"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, February 24, 2013

မြန်မာပြည်မှ သတင်းများ (ဖေဖော်ဝါရီ ၂၀၁၃)



၁၃၇၄ ခုနှစ်  တပို့တွဲလဆန်း ၁၃ ရက်


  
၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပ

၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ (ယခင် ချင်းပြည်နယ်နေ့) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပခဲ့သည်။



ဓာတ်ပုံ - မြန်မာ့အလင်း သတင်းစာ။ 


ချင်းအမျိုးသားနေ့အထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြပြီး ဂုဏ်ပြုနှုတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။


မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လုံးဝမရှိဟု လွှတ်တော်မှာပြော   

မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု တစ်ရာကျော်အနက် ရိုဟင်ဂျာလူမျိုးဟူ လုံးဝမပါရှိကြောင်းကို ဖေ ဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားခဲ့သည်။

၁၉၇၃ ခုနှစ် သန်းခေါင်စာရင်း မကောက်ယူမီအချိန်ထိ မူဆလင်လူမျိုးဟုသာ သုံးစွဲထားခဲ့သဖြင့် မြန်မာနိုင် ငံသန်းခေါင်စာရင်းမှတ်တမ်းများတွင် ရိုဟင်ဂျာလူမျိုး မပါဝင်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် မည်သည့်အခါ ကမှ ရိုဟင်ဂျာလူမျိုး မရှိခဲ့ကြောင်း ဦးကျော်ကျော်ဝင်းက တရားဝင်ပြောကြားခဲ့ကြောင်း သိရှိရသည်။  


ကျောက်မီးသွေးတင်သင်္ဘောနစ်မြုပ် မြန်မာသင်္ဘောသား ၁၄ ဦးပျောက်ဆုံးနေ

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ ကမ်းလွန်တွင် နစ်မြုပ်သွားခဲ့သော ပနားမားနိုင်ငံအလံ လွှင့်ထူ ထားသည့် ကျောက်မီးသွေးတင်သင်္ဘောနစ်မြုပ်ရာတွင် ပျောက်ဆုံးနေသော မြန်မာသင်္ဘောသား ၁၄ ဦးမှာ ဦးဝင်းကြည်၊ ဦးမျိုးအောင်၊ ဦးရဲလွင်၊ ဦးမန်းမောင်မောင်၊ ဦးအောင်သူရ၀င်း၊ ဦးမြင့်မောင်မောင်ကြည်၊ ဦး ကျော်မင်းမင်းဝင်း၊ ဦးခင်မောင်မြင့်၊ ဦးရဲလွင်ဌေး၊ ဦးခင်မောင်၊ ဦးကျော်သူဝင်း၊ ဦးမျိုးသန့်၊ ဦးအောင်ကျော် ဇောနှင့် ဦးစန်းလွင်ဦးတို့ဖြစ်ကြပြီး ကယ်ဆယ်နိုင်ခဲ့သော မြန်မာသင်္ဘောသား ၉ ဦးမှာ ဦးကြည်ဝင်း၊ ဦးခင် မောင်ဝင်း၊ ဦးအောင်ကျော်ခိုင်၊ ဦးချိုအေး၊ ဦးအောင်ဆန်းဝင်း၊ ဦးအောင်သူငြိမ်း၊ ဦးဝင်းစော၊ ဦးဝင်းမင်း သိန်းနှင့် ဦးသန့်ဇင်မိုးတို့ ဖြစ်ကြသည်။

သေဆုံးသူသင်္ဘောသားမှာ ဦးမြင့်အောင်ဖြစ်ပြီး သင်္ဘောပိုင်ရှင်မှာ စင်ကာပူနိုင်ငံမှဖြစ်ကြောင်း သိရှိရသည်။


ပျောက်ဆုံးနေသော သင်္ဘောသား ၁၄ ဦးသည် စက်အင်ဂျင်နီယာများဖြစ်သဖြင့် သင်္ဘော၏အောက်ပိုင်းတွင် အလုပ်လုပ်ကိုင်သူများဖြစ်ကြရာ သင်္ဘောနစ်မြုပ်ချိန်၌ သင်္ဘောနှင့်အတူ တပါတည်း နစ်မြုပ်သွားကြခြင်းဖြစ် နိုင်ကြောင်း ကြားသိရသည်။



