"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, October 31, 2019

မြန်မာရွာသို့ ဈေးသွားဝယ်



                                     
                                     အဖွားကြီးက ဆီချက်ခေါက်ဆွဲ။      အဖိုးကြီးက အင်းလေးထမင်းကျော်။


စင်ကာပူတွင် မြန်မာရွာ (Myanmar Village) ဟုတင်စားခေါ်ဝေါ်လေ့ရှိသော ပင်နင်းစူးလားပလာဇာသို့ ဒီက နေ့နေ့ခင်းက မိမိတို့ရောက်သွားခဲ့ကြသည်။

မိမိတို့ဆိုသည်မှာ မိမိနှင့်ဇနီးဖြစ်သူတို့နှစ်ဦးပါ။

လက်ဖက် ဂျင်းနှင့်ပဲကြော်၊ ပဲကြီးလှော်၊ ပဲပြုတ်၊ လျှက်စားကစပြီး ဆူးပုတ်ရွက်၊ ဒညင်းသီး၊ ချဉ်ပေါင်ရွက်၊ ငါးဖယ်ခြစ်အဆုံး မြန်မာစားစရာများနှင့်ချက်ပြုတ်စရာများသွားဝယ်ကြခြင်းဖြစ်သည်။

နောက်တစ်ခုက မြန်မာ့လက်ရာ ထမင်းဟင်းအမျိုးမျိုး စားဖြစ်ကြသည်။

ဟိုဆိုင်က ဘာကောင်းသည်၊ ဒီဆိုင်က ဘာကောင်းသည်ဆိုပြီး ဆိုင်အမျိုးမျိုးပြောင်းစားလို့ရသည်။

ဒီကနေ့တော့ အင်းလေးစားသောက်ဆိုင်က ထမင်းကျော်နှင့်ဆီချက်တို့ကိုစားရန် အဓိကသွားလိုခြင်းဖြစ်သည်။

နေ့လည်စာစားပြီးသောအခါ ဖါလူဒါသောက်ကြသည်။

မည်သည့်ဟင်းထမင်းစားစား အင်းလေးဆိုင်မှာဆိုက ဖါလူဒါကို အမြဲသောက်ဖြစ်သည်။ သူတို့ဆိုင်ကလက်ရာကိုကြိုက်သောကြောင့်ဖြစ်သည်။

မြန်မာရွာကြီးကိုရောက်တုန်းရောက်ခိုက်မှာ အိမ်အတွက်ချက်စရာပြုတ်စရာများနှင့်စားစရာများကိုပါ တစ်ခါတည်းဝယ်ဖြစ်ခဲ့သည်။








Sunday, October 27, 2019

ကျွန်တော် သင်တန်းဆရာ (၄)



                                 သက်ကြီးရွယ်အိုများအကြောအဆစ်ပြုစုရေးဆိုင်ရာ PowerPoint သင်ခန်းစာ


အမှတ် (၃) တွင် မိမိပြောခဲ့သည့်အတိုင်း သင်ကြားမှုအစီအစဉ် (Course Outline) ကို မိမိပြင်ဆင်ခဲ့သည်။

လုံးဝပြောင်းလဲပစ်လိုက်သည်။

သင်ကြားမှုဘောင်ကိုချဲ့ လိုက်သည်။ 

ထိုကြောင့် ရောဂါဝေဒနာအမျိုးအစားများ များလာသည်။ 

သို့သော် အားလုံးကို အကြောအဆစ်ကုပညာရှုထောင့် (Physiotherapist perspectives) တစ်မျိုးတည်းမှသာ သင်ကြားပေးမည်ဖြစ်သဖြင့် အချို့ ကုထုံးများသည် ရောဂါဝေဒနာအချို့ ကို ယေဘုယျအားဖြင့် ခြုံငုံပြီးအသုံးချနိုင်သည်။ 

ဥပမာ Bridging exercise ခေါ် ဒူးကွေးလျက် တင်ပါးကြွ ခါးကော့လေ့ကျင့်ခြင်းကို ခါးနာသူများအတွက်သင်ကြားပေးနိုင်သကဲ့သို့ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့်သက်ကြီးရွယ်အိုများလည်း အေကြောအဆစ်ကုပညာရှင်များ၏ညွှန်ကြားမှုဖြင့် လေ့ကျင့်နိုင်ကြလေသည်။


Bridging exercise
                
                                        Photo - Internet


ယင်းသို့ပြင်ဆင်ရန်အတွက် မူလကရှိခဲ့သော သင်ကြားမှုအစီအစဉ် (Course OutlineDescrriptions) ကို သေချာပြန်လေ့လာရသည်။ 

မည်သည့်အကြောင်းအရာများပါရှိကြသနည်း။ 

သင်ကြားမှု၏အဓိကရည်ရွယ်ချက်များ (Objectives) သည် မည်သည်တို့ပါနည်း။ ယင်းရည်ရွယ်များ၏အတိမ်အနက် အကျယ်အ၀န်းတို့ကို စိစစ်ကြည့်ရသည်။

ဥပမာ၊ သင်တန်းသူသင်တန်းအားများ၏အသိပညာနှင့်ကျွမ်းကျင်မှုတို့ကို မည်သည့်အတိုင်းအတာအထိမျှော်လင့်ထားပါသနည်း။ 

တစ်နည်းဆိုရသော် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနှင့်ပတ်သက်ပြီး လူနာများအကြောင်း၊ တွေ့ရှိရတတ်သောမသန်စွမ်းမှုအမျိုးမျိုး၊ ဖြစ်လာရသည့်အကြောင်းရင်းများ၊ လူနာများ၏သွားလာလှုပ်ရှားမှုဆိုင်ရာအခက်အခဲများ၊ မည်သည်နေ့စဉ်ပြုဖွယ်ကိစ္စတို့ကို သက်ကြီးရွယ်အိုများအနေဖြင့်မည်မျှအထိလုပ်နိုင်သည် မလုပ်နိုင်သည်များ (strength and weakness) အစရှိသည်တို့ကို ထည့်သွင်းစဉ်းစားရသည်။

