"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, February 26, 2012

အသက်ကို ဥာဏ်စောင့်ပါသတဲ့


ဒီကနေ့မနက်စောစောမှာ လက်ကိုင်ဖုန်းက သတိပေးသံလေးကြားတာနဲ့ ကြည့်လိုက်တော့ အမေရိကန် မှာရောက်နေတဲ့ မိတ်ဆွေကြီးဒေါက်တာကိုသောင်းတင်(စာရေးဆရာလူမျိုးနော်)ဆီကဖြစ်နေတာကို ၀မ်း မြောက်စွာတွေ့ရတယ်။ ‘ရေရှည်သုံးမည့်လက်’နဲ့ပတ်သက်ပြီး သူ့ထင်မြင်ချက်လေး ပေးထားတာပါ။ မိမိ ၏ဘလော့မှစာလေးများကို အခုလိုဂရုတစိုက်ဖတ်ပြီး မှတ်ချက်လေးတွေကိုတယ်လီဖုန်းနဲ့တစ်ခါ အီးမေး နဲ့တစ်သွယ်ပေးလေ့ရှိတာဖြစ်လို့ အများကြီးကျေးဇူးတင်ရပါတယ်။ လက်ကျန်းမာရေးအကြောင်း ယခုလို သတိပေးထားတာ ကောင်းတယ်ဗျာတဲ့။ အပြည့်အစုံကိုတော့ သူရဲ့ မှတ်ချက်မှာ ဖတ်ကြည့်ကြစေချင်ပါ တယ်။ သူ့မှတ်ချက်ထဲက အရေးကြီးတဲ့အချက်တစ်ချက်ကို ထုတ်နုတ်တင်ပြဆွေးနွေးချင်တာကြောင့် ဒီ စာကို ရေးဖြစ်ခဲ့တာပါ။

အဲဒါကတော့ “လူ့ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုချွတ်ယွင်းသွားလို့ရှိရင် မော်တော်ကားတွေမှာလို လွယ်လွယ်ကူကူနဲ့ ဖြုတ်တပ်လဲလို့မရဘူး”ဆိုတာပါ။ We can’t replace everything easily တဲ့။ ၀တ္တုတိုရေးတဲ့စာရေးဆရာလည်းဖြစ် ဆရာဝန်လည်းဖြစ်တဲ့ ဆရာလူမျိုးနော်က ‘လွယ်လွယ်ကူကူ’ဆိုတဲ့ စကားလုံးကို တိတိကျကျရွေးပြီးသုံးထားတာပါ။ လုံဝလုပ်လို့မရဘူးလို့ မပြောပါဘူး။

ဆေးသိပ္ပံပညာရပ်များ အံ့မခန်းအောင်ထွန်းကားနေတဲ့ယခုအခါမှာ ယခင်ကမလုပ်နိုင်ခဲ့တာတွေအတော် များများကို ဒီကနေ့ဆရာဝန်များက အခြားသောသိပ္ပံပညာရှင်များရဲ့ အကူအညီဖြင့် ကုသပေးနိုင်လာကြ ပါပြီ။ ဒါပေမယ့် လွယ်လွယ်ကူကူမဟုတ်ဘူး။ ကုန်ကျစရိတ်သက်သက်သာသာနဲ့မဟုတ်ဘူး။ နောက်ပြီး နေရာတိုင်းမှာလုပ်လို့ရတာမျိုး မဟုတ်ဘူး။ ဆရာဝန်ဖြစ်တိုင်း လုပ်နိုင်ကြတာ မဟုတ်ဘူး။ ရောဂါတူတဲ့ လူနာတိုင်းကိုလည်း လုပ်ပေးနိုင်တာ မဟုတ်ဘူး။ ပိုက်ဆံရှိတိုင်း ကုသခံနိုင်တာမျိုး မဟုတ်ဘူး။

ဒီကနေ့ကမ္ဘာမှာ အထက်ကအချက်အတော်များများနဲ့ပြည့်စုံပါလျက်နဲ့ ပိုက်ဆံမတတ်နိုင်တာလေးတစ် ခုထဲနဲ့ သိသိကြီးနဲ့ အသေခံသွားကြရတဲ့သူတွေ နေရာတိုင်းမှာ ဒုနဲ့ဒေးပါ။ ရယ်စရာ ပြောတာမဟုတ်ပါ ဘူး။ ဆေးဝန်ထမ်းသက် အနှစ် ၄၀ ကျော်မှာ ရင်နာစွာကြုံတွေ့ခဲ့ရတာတွေပါ။

ဒါကြောင့် ‘ဘယ်သူမပြု မိမိမှု’ ‘ကိုယ့်အသက် ကိုယ်မွေးတယ်’ ဆိုတဲ့မြန်မာအဆုံးအမစကား များရှိခဲ့တဲ့ အတိုင်း၊

စာဖတ်သူများအားလုံး 

မိမိ၏ခန္ဓာနှင့်အသက်တို့အား 

သတိတရားရှိစွာ 

ကိုယ်တိုင်စောင့်ရှောက်နိုင်ကြပါစေကုန်။  

Saturday, February 25, 2012

ရေရှည်သုံးမည့်လက်

ပြီးခဲ့သည့်သုံးလေးရက်က စာရေးသူတို့အလုပ်ဋ္ဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် သူ့လက်ကောက် ၀တ်နှင့်လက်ချောင်းလေးများ နာနေ ထုံနေသဖြင့် စာရေးသူထံလာပြီး တိုင်ပင်မေးမြန်းလာသည်။ သူ့ လက်အားကြည့်လျက်မေးခွန်းတစ်ချို့ မေးပြီး လက်ကောက်ဝတ်အနီးအနားမှာ အာရုံကြောဖိညပ်ခြင်း (Carpal Tunnel Syndrome) ဖြစ်နိုင်ကြောင်း ပြောပြရသည်။ သူကလည်း ဆေးဘက်ပညာရှင်တစ်ဦး (occupational therapist) ဖြစ်သဖြင့် စာရေးသူပြောသည်ကို ချက်ချင်းသိရှိသဘောပေါက်ကာ ယင်း ဝေဒနာဖြစ်နိုင်ကြောင်း ယုံကြည်၏။ စာရေးသူက ကွန်ပြူတာသုံးတာနှင့်ပတ်သက်ပြီးမေးရာ သူက စာ ရိုက်တိုင်းလက်ကောက်ဝတ်နေရာအား စားပွဲစောင်းတွင်တင်(ထောက်)ပြီးရိုက်လေ့ရှိကြောင်း ပြောပါ သည်။ ယင်းအနေအထားမှာ လက်ကောက်ဝတ်အနီးရှိအာရုံကြော(median nerve)ကို ကြာရှည်ဖိခြင်းဖြစ် စေပါသည်။ 