န်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး ရှေးဦးပြုစုစခန်းဖွင့်



၁၁၅ မိုင် ရှေးဦးပြုစုစခန်း ဖွင့်ပွဲအခမ်းအနား။ 


မော်တော်ယာဉ်မတော်တဆဖြစ်ပွားမှု များပြားလျက်ရှိသည့် န်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမ ကြီးတွင် အရေးပေါ်ရှေးဦးပြုစုပေးနိုင်မည့် စခန်းတစ်ခုကို ဖြူးမြို့ အနီးရှိ ၁၁၅ မိုင်စခန်းအနီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ယင်းအရေးပေါ်ပြုစုရေးစခန်းတွင် တယ်လီဖုန်း၊ လူနာတင်ယာဉ် ၂ စီး၊ ကြက်ခြေနီ ၁၂ ဦးနှင့် ဆိုင်ကယ် ၂ စီးတို့ကို ထားရှိပေးလျက် စင်ကာပူနိုင်ငံမှ ကူညီထောက်ပံ့ပေး ကြောင်း သိရှိရသည်။


သက်ကြီးအားကစားကလောင်ရှင်ကြီးများ ပူဇော်ကန်တော့ပွဲ

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားကလောင်ရှင်များ အဖွဲ့ချုပ်တို့က ပူးပေါင်းစီစဉ် ကျင်း ပသော သက်ကြီးအားကစားကလောင်ရှင်ကြီးများ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို လွန်ခဲ့သည့် ဖေဖော်ဝါ ရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့  ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။



ဝါရင့်အားကစားကလောင်ရှင် ဆရာခင်မောင်ထွေး (ပျဉ်းမနား)နှင့် ဆရာမောင်ရဲဝင်း


အဆိုပါ စတုတ္ထအကြိမ်မြောက် ပူဇော်ကန်တော့ပွဲသို့ အသက် ၇၀ ကျော် ၀ါရင့်အားကစားကလောင်ရှင်ကြီး ၁၉ ဦး တက်ရောက်ခဲ့ကြရာ အလှုငွေများ၊ ကန်တော့ပစ္စည်းများနှင့် တစ်ဦးလျှင် Sky Net စက်တစ်စုံစီ ဂါရ ၀ပြု ကန်တော့ခဲ့ကြကြောင်း သိရှိရသည်။




မြန်မာစကား မပြောတတ်သူ စစ်ဆေးအရေးယူမည်   



မန္တလေးမြို့ တော်တွင် နေထိုင်ကြပြီး မြန်မာဘာသာစကား မပြောတတ်သည့် နိုင်ငံသားမဟုတ်သူများကို စစ်ဆေးပေးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က မေးမြန်းသဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက “အိမ်ထောင်စုစာရင်းနဲ့ နိုင် ငံသားကတ်တွေစစ်မယ်။ နိုင်ငံသား မဟုတ်ရင် ပြန်သိမ်းမယ်။ ထုတ်ပေးတဲ့ ၀န်ထမ်းတွေကိုလည်း အရေး ယူသွားမယ်။ ….. သေဆုံးပြီးသားလူရဲ့  နိုင်ငံသားကတ်ကိုကိုင်ပြီး တရားမ၀င်နေ ထိုင်တာ ရှိတယ်။” ဟု ပြောကြားခဲ့သည်။


ရပ်ကွက်၊ ကျေးရွာအတွင်း နိုင်ငံခြားသားများ လာရောက်လျှင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံ အသိ ပေးရမည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာသို့တစ်ဆင့် တင်ပြရမည်ဖြစ် ကြောင်း ကြားသိရသည်။



မြန်မာအလုပ်သမားများ ဆော်ဒီနိုင်ငံသို့ စေလွတ်ခွင့် မပြု

ပြည်ပအလုပ်အကိုင် အေဂျင်စီများသည် အလုပ်သမားများ စေလွှတ်ခွင့် လျှောက်ထားကြရာတွင် ဆော်ဒီ နိုင်ငံမှလွဲလျှင် တခြားသောနိုင်ငံများကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောကြားခဲ့သည်။