မိမိ၏သင်တန်းသည် သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဟုယေဘုယျခေါင်းစဉ်ပေးထားသော်လည်း
ဆေးကုသမှုဆိုင်ရာ အခြေခံလုပ်ဆောင်ပေးရခြင်းများ (basic medical procedures) များ ပါဝင်ခြင်းမရှိပါချေ။ 

ဥပမာ၊ သွေးခန်နှုန်းတိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အဖျားတိုင်ခြင်း အစရှိသည်များ။

အကြောအဆစ်ဆိုင်ရာ ကြိုတင်ကာကွယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးအပိုင်း (Rehabilitation) တို့ကိုသာ လုပ်ဆောင်ပေးရန်ဖြစ်သည်။ 



ဆက်ရေးပါဦးမည်။





ဆေးရုံအလုပ် တစ်ကျော့ပြန် (၅)


လက်သန့်ရှင်မှု






ဆေးရုံမှာအလုပ်ပြောင်းပြီးလုပ်ရသောအခါ အတွေ့အကြုံအသစ်အမျိုးမျိုးထပ်ရပါသည်။

လေ့လာသင်ယူစရာ လိုက်နာကျင့်ဆောင်ဖွယ်ရာနှင့် သိသင့်သိအပ်ရာတို့ တိုးပွားလာသည်။

ဥပမာ လက်သန့်ရှင်းမှု (Hand Hygiene) ရှိရေး။

အဘယ်ကြောင့်ဆိုသော် လက်သန့်ရှင်းမှုကို မည့်သည့်အချိန်တွင် မည်သို့ပြုလုပ်ပေးရမည်နည်းဆိုသည်ကို ကျန်းမာရေးပညာရှင်များ (Healthcare Professionals) သိရှိထားကြရမည်ဖြစ်သည်။ တာဝန်လည်းရှိနေပါသည်။


                                                                         လက်သန့်စင်ဆေးရည်ဗူးများ



ဆေးရုံမှာအလုပ်လုပ်သောအခါ နေ့စဉ်နေ့တိုင်း လူနာများဖြင့်တိုက်ရိုက်ထိတွေ့ဆက်ဆံနေကြရသဖြင့် ၀န်ထမ်းတိုင်းသည် အမြဲသန့်ရှင်းမှုရှိနေကြရန် အရေးကြီးပါသည်။ 

အထူးသဖြင့် မိမိတို့အကြောအဆစ်ကုပညာရှင်များသည် လူနာများနှင့်နီးနီးကပ်ကပ်နေလျက် ထိတွေ့ကိုင်တွယ်လုပ်ဆောင်ပေးရခြင်းများရှိရာ တစ်ကိုယ်ရေသန့်ရှင်းမှုရှိရပါမည်။

သို့အတွက် မိမိတို့ကို လက်သန့်စင်ဆေးရည်ဗူးလေးများပေးထားပြီး အလွယ်တကူသုံး စွဲနိုင်စေရန် ခါးတွင်အမြဲချိတ်ဆွဲထားကြရသည်။ မိမိက ခါးပတ်မှာချိတ်ဆွဲထား၏။


ပွတ်လိမ်းသန့်စင်

လူနာတစ်ဦးအားမကိုင်တွယ်မီ လက်ကိုလက်သန့်စင်ဆေးရည်ဖြင့်သုတ် 
လိမ်းပေးရသည်။ 

ပြီးလျှင် လက်အိတ်အပြာလေးများဝတ်ရသည်။ အသေး (Small)၊ အလတ်
(Medium)၊ အကြီး (Large) ဆိုပြီး အရွယ်အစား ၃ မျိုးရှိသည်။

မိမိ၏လက်အရွယ်အစားအလိုက်ရွေးပြီးဝတ်ရုံသာ။ 
အများစုက အရွယ်အလတ် (Medium) ကိုဝတ်ကြလေ့ရှိသည်။

တစ်ခါ လူနာနှင့်အလုပ်လုပ်ပြီးသောအခါ လက်အိတ်ကိုချွတ်ပြီးပစ်ရ၏။ 
ပြီးတော့ သန့်စင်ဆေးရည်ဖြင့် ပွတ်ပေးရသည်။

နောက်လူနာမကိုင်မီ လက်ကို သန့်စင်ဆေးရည်ဖြင့်ပွတ်ပြီး လက်အိတ်အသစ်ပြန်ဝတ်ရပါသည်။

အထက်တွင်ပြထားသော လက်သန့်စင်ဆေးရည်ဗူးများကို လူနာဆောင် (ward) တိုင်းမှာတွေ့ရပြီး လူနာဆောင်များ၏အ၀င်အထွက်တခါး (main door) တိုင်း၏၀ဲယာတစ်ဖက်တချက်တွင် ၁ ဗူးစီထားပေးပါသည်။

ဆရာဝန် ဆရာမများအခန်းနှင့်နေ့ခင်းခန်းမကြီး (Day Lounge) တို့မှာလည်း လက်သန့်စင်ဆေးရည်ဗူးနှင့်လက်အိတ်ဗူးများ ထားပေးထားသည်။




နေရာတိုင်းမှာ

တစ်နည်းပြောရလျှင် ဆေးရုံ၏နေရာအနှံ့တွင်
လက်သန့်စင်ဆေးရည်ဗူးများကို ဖောဖောသီသီ
ကြီးထားပေးလျက် ၀န်ထမ်း၏လက်သန့်ရှင်ကို အထူးဂရုပြုအရေးထားကြောင်း ထင်ရှားလေသည်။






