"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, July 25, 2015

ဆရာဦးဖိုးကျော်မြင့် အမှတ်တရ



၁၃၇၇ ခုနှစ်၊ ဒုတိယ၀ါဆိုလဆန်း ၉ ရက်




ယနေ့ထုတ်ကြေးမုံသတင်းစာတွင် ၁၉၇၃ ခုနှစ် ဇွန်လ ၉  ရက်နေ့က ဗိုလ်တထောင်သတင်းစာမှာ စာရေး ဆရာနှင့်သတင်းစာဆရာကြီး ဦးသိန်းဖေမြင့်ရေးထားသော ဆရာဦးဖိုးကျော်မြင့်အကြောင်း ရေးထားသည့် ဆောင်းပါးကို ဖတ်ရသည်။

‘သေသောသူ ကြာလျင်မေ့’ဆိုသောစကားအတိုင်း ကွယ်လွန်သွားသည်မှာကြာခဲ့ပြီဖြစ်သော မိမိ လေးစား ခင်မင်သည့် ဆရာဦးဖိုးကျော်မြင့်အား မေ့တေ့တေ့ရှိခဲ့ရာမှ အထူးတလည် ပြန်လည်သတိရမြင်ယောင်မိပါ သည်။

ဆရာ့အား ၁၉၇၁ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့  ဦးဝိစာရလမ်းရှိ အင်ဗွိုင်းခန်းမ(ယခု တပ်မတော်ခန်းမ) တွင် စတင်တွေ့ဖူးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မိမိသည် ဆိုဗီယက်ကုန်သွယ်ရေးနှင့်စက်မှုလက်မှုပြပွဲကြီး (Soviet Trade and Industrial Exhibition)မှာ ရုရှားဘာသာစကားပြန် လုပ်နေခဲ့၏။

ပြပွဲမှာ အတော်ကြီးကျယ်သဖြင့် မိမိမှတ်မိသရွေ့  နိုဝင်ဘာ ၁ လကြာပြင်ဆင်ရပြီး ဒီဇင်ဘာ ၁ လ ကြာသည် အထိ ပြသခဲ့သည်။ ထိုစဉ်က ဆရာဦးဖိုးကျော်မြင့်သည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ရှိ မြန်မာစာဌာနတွင် အလုပ်လုပ်လျက်ရှိနေ၏။ ယင်းမတိုင်မီက ဆရာသည် ရုရှားနိုင်ငံ မော်စကိုမြို့ တွင် မြန်မာစာပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရပါသည်။  

ထို့ကြောင့် ဆရာက ပြပွဲအားလာရောက်ကြည့်ရှုရင်း သူကဲ့သို့ ပြပွဲသို့လာကြသော ရုရှားပြန်မြန်မာမိတ်ဆွေ များ (ပညာရေးမှ ဒေါက်တာသန်းနိုင်၊ ဒေါက်တာရဲအောင်နှင့် ဒေါက်တာမတင်ဝင်း၊ ဘာသာခြားသိပ္ပံ ရုရှား ဘာသာဌာနမှ ဦးသွင်အေးမောင်နှင့်ဦးထွန်းထွန်းမင်း၊ ဆင်မလိုက်သင်္ဘောကျင်းမှ အင်ဂျင်နီယာဦးအေးကို၊ ယဉ်ကျေးမှုမှ ကိုကျော်သာထွန်းနှင့်ကိုစောနု စသည့်) နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ မိမိနှင့်အတူတွဲလုပ်ရန် ဆိုဗီယက်နိုင်ငံမှပါလာသော မြန်မာဘာသာစကားပြန် မလှကျော့ (လျဲနာ)၊ ကိုညဏ်(ယန်ဆင်း) နှင့် ကိုစိုးမြင့် (စီရ်ဂဲအိ)တို့ကိုလည်း ဆရာက ရုရှားမှာကတည်းက သိခဲ့ပြီးဖြစ်၏။

စာဖတ်ဝါသနာပါသော မိမိက ဆရာ့အားမတွေ့ဖူးခင်ကတည်းက ဆရာ၏စာများကိုဖတ်ထားဖူးသဖြင့် ဆရာ့ အား လေးစားစွာသိနေခဲ့ပါသည်။ ဆရာနှင့် လူချင်းတွေ့ရသောအခါတွင်မူ ဆရာကြီးဦးသိန်းဖေမြင့်ရေးထား သည့်အတိုင်း ‘ချိုပြုံးသော နှလုံးသားနှင့်အမြဲတမ်းလိုလို အပြုံးပန်းဆင်ထားသော မျက်နှာပိုင်ရှင်’ဆရာ့အား တခဏခြင်းမှာပင် ခင်မင်လေးစားမိခဲ့ပါတော့သည်။

စိတ်မကောင်းစရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာသေဆုံးသောနေ့က မိမိသည် လှည်းတန်းအ၀ိုင်းကြီးနားက စေတနာရှင်လက်ဘက်ရည်ဆိုင်မှာ ရှိနေခဲ့ပါသည်။ 

မိုးတွေရွာနေဆဲ လမ်းကူးရင်း လမ်းလယ်ခေါင်မှာရပ်နေသော ဆရာ၏မိုးကာအင်္ကျီနှင့် ကားချိတ်ပါသွားပြီး ဆရာကွယ်လွန်သွားခဲ့ရ၏။ 

ကွယ်လွန်စဉ်က အသက် ၃၉  နှစ်သာရှိသေးသော ဆရာ့လိုလူတော်လူကောင်းတစ်ဦးအတွက် များစွာယူ ကျုံးမရ နှမြောတသခြင်းဖြစ်ခဲ့ရပါသည်။ 


တခဏတာလေး သိကျွမ်းခင်မင်လိုက်ရသော ဆရာဦးဖိုးကျော်မြင့်အား လေးစားအမှတ်ရစွာဖြင့် ဆရာကြီး ဦးသိန်းဖေမြင့်၏ အောက်ပါဆောင်းပါးဖြင့် အမှတ်တရ ကန်တော့ရပါ၏။





ကြေးမုံသတင်းစာ (ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၅) 










No comments:

Post a Comment