"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, July 27, 2015

စကားပြေအလေ့အလာ (၃)


၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၁ ရက်




ယခုတစ်ခါ  စကားပြေအလေ့အလာ (၃) မှာ ...

- ခေတ်စမ်းစာအကြောင်းနဲ့ ၀ါကျအတိုအရှည်ရေးသားမှုကိစ္စ၊ 

- ဆရာမင်းသုဝဏ်၏ "စကားပြေ စာပေအသက်"ဆိုသော ဆောင်းပါးဆောင်ပုဒ်

- ပညာရပ်ဆိုင်ရာကျမ်းတွေအတွက် စကားပြေ၏အရေးကြီးသောကဏ္ဍ

- ယောမင်းကြီးနှင့်ဖန်ချက်ဝန်တို့၏ ရှေးကပညာရပ်ဆိုင်ရာကျမ်းစာအုပ်များနဲ့ခရီးသွားမှတ်တမ်းများ 

အစရှိတာတွေကို ဆရာမောင်ခင်မင်က စိတ်ဝင်စားဖွယ် ဆွေးနွေးထားပါတယ်။




မြန်မာ့အလင်းသတင်းစာ (၂၇ ရက် ဇူလိုင်လ၊ ၂၀၁၅)












Saturday, July 25, 2015

ဆရာဦးဖိုးကျော်မြင့် အမှတ်တရ



၁၃၇၇ ခုနှစ်၊ ဒုတိယ၀ါဆိုလဆန်း ၉ ရက်




ယနေ့ထုတ်ကြေးမုံသတင်းစာတွင် ၁၉၇၃ ခုနှစ် ဇွန်လ ၉  ရက်နေ့က ဗိုလ်တထောင်သတင်းစာမှာ စာရေး ဆရာနှင့်သတင်းစာဆရာကြီး ဦးသိန်းဖေမြင့်ရေးထားသော ဆရာဦးဖိုးကျော်မြင့်အကြောင်း ရေးထားသည့် ဆောင်းပါးကို ဖတ်ရသည်။

‘သေသောသူ ကြာလျင်မေ့’ဆိုသောစကားအတိုင်း ကွယ်လွန်သွားသည်မှာကြာခဲ့ပြီဖြစ်သော မိမိ လေးစား ခင်မင်သည့် ဆရာဦးဖိုးကျော်မြင့်အား မေ့တေ့တေ့ရှိခဲ့ရာမှ အထူးတလည် ပြန်လည်သတိရမြင်ယောင်မိပါ သည်။

ဆရာ့အား ၁၉၇၁ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့  ဦးဝိစာရလမ်းရှိ အင်ဗွိုင်းခန်းမ(ယခု တပ်မတော်ခန်းမ) တွင် စတင်တွေ့ဖူးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မိမိသည် ဆိုဗီယက်ကုန်သွယ်ရေးနှင့်စက်မှုလက်မှုပြပွဲကြီး (Soviet Trade and Industrial Exhibition)မှာ ရုရှားဘာသာစကားပြန် လုပ်နေခဲ့၏။

ပြပွဲမှာ အတော်ကြီးကျယ်သဖြင့် မိမိမှတ်မိသရွေ့  နိုဝင်ဘာ ၁ လကြာပြင်ဆင်ရပြီး ဒီဇင်ဘာ ၁ လ ကြာသည် အထိ ပြသခဲ့သည်။ ထိုစဉ်က ဆရာဦးဖိုးကျော်မြင့်သည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ရှိ မြန်မာစာဌာနတွင် အလုပ်လုပ်လျက်ရှိနေ၏။ ယင်းမတိုင်မီက ဆရာသည် ရုရှားနိုင်ငံ မော်စကိုမြို့ တွင် မြန်မာစာပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရပါသည်။  

ထို့ကြောင့် ဆရာက ပြပွဲအားလာရောက်ကြည့်ရှုရင်း သူကဲ့သို့ ပြပွဲသို့လာကြသော ရုရှားပြန်မြန်မာမိတ်ဆွေ များ (ပညာရေးမှ ဒေါက်တာသန်းနိုင်၊ ဒေါက်တာရဲအောင်နှင့် ဒေါက်တာမတင်ဝင်း၊ ဘာသာခြားသိပ္ပံ ရုရှား ဘာသာဌာနမှ ဦးသွင်အေးမောင်နှင့်ဦးထွန်းထွန်းမင်း၊ ဆင်မလိုက်သင်္ဘောကျင်းမှ အင်ဂျင်နီယာဦးအေးကို၊ ယဉ်ကျေးမှုမှ ကိုကျော်သာထွန်းနှင့်ကိုစောနု စသည့်) နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ မိမိနှင့်အတူတွဲလုပ်ရန် ဆိုဗီယက်နိုင်ငံမှပါလာသော မြန်မာဘာသာစကားပြန် မလှကျော့ (လျဲနာ)၊ ကိုညဏ်(ယန်ဆင်း) နှင့် ကိုစိုးမြင့် (စီရ်ဂဲအိ)တို့ကိုလည်း ဆရာက ရုရှားမှာကတည်းက သိခဲ့ပြီးဖြစ်၏။

စာဖတ်ဝါသနာပါသော မိမိက ဆရာ့အားမတွေ့ဖူးခင်ကတည်းက ဆရာ၏စာများကိုဖတ်ထားဖူးသဖြင့် ဆရာ့ အား လေးစားစွာသိနေခဲ့ပါသည်။ ဆရာနှင့် လူချင်းတွေ့ရသောအခါတွင်မူ ဆရာကြီးဦးသိန်းဖေမြင့်ရေးထား သည့်အတိုင်း ‘ချိုပြုံးသော နှလုံးသားနှင့်အမြဲတမ်းလိုလို အပြုံးပန်းဆင်ထားသော မျက်နှာပိုင်ရှင်’ဆရာ့အား တခဏခြင်းမှာပင် ခင်မင်လေးစားမိခဲ့ပါတော့သည်။