 

လက်မ၊ လက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တစ်ခြမ်းတို့တွင် ဝေဒနာခံစားရပုံ။ ဓါတ်ပုံ - 2004 Medicine Net, Inc.
အာရုံကြော (median nerve) အား လက်ကောက်ဝတ်အနားရှိ ကန့်လန့်ဖြတ်အရွတ်ပြားကြီး (transverse carpal ligament) အောက်တွင် ဖိညပ်ခံရတတ်သည်။
အာရုံကြော (Median nerve)သည် ကန့်လန့်ဖြတ်အရွတ်ပြားကြီး(အပေါ်ဖက်)၊လက်ဖ၀ါးအရိုးများ(carpal bones) (အောက်ဖက်) နှင့် ကြွက်သားကြောများ(flexor tendons) အကြား ရှိနေသဖြင့် ဖိညပ်ခြင်းဖြစ်နိုင်၏။ ပုံများ - American Academy of Orthopaedic Surgeons, 2009

ကာပယ်တန်နယ်စင်ဒရုမ်းဝေဒနာသည် ယင်းအာရုံကြောအားဖိညပ်ခြင်းကြောင့် ဖြစ်ရလေသည်။ အာရုံ ကြောအားဖိညပ်ထားခြင်းကြောင့် အာရုံကြော၏လုပ်ငန်းဆောင်တာများအား ထိခိုက်စေပြီး လက်နှင့် လက်ချောင်းလေးများ နာခြင်း၊ ကျင်ခြင်း၊ ထုံခြင်းစသည့်ဝေဒနာများ ခံစားရတတ်လေ့ရှိသည်။ အထူးသ ဖြင့် ညပိုင်းတွင်ပိုပြီး သိသိသာသာခံစားရ၏။ နေ့ခင်းပိုင်းတွင်မူ ကားမောင်းခြင်း သတင်းစာဖတ်ခြင်းစ သည့်နေ့  တဓူဝလုပ်ရိုးလုပ်စဉ်ကိစ္စများတွင် ဝေဒနာများခံစားရလ့ရှိသည်။

ပြီးခဲ့သောနှစ်ကုန်ပိုင်းကလည်း စာရေးသူတို့အလုပ်မှဝန်ထမ်းတစ်ဦးသည် ဘီရိုပေါ်ရှိပစ္စည်း များရှင်းရင်း ခွေးခြေခုံပေါ်မှပြုတ်ကျလျက် လက်ကောက်ဝတ်အနားရှိ လက်ဖျံရိုးတစ်ချောင်း ကျိုးသွားခဲ့သည်။ ထိုနေ့ က သူလဲကျရာနေရာကငိုယိုပြီးထွက်အလာ စာရေးသူနှင့်တိုက်တိုက်ဆိုင်ဆိုင်ပင် ကော်ရစ်ဒါမှာတွေ့ ခဲ့ သည်။ လက်ကောက်ဝတ်ပုံစံချွတ်ယွင်းသွားသော သူ့လက်ကို မြင်သည်နှင့်လက်ကျိုးသွားပြီးဖြစ်ကြောင်း စာရေးသူက အသေအချာကြီးသိလိုက်၏။ ရန်ကုန်မြို့  ကြည့်မြင်တိုင်အရိုးအထူးကုဆေးရုံကြီးတွင် ၉ နှစ် ကြာတာဝန်ထမ်းဆောင်ခဲ့ရာ ယင်းကဲ့ သို့လက်ကောက်ဝတ်ရိုးကျိုး(Colles’ fracture) သောလူနာများ အား အကြောအဆစ်ဆိုင်ရာ ကုသမှုများပေးခဲ့ရ၏။ သို့ဖြစ်ရာ စာရေးသူက သူမအားဆေးခန်း(GP)သို့မ သွားပဲ အရေးပေါ် ဋ္ဌာနသို့ တိုက်ရိုက်အမြန်ဆုံးသွားရန် ပြောပြရ၏။ သူမသည် ယခုအခါကျောက်ပတ် တီးဖြုတ်ပြီး ဖြစ်ရာ ဆေးရုံတွင် အကြောအဆစ်ဆိုင်ရာကုသမှုများ(physiotherapy treatment) ခံယူ လျက်ရှိလေသည်။    

မနေ့နံနက်ကမူ လက်ထိခိုက်မှုဖြစ်သည့်ဝန်ထမ်းတစ်ဦး စာရေးသူထံရောက်လာခဲ့ပြန်သည်။ လက်မနှင့် လက်ဖျံရိုးအောက်ပိုင်းတို့၌ အတော်ကြီးနာနေသဖြင့် မျက်နှာတွင်စိုးရိမ်စိတ်များ သိသိသာသာကြီး တွေ့  နေရသည်။ ထိခိုက်မှုဒဏ်ကြောင့် အလွန်နာနေသော်လည်း အရိုးကျိုးသည့်လက္ခဏာများကို ထင်ထင် ရှားရှားမတွေ့ရသဖြင့် လောလောဆယ် ရေခဲအိတ်ကပ်၊ လက်ကိုတံတောင်ကွေးလျက် ရင်ပတ်နားကပ် ပြီး အနားပေးထားရန် သူမအား ပြောပြရသည်။ ထိခိုက်မှုဖြစ်သည်မှာ မိနစ်ပိုင်းမျှသာ ရှိသေးရာ နောက် နာရီဝက် တစ်နာရီကြာမှ အခြေအနေကို ပြန်ကြည့်ဦးမည်ဖြစ်၏။ သို့သော် သိပ်နာနေသဖြင့် ဋ္ဌာနတာဝန် ခံက ဆေးရုံသို့သွားစေခဲ့၏။ အရေးပေါ်ဋ္ဌာနမှ ကြည့်ရှုပြီး စိုးရိမ်စရာမရှိသဖြင့် အလုပ်ဆက်လုပ်စေပါ သည်။

အထက်ပါလက်ထိခိုက်အနာတရဖြစ်ခြင်းဥပမာ ၃ ခုကိုကြည့်က လက်ကိုဂရုတစိုက်ရှိကြရန် မည်မျှအ ရေးကြီးလှကြောင်း ထင်ရှားပါသည်။