ဆော်ဒီနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာလုပ်သား ၂၆ ဦးတို့မှာ လစာမရရှိခြင်းနှင့် လုပ်ငန်းမကိုက် ညီခြင်းတို့ကြောင့် လုပ်ငန်းခွင်မှထွက်ပြေးကြခြင်းများရှိသည့်အပြင် ယင်းနိုင်ငံ၏ဥပဒေအရ အလုပ်ရှင်က ခွင့်ပြုမှသာ အလုပ်ထွက်ခွင့်ရှိသည်ဖြစ်ရာ ပြသနာအဖြစ်များသည့်အတွက် လောလောဆယ်တွင် အလုပ် သမား စေလွှတ်ရန် ခွင့်မပြုကြောင်း သိရှိရသည်။   



မြန်မာအလုပ်သမားများ ဂျော်ဒန်နိုင်ငံမှာ ဆန္ဒပြကြ
ဂျော်ဒန်နိုင်ငံ Ramtha မြို့ ရှိ အထည်ချုပ်စက်ရုံ၌ တရားမ၀င်အေဂျင်စီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာ အလုပ်သမား ၁၃၀၀ သွားရောက်အလုပ်လုပ်လျက်ရှိရာ အလုပ်ရှင်မှကျွေးမွေးသည့် နေ့လည်စာမှာ စားသုံး ရန်လည်းမသင့် ကောင်းလည်းမကောင်းသဖြင့် မြန်မာအလုပ်သမား ၃၀ ခန့်က တင်ပြဆန္ဒပြမှုများ ဖြစ်ပွား လျက်ရှိသည်။  
  
ယင်းကိစ္စနှင့်ပတ်သက်ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနသည် မြန်မာသံရုံးမှ တစ်ဆင့် ပြသနာကိုဖြေရှင်းပေးရန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကြားသိရသည်။  


မြန်မာမလေးတွေ နမူနာ ယူတတ်ကြစေချင်


သတင်းနှင့်ဓာတ်ပုံ - ကြေးမုံသတင်းစာ ၊ ၂၈ ဖေဖော်ဝါရီ ၂၀၁၃။



ဒဂုံမြို့ နယ် ခရေပင်လမ်းရှိ ပဒုမ္မာစားသောက်ဆိုင်တွင် မြန်မာအင်္ကျီနှင့်မြန်မာထမီတို့ကို လှလှပပ၀တ်ဆင်ပြီး မြန်မာ့ရိုးရာအစားအစာများကို ကိုရီးယားမင်းသမီး ဂျောင်ဆိုယောင်း ကိုယ်တိုင်ချက်ပြုတ်နေသော "ရသာစုံ လင် လောကတစ်ခွင်" (Delicious Planet) အစီအစဉ်နှင့်ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဌ စာရေးဆရာ ဗအုပ်ခိုင်က “မြန်မာမိန်းကလေး တွေက ကိုရီးယားဇာတ်လမ်းတွဲတွေကြည့်ပြီး ဒူးပေါ်၊ ပေါင်ပေါ် ၀တ်စားဆင်ယင်မှုတွေ အတုခိုး၊ ကိုရီးယား နိုင်ငံက ရာသီဥတုအခြေအနေအရ မင်းသမီးတွေ ဆိုဂျူအရက် သောက်တာကို မြန်မာမိန်းကလေးတွေက တလွဲဆံပင်ကောင်းပြီး အရက်တွေလိုက်သောက် နေတဲ့အချိန်မှာ နာမည်ကျော် ကိုရီးယားမင်းသမီး ဂျောင်ဆိုယောင်းက မြန်မာဝတ်စုံနဲ့မြန်မာ့ရိုးရာအစားအစာတွေကို ခုံခုံမင် မင်မြတ်မြတ်နိုးနိုးရှိတယ်လို့ ပြောတာကြားရတော့ မြန်မာမိန်းကလေးတွေ နမူနာ ယူစေချင်လို့ ဒီအစီအစဉ် ရိုက်ကူးရေးမှာ အကူအညီပေးနေတာပါ” ဟု ပြောသည်။   










စာညွှန်း။  ။

၁။ မြန်မာသတင်းစာများ။
၂။ The Voice Weekly (Vol.9 / No.8) February 25 - March 3, 2013 
၃။ မြန်မာတိုင်း(မ်) - The Myanmar Times



