"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, June 17, 2019

ဦးနု ဦးသန့်နှင့်သူတို့၏စာများ (၂)



ဦးနုနှင့်ဦးသန့်နှစ်ဦးမှာ အရင်းနှီးဆုံးမိတ်ဆွေများဖြစ်ကြပြီး တူညီမှု တိုက်ဆိုင်မှုလေးများရှိကြသည်မှာ စိတ်ဝင်စားဖို့ကောင်းလေသည်။

ဦးနုသည် ဧရာဝတီတိုင်း မြောင်းမြခရိုင်က ၀ါးခယ်မသား။
ဦးသန့်သည်လည်း ဧရာဝတီတိုင်း မအူပင်ခရိုင်က ပန်းတနော်သား။
ဧရာဝတီတိုင်းသားနှစ်ဦး။

နှစ်ဦးလုံးမှာ နာမည်တစ်လုံးစီသာရှိကြသည်။ နုနှင့်သန့်။
ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါခဲ့ကြသည်။
ကြီးလာလျှင် စာရေးဆရာလုပ်ရန်ဆန္ဒရှိခဲ့ကြတာခြင်းတူသည်။

ဦးနုနှင့်ဦးသန့်တွေ့ဆုံကြုံကြိုက်ခဲ့ကြပုံမှာ ပဌာန်းဆက်ဟုဆိုလောက်သည်။
ဧရာဝတီတိုင်းအတွင်းမှာ နှစ်ဦးလုံးမွေးခဲ့ကြပြီး မြို့ နီးချင်းတွင် ကျောင်းဆရာအတူလုပ်ကြရင်း သိကျွမ်းခင်မင်ခဲ့ကြသည်။

ဦးနု ၀န်ကြီးချုပ်ဖြစ်လာသောအခါ ပန်းတနော်တွင်ကျောင်းဆရာလုပ်နေသည့်ဦးသန့်ကို ရန်ကုန်သို့ခေါ်ပြီး အသံလွှင့်ဌာနညွှန်ကြားရေးမှူးရာထူးပေးသည်။ နောက်ပိုင်းမှာ ဦးသန့်သည် ဦးနု၏အစိုးရအဖွဲ့တွင် ရာထူးအမျိုးမျိုးထမ်းဆောင်လျက် ဦးနုနှင့်နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ရသည်။

၁၉၅၇ ခုနှစ်တွင် ဦးနုက ဦးသန့်အား ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်တာဝန်ထမ်းဆောင်စေရာမှ နောင်တွင် ဦးသန့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်လာခဲ့တော့သည်။





မိမိသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့် (တနည်း) စာရေးဆရာဦးသန့်၏စာများကို မဖတ်ရခင် တက္ကသိုလ်စိန်တင်ရေးသားပြုစုသော 'ကမ္ဘာ့ငြိမ်းချမ်းရေးပိသုကာ ဦးသန့်' အကြောင်းစာအုပ်ကို ဦးစွာဖတ်ခဲ့ရသည်။ 

ထိုနောက်ပိုင်းတွင်မှ ဦးသန့်၏စာအချို့ ကို ဟိုနေရာဒီနေရာတို့တွင် တွေ့ရှိဖတ်မိသည်။ 

ဦးသန့်၏ပထမဦးဆုံးသောစာမူမှာ ၁၉၂၈ ခုနှစ် ၁၅ နှစ်သားအရွယ်က ဘားမားဘွိုင်း (Burma Boy) စာစောင်တွင် အင်္ဂလိပ်လိုရေးသားခဲ့သောစာဟုသိရသည်။ ထိုစဉ်ကထုတ်ဝေခဲ့သော ရန်ကုန်တိုင်းမ်သတင်းစာတွင်လည်း အယ်ဒီတာထံပေးစာများကို အင်္ဂလိပ်လိုရေးသားခဲ့သေးသည်။

တစ်ဖန် ဂန္ထလောကမဂ္ဂဇင်းတွင် အင်္ဂလိပ်လိုဆောင်းပါးအတော်များများ ရေးသားခဲ့သည်။ ထိုမျှမကသေး။ ထိုခေတ်အခါကထုတ်ဝေခဲ့ကြသော သူရိယ၊ ကြီးပွားရေး၊ ဒီဒုတ်၊ တိုးတက်ရေး၊ စာဆိုတော်၊ မြန်မာ့အလင်း နဂါးနီ အစရှိသည့် စာနယ်ဇင်းအမျိုးအစားစုံတွင်လည်း မြန်မာလိုစာများရေးသားခဲ့ပါသည်။၊ 


ဆက်ရေးပါဦးမည်။




No comments:

Post a Comment