လူအတော်များများသည် မျက်နှာလေးတစ်ခုအား အမျိုးမျိုးဂရုတစိုက်ရှိတတ်ကြသော်လည်း မိမိတို့ နေ့ စဉ်အချိန်တိုင်း အသုံးပြုနေကြရသည့် လက်ကိုမူ လိုအပ်သောဂရုပြုမှု နည်းပါးကြ၏။ ဂရုပြုရကောင်း မှန်းပင် မသိကြသည်က များလေသည်။ လက်၏အသုံးတန်ဖိုးအား ထိခိုက်အနာတရဖြစ်ကြသောအခါ တွင်မှ လက်နာကျင်ကိုက်ခဲမှုခံစားရသောအခါတွင်မှ သိတတ်ကြလေ့ ဂရုပြုမိတတ်လေ့ ရှိကြသည်။ 

လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အရွယ်အစားသေးငယ်သလောက် အလုပ်အရှုပ်ဆုံးကတော့ လက် ပင်ဖြစ်သည်။ သို့မို့ကြောင့်လည်း လက်နှင့်လက်ချောင်းလေးများသည် မကြာခဏဆိုသလို စူးရှခြင်း ပွန်း ပဲ့ခြင်း ဖိညပ်ခြင်းနှင့် ကျိုးကျေခြင်း စသည့်ထိခိုက်အနာတရဖြစ်မှုများ ရှိတတ်ကြ၏။ လက်ကိုအသုံးပြု လေတိုင်း ကြွက်သားများနှင့်အာရုံကြောများ ပူးတွဲလုပ်ဆောင်ကြရ၏။ လက်ချောင်းများမှာရှိသည့်အာ ရုံကြောများကြောင့် ထိတွေ့မှုကို သိကြရ၏။ ပူခြင်း အေးခြင်းကို ခံစားသိရှိနိုင်ကြ၏။ နာကျင်မှုကိုလည်း သိကြရ၏။ လက်၏ထိတွေ့သိရှိမှုတစ်ခု တည်းဖြင့်ပင် အမှောင်ထဲမှာမျက်စေ့မမြင်ပဲ စမ်းဝါးလျောက်နိုင် လေသည်။

ဤမျှသေးငယ်လှသည့်လက်နှစ်ဖက်ရှိ အရိုးအရေအ တွက်သည် ခန္ဓာကိုယ်တစ်ခုလုံးရှိအရိုးအရေအ တွက် စုစုပေါင်း၏ လေးပုံတစ်ပုံကျော်ရှိသည်။ ထို့အပြင် လက်(အထူးသဖြင့် လက်ချောင်းထိပ်ဖျားတို့) တွင် တစ်လက်မပတ်လည်အကျယ်အ၀န်းတိုင်းမှာ အာရုံကြောမျှင်လေးပေါင်း ထောင်ဂဏန်းအထိရှိ ကြ၏။    

သို့ဖြစ်ပေရာ သဘာဝတရားက အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးထားသည့်လက်များ ရေရှည်ကျန်း မာသန်စွမ်းရေးအတွက် တန်ဖိုးသိသိဂရုပြုကြရပေမည်။  

 

 

Saturday, February 18, 2012

မန်ဒိုင်းလေဆိပ်

မန်ဒိုင်းသင်္ချီုင်း

ဆေးဘက်ပညာသိပ္ပံတွင် တစ်တန်းတည်းသားချင်း အတူပညာသင်ခဲ့ကြသောသူငယ်ချင်း၏ အသုဘ ကိုသွားပို့ရင်း မန်ဒိုင်းသင်္ချီုင်းကုန်း(Mandai Crematorium)သို့ ပြီးခဲ့သည့်အပတ်က ရောက်သွားခဲ့ရ သည်။ သူနေထိုင်ရာ အန်မိုကူးအရပ်(Ang Mo Kio)မှာ လူစုကြပြီး လိုက်ပို့သူများအတွက် သူ့အိမ်ကစီ စဉ်ပေးထားသောဘတ်(စ)ကားဖြင့် နေ့ ၂ နာရီကျော်တွင် ထွက်ခဲ့ကြ၏။  

 

ဘုန်းတော်ကြီးသုံးပါးမှ ရွတ်ဖတ်သရဏဂုံတင်ပေးကြစဉ်။ ဓါတ်ပုံ - ဖိုးတာ (၂၀၁၂)။ 

စာရေးသူသည် စင်ကာပူနိုင်ငံတွင်အလုပ်လုပ်ကိုင်ရင်း နေထိုင်လျက်ရှိသည်မှာ အနှစ် (၂၀) ကျော်ရှိပြီ ဖြစ်သော်လည်း မန်ဒိုင်းသင်္ချီုင်းကုန်းကို နှစ်အတန်ကြာကတည်းက ကြားးဖူးရုံသာ ရှိခဲ့ပြီး ယခုတစ်ခါ သာရောက်ဖူးသေးသည်ဖြစ်၏။ သင်္ချီုင်းကုန်းသို့အသွား ဘတ်(စ)ကားပေါ်တွင် အသိတစ်ဦးနှင့်အတူ ထိုင်ရင်း စကားစမြည်ပြောလာခဲ့ပါသည်။ မိနင် ၂၀ ခန့်ကြာသောအခါ သင်္ချီုင်းကုန်း ကို ရောက်ပါတော့ ၏။ ကားက မီးသင်္ဂြီုလ်အဆောက်အဦရှေ့ နားတွင် ရပ်ပါ သည်။ 

 

မိသားစုနှင့်ဆွေမျိုးများက နောက်ဆုံးနှုတ်ဆက်ကြစဉ်။ ဓါတ်ပုံ - ဖိုးတာ (၂၀၁၂)။

 

စာရေးသူတို့ကားပေါ်မှဆင်းလာသောအခါ ဘီးတပ်လက်တွန်းလှည်းများဖြင့်လာကြ သည့်သူများကို တွေ့ရလေသည်။ ကွယ်လွန်သူ သူငယ်ချင်းအလုပ်လုပ်သည့် ‘သက်ကြီးရွယ် အိုပြုစုစောင့်ရှောက်ရေး’ မှဖြစ်ကြောင်း သိရ၏။ သူတို့၏အကြောအဆစ်ဝေဒနာများနှင့်သွား လာလှုပ်ရှားမှုအခက်အခဲများကို သူ ငယ်ချင်းက မကွယ်လွန်မီအချိန်ထိကုသပေးခဲ့လေရာ ဆရာ့အသုဘအား လာရောက်နူတ်ဆက်ပို့ဆောင် ကြခြင်းဖြစ်ပါလေ၏။ 