ဆက်ရေးပါဦးမည်။





Thursday, October 24, 2019

နေရာစုံ အစားစုံ


ပြီးခဲ့သောအပတ်က မရောက်သည်မှာကြာပြီဖြစ်သော စင်ကာပူနိုင်ငံ၏အိန္ဒိယရပ်ဝန်းလေး (Little India) ကိုရောက်သွားခဲ့သည်။

စင်ကာပူနိုင်ငံ၏နာမည်ကျော် မူစတာဖာကုန်တိုက်ကြီး (Mustafa Shopping Centre) နားက အိန္ဒိယစားသောက်ဆိုင်မှာ ကုလားစာသွားစားခြင်းဖြစ်သည်။

ဆိုင်အမည်က စန်ကရန်တီ (Sankranti) ဖြစ်သည်။ 

                                                 စန်ကရန်တီ စားသောက်ဆိုင်


မူစတာဖာကုန်တိုက်ကြီးနှင့် Syed Alwi လမ်းလေးသာခြားပါသည်။

မိမိ၏ဌာနမှူးနှင့် နေ့လည်စာစားရန်ရောက်သွားကြခြင်းဖြစ်သည်။ 

တောင်ပိုင်းအိန္ဒိယအစားအစာတစ်မျိုးဖြစ်သော Telugu Thali ခေါ် တဲလဂူးထမင်းဟင်းကို စားဖြစ်ကြသည်။

ဌာနမှူးက Special Thali ကိုမှာသဖြင့် ပုံမှန်သာလီဟင်းတွင်မပါသော ကြက်သားဟင်းနှင့်ကြက်ဥဟင်းများပါပါသည်။

ဟင်းခွက်က ၇ ခွက်၊ ဒိန်ချဉ် ၁ ခွက်၊ စယ်မိုင် ၁ ခွက်၊ ထမင်းအဖြူ ၁ ပုဂံ၊ ထမင်းအ၀ါအသေး ၁ ခွက်၊ ချပါတီ ၁ ချပ်၊ ပါပလာကျော် စသဖြင့်အမျိုးစုံလှသည်။



                         တဲလဂူးသာလီထမင်းဟင်းပွဲ


အတော်လေးစားယူရသည်။ အကုန်လုံးတော့ ကုန်အောင်မစားနိုင်ပေ။

စားပြီးသောအခါ အိမ်ရှင်မအတွက် စယ်ပိုင်တစ်ခွက်ဝယ်လာခဲ့၏။

သူ့ကားလေးနှင့်သွားတာ အသွားအပြန် ၂ နာရီခွဲခန့်ကြာသည်။

ယခင်က ဆေးရုံမှာ မနက်ပိုင်းတစ်ပိုင်းပဲလုပ်သဖြင့် နေ့ ၁၂ နာရီခွဲအလုပ်ပြီးသောအခါ အိမ်ပြန်ရောက်မှ နေ့လည်စာစားလေ့ရှိသည်။

လွန်ခဲ့သောသြဂုတ်လမှစပြီးေ ဆးရုံမှာ အချိန်ပြည့်ပြောင်းလုပ်သဖြင့် စားဖြစ်ခြင်းဖြစ်သည်။

ယခုတလော တစ်ပတ်တစ်ခါအပြင်ထွက်ကာ ဌာနမှူးနှင့်နေ့လည်စာ စားဖြစ်နေသည်။

ချန်ဂီလေဆိပ်ကစားသောက်ဆိုင်များကိုသွားစားသည်မှာ ၂ ကြိမ်ရှိပြီ။

မလေးရှားတစ်ဖက်ကမ်းကို မျက်နှာမူထားသည့် ပွန်ဂိုးကမ်းခြေ (Punggol Beach) ကဆိုင်ကိုလည်း သွားစားဖြစ်သည်။

မိမိတို့ဆေးရုံနှင့်သိပ်မဝေးလှသော ဟောင်ဂန်းကုန်တိုက်ကြီး (Hougang Mall) က စားသောက်ဆိုင်ကို တစ်ခေါက်သွားစားဖြစ်ခဲ့သည်။

မနေ့နေ့ခင်းကလည်း စိန်ကန်မြို့ သစ် (Sengkang New Town) တွင်ရှိသော ဆီလက်တာကုန်တိုက်ကြီး (Seletar Mall) မှာ နေ့လည်စာသွားဝယ်ပြီး ဌာနမှာစားဖြစ်ကြသည်။

ကိုယ်ပိုင်ကားဖြစ်သဖြင့် ကုန်တိုက်များရှိ အထပ်မြင့်ကားရပ်နေရာများတွင်ကားထားပြီး ဓာတ်လှေကားကတစ်ဆင့် ဆိုင်များဆီကို တိုက်ရိုက်သွားနိုင်သည်။ အပြင်ဘက်မှာ ကားရပ်ထားရန်မလိုပေ။ အဆင်ပြေလှပါ၏။










Sunday, October 20, 2019

ကျွန်တော် သင်တန်းဆရာ (၃)





ပြီးခဲ့သောလကစ,ထားသော သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်းကို ဒုတိယအကြိမ်အဖြစ် ဒီကနေ့ ဆက်သင်ပေးဖြစ်သည်။

ပထမသင်ခန်းစာကို မိမိသင်တန်းမပေးမီကတည်းက Stroke Rehabilitation ဟု ခေါင်းစဉ်ပေးထားပြီးဖြစ်သဖြင့် မူလသင်ကြားမှုအစီအစဉ် (Course Outline) ရေးဆွဲထားသည့်အတိုင်း မိမိက သင်ပေးခဲ့သည်။

