရာထူးအမျိုးမျိုးထမ်းဆောင်လျက် ဦးနုနှင့်နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ရသည်။

၁၉၅၇ ခုနှစ်တွင် ဦးနုက ဦးသန့်အား ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်တာဝန်ထမ်းဆောင်စေရာမှ နောင်တွင် ဦးသန့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်လာခဲ့တော့သည်။





မိမိသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့် (တနည်း) စာရေးဆရာဦးသန့်၏စာများကို မဖတ်ရခင် တက္ကသိုလ်စိန်တင်ရေးသားပြုစုသော 'ကမ္ဘာ့ငြိမ်းချမ်းရေးပိသုကာ ဦးသန့်' အကြောင်းစာအုပ်ကို ဦးစွာဖတ်ခဲ့ရသည်။ 

ထိုနောက်ပိုင်းတွင်မှ ဦးသန့်၏စာအချို့ ကို ဟိုနေရာဒီနေရာတို့တွင် တွေ့ရှိဖတ်မိသည်။ 

ဦးသန့်၏ပထမဦးဆုံးသောစာမူမှာ ၁၉၂၈ ခုနှစ် ၁၅ နှစ်သားအရွယ်က ဘားမားဘွိုင်း (Burma Boy) စာစောင်တွင် အင်္ဂလိပ်လိုရေးသားခဲ့သောစာဟုသိရသည်။ ထိုစဉ်ကထုတ်ဝေခဲ့သော ရန်ကုန်တိုင်းမ်သတင်းစာတွင်လည်း အယ်ဒီတာထံပေးစာများကို အင်္ဂလိပ်လိုရေးသားခဲ့သေးသည်။

တစ်ဖန် ဂန္ထလောကမဂ္ဂဇင်းတွင် အင်္ဂလိပ်လိုဆောင်းပါးအတော်များများ ရေးသားခဲ့သည်။ ထိုမျှမကသေး။ ထိုခေတ်အခါကထုတ်ဝေခဲ့ကြသော သူရိယ၊ ကြီးပွားရေး၊ ဒီဒုတ်၊ တိုးတက်ရေး၊ စာဆိုတော်၊ မြန်မာ့အလင်း နဂါးနီ အစရှိသည့် စာနယ်ဇင်းအမျိုးအစားစုံတွင်လည်း မြန်မာလိုစာများရေးသားခဲ့ပါသည်။၊ 


ဆက်ရေးပါဦးမည်။




Sunday, June 16, 2019

ဦးနု ဦးသန့်နှင့်သူတို့၏စာများ (၁)



မနေ့က မြန်မာသတင်းစာများကိုဖတ်ရင်း မြန်မာနိုင်ငံ၏ပထမဦးဆုံးဝန်ကြီးချုပ်ဦးနုနှင့်မြန်မာနိုင်ငံသားကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်တို့အကြောင်းဖတ်မိသည်။ 

သူတို့အကြောင်းဟုဆိုရသော်လည်း သူတို့၏အတ္ထုပ္ပတ္တိစာမျိုးမဟုတ်။

ကြေးမုံသတင်းစာမှာ စာရေးဆရာဦးဟန်ညွန့် (ဥပဒေ) က ဦးသန့်၏စာရေးဆရာဘ၀ကို တစေ့တစောင်းရေးထားသည်။  

ဦးနုအကြောင်းကတော့ သူသာအသက်ရှင်နေသေးပါက ယခုအခါ အသက် ၁၁၂ နှစ်ရှိလိမ့်မည်ဟု သတိရလျက် 'ဦးနု ထာဝရရန်ပုံငွေအဖွဲ့' မှ သူ၏မွေးနေ့အလှူကြော်ငြာစာ။ ဆောင်းပါးမဟုတ်ပေ။





ဝန်ကြီးချုပ်ဦးနု


ကြော်ငြာတွင် 'ဆဋ္ဌသံဂါယနာ ပဓာန သာသနာ့ဒါယကာကြီး စာရေးဆရာကြီး ၀န်ကြီးချုပ်ဟောင်းဦးနု' ဟူ ခေါင်းစည်းတပ်ထားသဖြင့် သူရေးခဲ့သောစာအချို့ ကို ပြန်လည်သတိရမိသည်။



                      