ခဏကြာသောအခါ မြန်မာဘုန်းတော်ကြီးသုံးပါးမှ သရဏဂုံတင်ပေးကြလျက် အမျှဝေကြရပါသည်။ သရ ဏဂုံတင်ပြီးနောက် သူငယ်ချင်း၏မိသားစုနှင့်မိတ်ဆွေများက ပန်းခက်လေးများချ နူတ်ဆက်ကာ မီးသ င်္ဂြီုလ်ကြည့်ရှုဆောင်(viewing hall)သို့ သွားကြရ၏။ အလိုအလျောက်ရွေ့ လျားသည့်စက်ရထားဖြင့်  အ ခေါင်းကိုမီးသင်္ဂြီုလ်စက်ဆီပို့ပေးသည်ကိုကြည့်ပြီးနောက် အောက် ထပ်သို့ပြန်ဆင်းလာကြကာ ဘတ်(စ) ကားဖြင့် သူနေထိုင်ရာအိမ်သို့ပြန်ခဲ့ကြတော့၏။ 

သဘောကောင်းမနောကောင်းပြီး လူချစ်လူခင်များလှသည့်သူငယ်ချင်း

 ကောင်းရာသုဂတိသို့ရောက်ပါစေ။

 

                                                                 ****

 

အပြန်ခရီးတွင် စာရေးသူသည် ဘတ်(စ)ကားပေါ်တွင်မှေးကနဲအိပ်ပျော်သွားလေရာ …………


မန်ဒိုင်းလေဆိပ်

ဘာတဲ့ မန်ဒိုင်းလေဆိပ်ဆိုပါလား။ ကြားပဲ မကြားဘူးပေါင်ဗျာ။

စင်ကာပူမှာ ကမ္ဘာကျော်’ချန်ဂီလေဆိပ်’ပဲရှိတာ အားလုံးသိကြတဲ့အတိုင်းပဲလေ။ 

ဒါနဲ့ အထဲဖက်ကိုဝင်ကြည့်လိုက်မိတယ်။ ဒီလေဆိပ်က တစ်ခြားလေဆိပ်တွေနဲ့မတူတာ သတိပြုမိတယ်။ ခရီးသည်တွေက ဘာပစ္စည်း ဘာဝန်စည်စလယ်မှ မယူကြတာတွေ့ရတယ်။ ခရီးသည်အားလုံး နိုင်ငံကူး လက်မှတ်တစ်ခုပဲ ကိုင်ထားကြတာ။ ဆိုင်းဘုတ်တွေကို ဖတ်ကြည့်တဲ့ အခါ ထွက်ခွာခန်းမ (Departure Hall) ကိုပဲတွေ့ရပြီး ဆိုက်ရောက်ခန်းမ (Arrival Hall)ဆိုတာကို လုံးဝမတွေ့ရဘူး။ ဒါဆို လေဆိပ်ကနေ သွားတဲ့ခရီးသည်ပဲရှိပြီး လေဆိပ်ကိုလာတဲ့ ပြန်လာတဲ့ခရီးသည် မရှိဘူးပေါ့။ နောက်ပြီး အကောက်ခွန် ၀န် ထမ်းတွေ မရှိဘူး။ လ၀က ၀န် ထမ်းတွေပဲ တွေ့ရတယ်။ လေယာဉ်ခရီးစဉ်ပြဇယားမှာ ရန်ကုန်၊ လန် ဒန်၊ တိုကျို၊ ဆစ်ဒနီစတဲ့ မြို့ နာမည်တွေ မဖော်ပြထားဘူး။ အပေါ်ခရီး၊ အလယ်ခရီးနဲ့ အောက်ခရီးလို့ပဲ ထူးထူးခြားခြားဖော်ပြထာတာ တွေ့ရပြန်ပါတယ်။

ခရီးသည်အားလုံး၏မျက်နှာများတွင် ပုံမှန်အားဖြင့်မြင်တွေ့ရသည့် ပျော်ရွင်မှုမျိုးမတွေ့ရပဲ ၀မ်းနည်းသုံမှုန် သောမျက်နှာများဖြင့် လေးလံဖင့်နွဲစွာလှမ်းလျောက်နေကြ၏။ ဤခရီးအား လိုလိုလားလား သွားချင်လှ၍ သွားနေကြဟန်မတူပေ။ ‘အပေါ်ခရီး’ကောင်တာရှေ့ ရှိ အတန်းတွင် ခရီးသွားမည့်သူအချို့  ရပ်နေကြ၏။ ‘အလယ်ခရီး’ကောင်တာရှေ့ ရှိ အတန်းတွင်မူ ခရီးသွားပိုများလေသည်။ ‘အောက်ခရီး’ကောင်တာရှေ့ ရှိ အတန်းတွင်ကား ခရီးသွားအများဆုံး ဖြစ်သည်။

သို့နှင့် ဤခရီးများက ဘာတွေများပါလိမ့်ဟုသိလိုသဖြင့် လေဆိပ်အတွင်းရှိသတင်းပြန်ကြားကောင်တာ မှ လက်ကမ်းစာစောင်တစ်စောင်အား ယူကြည့်မိ၏။

စာစောင်ထဲတွင် အထက်ဖော်ပြပါခရီးစဉ်များအကြောင်း အောက်ပါအတိုင်းဖတ်ရှုသိရှိရသည်။ 

လမ်းခရီးအမျိုးအစား     ဆိုက်ရောက်မည့်ခရီးများ             နေထိုင်ရမည့်ခွင့်ပြုကာလ

၁။ အပေါ်ခရီး                  နတ်ပြည်၊ ဗြဟ္မာပြည် ….           နိုင်ငံကူးလက်မှတ်တွင်ကြည့်ရန်

၂။ အလယ်ခရီး                လူ့ပြည်                                 နိုင်ငံကူးလက်မှတ်တွင်ကြည့်ရန်

၃။ အောက်ခရီး                ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန် …             နိုင်ငံကူးလက်မှတ်တွင်ကြည့်ရန်

 

အထက်ပါလေယာဉ်ခရီးစဉ်များအကြောင်းကို ဖတ်ပြီးသောအခါ စာရေးသူသည် ဘတ်(စ)ကားပေါ်က တစ်ခဏအိပ်မက်ဆိုးမှ ကယောင်ခြောက်ခြားဖြစ်လျက်တုန်ရီေ၀၀ါးစွာဖြင့် နှိုးလာခဲ့ရပါသည်။