ထိုနောက် သင်ကြားမှုအစီအစဉ်ကို မိမိနှစ်သက်သလို ပြောင်းပြီးရေးဆွဲသင်ပေးနိုင်ကြောင်း သင်တန်းကျောင်းက ပြောလာသည်။

သို့ဖြစ်ရာ သင်ကြားမှုအစီအစဉ်တွင် လေဖြတ်ဝေဒနာပြန်လည်ထူထောင်ပေးရေးအပြင် အခြားသောအ လားတူ ဦးနှောက်အာရုံကြောနှင့်အကြောအဆစ်ရောဂါဝေဒနာအချို့ ကိုပါခြုံငုံမိစေရန် Helping the Elderly with Care ဟုပြင်လိုက်ပါသည်။

ဆိုလိုသည်မှာ သက်ကြီးရွယ်အိုများ ကြုံတွေ့ခံစားရလေ့ရှိသော ပါးကင်စန်ရောဂါ (Parkinson's Disease - PD)၊ ဒီမဲန်းရှားရောဂါ (Dementia)၊ အရိုးပွဆတ်ရောဂါ (Osteoporosis)၊ အရိုးပွန်းအဆစ်ရောင်ရောဂါ (Osteoarthritis-OA) အစရှိသည့်ရောဂါဝေဒနာရှင်သက်ကြီးရွယ်အိုတို့ကိုပါ ကူညီပြုစုစောင့်ရှောက်ပေးနိုင်ကြမည်ဖြစ်သည်။

မသန်စွမ်းသူများအား ပြုစုစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးအကူများ (Health Care Assistant - HCA) အနေဖြင့် မရှိမဖြစ်သိထားရမည့်အခြေခံအကြောင်းအရာများနှင့်လက်တွေ့တိုကို ပေါင်းစပ်သင်ပေးရသည်။

မည်သည့်ဦးနှောက်အာရုံကြောနှင့်အကြောအဆစ်ရောဂါဝေဒနာဖြစ်ဖြစ် ဆေးဝါးကုသမှုအပြင် လေ့ကျင့်ကုသပေးခြင်း (Therapeutic Exercise) သည် မပါမဖြစ်အရေးကြီးလေသည်။

ထိုအခါ လေ့ကျင့်ကုသပေးသူများသည် လှုပ်ရှားမှုကိုဖြစ်စေသော ကြွက်သားများနှင့်အဆစ်များအကြောင်းသိထားရမည်။

ယခုသင်တန်းတက်သူတို့သည် ဆေးကုသပေးမည့်သူများမဟုတ်ကြပဲ သက်ကြီးရွယ်များကို အန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျအကူအညီပေးရန်နှင့် ဆရာဝန် သို့မဟုတ် အကြောအဆစ်ကုပညာရှင် (Physiothera- pist) များက ညွှန်ကြားသည့်အတိုင်း မှန်မှန်ကန်ကန်လှုပ်ရှားလေ့ကျင့်ပေးကြရန်ဖြစ်သည်။


            
                                                လက်တွေ့သင်ခန်းစာပြ ဗွီဒီယို

ထို့ကြောင့် သူတို့လုပ်ဆောင်ပေးနိုင်မည့်အခြေအနေများနှင့်လျှော်ညီသောကျွမ်းကျင်မှုများရရှိကြစေရန် စာတွေ့လက်တွေ့ပေါင်းစပ်ကာ သင်ကြားပေးပါသည်။

လူနာ၏ကြွက်သားသန်စွမ်းမှုအခြေအနေကိုလိုက်ပြီး ခြေ လက် ခေါင်း ခါးတို့ကို လှုပ်ရှားပေးသည့်နည်းများ (passive movement, active assisted movement, active movement, resisted movement)၊ လူနာ၏အနေအထား၊ ဆရာ သို့မဟုတ် ကူညီလေ့ကျင့်ပေးသူ၏အနေအထား အစရှိသည်တို့ကို လက်တွေ့အကြီမ်ကြီမ်သင်ပေးရန်နှင့် အထပ်ထပ်လေ့ကျင့်ပေးရန်လိုအပ်ပါသည်။

တစ်ချိန်တည်းမှာ မသန်စွမ်းမှုဖြစ်ရခြင်းနှင့်သူတို့၏နောက်ဆက်တွဲဆိုးကျိုများကို သဘောပေါက်ထားရန်လို လေသည်။

သို့မှသာ သက်ကြီးရွယ်အိုများနှင့် ရောဂါဝေဒနာရှင်လူနာများရင်ဆိုင်ကြုံတွေ့နေကြရသည့် ပကတိအခြေအနေနှင့်အခက်အခဲများကို နားလည်သဘောပေါက်နိုင်ကြမည်ဖြစ်သည်။





ဆက်ရေးပါဦးမည်။









Sunday, October 13, 2019

ဒို့ဗမာနိုင်ပြီ








ဒီကနေ့ညနေမှာလာမဲ့ အောင်လအန်ဆန်ရဲ့ လက်ဝှေ့ပွဲကို ညနေမတိုင်မီကတည်းက စောင့်နေမိပါတယ်။

သူ့ပွဲကိုစောင့်ရင်း ဖိုးသော်ရဲ့ ပွဲကိုကြည့်ဖြစ်တယ်။ သူ ရှုံးသွားတဲ့အတွက် စိတ်မကောင်းပါဘူး။

စင်ကာပူ-ကိုရီးယားကပြား အင်ဂျလာလီးရဲ့ ပွဲကိုလဲကြည့်ရတယ်။ သူက တရုတ်မကိုနိုင်ပါတယ်။

ဒါ့အပြင် ဘရာဇီးက ဖာနန်ဒက်(စ)နဲ့ ဖိလစ်ပိုင်က ကယ်ဗင်ဘဲလင်ဂွန်တို့ရဲ့ ပွဲကိုလဲကြည့်လိုက်ရသေးတယ်။ ဖာနန်ဒက်(စ)က ချုပ်ကွက်နဲ့အနိုင်ရသွားတယ်။