စိတ်မကောင်းစရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာသေဆုံးသောနေ့က မိမိသည် လှည်းတန်းအ၀ိုင်းကြီးနားက စေတနာရှင်လက်ဘက်ရည်ဆိုင်မှာ ရှိနေခဲ့ပါသည်။ 

မိုးတွေရွာနေဆဲ လမ်းကူးရင်း လမ်းလယ်ခေါင်မှာရပ်နေသော ဆရာ၏မိုးကာအင်္ကျီနှင့် ကားချိတ်ပါသွားပြီး ဆရာကွယ်လွန်သွားခဲ့ရ၏။ 

ကွယ်လွန်စဉ်က အသက် ၃၉  နှစ်သာရှိသေးသော ဆရာ့လိုလူတော်လူကောင်းတစ်ဦးအတွက် များစွာယူ ကျုံးမရ နှမြောတသခြင်းဖြစ်ခဲ့ရပါသည်။ 


တခဏတာလေး သိကျွမ်းခင်မင်လိုက်ရသော ဆရာဦးဖိုးကျော်မြင့်အား လေးစားအမှတ်ရစွာဖြင့် ဆရာကြီး ဦးသိန်းဖေမြင့်၏ အောက်ပါဆောင်းပါးဖြင့် အမှတ်တရ ကန်တော့ရပါ၏။





ကြေးမုံသတင်းစာ (ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၅) 










စကားပြေအလေ့အလာ (၂)


၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၉ ရက်



ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျွန်းသာယာမှာတင်ထားသော စကားပြေအလေ့အလာ (၁) မှာ စကားစခဲ့တဲ့ ဆရာ ကြီးဦးဖေမောင်တင်၏ “အထက်တန်းစကားပြေကောက်နှုတ်ချက်များ” ဆိုတဲ့စာအုပ်အကြောင်းကို ဆရာ မောင်ခင်မင်က အခုစကားပြေအလေ့အလာ (၂) မှာ ဆက်လက်ဆွေးနွေးရှင်းပြထားတဲ့အပြင် ဆရာကြီးဦး လူဖေ၀င်း၏ “မြန်မာစာစီစာကုန်းအခြေပြုကျမ်း” နဲ့  “မြန်မာစာစီစာကုန်းကျမ်း” စာအုပ် ၂ အုပ်အကြောင်း တွေကိုလဲ ထပ်ပြီးပြောပြထားပါသေးတယ်။ 


နောက်ပြီး အခုခေတ်မှာ စကားပြေထဲက စကားသုံးနှုန်းပုံတို့၊ ၀ါကျဖွဲ့ပုံတို့၊ အချက်အလက်စီစဉ်ပုံတို့ကို ယခင်ကလို တကူးတက မသင်တော့တာ မမေးတော့တာတွေကို ထောက်ပြထားတာ မြန်မာစာချစ်တို့အ တွက် စိတ်ဝင်စားစရာကြီးပါ။  




မြန်မာ့အလင်းသတင်းစာ (၂၄ ဇူလိုင်၊ ၂၀၁၅)
















Sunday, July 19, 2015

မြန်မာသတင်းစာပါ ကန့်ဘလူမြို့  နှင့်ရေကြီးသတင်းများ



အခုလောလောဆယ် မြန်မာပြည်မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေတွေဆိုးဆိုးဝါးဝါးကြီးနေပြီး ရွာ တွေနစ်မြုပ် လမ်းတံတားတွေပျက်ဆီးကာ ဆည်တွေကျိုးပေါက်လို့ လူတွေရဲ့ အသက်အိုးအိမ်များအတွက် ဘေးအန္တရာယ်စိုးရိမ်နေရတဲ့ဒေသကတော့ မကြာလေးခင်ကမှ မြို့ နယ်အဆင့်ကနေ ခရိုင်မြို့ ဖြစ်လာသော ကန့်ဘလူမြို့ နဲ့ အနီးတစ်ဝိုက်ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေထုတ်မြန်မာသတင်းစာများမှာ အဲဒီသတင်းကို ဦးစားပေးပြီး အကျယ်တစ်ဝင့်ဖော်ပြပေးတာ ဖတ်ရှုခဲ့ရပါတယ်။  

ကန့်ဘလူမြို့ ပေါ်မှာထက် ကျွန်းလှမြို့ ၊ ချပ်သင်း၊ ကိုးတောင်ဘို့၊ ကောလင်း၊ မိုးကောင်းနဲ့အင်းတော်တို့တွင် အခြေအနေက ပိုဆိုးနေတယ်လို့ သိရပါတယ်။

အသေးစိတ်သတင်းများကို အောက်မှာဖတ်ရှုနိုင်ကြစေရန် တစ်ဆင့်ကူးယူဖော်ုပြပေးလိုက်ပါတယ်။ 
















ဖေ့စ်ဘွတ်မှာ နောက်ဆုံးဖတ်ရတဲ့သတင်းတွေအရ နေပွင့်လာပြီး မိုးရပ်သွားလို့ ရေကျသွားတယ်လို့ သိရပါ တယ်။






Saturday, July 18, 2015

ဝါဆိုဝါခေါင် ရေတွေ အလွန်ဖောင်လိုက်ပုံက




ဓာတ်ပုံများ - မောင်လူဒေါင်း (ကန့်ဘလူ)။



စာရေးသူတို့ငယ်စဉ်က ကျောင်းဖတ်စာအုပ်ထဲမှာပါတဲ့ ‘၀ါဆိုဝါခေါင် ရေဖောင်ဖောင်’ ဆိုတဲ့ ကဗျာလေးကို နှုတ်တက်ရွရွ ရွတ်ဖတ်ခဲ့ကြရတာကို မှတ်မိနေပါတယ်။

ဝါဆိုဝါခေါင်ဆိုတာ မြန်မာပြည်မှာ မိုးများများရွာတဲ့လ။

ကလေးဆိုတာမျိုးက မိုးရွာရင်ကို ပျော်တတ်ကြတာ။
မိုးများများရွာပြီ ရေတွေအများကြီးပါတယ်ဆိုလို့ရှိရင်တော့ ပိုပျော်ကြတော့တာပါပဲ။