မိမိသည် ငယ်စဉ်ကပင် ဦးနု၏စာနှင့်စတင်ထိတွေ့ခွင့်ရရှိခဲပါသည်။ ၅ တန်း ၆ တန်းအရွယ်ဟုထင်ပါသည်။ အိမ်တွင် စာအုပ်များများစားစားမရှိလှသော်လည်း ဦးနု၏ 'လူပေါ်လူဇော်လုပ်နည်း' စာအုပ်အဟောင်းလေးကိုတွေ့ရ ကောက်ဖတ်ကြည့်မိသည်။ သေသေချာချာတော့ နားလည်သည်မဟုတ်ပါ။ စာအုပ်ခေါင်းစဉ်နှင့် အတွင်းကစာများ မည်သို့ဆက်စပ်မှုရှိကြောင်းလည်း မတွေးမိခဲ့ပါချေ။

နောက်ပိုင်း အရွယ်ရောက်လာပြီး စာပေများဖတ်ရှုလာသောအခါတွင် မိမိငယ်စဉ်ကဖတ်ကြည့်ခဲ့ဖူးသော 'လူပေါ်လူဇော်လုပ်နည်း' စာအုပ်သည် 'မိတ္တဗလဋီကာ' စာအုပ်နှင့်အတူတူဖြစ်ကြောင်းသိလာရသည်။ စာအုပ်တစ်အုပ်တည်း၏အမည်ကို ဆန့်ကျင်ဘက်အဓိပ္ပာယ်ဆောင်သောအမည် ၂ မျိုးပေးထားသလိုဖြစ်နေသည်။ 

ရန်ကုန်တွင် မိမိအလုပ်လုပ်နေစဉ်က ဒေးကာနယ်ဂျီ၏ How To Win Friends and Influence People မူရင်းအင်္ဂလိပ်စာအုပ်လေးကို လမ်းဘေးအဟောင်းဆိုင်က ၀ယ်ခဲ့ဖူးသည်။ အောက်ပါမျက်နှာဖုံးဒီဇိုင်းနှင့်ဆင်တူသော်လည်း စာအုပ်အဖုံးမှာ အနီရောင်ဟုမှတ်မိနေသည်။ စာမျက်နှာ ၃၀၀ ခန့်သာရှိပြီး မထူလှပေ။ အင်္ဂလိပ်စာအရေးအသားမှာ များစွာမခက်ခဲပဲ ဖတ်ရလွယ်ကူရှင်းလင်းပါသည်။







ဒါနှင့်ပတ်သက်ပြီး မူရင်းဘာသာပြန်ရေးသားသူ ၀န်ကြီးချုပ်ဦးနုက အင်္ဂလိပ်စာအုပ်၏အမည်ကို အမှားမှားအယွင်းယွင်းဘာသာပြန်ထားသော သူ၏အမှားဖြစ်ကြောင်းပြောခဲ့သည်။ မည်သို့ဆိုစေ အုပ်ရေ ၁၅ သန်းကျော်အထိရောင်းချခဲ့ရသော ကမ္ဘာကျောစာအုပ်တစ်အုပ်ကို မြန်မာစာဖတ်ပရိသတ်များဖတ်ရှုနိုင်စေရန် စေတနာထက်သန်စွာဘာသာပြန်ရေးသားခဲ့သည့်အတွက် စာရေးဆရာဝန်ကြီးချုပ်ဦးနုအား ကျေးဇူးတင်ထိုက်ပါသည်။   

ဦးနု၏အခြားထင်ရှားသောစာအုပ်အချို့ မှာ ...

  • တာတေစနေသား
  • ကာမတဏှာ
  • ငါးနှစ်ရာသီ ဗမာပြည် (၁၉၄၁ - ၁၉၄၅)
  • ရက်စက်ပါပေ့ကွယ်
  • ငရဲဆို ချိုနဲ့လားဗျို့ 
  • အိန္ဒိယပြည်၌ ဟောပြောသောတရားတော်များ ဖြစ်ကြသည်။



အထက်ပါဦးနု၏စာအုပ်များအထဲမှ 'တာတေစနေသား' စာအုပ်၏ထူးခြားချက်မှာ နိုင်ငံခြားတွင် မြန်မာ အင်္ဂလိပ် ၂ ဘာသာနှင့်ပုံနှိပ်ထုတ်ဝေပြီး နှစ်အတန်ကြာမှ မြန်မာပြည်တွင်ပုံနှိပ်ထုတ်ဝေခွင့်ရခဲ့ခြင်းဖြစ်သည်။ 