Sunday, February 12, 2012

စားပွဲတောင်ကြီးသို့တစ်ခေါက်

တစ်နေ့ အလုပ်ကနေ အိမ်ပြန်ရောက်မဆိုက်မှာပဲ အိမ်ရှင်မက “နေ့ခင်းက ဒေါ့ကျူမဲန်ထရီးစ် (docu-mentaries)လာတာ အဖေဓါတ်ပုံရိုက်ခဲ့တဲ့ တောင်အာဖရိကနိုင်ငံမှာရှိတဲ့ စားပွဲတောင်ကြီး (Table Mountain)အကြောင်းလည်းပါတယ်” လို့ ပြောပါတယ်။ အိမ်ရှင်မက နေ့ခင်းမှာအိမ်မှာ တစ်ယောက်ထဲ ရှိနေတာမို့ အိမ်မှုကိစ္စတွေလုပ်ကိုင်ရင်း အားတဲ့အခါ တီဗွီကပြတဲ့ဒေါ့ကျူမဲန်ထရီးစ်နဲ့ခရီးသွားအစီအစဉ် တွေကို ကြည့်လေ့ရှိပါတယ်။ ဟိုတစ်လောကလည်း တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးမော်စီတုံးရဲ့ တော် လှန်ရေးခရီးကြမ်းချီတက်ပွဲအကြောင်း အခန်းဆက်ဇာတ်လမ်းတွဲကြီးကြည့်ပြီး စာရေးသူအားပြန်လည် ပြောပြခဲ့ပါတယ်။

 

ကိပ်တောင်းမြို့ ရဲ့ နောက်ခံပန်းချီကားချပ်ကြီးပမာတွေ့မြင်ရသည့် စားပွဲတောင်ကြီး။ ဓါတ်ပုံ - ဖိုးတာ (၂၀၀၈)။


အခုတစ်ခါတော့ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ (Cape Town)မှာရှိတဲ့ စားပွဲတောင်ကြီးအကြောင်း သတင်းပေးလာပါတယ်။ စာရေးသူဟာ ၂၀၀၈ ခုနှစ်သြဂုတ်လက ကိပ်တောင်းမြို့ ကိုရောက်သွားခဲ့ပါ တယ်။ ဥာဏ်ရည်နိမ့်မသန်စွမ်းမှုသိပ္ပံနည်းကျလေ့လာရေးဆိုင်ရာကမ္ဘာ့ညီလာခံ(International Association for the Scientific Study of Intellectual Disability World Congress)ကို သွားတက်တာဖြစ်ပါတယ်။ “ဘုရားလည်း ဖူး လိပ်ဥလည်းတူး”ဆိုသလို ညီလာခံတက်ရင်း အလည်အပတ်လေးတွေပါတွဲလုပ်ခဲ့ရတယ်။ အခြေ အနေပေးတာကလည်း တစ်ကြောင်းပါ။ အလုပ်ကလွှတ်တဲ့ညီလာခံ၊ ကွန်ဖရင့်ခရီးစဉ်တွေမှာ များသော အားဖြင့် လည်ပတ်ချိန်မရတတ်ပါဘူး။ အခုတစ်ခါမယ်တော့ စာရေးသူတို့စီးတဲ့ SIAလေကြောင်းက စင်ကာပူ နဲ့ကိပ်တောင်းမြို့ တို့ကို နေ့စဉ်ပျံသန်းမှုမရှိတာကြောင့် အသွားမှာညီလာခံမတိုင်မီ နှစ်ရက် ခွဲ စောပြီးရောက်ခဲ့ရသလို အပြန်မှာလည်းညီလာခံအပြီးမှာ လေယာဉ်ရက်စောင့်ရင်း တစ်ရက်ခွဲ အချိန် ပိုရခဲ့ပါတယ်။ အဲဒီရက်အားတွေမှာ ခရီးသွားကုမ္ပဏီမှဧည့်ကြိုငှားပြီး သွားခဲ့ကြတာဖြစ်တယ်။ 


ကိပ်တောင်းမြို့ ကိုစပြီးရောက်တဲ့နေ့မှာ စားပွဲတောင်ကိုအရင်တက်ဖို့ ကနဦးကစီစဉ်ထားခဲ့ပေမယ့် အဲ ဒီနေ့က ရာသီဥတုမကောင်းတာနဲ့ ဧည့်ကြိုအကြံပြုတဲ့အတိုင်း တစ်ခြားနေရာတွေကိုသွားဖြစ်ခဲ့ကြတယ်။ ဧည့်ကြိုကပြောတာက ရာသီဥတုမကောင်းလို့ရှိရင် ခရီးသည်တွေကို တောင်ပေါ်ပို့ပေးတဲ့ ကြိုးဆွဲကား (cable car)ဋ္ဌာန ပိတ်ထားပါသတဲ့။ ရာသီဥတုမကောင်းဘူးဆိုတာ တောင်ပေါ်မှာတိမ်တွေသိပ်ပြီး ထူ ထပ်နေမယ်၊ ဒါမှမဟုတ် မိုးတွေသိပ်ရွာနေမယ်ဆိုရင် ဘာကိုမှကောင်းကောင်းမမြင်တွေ့ရတာရယ်၊ သွား လာလို့မကောင်းတာရယ်တွေ ကြောင့်ပါတဲ့။ တောင်ပေါ်မှာတိမ်တွေသိပ်ပြီးထူထပ်နေတာကို “စားပွဲပေါ် မှာ စားပွဲခင်း ခင်းထားရင်”လို့လည်း တင်စားပြောတတ်ကြပါသေးသတဲ့။ 

 

စားပွဲတောင်ပေါ်မှာ တဒင်္ဂ။ ဓါတ်ပုံ ၂၀၀၈။

 

ရန်ကုန်မှာ ရွှေတိဂုံဘုရားကို နေရာများစွာတို့ကနေ မြင်တွေ့ဖူးမျှော်နိုင်သလို စားပွဲတောင်ကြီးကိုလည်း ကိပ်တောင်းမြို့ ရဲ့ နေရာအတော်များများကနေမြင်တွေ့နိုင်တာဖြစ်တယ်။ ရောက်တဲ့နေ့မနက်က ဟိုတယ် မှာပစ္စည်းတွေထားပြီး နိုင်ငံခြားသားခရီးသွားတွေသွားလေ့ရှိတဲ့ နာမည်ကျော် V&A ဆိပ်ကမ်း(Victoria & Alfred Waterfront)ကို လမ်းလျောက်အသွားမှာ မီးပွိုင့်ကနေ စားပွဲတောင်ကြီးကို’ဘွား’ကနဲ မားမား ကြီး မြင်ခဲ့ကြရတယ်။ ဒါနဲ့ မြင်ကွင်းပိုရှင်းတဲ့ ကားရပ်ကွင်း(car park)အနားမှနေရာယူကာ စာရေးသူက ဓါတ်ပုံရိုက်ခဲ့ပါတယ်။ 