‘မိုးရွာရင် ရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ်’ လို့ ဆိုခဲ့ကြတဲ့အတိုင်း မိုးကိုမျှော်တာကိုက မိုးရွာထဲထွက်ပြီး ရေချိုးချင်ကြလို့ပါ။

နောက်ပြီး မိုးရွာထဲမှာများ ဘောလုံးကန်ကြလို့ကတော့ ဘာပျော်စရာကောင်းသလဲ မပြောပါနဲ့တော့။ 
ရွံ့  ဗွက်ထဲ လူချင်းပူးလို့ ကုတ်ကတ်ပြီးဘောလုံးလုကစားရတာ၊ ရေစပ်စပ်တင်နေတဲ့မြက်ခင်းပေါ်မှာရှိနေတဲ့ဘောလုံးကို ဗျမ်းကနဲရေတွေနဲ့အတူ ကန်ထုတ်လိုက်ရတာ၊ 
ကစားသမားအချင်းချင် ဗွက်ထဲ ရေထဲ လဲကျသွားအောင် တမင်တကာလုပ်ရတာ စသဖြင့်ပေါ့။ 

ဒါပေမယ့် အခုနှစ်မှာတော့ စာရေးသူရဲ့ မွေးဇာတိဖြစ်တဲ့ ကန့်ဘလူမြို့ နဲ့ အနီးအနားက ကျွန်းလှမြို့ ၊ ချပ်သင်း၊ ကောလင်းမြို့ ။ နောက်ပြီး ကန့်ဘလူနဲ့  တော်တော်လေးဝေးတဲ့ အထက်ဖက်ဆီက မဲဇာလိုအရပ် ဒေသတွေအထိကို ရထားလမ်း ကားလမ်းတစ်လျောက်မှာ ရေတွေက ထူးထူးခြားခြား တအားကြီး ကြီးနေ ကြကုန်ပြီ။ မိုးကောင်းမြို့ နယ်က တံတားတွေမှာ ရေကျော်နေတာကြောင့် ကားတွေ ဖြတ်မရတော့ဘူးဆိုပါ တယ်။


ဓာတ်ပုံများ - ဦးထွန်းလွင်၊ ဧရာဝတီသတင်း၊ ကိုထက်။


ဒါနဲ့ မြို့ မှာရှိတဲ့သူငယ်ချင်းကို ဖုန်းဆက်မေးရတယ်။ 

ညီမလို တူမလိုဖြစ်နေတဲ့ ကန့်ဘလူသူ ၂ ဦးကိုလည်း ဖေ့စ်ဘွတ်ကနေတစ်ဆင့် လှမ်းပြီးဆက်သွယ်မေး မြန်းရသေးတယ်။ 

ဒီကနေ့နေ့ခင်းက မေးတဲ့အချိန်အထိကတော့ ကန့်ဘလူကအခြေအနေက အဆိုးကြီးမဟုတ်သေးပါဘူး။ ရပ်ကွက်တစ်ခုမှာ အနည်းငယ်ရေတင်နေတာလေးကလွဲလို့ ကျန်တဲ့ရပ်ကွက်အားလုံးမှာ ရေက သူ့အလိုလို ပြန်ဆင်းသွားတာပါပဲတဲ့။ အသွားအလာမပျက်ပါပဲတဲ့။

ဆောက်လက်စဖြစ်တဲ့ ကန့်ဘလူက မင်းမြင်ဆည်က ရေတွေကိုတော့ လွှတ်ပေးလိုက်ပြီလို့ သူငယ်ချင်းကို စန်းအောင်က ဖုန်းနဲ့ပြောခဲ့ပါတယ်။ နောက်ပြီး သူရထားတဲ့ရေကြီး ရေကျော် သတင်းဓာတ်ပုံတွေကိုလည်း Viber ကနေ မိမိထံ ပို့ပေးခဲ့ပါတယ်။  

စာရေးသူမှတ်မိသလောက် ကန့်ဘလူမြို့ နဲ့ ကန့်ဘလူမြို့ နယ်က ကျေးရွာတွေမှာ အခုလောက် ဆိုးဆိုးဝါး ၀ါးကြီးရေကြီးတာဟာဖြင့် ဒီတစ်ကြိမ်ပဲလို့ ထင်မိပါတယ်။

မိုးမြန်မြန်နားပြီး ရေကြီးခြင်းနဲ့ ခရီးလမ်းပန်းခက်ခဲခြင်းများမှ လူတိုင်း ကင်းဝေးကြစေရန် ဆုတောင်းဆန္ဒပြု လိုက်ရပါတယ်။ 










စာအုပ်မှ စာအုပ်





စာအုပ်မှ စာအုပ်


ဒီနေ့ဟာ သောကြာနေ့။
Hari Raya Puasa နေ့ဖြစ်တာကြောင့် အစိုးရအလုပ်ပိတ်ရက်။

ဒါကြောင့် အခါတိုင်းစနေနေ့မှာ အိမ်အတွက် တစ်ပတ်စာဈေးဝယ်တာကို ဒီကနေ့မှာ သွားဝယ်ဖြစ်ခဲ့တယ်။

အိပ်ယာကနောက်ကျထလို့ နံနက်စာနဲ့နေ့လည်စာပေါင်းပြီး Jurong Point မှာ ကြက်ဆီထမင်း (Chicken rice) စားဖြစ်ကြတယ်။ ထမင်းစားပြီးတော့ မြေအောက်ထပ်ကနေ ဒုတိယအထပ်မှာရှိတဲ့ NTUC ကုန်မျိုးစုံ ဆိုင်ကြီးကိုအသွား လမ်းမှာ ပေါ်ပြူလာစာအုပ်ဆိုင် (Popular Bookstore) ကိုဝင်ပြီး စာအုပ်တွေကြည့်ရင်း က စာအုပ် ၂ အုပ် ၀ယ်ခဲ့ဖြစ်တယ်။  