Friday, February 22, 2013

ရဲမှူးကြီး၏ ရာဇသံ


၁၃၇၄ ခုနှစ် တပို့တွဲလဆန်း ၁၁ ရက်








အညာသားဖြစ်တဲ့ စာရေးသူဟာ ရန်ကုန်မှာနေခဲ့တဲ့ ၁၇ နှစ်တာ ကာလများမှာ ကမာရွတ်မြို့ နယ်က “၀ဂ္ဂီ” ဆိုတဲ့ အရပ်တွင် နေခဲ့တာ များပါတယ်။

ဆေးဘက်ပညာသင်တန်းရဲ့  ပထမ ၂ နှစ်မှာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် (RASU)က ရွှေဘိုဆောင်မှာ နေခဲ့ပြီး၊ တတိယနှစ်နဲ့ စတုတ္ထနှစ် တွေမှာ ဆေးတက္ကသိုလ်-၁ (လိပ်ခုံး) နဲ့ ရန်ကုန်ဆေးရုံကြီးဝင်းထဲက ဆေးဘက်ပညာသိပ္ပံတွေမှာ ပညာသင်ရတော့လည်း အလုပ်သင်ဆရာဝန်များအဆောင်မှာ နေရာရပေမယ့် စာရေးသူက  ကမာရွတ်မြို့ နယ်က ၀ဂ္ဂီအရပ်မှာပဲ မိမိဖာသာ သီးသန့်အခန်းငှားပြီး နေခဲ့ပါတယ်။ 

ကျောင်းပြီးလို့ ရန်ကုန်ဆေးရုံကြီးနဲ့ သမိုင်းမသန်မစွမ်းလူနာများဆေးရုံမှာ အလုပ်တာဝန်ကျတဲ့အခါ ၀ဂ္ဂီ အရပ်ကို တစ်ကြော့ပြန်ရောက်လာကာ အခန်းငှားနေဖြစ်ပြန်ပါတယ်။  

ဒါကြောင့် ကမာရွတ် လှည်းတန်းတစ်ဝိုက်သည် မိမိ နှစ်ပေါင်းများစွာ သွားလာ ကျင်လည်ခဲ့တဲ့နေရာ ဖြစ်ခဲ့ ပါတယ်။

လှည်းတန်းက လက်ဖက်ရည်ဆိုင်တွေ စာအုပ်ဆိုင်တွေ စာအုပ်အငှားဆိုင်တွေနဲ့ ထမင်းဆိုင်တွေဟာ စာရေး သူ အရောက်အပေါက် အများဆုံး နေရာများပါ။

အဲဒီနေရာတွေအပြင် စာရေးသူ မကြာမကြာ နှုတ်ဆက်ရင်း ခဏတဖြုတ်ဝင်လည်တတ်တဲ့ လှည်းတန်းဈေး နားက အိမ်ကတော့ ရဲမှူးကြီးဦးထွန်းရွှေ၏အိမ် ဖြစ်ပါတယ်။ တကူးတက သွားလည်တာမျိုးတော့ မဟုတ်ပါ ဘူး။ မိမိ၏ဖခင်ကြီးက မိတ်ဆက်ပေးထားပြီး အပ်ထားတာဖြစ်လို့ လှည်းတန်း ဖက်ရောက်တဲ့အခါ ကြုံသလို ၀င်ပြီးနှုတ်ဆက်တာမျိုးပါ။  
  
တစ်ရက်မှာတော့ လှည်းတန်းလမ်းဖက်ကို မျက်နှာမူထားတဲ့ သူရဲ့ အိမ်ရှေ့ ထိုင်ခုံလေးမှာ ထိုင်ပြီး စကားပြော နေကြရင်း ဦးထွန်းရွှေက “မင်း သတင်းစာတွေမှာ ဘာတွေ ရှောက်ရေးနေတာလဲ။ မင်းကို ဖမ်းချုပ်လို့ရတယ် ဆိုတာ မင်း သိရဲ့ လား။” လို့ စာရေးသူအား ကောက်ခါငင်ခါ ပြောလိုက်ပါတယ်။  


