"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, June 14, 2019

ဆေးရုံအလုပ် တစ်ကျော့ပြန် (၁)


လူတွေရဲ့ ဘ၀အချိုးအကွေ့ဆိုတာ အတော်လေးစိတ်ဝင်စားစရာကောင်းလှပါတယ်။

လုပ်တိုင်းလဲဖြစ်ချင်မှဖြစ်လာနိုင်သလို ကိုယ်ကဘာမှတမင်မလုပ်ရပါပဲ သူ့အလိုလိုဖြစ်လာတတ်တာမျိုးလဲ ရှိတတ်လေရဲ့ ။

ကိုယ့်အသက်အရွယ်အပိုင်းအခြားနဲ့ 'ပြီးသွားပြီ' လို့ထင်ထားမိတာအချို့ ဟာ သံသရာတစ်ပတ်ပြန်လည်တတ်တာမျိုးကို ပြောမယုံ ကိုယ်တိုင်ကြုံလို့သိခွင့်ရလိုက်ပါတယ်။

ဒီလိုပါ။



ရန်ကုန်ပြည်သူ့ဆေးရုံကြီး


ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Sciences) မှာ ၄ နှစ်ကြာ ပညာရင်နို့သောက်စို့ပြီးတဲ့နောက် ဆေးရုံ ၄ ခုမှာ အစိုးရ၀န်ထမ်းအဖြစ် ၂၉ နှစ်ကြာအလုပ်လုပ်ခဲ့ပါတယ်။


  • အဲဒီအချိန်က အာ(ရ်)ဂျီအိတ်(ချ) RGH လို့ခေါ်လေ့ရှိကြတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရယ်၊



  • ရန်ကုန် မရမ်းကုန်းမြို့ နယ်ထဲက ကျိုက်ဝိုင်းဘုရားလမ်းမှာရှိတဲ့ မသန်မစွမ်းလူနာများဆေးရုံရယ်၊



  • မွန်ပြည်နယ် မော်လမြိုင်မြို့ က ပြည်နယ်ပြည်သူ့ဆေးရုံကြီးရယ်၊



  • ရန်ကုန် ကြည့်မြင်တိုင်မြို့ နယ်မှာရှိတဲ့ အရိုးရောဂါအထူးကုဆေးရုံကြီးရယ်တွေမှာပေါ့။


ဒီနောက်မှာတော့ အလုပ်ကထွက် နိုင်ငံကပါထွက်ပြီး စင်ကာပူနိုင်ငံကိုသွားရောက်အလုပ်လုပ်ဖြစ်ခဲ့ပါတယ်။

စင်ကာပူမှာက ဗွီဒလျှူအို (Voluntary Welfare Organisation - VWO) အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MINDS မှာ ၁၉၉၀ ခုနှစ်ကတည်း အလုပ်လုပ်ခဲ့တာပါ။ ၂၆ နှစ်ကြာအလုပ်လုပ်ပြီး အနားယူခဲ့ပါတယ်။

အနားယူတယ်ဆိုတာကို အသက်ပြည့်လို့ပင်စင်ယူရတာလို့ လူတွေက ယေဘုယျအာဖြင့် နားလည်ထားတတ်ကြပါတယ်။ ဟုတ်ပါတယ်။ အသက် ၅၅၊ ၆၀ ဒါမှမဟုတ် ၆၂ နှစ်မှာ ပင်စင်ယူရမယ် အနားယူရမယ်လို့ အစိုးရကသတ်မှတ်ထားတဲ့အတိုင်း အလိုအလျှောက်အလုပ်ကနေ နားကြရတာပါ။

ဒါပေမယ့်ချွင်းချက်ဆိုတာ နေရာတကာမှာရှိတတ်ပါတယ်။

ဥပမာ၊ အစိုးရရဲ့ မူဝါဒပြောင်းလဲမှုနဲ့အတူ အသက်ပြည့်ပေမယ့် လက်ရှိအလုပ်ကိုပဲ အရင်အတိုင်းဆက်ပြီးလုပ်ခွင့်ပေးထားတာမျိုးရှိသလို အလုပ်ရဲ့ သဘောသဘာဝပြောင်းပြီး ဆက်လုပ်ခွင့်ပေးတာမျိုးတွေရှိနေတာပါပဲ။

မိမိဆိုလို့ရှိရင် စင်ကာပူနိုင်ငံရဲ့ ဥပဒေအရ အသက် ၆၂ နှစ်ရောက်တော့ အလုပ်ကအနားယူရမှာဖြစ်ပေမယ့် မိမိရဲ့ အဖွဲ့အစည်းဆက်လုပ်ပါဦးဆိုတာနဲ့ မိမိကလဲ အလုပ်လုပ်ချင်နေသေးတာနဲ့ မူလရာထူး မူလလစာအတိုင်း တစ်နှစ်ပြီးတစ်နှစ် ဆက်လုပ်ခဲ့သလို အစိုးရက ၆၅ နှစ်အထိ  နောက်တစ်ကြိမ်အသက်တိုးသတ်မှတ်ပေးပြန်တော့လဲ ၆၈ နှစ်အထိလုပ်နေရတုန်းပါ။ အဲဒီနှစ်မှာမှ မိမိဖာသာ အဖွဲ့အစည်းကိုပြောပြီး အနားယူခဲ့ရတာပါ။ ဆက်လုပ်ချင်ရင် ဆက်လုပ်လို့ရနေဦးမှာဖြစ်တယ်။