စာအုပ်စဉ်မှာ ဟိုကြည့်ဒီကြည့်လုပ်နေစဉ် ပြုံးပြုံးကြီးရပ်နေတဲ့လူတစ်ဦးပုံနဲ့ စာအုပ်မျက်နှာဖုံးက မိမိ၏မျက် စေ့များကို သိသိသာသာကြီး ဆွဲငင်ထားလိုက်ပါတယ်။ ဒီပုဂ္ဂိုလ်ကို လူချင်းတွေ့ဆုံရင်းနှီးမှု မရှိခဲ့ဖူးပေမယ့် သူ့ကို သတင်းစာနဲ့ရုပ်မြင်သံကြားတွေမှာ ကြိမ်ဖန်များစွာမြင်ခဲ့ဖူးသလို သူ့စကား သူ့မိန့်ခွန်းတွေကိုလည်း အတော်များများ ကြားခဲ့ဖူးတာဖြစ်တယ်။ သူက အမြဲမျက်နှာချိုတတ်တာမို့ ခင်မင်စရာကောင်းပါတယ်။ ေ

နောက်ပြီး သူ့စကားတွေမှာ လေးနက်တဲ့အတွေးအခေါ်လေးတွေ ပါရှိလေ့ရှိတာကိုလည်း သတိပြုမိခဲ့ပါသေး တယ်။





သူနာမည်က မစ္စတာဂျော့ယိုး (George Yeo) ဖြစ်ပါတယ်။

စာရေးသူတို့ စင်ကာပူနိုင်ငံကို စပြီးရောက်ခါစ ၁၉၉၁ ခုနှစ်က အသက် ၃၆ နှစ်သာရှိသေးတဲ့သူ့ကို ပြန် ကြားရေးနဲ့အနုပညာဝန်ကြီးအဖြစ် သတိပြုမိခဲ့တာဖြစ်တယ်။ တစ်ခါ  နိုင်ငံခြားရေးဝန်ကြီးအဖြစ် နောက် ဆုံးတာဝန်ထမ်းဆောင်အပြီး သူ နိုင်ငံရေးကနေ အနားယူသွားတဲ့နောက်မှာတော့ သူ့ကို အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာရှိတဲ့ နာလန္ဒတက္ကသိုလ် (Nalanda University) ဖြစ်မြောက်ရေးအတွက် အရေးပါတဲ့ နေရာကနေ ဆောင်ရွက်နေတာကို တွေ့ရှိရပြန်ပါတယ်။




နောက်တစ်အုပ်ကတော့ စင်ကာပူနိုင်ငံကို တံငါရွာကျွန်းနိုင်ငံလေးအဖြစ်ကနေ ခေတ်မီပထမကမ္ဘာအဆင့် ကိုရောက်လာစေရန် ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်းမစ္စတာလီကွမ်ယူးနဲ့အတူ ဦးဆောင်လုပ်ဆောင်ခဲ့တဲ့ မစ္စတာဂိုကိန်ဆွီး (Goh Keng Swee)ရဲ့ အကြောင်း ဖြစ်ပါတယ်။
  
အင်တာနက်ဆိုတာပေါ်လာတော့ အင်တာနက်က လူတွေကို အချိန်တိုတိုလေးအတွင်းမှာ လိုချင်တဲ့ သ   တင်းအချက်အလက်တွေ အကန့်အသတ်မရှိ ပေးနိုင်တယ်။ ဒါ့အပြင် ဖြေဖျော်မှုအမျိုးမျိုးတွေကိုလည်း အလျှံပယ်ပေးနိုင်တယ်။ ဒါ့ကြောင့် မီဒီယာနဲ့ပတ်သက်လို့ သတင်းစာတို့ စာအုပ်တို့ တဖြည်းဖြည်းခြင်း မှေးမှိန်ကွယ်ပျောက်သွားတော့မှာလို့ ဟောကိန်းတွေ ထွက်လာခဲ့ကြပါတယ်။ လူပြောသူပြော အတော်များ လာခဲ့ကြတယ်။

အင်တာနက်ရဲ့ သြဇာက အဲဒီလောက်အထိကို ကြီးလာခဲ့တော့တာ။

ဒါပေမယ့် အင်တာနက်အကြောင်း ရေရေရာရာလေးပင် ဟုတ်တိပတ်တိ မသိခဲ့တဲ့ အဲဒီအချိန်ကတည်းက ပင် မိမိကတော့ စာကိုချစ်သလို စာအုပ်တွေကိုလည်း ငယ်စဉ်အခါကစပြီး အချစ်ကြီးချစ်ခဲ့ရသူဖြစ်လို့ ဘယ် သူတွေဘယ်လိုပြောင်းပြောင်း မိမိကတော့ မိမိသိပ်ချစ်တဲ့စာအုပ်တွေကို စွန့်လွှတ်နိုင်လိမ့်မယ်လို့ ဘယ် သောအခါကမှ မထင်ခဲ့မိပါဘူး။  

မာဆတ်ဆတ် ကီးဘုတ်က ကီးလေးတွေထက် ပျော့ပျော့ပါးပါး စက္ကူသားမွှေးမွှေးလေးများကိုသာ ကိုင်ပြီး စာတွေဖတ်ချင်တာရယ်ပါ။


ဒါ့ကြောင်မို့လို့ ..

အလွန်ထက်မြက်တဲ့နိုင်ငံရေးခေါင်းဆောင် ၂ ဦးအကြောင်းဖြစ်တဲ့ ဒီစာအုပ် ၂ အုပ်ကို အရသာရှိရှိလေး တယုတယ လက်ဝယ်ကိုင်ပြီးသကာလ ယခုအလုပ်ပိတ်ရက်များမှာ ဖတ်နိုင်တော့မှာဖြစ်ပါကြောင်း။









Sunday, July 12, 2015

စကားပြေအလေ့အလာ (၁)



၁၃၇၇ ခုနှစ်၊ ပထမ၀ါဆိုလပြည့်ကျော် ၁၁ ရက်



မြန်မာစကားပြေအရေးအသားတိုးတက်ထွန်းကားဖို့ရာ အနှစ် ၇၀၀ လောက် ပုပ်သွားတယ်လို့ ဆရာကြီး ဦးဖေမောင်တင်ကပြောခဲ့တာ ဘာ့ကြောင့်ပါလဲ။ 

လယ်တီဆရာတော်ကြီးက ၁၂၇၀ ခုနှစ်မှာ ပါဠိမပါဘဲ မြန်မာလိုစစ်စစ်တရားဟောလိုက်တော့ ဆားမပါတဲ့ ဟင်းလို ပေါ့ပျက်တယ်လို့ တရားနာပရိသတ်က ကဲ့ရဲ့ ခဲ့တဲ့ကိစ္စ အစရှိတာတွေကို မြန်မာစာချစ်တဲ့စာဖတ်သူ များ လေ့လာသိကြရအောင် ....  