စာရေးသူက ဘာမှပြန်မပြောပဲ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေပြီး နားထောင်လိုက်ပါတယ်။ ဘာ့ ကြောင့်လဲဆို တော့ လူကြီးက ကောင်းစေချင်လို့ ဆုံးမတာဖြစ်သလို မိမိကလည်း ဆက်ပြီးမရေးပဲ နေမှာ မဟုတ်လို့ပါ။


ရဲမှူးကြီးဦးထွန်းရွှေသည် ထိုစဉ်က ၀န်ကြီးများရုံးမှာရှိတဲ့ ရဲအထူးထောက်လှမ်းရေးဌာန (Special Branch – SB) မှာ တာဝန်ကျနေပြီး သူ့အလုပ်က နေ့စဉ်သတင်းစာတွေထဲက သတင်းတို့ ဆောင်းပါးတို့ ပေးစာတို့ကို ရွေးညှပ်ပြီး ၀န်ကြီး (ပြည်ထဲရေးဝန်ကြီးကို ဆိုလိုတာပါ) ကို တင်ပြရတာဖြစ်တယ်။ ဒါကြောင့် စာရေးသူ ဘာ တွေ ရေးနေတယ်ဆိုတာ သူ အားလုံးသိနေတာ။

၁၉၆၂ ခုနှစ် မတ်လမှာ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် တော်လှန်ရေး ကောင်စီအုပ်ချုပ်တဲ့ခေတ်နဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်များမှာ အရွယ် ရောက် ကြီးပြင်းလာခဲ့ရတဲ့ စာရေးသူတို့ဟာ ပါတီနဲ့အစိုးရကိုဆန့်ကျင်တဲ့ နိုင်ငံရေးလုပ်ရင် စာရေးတာလုပ်ရင် အချိန်မရွေး အဖမ်းခံရ နိုင်တယ် ‘ရေကြည်အိုင်’စစ်ကြောရေးစခန်းကို ရောက်သွားနိုင်တယ် အင်းစိန်တောရမှာ အရိပ်ခိုရတတ်တယ် နှိပ်စက်ညှင်းပန်းခံရတတ်တယ် ဆိုတာတွေကို ကံ သေကံမ သိကြပြီးဖြစ်ပါတယ်။

ဒါပေမယ့် မိမိသာမက မိမိရဲ့ မိသားစုများပါ ဘ၀ပျက်သွားစေနိုင်တဲ့ အန္တရာယ်ရှိမှန်းသိလျက်နဲ့ နိုင်ငံရေး လုပ်တဲ့သူက လုပ်မြဲလုပ်တာပါပဲ။ စာရေးတဲ့သူတွေကလည်း ရေးမြဲရေးခဲ့ကြတာပါပဲ။    

မိမိကိုယ်တိုင်လည်း မဂ္ဂဇင်းနဲ့သတင်းစာများမှာ ကျန်းမာရေးဆောင်ပါးတွေရေးရင်း တစ်ခါတစ်ခါ မဂ္ဂဇင်းမှာ ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်ရေးတဲ့ဆောင်းပါးများက စာပိုဒ်အချို့ ကို စာပေစိစစ်ရေးက ငွေမင်အတား ခံ(အပိတ်ခံ)ရတာတို့ အဖြုတ်ခံရတာတို့ ဆောင်းပါတစ်ပုဒ်လုံး အစမှအ ဆုံး အဆုတ်ခံရတာတို့ ကြုံခဲ့ရဖူးပါ တယ်။


ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော်ရဲ့ အာဏာသိမ်းခဲ့ပြီး ၂ နှစ်အကြာဖြစ်တဲ့ ၁၉၆၄ ခုနှစ် က ညွန်ကြားချက် ၁ နဲ့အတူထွက်လာတဲ့ စာပေစိစစ်ရေးစနစ်ဆိုးကြီးအောက်မှာ စောစာကပြောခဲ့သလို ငွေ မင်တားခံရ စာအဆုတ်ခံရတာတွေအပြင် ထောင်သွင်း အကျဉ်းကျခံကြရ တဲ့ စာရေးဆရာ သတင်းစာဆရာ များ၏ ကြေကွဲရင်နာစရာအဖြစ်တွေဟာ မြန်မာ့စာပေသမိုင်း လမ်းကြောင်းမှာ အရုပ်ဆိုး အကြည့်တန်စွာ ဒုနဲ့ ဒေးရှိခဲ့ပါတယ်။