စားပွဲတောင်ပေါ်က ပြန့်ပြူးနေတဲ့လူသွားလမ်းကလေး။ ဓါတ်ပုံ - ဖိုးတာ (၂၀၀၈)။

 

စာရေးသူတို့သိထားလေ့ရှိကြတာက ‘တောင်’ဆိုလို့ရှိရင် ထိပ်ပိုင်းကချွန်ပြီး အောက်ဖက်ကခပ်ကားကား  လေးရှိတယ်လို့ပေါ့ ။ တောင်တွေမှာ ပုံသဏ္ဌန်အမျိုးမျိုးရှိတတ်ကြပါတယ်။ ဥပမာ၊ စာရေးသူတို့အရပ်ဒေ သဖက်က ကောလင်းမြို့ မှာရှိတဲ့ ခမောက်နဲ့တူလို့ ခမောက်တောင်၊ ကရင်နီဒေသရှိ သံလွင်မြစ်အရှေ့  ဖက်ကမ်းက ဆင်နဲ့တူတဲ့ ‘ဆိုတရှား’ခေါ် ဆင်တောင် စသဖြင့်။ သို့ပေမယ့် ထိပ်ကအချွန်ပိုင်းကို ဓါးနဲ့ တိ တိဖြတ်ထားသည့်အလား စားပွဲမျက်နှာပြင်လို ပြားနေတဲ့ စားပွဲတောင်ကြီးလိုတောင်ထိပ်မျိုးကို အခုတစ် ကြိမ်ပဲ တွေ့ဖူးပါသေးတယ်။ တောင်ပေါ်ရောက်ခဲ့တုန်းက သင်ဖြူးဖျာတစ်ချပ်ခင်းဖြန့်ထားသကဲ့သို့ ပြန့် ပြူးရှည်လျားကျယ်ပြောလှတဲ့တောင်ထိပ်ကို တအံ့တသြနဲ့ ဓါတ်ပုံများရိုက်ဖြစ်ခဲ့ပါတော့တယ်။ 

 

ကြိုးဆွဲကား။ ဓါတ်ပုံ - ကိပ်တောင်းခရီးသွားဝက်ဆိုက်။

 

ကြိုးဆွဲကားအတွင်း ဓါတ်ပုံရိုက်နေသူခရီးသွားတစ်ဦး။ ဓါတ်ပုံ - ဖိုးတာ (၂၀၀၈)။

ပထမရက်မှာ စားပွဲတောင်ကိုမတက်ဖြစ်ခဲ့ပေမယ့်  ဒုတိယရက်မှာတော့ ရာသီဥတုကောင်းတာနဲ့ စာရေး သူတို့စင်ကာပူမှညီလာခံကိုယ်စားလှယ်(၉)ဦး အဆင်ပြေစွာတက်ဖြစ်ခဲ့ကြပါတယ်။ အဲဒီနေ့ နံနက်စော စောမှာ ဧည့်ကြိုက ဗင်ကားလေးနဲ့ ဟိုတယ်ကိုလာကြိုပါတယ်။ ဟိုတယ်က နေ စားပွဲတောင်ခြေကို မိနစ် ၂၀ ကျော်လောက်မောင်းရပြီး ကားကို ကြိုးဆွဲကားစခန်းမှာရပ်ပါ တယ်။ လမ်းမှာ ဒေသခံလူရွယ်တစ်ချို့  အား လမ်းဆုံလမ်းခွတွေမှာ မတ်တတ်တရပ်ရပ်နဲ့တွေ့  ရတော့ ဧည့်ကြိုအမျိုးသားက “သူတို့က အလုပ် ပေးမည့်သူကိုစောင့်နေကြတာလေ။ သူတို့ကို ခိုင်းစရာရှိတဲ့သူတွေက လာပြီးခေါ်သွားကြလေ့ရှိတာ”လို့ ပြောပြပါတယ်။ စားပွဲတောင်ခြေကို ရောက်တဲ့အခါ လက်မှတ်တန်းစီဝယ်ပြီး တောင်ပေါ်ကိုကြိုးဆွဲကားနဲ့ တက်ခဲ့ကြတယ်။ 

ကျောက်တောင်၊ အိမ်ခြေအချို့ နဲ့ ပင်လယ်မှရေလှိုင်းဖွေးဖွေးလေးများကို ကြိုးဆွဲကားပေါ်မှမြင်ရပုံ။  ဓါတ်ပုံ - ဖိုးတာ (၂၀၀၈)။

 

ရာသီဥတုက မိုးအုံ့ ပြီးခပ်ဖွဲဖွဲလေးရွာနေပါတယ်။ လေကလေးတစ်ဖြူးဖြူးတိုက်နေတာမို့ အေးစိမ့်စိမ့်နဲ့ နေလို့အတော်ကောင်းပါတယ်။ ဒါပေမယ့် အနွေးထည်ခပ်ထူထူတော့ ၀တ်ထားရပါတယ်။ 

ကြိုးဆွဲကားတစ်စီးဆိုရင် ခရီးသည်အတော်များများ ဆန့်ပါတယ်။ အနည်းဆုံး ၁၅ ဦးလောက် ချောင် ချောင်ချိချိလိုက်နိုင်ပါမယ်။ ကိုယ်ထည်က ၀ိုင်းဝိုင်းလုံးလုံးကြီးပါ။ ပုံမှန်ကြိုးဆွဲကားတွေလို ကိုယ်ထည် ကအသေမဟုတ်ပဲ အတက်အဆင်းလုပ်ရင်း ခပ်ဖြည်းဖြည်းလေးလည်ပတ်နေ တာဖြစ်လို့ တောင်တက် တောင်ဆင်းလုပ်ရင်း အပေါ်ဖက်၊ အောက်ဖက်နဲ့ လေးဖက်လေးတန် ၀န်းကျင်တစ်ခုလုံး(တစ်နည်း ၃၆၀ ဒီဂရီ)ကို ကိုယ်က နေရာမရွှေ့ ရပဲ မြင်တွေ့နေရတယ်။ဘေး နှစ်ဖက်မှာရှိတဲ့ကျောက်တောင်တွေကို မြင်ရတယ်။ အောက်ဖက်က ကိပ်တောင်းမြို့ ကြီးကို မျက်စိတစ်ဆုံးတွေ့ရတယ်။ ကမ်းခြေကိုပြေးလွား ရိုက်ခတ်နေကြတဲ့လှိုင်းလုံးများနဲ့အတူ ပင်လယ်ပြင်ကြီးကိုလည်း တစ်မျှော်တစ်ခေါ်တွေ့နိုင်သေးတယ်။

