World Confederation for Physical Therapy Congress 2019 - An unforgettable trip to Geneva (9)
ညီလာခံပထမနေ့တွင် မိမိ ပထမဆုံးနားထောင်ဖြစ်သောသုတေသနစာတမ်းများမှာ ချော်လဲကျခြင်းနှင့်ကြိုတင်ပြင်ဆင်ကာကွယ်ရေးတို့အကြောင်းဖြစ်သည်။
မိမိရေးလက်စ WCPT ဂျနီဗာခရီးစဉ်အမှတ် (၉) ကိုဆက်ရေးရန် အထက်ပါစာတစ်ကြောင်းရေးပြီး draft အဖြစ် save လုပ်ထားဆဲ အသိတစ်ဦး၏ပေါင်ထိပ်ရိုးကျိုးခြင်းသတင်းကို စိတ်မကောင်းစွာကြားသိခဲ့ရသည်။
.............
မကြာသေးခင်က မော်လမြိုင်မှမိမိနှင့်ရင်းနှီးသော အသက် ၉၀ ကျော်အသိတစ်ဦး ချော်လဲကျပြီးပေါင်ထိပ်ရိုးကျိုးသွားခဲ့သည်။ ရန်ကုန်မှဆေးရုံကြီးတစ်ခုတွင် အရိုးခွဲစိတ်ကုဆရာဝန်ကြီးက ကျိုးသွားသောပေါင်ထိပ်ရိုးခေါင်း (femoral head) ကိုဖြတ်ထုတ်လျက် ပေါင်ထိပ်ရိုးခေါင်းအတု (prosthesis) ဖြင့်အစားထိုးထည့်ပေးခဲ့ ၏။
သူ၏သားဖြစ်သူဆရာဝန်က ဓာတ်ပုံများတင်ထားသဖြင့် သိလိုက်ရသည်။
ယခုအခါ လေးချောင်းထောက် (Walking frame) ခေါ် အားပြုကရိယာဖြင့် အိမ်မှာလမ်းလျောက်လေ့ကျင့်ရင်း သွားလာနိုင်နေပြီဖြစ်သည်။ ဗွီဒီယိုရိုက်ပြီး ဖေ့စ်ဘွတ်တွင်တင်ထားသဖြင့် ကြည့်ပြီးဝမ်းသာမိသည်။
ဟိုယခင်က ယခုလိုဖြစ်ပါမူ လူနာများခမျာ လမ်းထလျောက်ဖို့နေနေသာသာ အိပ်ရာထဲမှာပင်ရှိနေရှာပေဦးမည်။ အချို့ လူနာများသည် အိပ်ရာတွင်နေရချိန်ကြာလွန်သောကြောင့် အိပ်ရာနာ (bedsore) များပင်ဖြစ်ကုန်ကြရရှာသည်။
မြီးညောင့်ရိုးနှင့်တင်ပါးတို့တွင်ဖြစ်သော အိပ်ရာနာ
ခြေဖနောင့်တွင်ဖြစ်သောအိပ်ရာနာ
ယခုတော့၊
- သားသမီးများက ဖခင်ကို ရန်ကုန်ရှိအထူးကုဆေးရုံကြီးသို့ အချိန်မီခေါ်သွားလျက် ကုသမှုခံယူစေခြင်း
- အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့က ကျွမ်းကျင်မှုပညာစွမ်းဖြင့် ထိရောက်စွာကုသပေးခဲ့ခြင်း
- ခွဲစိတ်ကုမှုပြီးသည်နှင့် အကြောအဆစ်ကုပညာဖြင့်ပြန်လည်ထူထောင်ပေးရေး (Physiotherapy and rehabilitation) ကို ဆက်တိုက်ပြုလုပ်ပေးခြင်း (ခွဲစိတ်ပြီး ၅ ရက်မြောက်နေ့မှာ အနည်းငယ်စပြီးလမ်းလျောက်ကြောင်းသိရသည်။)
- မိသားစု၏အင်တိုက်အားတိုက် ပြုစုစောင့်ရှောက်အားပေးကူညီမှု
အစရှိသည်တို့ကြောင့် အချိန်တိုတိုလေးအတွင်းမှာ လူနာက ပြုံးရွှင်ရယ်မောလျက် လမ်းပြန်လျောက်နိုင်ပြီဖြစ်ရာ ၀မ်းမြောက်စရာပင်ဖြစ်တော့သည်။
ဆက်ပြီးရေးပါဦးမည်။
No comments:
Post a Comment