မိမိကိုယ်တိုင်က ကံသီလို့ စောစောကပြောတဲ့နေရာတွေကို မရောက်ခဲ့ရပေမယ့် မိမိနဲ့သိတဲ့ စာပေရောင်းရင်း အချို့  အဖမ်းအဆီးခံရ အညှင်းပန်းအနှိပ်စက်ခံရပြီး ထောင်ကထွက်လာတော့ ကြောင်တောင်တောင်ဖြစ်ပြီး မိသားစုလိုက် ဘ၀ပျက်ခဲ့ကြရပါတယ်။  





ဆက်ပြီးရေးပါဦးမယ်။


Friday, February 15, 2013

ရေချိုးခန်းထဲက ဗုဒ္ဓဆင်းတုတော်

၁၃၇၄ ခုနှစ် တပို့တွဲလဆန်း ၅ ရက်




The Straits Times - 7 July 1995.


ပေးစာများရေးခဲ့တဲ့ စာရေးသူ၏ အတွေ့အကြုံအရ သတင်းစာရဲ့  စာမျက်နှာများပေါ်က မိမိ၏ ရေးသား တင် ပြမှုများနဲ့ပတ်သက်လို့ တုန့်ပြန်ချက်အချို့ ကို တွေ့ရတတ်ပါတယ်။

မိမိရေးလိုက်တဲ့ ပေးစာလေးကြောင့်ပဲဖြစ်ဖြစ် တိုက်ဆိုင်သွားလို့ပဲဖြစ်ဖြစ် ဖြစ်သင့်ဖြစ်ထိုက်တာ တစ်ခုခု ဖြစ် သွားတယ်ဆိုရင် ရေးသူအနေနဲ့ ၀မ်းသာပီတိဖြစ်ရပါတယ်။ အချိန်ကုန်ရကျိုး အားထုတ်ရကျိုး နပ်ပါတယ်။ 

ဥပမာတစ်ခု ပေးရရင် …

ပုံမှန်အားဖြင့် အချုပ်သား ၁၀ ဦးလောက်ပဲ ထည့်ထားလေ့ရှိတဲ့ ရဲအချုပ်ခန်းမှာ အချုပ်သား ၁၅ ဦးကျော် ၂၀ ဦးခန့်ကို ပြွတ်သိပ်ကျပ်ညပ်အောင်ထည့်ထားတဲ့ ခင်ဦးရဲစခန်းမှာ အချုပ်သားတွေက ထိုင်အိပ်ရသူအိပ်၊ စောင် ကို ပုခက်လို တစ်ဖက်တစ်ချက်ကြိုးချီပြီး ဆင်းဆင်းရဲရဲ အိပ်ကြရပါတယ်။ 

ဒီသတင်းကို မြန် မာသတင်းစာမှာ ဖတ်ရတော့ စာရေးသူ အတော်လေး စိတ်မကောင်းဖြစ်မိတာနဲ့ မူလမြန်မာ သတင်းကို အင်္ဂလိပ်လိုပြန်ပြီး ဥပဒေအရ အချုပ်ကျခံနေရပေမယ့် အချုပ်သားတွေကို ကျန်းမာရေး နဲ့ညီညွတ် တဲ့ အလင်းရောင်၊ လေကောင်းလေသန့်၊ နေထိုင်မှု၊ အကျယ်အ၀န်းစတဲ့ အခြေခံလူ့အခွင်းအရေးတွေပေးသင့် ကြောင်း ဖြည့်စွက်ဝေဖန်ရေးသားပြီး အင်္ဂလိပ်သတင်းစာကို ပို့လိုက်ပါတယ်။

ပေးစာပါလာပြီး နောက်တစ်ပတ် ၁၀ ရက်လောက်ကြာတဲ့အခါ ခင်ဦးရဲစခန်းမှ အချုပ်သားတွေကို ရွှေဘို ထောင်ကြီးသို့ ပို့ဆောင်လိုက်တဲ့အကြောင်း မြန်မာသတင်းစာထဲမှာ ဖတ်လိုက်ရပါတော့တယ်။  