မြန်မာ့အလင်းသတင်းစာ (၁၂ ဇူလိုင် ၂၀၁၅)










လိမ်းကြမလားဗျို့  မြန်မာသနပ်ခါး



၁၃၇၇ ခုနှစ်၊ ပထမ၀ါဆိုလပြည့်ကျော် ၁၁ ရက်



မြန်မာသနပ်ခါးကို ဒီလိုလိမ်းကြတယ်။ အဲ လိမ်းပြီးတော့လဲ ကြည့်ကြပါဦးဗျ။


ရှေးပဝေသဏီကတည်းကစပြီး မြန်မာအမျိုးသမီးတိုင်း ကြီးကြီးငယ်ငယ်အရွယ်မရွေး သနပ်ခါးကို ကြိုက် တတ်ကြပါ၏။ ယခုလည်း သနပ်ခါးကို အခေါက်မှလည်းကောင်း အမှုံ့ကြိတ်ထားသောအခဲမှလည်းကောင်း နှစ်သက်ခုံမင်စွာ လိမ်းနေကြဆဲပင်။

သနပ်ခါးလိမ်းထားသော မြန်မာမိန်းကလေးများကို ကျက်သရေရှိပြီးလှကြသည်ဟုယူဆကာ မိမိ နှစ်သက် ပါသည်။

ယခုအခါမှာ အမျိုးသမီးများအပြင် လူငယ်အမျိုးသားလေးများပင် သနပ်ခါးလူးလာကြသည်ကို ရှောင်မလွဲ တွေ့မြင်နေကြရသည်။

မိမိတို့ အရွယ်ရောက်စဖြစ်သော လွန်ခဲ့သောအနှစ် ၄၀ ကျော်လောက်က ယောင်္ကျားလေးများ သနပ်ခါး လူးကြတာ မရှိသလောက်ရှားခဲ့ပါသည်။ တစ်ယောက်ယောက် သနပ်ခါးလူးလာပါက ‘မိန်းမရှာ’ ‘အခြောက်’ ‘ဂန်ဒူး’ စသဖြင့်နိမ့်ချပြောင်လှောင်ပြီး အခေါ်ခံရတတ်ကြ၏။ 

သို့ဖြစ်ရာ အဲဒီခေတ် အဲဒီအခါက ယောင်္ကျားလေးများ သနပ်ခါးမလိမ်းခဲ့ကြသည့်နည်းတူ မိမိလည်း မလိမ်း ခဲ့ဖူးပါ။ 

သို့သော် အိမ်ထောင်ကျပြီးနောက်ပိုင်း ရာသီဥတုအလွန်ပူပြင်းသောနေ့များတွင် အိမ်မှာရှိနေပါက အပူဒဏ် မှသက်သာစေရန် အိမ်ရှင်မက လင်တော်မောင်အား သနပ်ခါးလူးပေးတတ်ပါ၏။ မိမိသာမဟုတ် သူ့သား ဖြစ်သူလူပျိုပေါက်ကိုလည်း သနပ်ခါးလူးပေးတတ်ပါသေး၏။

မိမိသည် နိုင်ငံရပ်ခြားသို့ရောက်လာသောအခါ မြန်မာ့အစားအစာ၊ မြန်မာ့ရိုးရာအ၀တ်အစားနှင့်မြန်မာ့သ နပ်ခါးတို့ကို အခွင့်အခါသင့်တိုင်း နိုင်ငံခြားသားများအား မိတ်ဆက်ပေးလေ့ရှိပါသည်။

ဥပမာအချို့  ပြောပြပါရစေ။

(၁)


မိမိတို့ မကတတ်ကတတ်နဲ့ အဲဒီအကကို အိုးနင်းခွက်နင်းကခဲ့ကြတယ်။



တစ်နှစ်က မိမိတို့အလုပ်မှ ၀န်ထမ်းများက မိမိတို့ကျန်းမာရေးဆိုင်ရာပညာရှင်များ (Allied Health Professionals)ကို ဖြေဖျော်မှုအစီအစဉ်လေးတစ်ခုပြုလုပ်တင်ဆက်ပေးရန် တောင်းဆိုခဲ့၏။ 

ဒီအခါမှာ မိမိတို့ ပညာရှင်များထဲမှ အမျိုးသမီးငယ်လေးများက အဲဒီအချိန်ကနာမည်ကြီးနေသော ကိုရီးယား အဆိုတော်လုံမပျိုလေးများ၏ wonder girls nobody nobody but you နဲ့ဆိုကြကကြ ရန်ပြောလာပြီး အများက သဘောတူကြသဖြင့် မိမိလည်း ဘုမသိဘမသိဖြင့် သဘောတူလိုက်မိတော့၏။ 

သို့တစေ မိမိက ဖြည့်စွက်ပြီးအကြံတစ်ခု ပေးလိုက်ပါ၏။

ဒို့အားလုံး မြန်မာသနပ်ခါး လိမ်းကြရအောင်လို့။ ဘယ်သူမှ မကန့်ကွက်သဖြင့် မိမိ အိမ်မှယူလာပေးသော သနပ်ခါးကို ထိုနေ့ကအကောင်းဆုံးလိမ်းပြီး ဆိုခဲ့ကခဲ့ကြတော့၏။

(၂)