 

Saturday, February 4, 2012

ကြီးအိုနပ်နဲ့ ကြီးအ,မ



အမျိုးသမီးကြီးတစ်ဦးက သူ့အသက် ၅၀ နှစ်ပြည့်တဲ့မွေးနေ့မှာ မျက်နှာခွဲစိတ်အလှပြုပြင်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ဒါနဲ့ ပေါင် ၁၅,၀၀၀ အကုန်အကျခံခွဲစိတ်ပြီး ပြောင်းလဲနုပျိုသွားတဲ့မျက်နှာအသစ်လေးကို အ တော်လေးကျေနပ်သွားပါတော့တယ်။

ခွဲစိတ်အလှပြုပြင်အပြီး အိမ်အပြန်လမ်းမှာ သတင်းစာဝယ်ဖို့ သတင်းစာရောင်းတဲ့ဆိုင်ထဲ ၀င်လိုက်ပါ တယ်။ သတင်းစာဝယ်ပြီး ဆိုင်ထဲကမထွက်ခင် ဆိုင်ရှင်ကိုသူမက အခုလိုမေးလိုက်ပါတယ်။

“ဒီမှာ တစ်ဆိတ်မေးကြည့်ပါရစေ။ ကျမအသက် ဘယ်လောက်ရှိပြီလို့ထင်ပါသလဲ”

“၃၂ နှစ်”လို့ ဆိုင်ရှင်က ပြန်ဖြေလိုက်တော့၊

“အဲ မှားတယ်။ ကျမရဲ့အသက်က ၅၀ အတိပါ”လို့ အမျိုးသမီးကြီးက ၀မ်းသာစွာပြောခဲ့ တယ်။

ခဏကြာတော့ စတိုးဆိုင်တစ်ဆိုင်ထဲဝင်တဲ့ပြီး ကောင်တာကအမျိုးသမီးလေးကို စောစောကအတိုင်း မေးတော့ အမျိုးသမီးလေးက “၂၉ နှစ်လို့ ထင်ရတာပဲ”လို့ ဖြေတာနဲ့ သူမက “ဟုတ်ရပါဘူးတော်၊ ၅၀ ပါအေ့”လို့ လှိုက်လဲကျေနပ်စွာပြုံးရင်း ပြောခဲ့တယ်။

အခုဆိုရင် အမျိုးသမီးကြီးက သူ့ကိုယ်ကိုသူ အရမ်းကိုကျေနပ်နေမိတာ။

ဒါနဲ့ လမ်းဆက်လျေက်သွားရင်း သွားတိုက်ဆေးဝယ်ဖို့ နောက်တစ်ဆိုင်ထဲဝင်ကာ ကောင်တာကအမျိုး သမီးလေးကို သူသိပ်ပြီးသိချင်နေတဲ့ စောစောကမေးခွန်းလေးကိုမေးလိုက်ရာ၊ “၃၀ ပါ” လို့ဖြေတာမို့၊ “ကျေးဇူးပါကွယ်။ ဒါပေမဲ့ ၅၀ ရှိပြီဟဲ့”လို့ ခပ်ကြွားကြွားလေး ပြောလိုက်သတဲ့။

ဒီလိုနဲ့ ဘတ်စ်ကားမှတ်တိုင်မှာကားစောင့်နေရင်း အနားကအဖိုးကြီးကို မနေနိုင်မထိုင်နိုင်နဲ့ စောစောက အတိုင်းမေးပြန်ပါတယ်။

အဖိုးကြီးက “အင်း၊ ငါ့ အသက်က ၇၈ နှစ်ရှိမို့ မျက်စိတွေမှုန်နေပြီကွယ့်။ ဟို ငယ်ငယ်တုန်းက ဆိုရင် တော့ မိန်းမတွေရဲ့ အသက်ကို သေချာပေါက်ပြောနိုင်တဲ့နည်းရှိခဲ့တာပေါ့လေ။ အဲ အခု နေများတော့ .. ဘွင်းဘွင်းပဲပြောရရင်၊ မင်းရဲ့ ဘရာစီယာအောက်ကို ငါ့လက်တွေနဲ့စမ်းကြည့် ခွင့်ရမယ်ဆိုရင်တော့၊ မင်းအသက်ဘယ်လောက်ရှိပြီဆိုတာ ကံသေကံမကြီးကိုပြောနိုင်မှာပေါ့ ကွယ်။” လို့ပြောပါသတဲ့။

ဒီအခါမယ် နှစ်ဦးလုံးတိတ်တိတ်ဆိပ်ဆိပ်ဖြစ်သွားကြပြီး ခဏကြာတော့  အမျိုးသမီးကြီးက သူမရဲ့ သိပ် ပြီးစူးစမ်းသိချင်လွန်းတဲ့စိတ်ကို အောင့်အီးမထားနိုင်တာနဲ့ “ဟုတ်ပြီလေ၊ ဘာအရေးမို့ လဲ၊ ရှင်ပြောတဲ့ အတိုင်း လုပ်တာလုပ်ပါ”လို့ မီးစိမ်းပြလိုက်တယ်။ (မူရင်းစာမှာ အဘိုးကြီး စမ်းတာတွေကို <တစ်နည်း> တောင်လုပ်မြောက်လုပ်လုပ်တာတွေကို အသေးစိတ်ရေးထားပေမယ့်၊ စာပေစိစစ်ရေးနဲ့မလွတ်မှာစိုးတဲ့ သူငယ်နာ မစင်တတ်သေးလို့ သဘောလောက်ပဲချုပ်ပြီးရေးပါ့မယ်။ စာရေးသူ)။ အဘိုးကြီးက မိနစ်အ နည်းငယ်လောက်စမ်းကြည့်ပြီးတဲ့အခါ၊

“နင့်အသက် ၅၀”လို့ ပြောလိုက်တယ်။

အဘိုးကြီးရဲ့ အဖြေက သွေးထွက်အောင်မှန်တာမို့ အမျိုးသမီးကြီးခမျာထိတ်လန့်တုံလှုပ်သွားပြီး “အရမ်း အရမ်းကိုမှန်တာပဲရှင်။ ဒါနဲ့ ရှင်ဘယ်လိုလုပ်ပီး ပြောနိုင်ပါလိမ့်နော်”လို့ မေးတော့၊ 

အဘိုးကြီးက “အမှန်အတိုင်းပြောရင် စိတ်မဆိုးဘူးလို့ ကတိပေးနိုင်မလား”ပြောပါသတဲ့။

ဒီအခါမှာအမျိုးသမီးကြီးက “ကဲပါ ပြောမှာသာပြောပါ။ စိတ်မဆိုးပါဘူး။ ကတိပေးပါတယ်”ဆို တော့ 

အဘိုးကြီးက -

“စောစောကစတိုးဆိုင်ထဲတုန်းက မင်းရဲ့ နောက်နားမှာ ငါ ရှိနေခဲ့တာလေ”

 

စာကိုး  ။ Wise old men - Beware of older men - they only get wiser !