ဒီလိုမျိုး တစ်ကြိမ်မက ကြုံဖူးခဲ့ပါတယ်။

ဖြစ်လေ့ဖြစ်ထရှိတာက သတင်းစာထဲမှာ ပေးစာဖော်ပြပါရှိတာကြောင့် သက်ဆိုင်သူ ဒါမှမဟုတ် သက်ဆိုင်ရာ မှ တုန့်ပြန်အရေးယူတာ။

ဒါပေမယ့် ထူးထူးခြားခြားတစ်ခုတော့ ကြုံဖူးခဲ့ပါတယ်။ အဲဒါကတော့ မိမိရေးတဲ့စာကို သတင်းစာမှာ မဖော်ပြ ခဲ့ပေမယ့် မိမိဖြစ်စေချင်တာ (တောင်းဆိုတာ) ဖြစ်လာခဲ့တာ။

အဖြစ်က ဒီလိုပါ။

၁၉၉၅ ခု ဂျူလိုင် ၇ ရက်နေ့ထုတ် The Straits Times သတင်းစာမှာ ကြော်ငြာတစ်ခု တွေ့လိုက်မိတယ်။ 

အမျိုးသား အမျိုးသမီးအ၀တ်အထည်တွေရောင်းတဲ့ InWear Matinique ကုမ္ပဏီကြီး၏ ကြော်ငြာမှာ ဘုရား ဆင်းတုတော်က ရေချိုးခန်းထဲမှာ။ ဒါ့အပြင် အဲဒီဆင်းတုတော်အနီးမှာက အမျိုးသားနဲ့အမျိုးသမီးနှစ်ဦး ဖက် လှဲတကင်းလုပ်နေကြသေးတယ်။ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များအဖို့ ကြော်ငြာကို မြင်တွေ့ရတာ အတော် လေး စိတ်မချမ်းသာစရာကြီးပါ။

ဒါကြောင့် The Straits Times သတင်းစာက Forum Page အယ်ဒီတာထံ အောက်ပါအကြောင်း ပြချက်များ ရှင်းပြပြီး ပေးစာကို ရေးပို့လိုက်ပါတယ်။

၁) ကြော်ငြာထဲမှာ ဘုရားဆင်းတုတော်ပုံတော်ကို မြင်တွေ့ရလို့ စိတ်မသက်မသာဖြစ်ရကြောင်း၊

၂)  ဗုဒ္ဓဘာသာဝင်များသည် မည်သည့်အခါမှ ဘုရားဆင်းတုတော်အား ရေချိုးခန်းထဲမှာ ထားလေ့ မရှိကြကြောင်း၊

၃) ဘုရားစင် သို့မဟုတ် မြင့်သောနေရာများမှာသာ တလေးတစား ထားရှိကြလေ့ရှိကြောင်း၊

၎) ဗုဒ္ဓဆင်းတုတော်ရှေ့ တွင် ယောကျာင်္းနှင့်မိန်းမ ဖက်လှဲတကင်းပြုနေခြင်းမှာ ဘာသာရေးအရ လုံးဝ မသင့်တော် မလျော်ကန်ကြောင်း၊

၅) ဗုဒ္ဓဘာသာဝင်များအဖို့ ဗုဒ္ဓဆင်းတုတော်သည် ကြီးမားသောဥာဏ်ပညာနဲ့ မေတ္တာ ဂရုဏာတို့ရဲ့  သင်္ကေတဖြစ်ကြောင်း၊

၆) သို့ပါဗုဒ္ဓဘာသာနှင့်ပတ်သက်သော စေတီ၊ ဘုရား၊ ဆင်းတုတော် အစရှိသည်များကို ကြော်ငြာများတွင် ထည့်သွင်းဖော်ပြလိုပါက လေးလေးစားစားဖြင့် မှန်မှန်ကန်ကန်ရှိကြရန် အထူးပင် သတိပြုကြရမှာဖြစ် ကြောင်း၊

အဲဒီပေးစာလေးပို့ပြီး တစ်ပတ်ကျော်ကျော် ၁၀ ရက်လောက် စောင့်ကြည့်ပေမယ့် သတင်းစာမှာ စာရေးသူ ၏စာကို ပုံနှိပ်ဖော်ပြခြင်း မရှိခဲ့ပါဘူး။