လွန်ခဲ့သော နှစ်နှစ်ကမူ စင်ကာပူနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိသော Racial Harmony Day တွင် မြန်မာအ ၀တ်အစားအချို့ ကို ပြသခဲ့ပြီး သနပ်ခါးလိမ်းပေးခြင်းနှင့်လိမ်းနည်းသင်ပေးခြင်းများကို မိမိ၏ဇနီးကိုယ်တိုင် လာရောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။        


ဒီနောက်ပိုင်းတွင် မိတ်ဆွေစင်ကာပူနိုင်ငံသူအချို့ က သနပ်ခါးကြိုက်သွားကြသည့်အတွက် မိမိက မြန်မာရွာ ကြီးဖြစ်သော ပဲန်နင်းစူးလားပလာစာကုန်တိုက်ကြီးကိုသွားပြီး ရှင်မတောင်သနပ်ခါးဗူးကို သွားဝယ်ပေးခဲ့ရ ကြောင်းပါ။ 




Saturday, July 11, 2015

မမြင်ကြိုး


၁၃၇၇ ခုနှစ်၊ ပထမ၀ါဆိုလပြည့်ကျော် ၁၀ ရက်





လိပ်စာစားနေကြစဉ်။



တစ်နေ့ အလုပ်ကပြန်လာတော့ အပေါ်အင်္ကျီချွတ်ရင်း "လိပ်တွေကို ကျွေးပြီးပြီလား အမေကြီး" လို့ မေးတော့ မကျွေးရသေးဘူးပြောတာနဲ့ လိပ်အစာဗူးလေးယူကာ လိပ်ကန်ရှိတဲ့ အိမ်ရှေ့ ဝရန်တာကို ထွက်လာခဲ့ပါတယ်။ 

ဝရန်တာနဲ့ဧည့်ခန်းကိုခြားထားသော မှန်တခါးအနားကိုရောက်တာနဲ့ လိပ်ကလေးတွေရဲ့  ရေဘောင်ဘက် ခတ်သံတဗျမ်းဗျမ်းကို ကြားရပါတော့တယ်။ လူကိုတွေ့ရတာနဲ့ အချိန်တန်လို့ အစာတောင်းကြတာပါ။ ဆာ ကြပြီပေါ့။ 

ရေကိုရိုက်တဲ့အသံအပြင် သူတို့ရဲ့ လက်သည့်ချွန်ရှည်ရှည်ကြီးတွေနဲ့လည်း လိပ်ကန်ဘောင်ကို 'တစ်ဂျစ်ဂျစ်' နဲ့နားငြီးတဲ့အထိ ကုတ်ခြစ်တတ်ကြသေးတာကလဲ မပြောပါနဲ့တော့။

ဒါနဲ့ မိမိက 'ဆာနေကြပြီလားဟေ့' လို့ ထုံးစံအတိုင်းမေးရင်း လိပ်အခွံထဲက ပြူထွက်လာတဲ့ ကျိချွဲချွဲခေါင်း လေးတွေကို လက်ချောင်းလေးနဲ့ပွတ်သပ်ပေးလိုက်ပါတယ်။ နောက်တော့ လိပ်အစာဗူးလေးကိုဖွင့်ပြီး စာက လေးချီးနဲ့တူတဲ့ အစိမ်းရောင်အစာချောင်းသေးသေးလေးတွေကို လိပ်ကန်အနှံ့ကြဲချပေးလိုက်ပါတယ်။ 



ဆာကြပြီလားမေးတော့ အခုလိုခေါင်းကလေးမော့ကြည့်ပြီး ပါးစပ်ကလေးဟ,လို့ တောင်းတတ်ကြတာ။



ဒီတော့မှ စောစောက သူတို့လက်ကလေးတွေနဲ့ရိုက်တဲ့ ဘောင်ဘက်ခပ်သံကော လက်သည်းနဲ့ကုတ်ခြစ် တဲ့အသံတွေပါ ရပ်သွားကြတော့တာ။ 

ရေပေါ်မှာဖော့မျှောပြီး အစာတွေလိုက်ကောက်စားနေကြတဲ့ လိပ်ကလေး ၄ ကောင်ကို ပီတိဖြစ်စွာကြည့်နေ ရင်း 'သံယောဇဉ်'ဆိုတာ ခေါင်းထဲလာမိပါတယ်။ 

သူတို့လေးတွေ လက်သည်းခွံလောက်အရွယ်ကတည်းက သားက သူ့မုန့်ဖိုးနဲ့ ၁ ကောင်ကို ဆင့် ၅၀ နဲ့ ၄ ကောင် (၂ ဒေါ်လာဖိုး) ဈေးက၀ယ်လာခဲ့လို့ မွေးလာခဲ့ရတာဟာဖြင့် အခု ၁၄ နှစ်အကြာမှာတော့  လက်တစ် ၀ါးကြီးကြီးအရွယ်တောင် ရှိလာခဲ့ကြပါတယ်။

ဒီအရွယ်ကိုရောက်လာပြီးကတည်းက နောက်ထပ်ပိုပြီးကြီးမလာကြတော့ပါဘူး။

အခုလောက်အကြာကြီးမွေးကျွေးလာပြီး နေ့စဉ်မြင်တွေ့နေရတာမို့ သံယောဇဉ်ရှိတာ အဆန်းမဟုတ်ပါဘူး။ ချစ်ရတာလည်း မဆန်းလှပေဘူး။ 

ခိုင်မာတဲ့သံယောဇဉ်ကြိုးလေးတစ်မျှင်ဖြစ်လာဖို့ဆိုတာကလည်း တကယ်က တစ်ဦးနှင့်တစ်ဦး အမြဲနီးနီး ကပ်ကပ်ရှိနေဖို့ မလိုသလို အချိန်အကြာကြီး ထိတွေ့ဆက်ဆံရန်လည်း  မရှိမနေလိုတတ်တာတော့ မဟုတ် ပါဘူး။ 

