"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, July 18, 2015

စာအုပ်မှ စာအုပ်





စာအုပ်မှ စာအုပ်


ဒီနေ့ဟာ သောကြာနေ့။
Hari Raya Puasa နေ့ဖြစ်တာကြောင့် အစိုးရအလုပ်ပိတ်ရက်။

ဒါကြောင့် အခါတိုင်းစနေနေ့မှာ အိမ်အတွက် တစ်ပတ်စာဈေးဝယ်တာကို ဒီကနေ့မှာ သွားဝယ်ဖြစ်ခဲ့တယ်။

အိပ်ယာကနောက်ကျထလို့ နံနက်စာနဲ့နေ့လည်စာပေါင်းပြီး Jurong Point မှာ ကြက်ဆီထမင်း (Chicken rice) စားဖြစ်ကြတယ်။ ထမင်းစားပြီးတော့ မြေအောက်ထပ်ကနေ ဒုတိယအထပ်မှာရှိတဲ့ NTUC ကုန်မျိုးစုံ ဆိုင်ကြီးကိုအသွား လမ်းမှာ ပေါ်ပြူလာစာအုပ်ဆိုင် (Popular Bookstore) ကိုဝင်ပြီး စာအုပ်တွေကြည့်ရင်း က စာအုပ် ၂ အုပ် ၀ယ်ခဲ့ဖြစ်တယ်။  

စာအုပ်စဉ်မှာ ဟိုကြည့်ဒီကြည့်လုပ်နေစဉ် ပြုံးပြုံးကြီးရပ်နေတဲ့လူတစ်ဦးပုံနဲ့ စာအုပ်မျက်နှာဖုံးက မိမိ၏မျက် စေ့များကို သိသိသာသာကြီး ဆွဲငင်ထားလိုက်ပါတယ်။ ဒီပုဂ္ဂိုလ်ကို လူချင်းတွေ့ဆုံရင်းနှီးမှု မရှိခဲ့ဖူးပေမယ့် သူ့ကို သတင်းစာနဲ့ရုပ်မြင်သံကြားတွေမှာ ကြိမ်ဖန်များစွာမြင်ခဲ့ဖူးသလို သူ့စကား သူ့မိန့်ခွန်းတွေကိုလည်း အတော်များများ ကြားခဲ့ဖူးတာဖြစ်တယ်။ သူက အမြဲမျက်နှာချိုတတ်တာမို့ ခင်မင်စရာကောင်းပါတယ်။ ေ

နောက်ပြီး သူ့စကားတွေမှာ လေးနက်တဲ့အတွေးအခေါ်လေးတွေ ပါရှိလေ့ရှိတာကိုလည်း သတိပြုမိခဲ့ပါသေး တယ်။





သူနာမည်က မစ္စတာဂျော့ယိုး (George Yeo) ဖြစ်ပါတယ်။

စာရေးသူတို့ စင်ကာပူနိုင်ငံကို စပြီးရောက်ခါစ ၁၉၉၁ ခုနှစ်က အသက် ၃၆ နှစ်သာရှိသေးတဲ့သူ့ကို ပြန် ကြားရေးနဲ့အနုပညာဝန်ကြီးအဖြစ် သတိပြုမိခဲ့တာဖြစ်တယ်။ တစ်ခါ  နိုင်ငံခြားရေးဝန်ကြီးအဖြစ် နောက် ဆုံးတာဝန်ထမ်းဆောင်အပြီး သူ နိုင်ငံရေးကနေ အနားယူသွားတဲ့နောက်မှာတော့ သူ့ကို အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာရှိတဲ့ နာလန္ဒတက္ကသိုလ် (Nalanda University) ဖြစ်မြောက်ရေးအတွက် အရေးပါတဲ့ နေရာကနေ ဆောင်ရွက်နေတာကို တွေ့ရှိရပြန်ပါတယ်။




နောက်တစ်အုပ်ကတော့ စင်ကာပူနိုင်ငံကို တံငါရွာကျွန်းနိုင်ငံလေးအဖြစ်ကနေ ခေတ်မီပထမကမ္ဘာအဆင့် ကိုရောက်လာစေရန် ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်းမစ္စတာလီကွမ်ယူးနဲ့အတူ ဦးဆောင်လုပ်ဆောင်ခဲ့တဲ့ မစ္စတာဂိုကိန်ဆွီး (Goh Keng Swee)ရဲ့ အကြောင်း ဖြစ်ပါတယ်။
  
အင်တာနက်ဆိုတာပေါ်လာတော့ အင်တာနက်က လူတွေကို အချိန်တိုတိုလေးအတွင်းမှာ လိုချင်တဲ့ သ   တင်းအချက်အလက်တွေ အကန့်အသတ်မရှိ ပေးနိုင်တယ်။ ဒါ့အပြင် ဖြေဖျော်မှုအမျိုးမျိုးတွေကိုလည်း အလျှံပယ်ပေးနိုင်တယ်။ ဒါ့ကြောင့် မီဒီယာနဲ့ပတ်သက်လို့ သတင်းစာတို့ စာအုပ်တို့ တဖြည်းဖြည်းခြင်း မှေးမှိန်ကွယ်ပျောက်သွားတော့မှာလို့ ဟောကိန်းတွေ ထွက်လာခဲ့ကြပါတယ်။ လူပြောသူပြော အတော်များ လာခဲ့ကြတယ်။

အင်တာနက်ရဲ့ သြဇာက အဲဒီလောက်အထိကို ကြီးလာခဲ့တော့တာ။

ဒါပေမယ့် အင်တာနက်အကြောင်း ရေရေရာရာလေးပင် ဟုတ်တိပတ်တိ မသိခဲ့တဲ့ အဲဒီအချိန်ကတည်းက ပင် မိမိကတော့ စာကိုချစ်သလို စာအုပ်တွေကိုလည်း ငယ်စဉ်အခါကစပြီး အချစ်ကြီးချစ်ခဲ့ရသူဖြစ်လို့ ဘယ် သူတွေဘယ်လိုပြောင်းပြောင်း မိမိကတော့ မိမိသိပ်ချစ်တဲ့စာအုပ်တွေကို စွန့်လွှတ်နိုင်လိမ့်မယ်လို့ ဘယ် သောအခါကမှ မထင်ခဲ့မိပါဘူး။  

မာဆတ်ဆတ် ကီးဘုတ်က ကီးလေးတွေထက် ပျော့ပျော့ပါးပါး စက္ကူသားမွှေးမွှေးလေးများကိုသာ ကိုင်ပြီး စာတွေဖတ်ချင်တာရယ်ပါ။


ဒါ့ကြောင်မို့လို့ ..

အလွန်ထက်မြက်တဲ့နိုင်ငံရေးခေါင်းဆောင် ၂ ဦးအကြောင်းဖြစ်တဲ့ ဒီစာအုပ် ၂ အုပ်ကို အရသာရှိရှိလေး တယုတယ လက်ဝယ်ကိုင်ပြီးသကာလ ယခုအလုပ်ပိတ်ရက်များမှာ ဖတ်နိုင်တော့မှာဖြစ်ပါကြောင်း။









No comments:

Post a Comment