နောက်ဆုံးတော့ အောင်လနဲ့ ဗီရာတို့ပွဲကြီးပွဲကောင်း။


 
  အာင်လရဲ့ အဆုံးအဖြတ်ဝိုက်တံတောင်ရိုက်ချက်                အောင်လရဲ့ အပေါ်စီးမှ ဒလစပ်လက်သီးမိုးများ                                    




အောင်လက သူပြောထားတဲ့အတိုင်း ဒုတိယအချီမှာ ၀ိုက်တံတောင်ရိုက်ချက်နဲ့လက်သီးအားတွေသုံးပြီး ဗီရာကို ဒိုင်ပွဲရပ်နဲ့ အနိုင်ယူလိုက်ပါတယ်။

ဒါကြောင့် ဒို့ဗမာနိုင်ပြီဆိုတဲ့ပျော်ရွှင်စိတ်လေးနဲ့ အိပ်ပါတော့မယ်။












ကျနော်နှင့်လှည်းတန်းဈေး (၄)





ကျွန်းသာယာမှာ မနေ့က 'အမှတ်တရ ဖိနပ်စုတ်လေးတစ်ရံ' ကိုရေးရင်း ဆရာကြီးဦးခင်မောင်လတ်ကျောင်းအကြောင်းကို အနည်းငယ်ပြောဖြစ်ခဲ့ပါတယ်။

မိမိသွားလာခဲ့တဲ့ လှည်းတန်းပတ်ဝန်းကျင်မှာ ဆရာကြီးဦးခင်မောင်လတ်ကျောင်းနဲ့မျက်နှာချင်းဆိုင်မှရှိတဲ့ စာရေးဆရာကြီးထင်လင်းရဲ့ အိမ်ဟာလဲအပါအ၀င်ဖြစ်ခဲ့ပါတယ်။

ပျဉ်ထောင်တစ်ထပ်အိမ်လို့မှတ်မိနေပါတယ်။ ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။

ဆရာကြီး၏အိမ်ကိုရောက်းသွားဖြစ်တာက ဆရာကြီး၏တူဖြစ်သူ ကန့်ဘလူက မိမိကျောင်းနေဘက်သူငယ်ချင်း ကိုမြင့်သိန်ထွန်းကိုအကြောင်းပြုလို့ပါ။

အဲဒီအချိန် (၁၉၆၆-၇၀) က ကိုမြင့်သိန်းထွန်းက စက်မှုတက္ကသိုလ် (RIT) မှာ ဓာတုအင်ဂျင်နီယာပညာရပ်သင်ယူနေပြီး မိမိက ဆေးဘက်ပညာသိပ္ပံမှာ အကြောအဆစ်ကုပညာရပ်သင်ယူနေချိန်ဖြစ်ပါတယ်။  

သူက လှည်းတန်းမှာနေတဲ့သူ့ဘကြီးအိမ်ကိုအလည်လာရင် မိမိကိုအဖော်ဝင်ခေါ်လေ့ရှိပါတယ်။ 

ကမာရွတ် ၀ဂ္ဂီရပ်မှာ မိမိအိမ်ခန်းငှားနေတဲ့ဆီကနေ သူ့ဘကြီးအိမ်ကို ၁၀ မိနစ်လောက်ပဲလျှောက်ရတာပါ။



     စာရေးဆရာကြီးထင်လင်း



ဆရာကြီးထင်လင်းက ရွှေဘိုခရိုင် ရေဦးမြို့ နယ်သားဖြစ်ပြီး ကန့်ဘလူနယ်ပိုင်ရုံးမှာ အလုပ်လာလုပ်ရင်း ကိုမြင့်သိန်းထွန်းရဲ့ အဒေါ်ကန့်ဘလူသူ ဒေါ်ခင်ခင်နဲ့အကြောင်းပါခဲ့တာဖြစ်တယ်။

မိမိအနေနဲ့ မှတ်မှတ်ရရ တစ်ခုကိုပြောရရင် အဲဒီအချိန်တုန်းက ဆရာဝန်ဖြစ်စ မမစန်းဆီက Gray's Anatomy စာအုပ်အထူကြီး ငှားဖတ်ခဲ့ရတာပဲဖြစ်ပါတယ်။ ဒေါက်တာမမစန်းက ဆရာကြီးထင်လင်း၏သမီးဖြစ်ပါတယ်။ 

သူ၏ခင်ပွန်းဆရာဝန်နှင့်အတူ အင်္ဂလန်နိုင်ငံကိုအပြီးထွက်သွားကာ အလုပ်လုပ်နေထိုင်ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူ၏နာရေးကို မြန်မာသတင်းစာမှာ စိတ်မကောင်းစွာတွေ့လိုက်ရပါတယ်။

ဆရာကြီး၏သားအကြီးဖြစ်သူဦးစိုးမြင့်က The Guardian နဲ့ The Working People's Daily သတင်းစာများမှာ အယ်ဒီတာချုပ်တာဝန်များထမ်းဆောင်ခဲ့ပါတယ်။ သူလည်း ကွယ်လွန်သွားခဲ့ပါပြီ။

ဒါကြောင့် လှည်းတန်းမှာနေတဲ့ဆရာကြီး၏မိသားစုဝင်များနဲ့ သိကျွမ်းရင်းနှီးမှုရှိခဲ့ရပါတယ်။ 

တခါတရံမှာ သူငယ်ချင်းကိုမြင့်သိန်းထွန်းနဲ့ဧည့်မြှောင်ပါသွားရင်း စားအိမ်သောက်အိမ်လဲဖြစ်ခဲ့သေးတာပါ။