ရှင်းလင်းချက်။  ။ စာရေးသူမှဖန်တီးပေးထားသော အမည်များကို ရှင်းပြရခြင်းဖြစ်ပါတယ်။

၁။ ကြီးအိုနပ် 

အသက်ကြီးပြီး အိုလာသော်လည်း တစ်ခုခုတစ်နေရာရာမှာ ပါးနပ်လွန်းလေသူ။

၂။ ကြီးအ,မ 

အသက်ကကြီးပြီး မအိုသေးသော်လည်း တစ်ခုခုတစ်နေရာရာမှာ ‘’ကို‘’လွန်းတတ်သူ။  

’ - အမျိုးသမီး။

 

Wednesday, February 1, 2012

တစ်ခုသော ဆုံးဖြတ်ချက်

နယူးရောက်မြို့ နဲ့ တောင်အမေရိကနိုင်ငံများအကြားပျံသန်းနေတဲ့ ဘရာဇီးလေကြောင်းလိုင်း (TAM Airlines)က လေယာဉ်တစ်စင်းပေါ်မှာ ဖြစ်ပျက်သွားခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်လေးပါ။

ဖြစ်ရပုံကတော့ ဒီလိုလေ။

အသက် ၅၀ ကျော်လောက်ရှိဦးမယ့် မျက်နှာဖြူအမျိုးသမီးကြီးတစ်ဦး သူမရဲ့ ထိုင်ခုံမှာထိုင် လိုက်တဲ့အခါ သူမရဲ့ ဘေးချင်းကပ်ထိုင်ခုံမှာ လူမည်းတစ်ဦးထိုင်နေတာတွေ့လိုက်ရတယ်။

ဒီအခါမှာ သူမက သိသိသာသာကြီးမျက်စိမျက်နှာပျက်သွားပြီး လေယာဉ်မယ်တစ်ဦးကို လှမ်းပြီးခေါ် လိုက်ပါတယ်။   

“ကျမ ဘာများလုပ်ပေးရပါ့ မလဲရှင်” လို့မေးတော့၊ “နင် ဒီမှာမမြင်ဘူးလား။ ငါ့ ကို လူမည်းတစ်ယောက် အနားမှာ နေရာချပေးထားတာ။ သူ့အနားမှာ ငါ လုံးဝမထိုင်ချင်ဘူး။ ငါ့ ကို ထိုင်ခုံပြောင်းပေးပါ။” လို့ အ မျိုးသမီးကြီးက ပြန်ပြောလိုက်တယ်။

“ဟုတ်ကဲ့ပါ။ စိတ်မရှိပါနဲ့ရှင်။ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။” လို့ လေယာဉ်မယ်လေးက ဖြောင့် ဖျ ဖြေသိမ့်ပါသတဲ့။ နောက်ပြီး “စိတ်မကောင်းပါဘူးရှင်။ ထိုင်ခုံအားလုံး ခရီးသည်တွေနဲ့ ပြည့်နေပါတယ်။ ဒါပေမယ့် ထိုင်ခုံအားတာများ ရှိလိုရှိညား ကျမသွားပြီးရှာကြည့်လိုက်ပါဦးမယ်။”လို့ပြောပြီးထွက်သွားကာ ခဏကြာတော့ပြန်ရောက်လာခဲ့တယ်။ 


“စောစောက ကျမပြောခဲ့တဲ့အတိုင်း ရိုးရိုးတန်းမှာ ထိုင်ခုံလွတ်မရှိတော့ပါဘူးရှင်။ ကပ္ပတိန်ကလည်း မရှိ တော့တဲ့အကြောင်းပြောပါတယ်။ အထူးတန်းမှာပဲ ထိုင်ခုံလွတ်ကျန်ပါတယ်။” လို့ ပြောပြီး ခရီးသည်အ မျိုးသမီးကြီးက စကားမတုန့်ပြန်ခင်မှာ လေယာဉ်မယ်လေးကဆက်ပြီး “ခရီးသည်ကို ရိုးရိုးတန်းကနေ အထူးတန်းကိုပြောင်းပေးတာမျိုး ကျမတို့ကုမ္ပဏီက လုပ်လေ့ လုပ်ထမရှိပါဘူးရှင်။ ဒါပေမယ့် အခုဖြစ် လာရတဲ့အခြေအနေအရ ခရီးသည်တစ်ဦးက သူမနှစ်မြို့ တဲ့နောက်ခရီးသည်တစ်ဦးနဲ့အတူထိုင်ပြီး ခရီး သွားရမှာမျိုးမဖြစ်သင့်ဘူးလို့ လေယာဉ်မှူး ကြီးက ယူဆတာကြောင့်…..”


လေယာဉ်မယ်လေးက ပြောလက်စ,စကားကိုခဏရပ်တဲ့ပြီး လူမည်းခရီးသည်ကိုကြည့်လျက် “လူကြီး မင်းရှင့်၊ ပစ္စည်းများကိုသိမ်းဆည်းကာ ကျေးဇူးပြုပြီး ကျမနဲ့အထူးတန်းကိုလိုက်ခဲ့ပါ။ အဲဒီမှာ ရှင့်အတွက် ကျမတို့ ထိုင်ခုံစီစဉ်ပေးထားပါတယ်။” လို့ ပြောလိုက်ပါတယ်။


ဒီအခါမှာ စက်ဆုပ်စရာအဖြစ်အပျက်ကို ဘေးမှတွေ့မြင်နေရတဲ့ အနီးအနားကခရီးသည်အားလုံးဟာ လေကြောင်းလိုင်းရဲ့ ဆုံးဖြတ်ချက်ကို သဘောတွေ့နှစ်ခြိုက်ကြလွန်းလို့ အချို့ လည်း မတ်တတ်ရပ်လျက် လက်ခုပ်သြဘာသောင်းသောင်းညံအောင် တီးကြပါတော့သတဲ့။   

စာကိုး။  ။ True Story: TAM Airlines and the Racist Passenger (29 January 2012)