ဒါနှင့်ပတ်သက်ပြီး ၀န်ကြီးချုပ်ဦးနု၏သမီးကြီး ဒေါ်စန်းစန်းနုက အောပါအတိုင်းပြောခဲ့ပါသည်။ 


"ဒီစာအုပ် တာတေစနေသားက ဗမာပြည်မှာ အခုစာအုပ် ဖြစ်သွားပြီ။ ကျွန်မအဖေဟာ ဒီအချိန်မှာ လူ့လောကထဲမှာ မရှိတော့ဘူး။ အဲဒီအတွက် ကျွန်မတို့ စိတ်မကောင်းဖြစ်မိပါတယ်"
      
ဦးသန့်စာများကို နောက်ပိုင်းမှာမှ တွေ့ခဲ့ ဖတ်ခဲ့ရသည်။



  
အမှတ် (၂) ကို ဆက်ဖတ်ပါ။






Saturday, June 15, 2019

ရေးဖြစ်တဲ့စာများ (၂)



စာတွေရေးရေးပြီး စင်ကာပူကနေ သတင်းစာတိုက်များသို့ အပို့များသည်။
အီးမေးမှတဆင့်ပို့ရသည်။

အချို့ သောသတင်းစာတိုက်များသည် စာမူပို့လိုက်ပြီးသည်နှင့် မိမိ၏စာမူရရှိကြောင်းနှင့်ကျေးဇူးတင်ကြောင်း စက္ကန့်ပိုင်းအတွင်း အောက်ပါအတိုင်း အကြောင်းပြန်ကြားလေ့ရှိသည်။





စာမူဖော်ပြပေးခြင်းရှိမရှိသိရန် သတင်းစာများကို စောင့်ဖတ်ရသည်။

























မြ၀တီသတင်းစာတွင်ပါရှိခဲ့သော ဆောင်းပါးအချို့ 



















အမှန်မူ စာမူပို့ထားသည်ဖြစ်စေ မပို့ထားသည်ဖြစ်စေ သတင်းစာများကိုတော့ ဖတ်ဖြစ်နေသည်က များပါသည်။

မိမိသည် ဆေးဘက်ပညာသိပ္ပံကျောင်းသားဘ၀ဖြင့် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်အခါက မိမိတိုဆေးဘက်ပညာသိပ္ပံကျောင်းသားများနေသောရွှေဘိုဆောင်ရှိနားနေဆောင်တွင် ညနေတိုင်း သတင်းစာဖတ်ဖြစ်ခဲ့သည်။ 

ကျောင်းပိတ်သော တနင်္ဂနွေရက်တွင် လှည်းတန်းဈေးသို့လက်ဘက်ရည်သောက်သွားရင်း အ၀ိုင်းကြီးအနီးရှိ 'မြင့်စာပေ'ဆိုင်တွင် အင်္ဂလိပ်သတင်းစာသွားဝယ်တတ်ပါသည်။ အဆောင်ကိုပြန်ရောက်သောအခါ အဘိဓာန်တစ်အုပ်ဖြင့် ဖတ်ရသည်။ သတင်းသိဖို့ထက် အင်္ဂလိပ်စာလေ့လာရန်အဓိကဖြစ်သည်။

ပြောချင်သည်မှာ မိမိသည်
သတင်းစာကြိုက်သူ၊
သတင်းစာနှင့်ရင်နှီးသူ၊
သတင်းစာဖတ်သူမှ သတင်းစာတွင် ဆောင်းပါးရေးသူဖြစ်လာခဲ့သည်ဟူ

စောစောကအထက်တွင်ရေးခဲ့သော သတင်းစာပါ မိမိ၏စာများအကြောင်းဆက်ပြောပါမည်။

ယခုတစ်ခါတော့ စာမူခကိစ္စ။

ကြေးမုံနှင့်မြန်မာ့အလင်းသတင်းစာတိုက် ၂ တိုက်မှလွဲပြီး မြ၀တီသတင်းစာတိုက်၊ စောင့်ကြည့်သတင်းဂျာနယ်နှင့် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတို့မှ စာမူခများရခဲ့ပါသည်။




   



ကြေမုံနှင့်မြန်မာ့အလင်းတွင် စာမူမများလှသည်ကတစ်ကြောင်း၊ ရန်ကုန်တွင်အချိန်မရသဖြင့်လည်းကောင်း စာမူခသွားမတောင်းတော့ပါ။ စောင့်ကြည့်သတင်းဂျာနယ်နှင့်ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းတို့မှစာမူခများကိုမူ ၂၀၁၈ နှစ်ဦးပိုင်းမှာ ရန်ကုန်ရောက်စဉ်က ရခဲ့ပါသည်။