အလုပ်ကအနားယူပြီးတဲ့အခါ အိမ်မှာ သက်တောင့်သက်သာနေရင်း ဖေ့စ်ဘွတ်မှာ အကြောအဆစ်ကုပညာရပ်နဲ့ကိုယ်ရေးကိုယ်တာအကြောင်းအရာလေးတွေ အများကြီးရေးဖြစ်ခဲ့ပါတယ်။

ဒီကြားထဲမှာ မိမိရဲ့ အရင်အဖွဲ့အစည်းဖြစ်တဲ့ MINDS ကခေါ်လို့ အထူးပညာရေးကျောင်း ၁ ကျောင်းနဲ့ ဥာဏ်ရည်မသန်စွမ်းသင်တန်းဌာန ၂ ခုတွေမှာ တစ်ခါတစ်ခါသွားပြီး အလုပ်လုပ်ပေးရတာမျိုးရှိပါတယ်။ ၂၀၁၇ နဲ့ ၂၀၁၈ တွေမှာပါ။
တစ်နာရီမှာ ဒေါ်လာဘယ်လောက်ဆိုပြီး ပေးပါတယ်။

ဒီလိုနဲ့ ၂၀၁၈ နှစ်ကုန်ကစပြီးတော့ ဆေးရုံကြီးတစ်ခုမှာ တမနက်ခင်း (တစ်နေ့၎ နာရီကြာ) အလုပ်လုပ်ဖြစ်ပြန်ပါတယ်။

အစပိုင်းမှာ ၂ ပတ်ဖြစ်ဖြစ်  ၃ ပတ်ဖြစ်ဖြစ် ဆေးရုံကလိုအပ်သလို သွားလုပ်ပေးခဲ့ရပြီး အခုနှစ်မတ်လကစပြီး တစ်လလုံး တစ်ပတ် ၅ ရက်နဲ့ ပြတ်တောက်မှုမရှိပဲ မနက်ပိုင်းလုပ်ဖြစ်နေတာ ကြာခဲ့ပါပြီ။

ဒါကြောင့် ပြီးခဲ့တဲ့ဧပြီလက မြန်မာပြည်အလည်ပြန်စဉ်ကနဲ့ မေလဆန်းက ဂျနီဗာကို ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ညီလာခံသွားတက်တာတွေမှာ ခွင့်ယူပြီးသွားခဲ့ရတယ်။

စင်ကာပူကိုရောက်ကတည်းက ဆေးရုံဝန်းကျင်နဲ့ဝေးနေခဲ့ရာက အခုတစ်ခါ ဆေးရုံမှာအလုပ်လုပ်ရတော့ ဆရာဝန်တွေ၊ အထူးကုဆရာဝန်ကြီးတွေ၊ သူနာပြုကြီးကြီးငယ်ငယ်တွေ၊ အလုပ်သင်ဆရာဝန်နဲ့ သူနာပြုသင်တန်းသူသင်တန်းသားတွေ၊ စားသောက်ဆိုင် (ကဲန်တင်း)၊ ပြင်ပလူနာဌာန၊ သုတေသနဌာန၊ လေ့ကျင့်သင်ကြားရေးဌာန၊ သွားဆေးခန်းနဲ့ဓာန်မှန်ခန်းတွေ၊ စားဖိုဆောင်တွေ၊ လူနာဆောင်တွေရှိတဲ့ဆေးရုံဝန်းကျင်ထဲကို ပြန်ရောက်သွားခဲ့ရပါတယ်။

လူနာတွေဆိုတာကလဲ ခါးနာသူ၊ ခါးရိုးစောင်းသူ၊ ဇက်ခိုင် ဒူးခိုင်သူ၊ အဆစ်ရောင် အဆစ်နာသူ၊ ဆီးချို သွေးတိုးရှိသူ၊ ကင်ဆာဖြစ်နေသူ၊ လမ်းကောင်းကောင်းမလျောက်နိုင်သူ၊ ချော်လဲကျလွယ်သူ၊  လေဖြတ်ထားသူ၊ ခြေလက်ဖြတ်ထားရသူ၊ အရိုးပွ(ပါး)သူ၊ ကြွက်သားအားနည်းသူတွေကအစ စိတ်ကျန်းမာရေး (သောက၊ ပူပန်မှု၊ စိတ်ဖိစီးမှု၊ စိတ္တဇ) အဆုံး အမျိုးအစားစုံတွေ့ကြရပါတယ်။

ကုတင် ၂၅၀၀ ရှိတဲ့ဆေးရုံကြီးဆိုတော့ ဆေးရုံဝင်းကြီးကလဲ အကျယ်ကြီး။

လူနာဆောင်အဆောက်အဦတွေကလဲ အများကြီး။

အရိပ်ရသစ်ပင်ကြီးတွ၊ ပန်းပင်ရောင်စုံလှလှလေးတွေ၊ စိမ်းစိုစိုမြက်ခင်းတွေ၊ ကွေ့ကွေ့ကောက်ကောက်ကားလမ်းလေးတွေနဲ့ ဆိတ်ငြိမ်ခန့်ငြားပြီး အေးချမ်းမှုလဲရှိပါတယ်။



ဆက်ရေးပါဦးမယ်။







No comments:

Post a Comment