သူငယ်ချင်းကိုမြင့်သိန်းထွန်းက ကနေဒါနိုင်ငံ ကယ်(လ)ဂဲရီမြို့  (Calgary) မှာ အခြေချနေထိုင်လျက်ရှိပါတယ်။

သူနဲ့လူချင်းမတွေ့ရတာဟာ နှစ်များစွာကြာခဲ့ပြီး၂၀၀၇ ခုနှစ်က ကနေဒါနိုင်ငံ ဗဲန်ကူးဗားမြို့ ကို WCPT (World Confederation for Physical Therapy) Congress မိမိသွားတက်စဉ်ကတော့ သူနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို တယ်လီဖုန်းအတော်ကြာကြာပြောဖြစ်ခဲ့ပါတယ်။

သူငယ်ချင်းက မိမိတည်းခိုနေတဲ့ဟိုတယ်ကို ညပိုင်းခေါ်တာဖြစ်လို့ အိပ်ရာပေါ်မှာလှဲရင်းစကားပြောလိုက်ကြတာ ညာဘက်နားပူရင် ဘယ်ဘက်နားပြောင်း၊ ကြာလို့ ဘယ်ဘက်နားပူလာပြန်တော့ ညာဘက်နားကိုပြောင်းနဲ့ တယ်လီဖုန်းလဲပူ နားလဲပူဖြစ်ပါလေကော။



  




Saturday, October 12, 2019

အမှတ်တရ ဖိနပ်စုတ်လေးတစ်ရံ




ပုံ ၁။  ရိုးရိုးရော်ဘာဖိနပ် (ဓာတ်ပုံ-Facebook ပါ မူလပိုင်ရှင်၏စာမျက်နှာမှကူးယူထားသည်။)


                                                                                                       ပုံ ၂။ ဆင်ကြယ်ဖိနပ်။ (ဓာတ်ပုံ - မဒမ်ကိုး)


ဒီကနေ့ ဖေ့စ်ဘွတ်မှာ ဒီဖိနပ်အစုတ်
အပြတ်ပုံလေးကိုတွေ့ရတော့ တစ်
ချိန်တုန်းက မိမိစီးခဲ့ဖူးတဲ့ ရိုးရိုးရော်
ဘာဖိနပ်နဲ့ ဆင်ကြယ်ဖိနပ်တွေကို     ပြေးပြီးသတိတရဖြစ်မိရပါတယ်။

ဆင်ကြယ်ဖိနပ်က အရည်အသွေး
ကောင်းပြီး တာရှည်ခံတာကြောင့်
ဈေးပိုပေးရတယ်။
စီးရတာလဲ ပိုကောင်းတာအမှန်ပါ။

မိမိမှတ်မိသလောက်ကတော့ ရိုးရိုး
ရော်ဘာဖိနပ်မှာ သဲကြိုးနဲ့အောက်
ခံတွေရဲ့ အရောင်က တစ်ရောင်ထဲရှိတတ်ကြပြီး ဆင်ကြယ်ဖိနပ်မှာက သဲ ကြိုးနဲ့အောက်ခံရဲ့ ဘေးသားတွေမှာသာ အစိမ်း အပြာ အနီစသဖြင့်ရှိတတ်ကြပါတယ်။ အောက်ခံအပြားကတော့ အားလုံးအဖြူတစ်ရောင်ထဲပဲရှိကြတာပါ။

ယနေ့အခေါ် ရန်ကုန်တက္ကသိုလ်နဲ့ ဆေးဘက်ပညာသိပ္ပံကျောင်းတွေတက်နေစဉ်က အများနည်းတူ ရိုးရိုး
ရော်ဘာဖိနပ်တို့ ဆင်ကြယ်ဖိနပ်တို့ကို စီးခဲ့တာပါပဲ။

အလုပ်ထဲရောက်ပြန်တော့လဲ မိုးရာသီဆိုရင် အဲဒီဖိနပ်တွေကိုပဲစီးခဲ့ရတာပါ။

ဒါနဲ့ ဖိနပ်အစုတ်ကလေးတွေအကြောင်း ပြောချင်ပါတယ်။

အဲဒီတုန်းက မိမိဟာ ရိုးရိုးရော်ဘာဖိနပ်ပဲစီးစီး ဆင်ကြယ်ရော်ဘာဖိနပ်ပဲစီးစီး ပုံ (၁) မှာလို ဖနောင့်နေရာ
လေးပြတ်ထွက်သွားတဲ့အထိမစီးတောင်မှ ဖနောင့်နေရာမှာ သိသိသာသာလေးခွက်ပြီး ပါးနေတဲ့အထိ စီးခဲ့ဖူးပါတယ်။

ဒါ့အပြင် တခါတရံမှာဖိနပ်မ၀ယ်ဖြစ်သေးတာကြောင့်  ပါးနေတဲ့နေရာကနေ နဲနဲကလေးပေါက်သွားတဲ့အထိစီးခဲ့ဖူးတာမျိုးလဲရှိပါတယ်။

စက်မှုတက္ကသိုလ်မှာ Chemical Engineering တက်နေတဲ့ငယ်သူငယ်ချင်းဖြစ်သူ ကိုမြင့်သိန်းထွန်းနဲ့မိမိတို့ တစ်နေ့မှာ ကမာရွတ်ကသူ့ဘကြီးအိမ်ကို ရောက်သွားခဲ့ကြတယ်။ 

ဒီလိုပဲ မိမိတို့မကြာမကြာ လာလေ့ရှိကြတာပါ။

သူ့ဘကြီးရဲ့ အမည်ရင်းက ဦးသိန်းမောင်ဖြစ်ပါတယ်။ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (အင်္ဂလိပ်) အယ်ဒီတာချုပ် ဆရာကြီးဦးခင်မောင်လတ် စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်တို့နဲ့အတူ ကမာရွတ်လှည်းတန်းမှာ အင်္ဂလိပ်စာကျောင်းဖွင့်ထားတာဖြစ်ပါတယ်။ 
တချို့ က ဆရာဦးခင်မောင်လတ်ကျောင်းလို့ ခေါ်တတ်ကြတယ်။