မြ၀တီမှ ဆောင်းပါး ၁၅ ပုဒ်အတွက်စာမူခများကို ရန်ကုန်ရှိတူမဖြစ်သူက ယခုနှစ်ဧပြီလမှာ မိမိမြန်မာပြည်သို့မပြန်မီကပင် ကြိုတင်တောင်းထားပေးခဲ့ပြီး အောက်ပါအတိုင်းအကြောင်းကြားခဲ့ပါသည်။ 

ဦးရေ စာမူက ၁၅ပုဒ်စာ ၇၅၀၀၀ကျပ်ရပြီး ဘယ်ကိုလွဲပေးရမလဲ 


မြန်မာပြည်ကိုပြန်ရောက်တုန်း လက်ဘက်ရည်ဖိုးလေးတော့ရခဲ့ပါ၏။





ဆက်ရေးပါဦးမည်။


မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်း WCPT ကမ္ဘာ့အသင်းဝင်ဖြစ်ပြီ

သတင်းဆောင်းပါး



MPAဥက္ကဋ္ဌဦးတင်လှိုင်စိုးနှင့် WCPT VicePresident ဒေါက်တာမားဂေါ့စကင်နာ၊ ဂျနီဗာ။


မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်း (Myanmar Physiotherapy Association - MPA) သည် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် နိုင်ငံတော်အစိုးရမှတရားဝင်အသိအမှတ်ပြုခဲ့သောပညာရှင်အသင်းဖြစ်လာခဲ့သည်။ 

ထိုအချိန်မှစပြီး မြန်မာနိုင်ငံအကြောအဆစ်ကုပ ညာရှင်အသင်းသည် ဒုတိယလုပ်ငန်းစဉ်ကြီးဖြစ်သော အသင်းကြီး၏ကောင်စီဥပဒေကြမ်း (Physiotherapy Council Law [Draft]) ရေးဆွဲရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းကောင်စီဥပဒေကြမ်းကို ကျန်းမာရေးဝန်ကြီးရုံးသို့တင်သွင်းခဲ့ပါသည်။ 

တစ်ချိန်တည်းမှာ လန်ဒန်တွင်အခြေစိုက်သော ကမ္ဘာ့အကြောအဆစ်ကုပညာရှင်အသင်း ကြီး (World Confederation for Physical Therapy - WCPT) နှင့်ဆက်သွယ်ကာ အသင်းဝင် ဖြစ်လာရေးအတွက် လိုအပ်သောပြင်ဆင်မှုများကို WCPT၏လမ်းညွှန်ချက်များအရ ဆောင်ရွက်ခဲ့သည်။ 

WCPT၏အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ‘ဒေါက်တာမားဂေါ့စကင်နာ’ကိုယ်တိုင် မြန်မာပြည်သို့လာရောက်လျက် မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းကို လိုအပ်သောလမ်းညွှန်မှုပေးခြင်းနှင့် WCPTအသင်းဝင်ဖြစ် မြောက်ရေးအတွက် အကူအညီပေးခြင်းများပြုလုပ်ပေးခဲ့သည်။


၂၀၁၇ ခုနှစ်က တောင်အာဖရိကနိုင်ငံ ကိတ်(ပ)တောင်းမြို့ တွင်ပြုလုပ်ခဲ့သော အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံကြီးက မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းကိုယာယီအသင်းဝင် (Provisional member)အဖြစ်အသိအမှတ်ပြုခဲ့သည်။

ယင်းညီ လာခံတွင်စာရေးသူသည်မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းမှဒုဥက္ကဋ္ဌဦးတင်လှိုင်စိုးနှင့်အတူ ဒေါက်တာမားဂေါ့စကင်နာကိုတွေ့ဆုံလျက် တင်းပြည့်အသင်းဝင်ဖြစ်ရေး အတွက် လိုအပ်ချက်များနှင့်လမ်းညွှန်မှုများ ရယူဆွေးနွေးခဲ့ပါသည်။  

ပြီးခဲ့သောမေလက ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့ တွင် ကျင်းပခဲ့သောWCPT Congress က မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းကို တင်းပြည့်အသင်းဝင် (Full member) အဖြစ်အသိအမှတ်ပြုခဲ့သည်။ 