တူညီတဲ့အမြင်နဲ့သဘောထားရယ် စိတ်ပါဝင်စားမှုဝါသနာတွေရယ်နဲ့ တစ်ဦးရဲ့ ကောင်းကျိုးကို တစ်ဦးက လိုလားတာတွေရယ်အပေါ်မူတည်ပြီး လူတစ်ဦးနဲ့တစ်ဦးဟာ မရှည်ကြာလှတဲ့ အချိန်အတိုင်းအတာလေး တစ်ခုအတွင်းမှာပင် သံယောဇဉ်ဆိုတာလေးဟာ မသိလိုက်မသိဘာသာ ဖြစ်တည်ရှိလာတတ်ပါသေးတယ်။ 

ယေဘုယျအားဖြင့် သံယောဇဉ်ဆိုတာကို ကြိုးနှင့်ဥပမာနှိုင်းပြီး ပြောကြလေ့ရှိကြပါတယ်။ 

မြန်မာစာအဖွဲ့ဦးစီးဌာနမှထုတ်ဝေတဲ့ မြန်မာအဘိဓာန် (ဒုတိယအကြိမ်)က သံယောဇဉ်ရဲ့ အဓိပ္ပာယ်ဆိုတာကို 'နှောင်ဖွဲ့သောသဘော' လို့ ဆိုထားပါတယ်။ 

တစ်နည်းပြောရရင် လူတစ်ဦးချင်းဖြစ်စေ၊လူနဲ့တိရစ္ဆာန်ဖြစ်စေ တစ်ဦးနဲ့တစ်ဦးကို ခင်မင်မှု၊ ရင်းနှီးမှု၊ ချစ်ခင် စုံမက်မှု၊ မြတ်နိုးတွယ်တာမှု အစရှိတဲ့မမြင်ရတဲ့သံယောဇဉ်ကြိုးအမျိုးမျိုးနဲ့ တွယ်ဖက်ချည်နှောင်ထားတာပါပဲ။ 


ဒါနဲ့ပတ်သက်ပြီး ဆရာကြီးဦးရွှေအောင်က သူ၏ “ဗုဒ္ဓ -လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှုင်”(ကိုယ်ကျင့် ဗုဒ္ဓဝင်) စာအုပ်မှာ “လူဟူ၍ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဘဝနှင့်ပတ်ဝန်းကျင်ကို သံယောဇဉ်ကြိုးများနှင့် ချည်နှောင်ပြီး ဖြစ်ပါသည်။” လို့ မမြင်ကြိုးအား သတိပြုမြင်နိုင်စေရန်အလို့ငှာ ရေးသားခဲ့တာကို မှတ်သားခဲ့ ရဖူးပါတယ်။

ဟုတ်ပါတယ်။

သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မမြင်ကြိုးများက မိမိတို့အားလုံးကို တွယ်ဖက်ချည်နှောင်ထားတတ်ကြ တာပါပဲ။  












Sunday, July 5, 2015

မုဒုံခရီးနှင့် စိတ်အမော စိတ်အဖြေ


၁၃၇၇ ခုနှစ်၊ ပထမ၀ါဆိုလပြည့်ကျော် ၄ ရက်




မိမိတို့ ဇနီးမောင်နှံသည် မေလ ၁၅ ရက်နေ့ညနေမှာ စင်ကာပူမှ ရန်ကုန်ကိုရောက်ရှိပြီး ဘုန်းကြီးလမ်းက လိုင်လိုင်းဟိုတယ် (Lai Lai Hotel) မှာ တစ်ညအိပ်ကာ နောက်တစ်နေ့ မေ ၁၆ ရက်နေ့မှာ မုဒုံသွားဖို့ အောင်မင်္ဂလာကားကြီးဂိတ်ကို မနက်စောစောထွက်ခဲ့ကြပါတယ်။

မိမိတို့အား လိုက်ပို့ပေးတဲ့ တူမောင်ကိုကြည်ဇော်၏ကားဒရိုင်ဘာပြန်ထွက်သွားတော့ ဇနီးနဲ့သူ့ညီမက နံနက် ၇ နာရီမှာ မုဒုံထွက်မယ့်ကားကို သွားရှာကြတာဖြစ်လို့ မိမိက ပစ္စည်း စောင့်နေခဲ့ပါတယ်။ သွားရှာ တယ်ဆိုတာကလဲ သူတို့ကားလိုင်းရှေ့ မှာမို့ အဝေးကြီးမဟုတ်ပါဘူး။

ဒါပေမယ့် ဒီနားမှာဘေးချင်းယှဉ်ရပ်ထားတဲ့ ရန်ကုန်-မုဒုံကား ၃ စီးလေးရှိတာကိုပဲ ဘယ်ကားစီးရမှန်းမသိလို့ ဟိုကားမေးလိုက် ဒီကားမေးလိုက်နဲ့ စိတ်မောစရာကြီးပါ။ 


ဘယ်ကားစီးရမှန်းမသိဖြစ်နေကြသော ညီအမနှစ်ဦး။



ဘယ်ကားကိုမေးမေး “တက်ကြ တက်ကြ စီးလို့ရတယ်” ပဲ ကားဆရာတွေက ပြောနေကြတော့ နားမလည် နိုင်ဖြစ်ကြရတယ်။ ဇနီး၏ညီမကတော့ ပြောရှာပါတယ်။ “အမ ဘယ်ကား စီးစီးရတယ်” လို့ပေါ့။ ဒါပေမယ့် လက်မှတ်မှာက သွားမည့်ရက် ကားထွက်ချိန်နဲ့ ခုံနံပတ်တွေပဲရေးထားပြီး ကားနံပတ်မပါတော့ စင်ကာပူက လာတဲ့ဇနီးက ကားမှားစီးမှာစိုးရိမ်တာနဲ့ ကားလိုင်းကကောင်တာကိုသွားမေးတော့မှ“အဲဂလိုကြီးပါလား” လို့ သိရပါတော့သတဲ့ဗျာ။

နောက်မှသိရတာက ဒီမနက်မှာ အချိန်နဲနဲစီခြားပြီး ကား ၃ စီးစလုံး မုဒုံကိုသွားမယ်ပေါ့။ ဒါ့ကြောင့် အမိတို့ ကြိုက်တဲ့ကားကိုသာ ကြည့်ပြီးစီးကြပေတော့ဆိုတဲ့သဘော။