ဆရာကြီးဦးသိန်းမောင်က စာရေးဆရာ'ထင်လင်း' အဖြစ် ထင်ရှားခဲ့သူပါ။ 

သူ ဘာသာပြန်ထားတဲ့ 'ပေါ်လီယာနာ'စာအုပ်နဲ့ အမျိုးသားစာပေဆုရခဲ့သူလဲဖြစ်ပါတယ်။

တစ်ခါမှာတော့ ဖိနပ်ချွတ်မှာချွတ်ထားတဲ့ မိမိဖိနပ်ကိုတွေ့သွားပြီး ဆရာကြီးဦးသိန်းမောင်က သူ့တူကိုမြင့်သိန်းထွန်းကို အခုလိုပြောပါသတဲ့။

"မင်းရဲ့ သူငယ်ချင်းကိုပြောပါဦးကွာ။ ဖိနပ်ကပေါက်နေပြီ၊ အသစ်ဝယ်စီးစမ်းပါလို့'

ဟုတ်ကဲ့ပါ။

ဖိနပ်အစုတ်ကလေးကိုတွေ့လို့ အမှတ်တရဖြစ်ရတယ်ဆိုတာ ...........








Sunday, October 6, 2019

ဝိညာဉ်မဲ့မြတ်ဆရာ





                                         
                                        ရန်ကုန်ဆေးတက္ကသိုလ် (၁) ၏ ၀ိညာဉ်မဲ့မြတ်ဆရာအစီအစဉ်တစ်ခု။ 


စင်ကာပူနိုင်ငံက ယနေ့ထုတ်သတင်းစာThe Sunday Timesတွင် "Ultimate gift to medicine" ခေါင်းစဉ်ဖြင့် သေပြီးသည့်နောက်မှာ ဆေးပညာလေ့လာမှုအတွက် ခန္ဓာကိုယ်လှူဒါန်းမှုအကြောင်းဖတ်ရသည်။

They have died.
But their bodies remain intact for up to three more years in the service of science.

ခေါင်းစဉ်အောက်မှ အထက်ပါစာသားလေးကို ဖတ်ကြည့်ပြီး မိမိ စိတ်ဝင်စားမိသည်။

ဆောင်းပါးကို ၇၇ နှစ်အရွယ် ၀ိညာဉ်မဲ့ဆရာတစ်ဦးအကြောင်းနှင့်အစပြုထားသည်။

သူသည် စင်ကာပူနိုငံ၏ရှေ့ ဆောင်ရုက္ခဗေဒပညာရှင် (pioneer botanist) တစ်ဦးဖြစ်ခဲ့သည်။ 
သူကွယ်လွန်သွားသော်လည်း သိပ္ပံပညာရပ်အပေါ်သူ၏စိတ်ဝင်စားမှုကား ရပ်တံ့မသွားခဲ့ပါချေ။  

သို့အတွက် သူ၏၀ိညာဉ်မဲ့ခန္ဓာကိုယ်ကြီးကို စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore) ရှိ ရော်န်လူလင်းဆေးကျောင်း (Yong Loo Lin School of Medicine) သို့ စေတနာထက်သန်စွာလှူဒါန်းခဲ့ခြင်းဖြစ်သည်။

သူ၏၀ိညာဉ်မဲ့ခန္ဓာကိုယ်ကြီးကို ဆေးစိမ်သိုလှောင်ကာ အနာဂတ်ဆရာဝန်လောင်း ၁၀၀ ကျော်တို့က ခွဲစိတ်ဖြတ်တောက်လေ့လာခဲ့ကြပြီးဖြစ်သည်။ 



















ဝိညာဉ်မဲ့မြတ်ဆရာများကို တလေးတစားအရိုအသေပြုနေကြစဉ်။



သူအသက်ထင်ရှားရှိစဉ်က သူ့ကို လုံးဝတွေ့ဖူးမြင်ဖူးခြင်းမရှိခဲ့သော ဆေးကျောင်းသား ၄ ဦးတို့သည် သူတို့ ၏၀ိညာဉ်မဲ့မြတ်ဆရာအား ခေါင်းများငုံ့လျက် အရိုအသေပြုနေကြသည်။ 

သူတို့၏ဘေးနားတွင် ၀ိညာဉ်မဲ့ဆရာ၏ဇနီးနှင့်သားသမီးများ မြေးများ ရပ်နေကြသည်။

သူနှင့်အတူ နှစ် ၅၀ ပေါင်းသင်းလာခဲ့သောဇနီးဖြစ်သူအား သူမတွေ့မမြင်နိုင်လေတော့။

သူတို့အားလုံးသည် သူ့ကိုနောက်ဆုံးနှုတ်ဆက်ရန်ရောက်နေကြခြင်းဖြစ်သည်။


ဆက်ရေးပါဦးမည်။











Saturday, October 5, 2019

ရန်ကုန်တက္ကသိုလ်ထဲက သစ်ပုတ်ပင်


After Burma gained independence from British colonial rule in 1948, Rangoon University flourished. 

Its different faculties gained widespread recognition as a leading educational institution in Asia, with the 1950s as its golden period. 

The main icons of Myanmar's premier university are Convocation hall on Chancellor's Road (Adipati Lanma), Student Union Building (demolished in 1962), Thitpok tree, Gangaw trees, Seinpan and Padauk trees and U Chit tea house.