WCPT Press Release အရ ကမ္ဘာ့အ ကြောအဆစ်ကုပညာရှင်အသင်းကြီးတွင် အကြောအဆစ်ကုပညာရှင်အသင်းသားပေါင်း ၄၅၀,၀၀၀ ဦးရှိပြီး အသင်းဝင်နိုင်ငံပေါင်း ၁၁၀ ကျော်ရှိကြောင်းသိရှိရပါသည်။ 

ကမ္ဘာ့အကြောအဆစ်ကုပညာရှင်အသင်းကြီးက MPA ကို အကြောအဆစ်ကုပညာရပ်ဆိုင်ရာမူဝါဒများ၊ ပညာရပ်အဆင့်မြင့်မားရေးနှင့် ပညာရေးဖွံ့ဖြိုးမှု အစရှိသည်များကို  ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်သည်။

သို့ဖြစ်ရာမြန်မာနိုင်ငံ၏ကျန်းမာရေးစီမံဆောင်ရွက်မှုများတွင် အကြောအဆစ်ကုပညာရှင်များသည် ယခုထက်ပိုမိုထိရောက်အဆင့်မြင့်စွာ ၀န်ဆောင်မှုပေးနိုင်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းတို့ကိုကိုယ်စားပြုလျက် MPA ဥက္ကဋ္ဌ ဦးတင်လှိုင်စိုးက မြန်မာဝတ်စုံဝတ်ပြီး မြန်မာနိုင်ငံတော်၏အလံကို ပေးအပ်နိုင်ခဲ့သည်မှာ အားလုံးဝမ်းမြောက်ဂုဏ်ယူစရာကြီး ဖြစ်ခဲ့ပါသည်။ 



"World Confederation for Physical Therapy  (WCPT) granted Myanmar Physiotherapy Association (MPA) full membership"

Two years ago in Cape Town, South Africa, WCPT Executive Board granted MPA provisional membership. Since then executive committee members of MPA had made necessary preparations to meet the requirements of WCPT and to become a full-fledged member. 

WCPT General Meeting which took place on 8 and 9 May at the Starling Hotel in Geneva, Switzerland, granted MPA full member. 

During general meeting U Tin Hlaing Soe, who is a newly elected President of MPA, presented Myanmar national flag to WCPT President Dr Emma Stoke (Physical Therapist). 

Now Myanmar physiotherapists become members of WCPT through membership of their national association MPA. 

WCPT will help MPA establish policy and standards, develop education programmes and regulate the Physiotherapy profession in Myanmar.

According to WCPT Press Release, dated 10 May 2019, WCPT represents more than 450,000 physical therapists (also known as physiotherapist) through its 109 member organisations, and it is the international voice for physical therapy. 
Reported by Tin Maung Aye (Kanbalu) 



Friday, June 14, 2019

ရေးဖြစ်တဲ့စာများ (၁)



အလုပ်မှအနားယူပြီးနောက်
မိမိအလုပ်ချင်ဆုံးနှင့်
စိတ်အားအပြင်းပြဆုံးဆန္ဒမှာ
စာဖတ် စာရေးလိုခြင်းဖြစ်သည်။






  


 

(183 Comments နှင့် 6.4K Shares) 
မြ၀တီသတင်းစာ၏၀က်ဆိုက်တွင် တုန့်ပြန်မှုအများဆုံးရရှိခဲ့သော မိမိ၏ဆောင်းပါးတစ်ပုဒ်။




သို့ဖြစ်ရာ၊
အလုပ်မှအနားယူပြီးနောက် မိမိအနေဖြင့် စာတွေပိုရေးဖြစ်လာခဲ့သည်။

ဖေ့စ်ဘွတ်မှာ အချိန်အတော်ကြာကြာ ရေးဖြစ်ခဲ့သည်။

ဒီနောက်မှာ ဖေ့စ်ဘွတ်မှာ အရေးရပ်တဲ့ပြီး သတင်းစာဖက်ကိုလှည့်ရေးဖြစ်ပြန်သည်။

ကြေးမုံမှာ ရေးသည်။
မြန်မာ့အလင်းမှာ ရေးသည်။
မြ၀တီမှာ ရေးသည်။ အရေးအများဆုံးနှင့် ဖော်ပြပေးခြင်းအများဆုံးသတင်းစာဖြစ်သည်။