စာရေးသူကတော့ ပစ္စည်းတွေစောင့်နေရင်းက သူတို့ညီအမနှစ်ယောက် ဟိုကားမေးလိုက် ဒီကားမေးလိုက်နဲ့ မရေမရာဖြစ်နေတဲ့သူတို့ရဲ့ မျက်နှာတွေကို အဝေးကနေမြင်နေရတော့ ဘာများအဆင်မပြေတာပါလိမ့်လို့ တွေးပြီး ဘုမသိဘမသိနဲ့ စိတ်ပူနေမိရတယ်။

ဒါနဲ့ကားလိုင်းကပြောတဲ့ကားပေါ်ကိုတက်ပြီးမှပဲ ‘ဟင်း’ ချပြီး ထိုင်ခုံမှာ ခြေပစ်လက်ပစ်ကြီးကို ထိုင်ချပစ်နိုင် တော့တာလေ။

ဒီလိုနဲ့ ကားက သတ်မှတ်ထားတဲ့အချိန်မှာ ကားဂိတ်ကထွက်ပါတယ်။

ရန်ကုန်ရဲ့ မြို့ ပြပုံရိပ်တွေ တစ်ဖြည်းဖြည်းေ၀၀ါးပျောက်ကွယ်သွားပြီး တစ်ဖက်တစ်ချက်မှာရှိတဲ့ စိမ်းစိုစို လယ်ကွင်းတွေနဲ့သစ်ပင်တွေရယ် ဟိုအဝေးမှာ တစ်ခါတစ်ခါလှမ်းပြီးတွေ့မြင်နေရတဲ့ ညို့ မှိုင်းမှိုင်းတော တောင်တွေရယ်ကို စိတ်အေးကြည်နူးစွာငေးမောကြည့်ရှုရင်း ခရီးဆက်ခဲ့ကြရတယ်။


ဘဲလေးစားသောက်ဆိုင်၊ ကျိုက်ထို။




နေ့ ၁၂ နာရီခွဲမှာတော့ ကျိုက်ထို လက်ပြကျေးရွာက ဘဲလေးစားသောက်ဆိုင်မှာ ကားက ခရီးသည်တွေနေ့ လည်စာစားကြဖို့ ၁ နာရီရပ်နားပေးလို့ နေ့လည်စာစားပြီး ကားပြန်ထွက်လာတဲ့အခါ ဗီတာမင်-E လိုချင်လို့ မဟုတ်ပေမယ့် ခရီးသွားရတာ နဲနဲပျင်းတင်းတင်းရှိလာတာနဲ့ မိမိတို့ နေကြာစေ့လှော် စားကြပါတယ်။


လက်နှင့်ပါးစပ် မပြတ်စားတဲ့ ...။



နေကြာစေ့အခွံတွေကို ကားလိုင်းကပေးတဲ့ရေသန့်ဗူးထည့်ထားတဲ့ ပလတ်စတစ်အိတ်အမဲလေးထဲ ပစ်ကြတာ တစ်အိတ်အပြည့်မို့ ဘေးတန်းမှာထိုင်နေတဲ့ အဒေါ်ကြီးက မကြီးမငယ်နဲ့နေကြာစေ့ကို ပါးစပ်နဲ့လက် မပြတ်စတမ်းစားနေကြတဲ့ မိမိတို့လင်မယားကို ဟန်ကလေးပန်ကလေးတောင် မဆောင်နိုင်ပဲ ထူးဆန်းသလို ကြည့်နေလေရှာရဲ့ ။











သက္ကတအက္ခရာ၊ သက္ကတမွေးစားစကားလုံး



၁၃၇၇ ခုနှစ်၊ ပထမ၀ါဆိုလပြည့်ကျော် ၄ ရက်



မြန်မာစာ မြန်မာစကားများမှာ ပါဠိတို့ သက္ကတဘာသာတို့မှ မွေးစားထားကြတဲ့ စကားလုံးတွေအကြောင်း ကြားဖူးနားဝရှိသလိုလိုရှိခဲ့ပေမယ့် ဆရာမောင်ခင်မင် (ဓနဖြူ)က ယခုလို စကားလုံးရေးထုံးနဲ့အသံပြောင်း လဲလာပုံများ ရှင်းပြထားတာဖတ်ရတော့ စိတ်ဝင်စားစရာလည်းကောင်းပြီး မြန်မာစာချစ်မြတ်နိုးသူတစ်ဦး အနေနဲ့ မှတ်သားစရာလည်း အလွန်ကောင်းလှပါတယ်။

သက္ကတဘာသာနဲ့ပတ်သက်လို့ ရန်ကုန်နှင့်မန္တလေးရှိ ဗုဒ္ဓတက္ကသိုလ်ကြီး ၂ ခု၏ အဓိပတိဆရာတော်ကြီး ဖြစ်တော်မူပြီး နိုင်ငံတော်သံဃမဟာနာယက ဥက္ကဌလည်းဖြစ်တော်မူသော ဆရာတော်ဘဒ္ဒန္တ ကုမာရဘိဝံ သက ရှေးခေတ်ကစပြီး ဒီကနေ့အထိသုံးစွဲနေကြတဲ့ အိန္ဒိယဘာသာစကားအမျိုးမျိုးကို မျိုးနွယ်တူရာအတိုင်း အုပ်စုခွဲခြား သတ်မှတ်ပါက သက္ကတဘာသာမျိုးနှင့် ပြာကတဘာသာမျိုးဟူ ၂ မျိုးသာ တွေ့နိုင်မည် ဟု မိန့်ဆိုခဲ့ဖူးတာကို မှတ်သားခဲ့ရဖူးပါတယ်။
 
ဒါ့ကြောင့်

ဆရာ့ဆောင်းပါးကို ဖတ်ကြည့်ပြီး တွေးတောစဉ်းစားကြည့်ကြရအောင်ပါ။