ယနေ့ဖေ့(စ)ဘွတ်ပေါ်တွင် ဆရာဝန်စာရေးဆရာကြီး ပါမောက္ခဒေါက်တာမောင်မောင်ညို ၏ Ode to My Alma Mater! အမည်ရှိ အင်္ဂလိပ်ကဗျာလေးကိုဖတ်ရသည်။

ဆရာကြီးသည် သူ၏အမိတက္ကသိုလ်ဖြစ်ခဲ့ဖူးသော ရန်ကုန်တက္ကသိုလ်အကြောင်းကိုရေးဖွဲ့ရင်း ကျောင်းသူကျောင်းသားများ၏အချစ်နှလုံးသားပိုင်ရှင်ဟုခေါ်ဆိုနိုင်သော သစ်ပုတ်ပင်ကြီးကိုလည်း အမှတ်တရထည့်ရေးထားပါသေးသည်။

ထိုအခါ ရန်ကုန်တက္ကသိုလ်ကြီးတွင် ၂ နှစ်တိတိ အဆောင်နေအဆောင်စားနေကာ ပညာသင်ယူခဲ့ဖူးသောမိမိသည် အမိတက္ကသိုလ်ကိုလွမ်းမိရသည်နှင့်အတူ အတိတ်ကာလကတက္ကသိုလ်ပုံရိပ်တို့ကို ပြန်လည်မြင်ယောင်လာပါတော့သည်။    


 
                                                          (သစ်ပုတ်ပင်)


ရန်ကုန်တက္ကသိုလ်အကြောင်းကိုပြောကြလျှင် ...

- ဘွဲ့နှင်းသဘင်ခန်းမ ပါတတ်သည်။
- အဓိပတိလမ်းမ ပါတတ်သည်။
- ကျောင်းသားသမဂ္ဂအဆောက်အဦ ပါတတ်သည်။
- ဦးချစ်လက်ဘက်ရည်ဆိုင် ပါတတ်သည်။
- ကံ့ကော်မြေ ကံ့ကော်တောအကြောင်းများ ပါတတ်သည်။
- အထီးကျန်သစ်ပုတ်ပင်ကြီးလည်း ပါတတ်ပါသည်။

သစ်ပုတ်ပင်သည် သက်တမ်းရင့်ရွက်ကြွေသစ်ပင်မျိုးဖြစ်ပြီး သစ်ပွအမျိုးအစားဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြို့ ရှိသစ်ပင်ကြီးများအနက် ထင်ရှားသောသစ်ပင်ကြီးတစ်ပင်လည်းဖြစ်သည်။ သို့ဖြစ်ရာ အဖိုးမဖြတ်နိုင်သော သဘာဝအမွေအနှစ်ဖြစ်နေပါသည်။

၁၉၂၀ ခုနှစ်ကစတင်ခဲ့သော ရန်ကုန်တက္ကသိုလ်ထက်ပင်သက်တမ်းရင့်နေ၏။

ရှေ့ နှစ်တွင် အနှစ် ၁၀၀ ပြည့်တော့မည့်ရန်ကုန်တက္ကသိုလ်ကြီးမတည်ထာင်မီကတည်းက ယခင်တောထဲမှာရှိနေခဲ့ပြီးဖြစ်သဖြင့် အပင်သက်သည် ၁၀၀ နှစ်ကျော်ပြီဖြစ်ကြောင်းခန့်မှန်းသိရှိနိုင်ပါသည်။

ထိုကြောင့် သစ်ပုတ်ပင်ကြီးကို ရန်ကုန်မြို့ ၏မြို့ ပြအမွေအနှစ်တစ်ခုအဖြစ် အသိအမှတ်ပြုဂုဏ်ပြုခဲ့ကြသည်။


သစ်ပုတ်ပင်ကြီးသည် သိပ္ပံခန်းမနှင့်သိပ္ပံဆောင်များအနီးတွင်ရှိသဖြင့် ရန်ကုန်တက္ကသိုလ်ကြီးတွင် သိပ္ပံဘာ သာရပ်များသင်ကြားခဲ့ရသောမိမိတို့အနေဖြင့် နေ့စဉ်နေ့တိုင်းလိုလို သစ်ပုတ်ပင်ကြီးကို တွေ့မြင်ခဲ့ကြရသည်။ 

  


စိတ်ဝင်စားစရာကောင်းသည်မှာ သစ်ပုတ်ပင်ကြီးအားဗဟိုအမှတ်ပြုလျက် တက္ကသိုလ်ကြီးကိုဆောက်လုပ်ခဲ့သည်ဟု အချို့ ကပြောကြခြင်းသည်။

တနည်းအားဖြင့်ဆိုရသော် သစ်ပုတ်ပင်ကြီးသည် တက္ကသိုလ်ကြီး၏အထင်ကရသင်္ကေတဖြစ်နေသည်။

သို့ဖြစ်ရာ သစ်ပုတ်ပင်ကြီးကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က မြို့ ပြအမွေအနှစ်အဖြစ် အပြာရောင်ကဗျည်းပြားတပ်ဆင်ပေးခဲ့သည်။




စာရေးဆရာမကြီးရွှေကူမေနှင်း၏ "ငါတို့ခေတ်က တက္ကသိုလ်" စာအုပ်မျက်နှာဖုံးတွင် သစ်ပုတ်ပင်ကြီးကို ဘွဲ့နှင်းသဘင်ခန်းမ၊ အဓိပတိလမ်းတို့နှင့်အတူ ဖော်ပြခဲ့ပါသည်။

နောက်တစ်ခါ ရန်ကုန်ကိုရောက်တုန်းရောက်ခိုက်မှာ ရန်ကုန်တက္ကသိုလ်ထဲက ဒီသစ်ပုတ်ပင်ကြီးကို တစ်ခါလောက်အလွမ်းပြေသွားကြည့်ချင်မိသေးတော့။