နောက်ပြီးတော့ News Watch ဂျာနယ်မှာလည်း ရေးဖြစ်လိုက်သေးသည်။

မဂ္ဂဇင်းအနေနဲ့က ရုပ်ရှင်တေးကဗျာမှာပဲ တစ်ပုဒ်ရေးဖြစ်သည်။    
ရေးဖြစ်သောစာများကို ပြန်ကြည့်ပြီး မိမိ အားရသည်။
ကျေနပ်သည်။
ပီတိဖြစ်သည်။
စာရေးရကျိုးနပ်သည်ဟု ခံစားမိသည်။
နောက်ထပ်ခွန်အားအသစ်များလည်း ရရှိခဲ့ပါသည်။

တစ်ချိန်တည်းမှာ မိမိ၏အောက်ဖော်ပြပါဆာင်းပါးများကို ကျယ်ပြန့်သောစာဖတ်ပရိသတ်ကြီးအတွက် ရွေး          ခြယ်  ဖော်ပြပေးခဲ့ကြသော အယ်ဒီတာများ၊ သတင်းစာများ၊ ဂျာနယ်နှင့်မဂ္ဂဇင်းတို့ကို အထူးကျေးဇူးတင်ရှိ         ကြောင်းပြောလိုပါသည်။





















၁။ အလွန်အခံရခက်သော မြီးညောင်းရိုးနာ (၂၀၁၇)
၂။ ခြေဖနောင့်နာခြင်း (၂၀၁၇)
၃။ အသက်ကြီးသူများ ချော်လဲကျခြင်းမှ ကာကွယ်ပေးမည့်လေ့ကျင့်ခန်းများ (၂၀၁၇)
၎။ ဒူးနာသူများဆောင်ရန် ရှောင်ရန် (၂၀၁၇)
၅။ အသက်ကြီးသူများသတိထား၊ ချော်လဲကျရင် အရိုးကျိုးမယ် (၂၀၁၇)
၆။ လေဖြတ်ခြင်းနှင့်ပြန်လည်လေ့ကျင့်ကုသပေးရေး (၂၀၁၇)
၇။ ကျမက Physiotherapist ပါမောင် (၂၀၁၇)
၈။ ကမ္ဘာသိကျော်ကြားခဲ့သော မြန်မာ့ဂုဏ်ဆောင်အရိုးခွဲစိတ်ကုဆရာဝန်ကြီး (၂၀၁၇)
၉ ။ အသက်ကြီးသူများသတိထား၊ ဆိုးဆိုးဆတ်ဆတ်လုပ်ရင် အကြောမျက်မယ် (၂၀၁၈)
၁၀။ ပြုံး ရယ် မလှတော့ပါ (၂၀၁၈)
၁၁။ ခြေထောက်အလှ ပျက်ရုံမက (၂၀၁၈)
၁၂။ ထိလွယ်ခိုက်လွယ် လက်ချောင်းလေးများ (၂၀၁၈) 
၁၃။ လေဖြတ်ခြင်းနှင့်ပြန်လည်လေ့ကျင့်ကုသပေးရေး (၁၇၊၁၂၊၁၇)
၁၄။ လက်မောင်းကိုက်ပြီး ပခုံးဆစ်ကပ်ခြင်း (၂၀၁၈)
၁၅။ အားကစားထိခိုက်အနာတရဖြစ်မှု သတိပြု (၂၀၁၈)
၁၆။ လက်ပြင်ငုပ် လက်ပြင်အောင့်ခြင်း (၂၀၁၈)
၁၇။ ခါးနာခြင်းနှင့်အမှတ်မှားသောအယူအဆများ (၂၀၁၈)
၁၈။ အသက်ကြီးသူများ အကြောမျက်ခြင်း (၂၀၁၈)
၁၉ ။ ပါးချိတ်ရိုးဆစ်နာခြင်း (၂၀၁၈)
၂၀။ ခြေသပွတ်တိုင်လည်ခြင်း (၂၀၁၈)
၂၁။ ကလေးသူငယ်နှင့်ဇက်စောင်းခြင်း (၂၀၁၈)
၂၂။ အသက်ကြီးသူများ လက်ကောက်ဝတ်ရိုးကျိုးခြင်း (၂၀၁၈)
၂၃။ အပူလောင်ပြီးနောက် အကြောအဆစ်ကာကွယ်ကုသရေး (၂၀၁၉)
၂၄။ လက်နှင့်လက်ချောင်းလေးများ ထုံကျဉ်ကိုက်ခဲခြင်း (၂၀၁၉)
























ဆက်ရေးပါဦးမည်။