သို့ပေမယ့် တစ်ချိန်ထဲမှာပဲ အခုပြောခဲ့တဲ့ကြော်ငြာလည်း နောက်ထပ်မပါလာတော့ပဲ နောက်ထပ်ပုံစံ တစ်မျိုး ပြောင်းပြီး ကြော်ငြာတာကို တွေ့ရပါတယ်။ ဒီအခါမှာတော့ ရေထဲက လှေကလေးပေါ်မှာ ပထမကြော်ငြာထဲက မော်ဒယ်အမျိုးသားနဲ့အမျိုးသမီးတို့ အတူတွဲထိုင်နေကြတဲ့ပုံပါ။

ဘာသာရေးနဲ့ ပတ်သက်နေတာမို့ သတင်းစာတိုက်က မိမိရဲ့ ပေးစာကို မဖော်ပြခဲ့ပေမယ့် ကြော်ငြာ ထည့်တဲ့ ကုမ္ပဏီကိုတော့ အသိပေးလိုက်တယ်လို့ ထင်မြင်ယူဆရပါတယ်။ 




Sunday, February 3, 2013

ကျွန်တော် Forum Page Writer


(၁၃၇၄ ခုနှစ် ပြာသိုလပြည့်ကျော် ၈ ရက်)



ဒီကနေ့ထုတ်တဲ့ The Sunday Times သတင်းစာကြီး၏ “Think ကဏ္ဍ” စာမျက်နှာ  ၃၇ မှာ ဥပ ဒေသတင်းထောက် K.C.Vijayan ရဲ့  Requiem for an ST Forum Page Writer ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆောင်းပါးလေးကို စိတ်ဝင်စားဖွယ် ဖတ်လိုက်ရပါတယ်။ မိမိကိုယ်တိုင်က မြန်မာပြည်က အင်္ဂလိပ်သတင်းစာ ၂ စောင်နဲ့ ဒီက The Straits Times သတင်းစာတို့ရဲ့  Forum Page များမှာ ပါဝင်ရေးခဲ့ဖူးတာဖြစ်လို့ စိတ်ဝင်စားမိတာဖြစ်တယ်။

မစ္စတာ ဗီဂျာရန်က သူနဲ့ Raffles Institution မှာ ကျောင်းနေဖက်ဖြစ်ခဲ့တဲ့သူတစ်ဦးအကြောင်းကို ရေးထားတာပါ။ အဲဒီသူ့သူငယ်ချင်းက စင်ကာပူနိုင်ငံထုတ် The Straits Times နေ့စဉ်သတင်းစာ ကြီး၏ Forum Page (ပေးစာ စာမျက်နှာ) မှာ ၁၀ နှစ်ကျော်ကျော် ရေးခဲ့ကြောင်းနဲ့ စထားပါတယ်။ ပထမတော့ ပေးစာ စာမျက်နှာမှာ ရေးကြတဲ့သူတွေအကြောင်း ဘာများပြောမှာပါလိမ့်ဆိုတဲ့ စူးစမ်း လိုတာနဲ့ ဖတ်မိခဲ့ပေမယ့် နောက်တော့ အဲဒီစာရေးသူရဲ့  အမှန်တရားဖက်ကရပ်တည်ပြီး ရေးရဲပြော ရဲတဲ့သတ္တိနဲ့ သူ့ဘ၀ရဲ့ နောက်ဆုံးနေ၀င်ချိန်အထိ ကလောင်ကို စွဲစွဲမြဲမြဲဆုတ်ကိုင်ပြီး ရေးသွားခဲ့တာ တွေ သိရတော့ စာရေးသူချင်း လေးစားအားကျလို့မဆုံး ခံစားမိပါတယ်။    

သတင်းစာရဲ့  ပေးစာ စာမျက်နှာမှာ ၁၀ နှစ်ကျော်ကြီးများတောင် ရေးသွားတယ်ဆိုတော့ နဲနဲလော လော ရေးခဲ့တဲ့စာတွေမှတ်လို့။ သတင်းစာဆိုတာက နေ့စဉ်ထွက်နေတာ။ တစ်ထောင့် တစ်နေရာ ကနေပြီး သတင်းစာမျက်နှာများပေါ်ကနေ စာဖတ်သူတွေကို အသိပေးခဲ့တာ။ အမြင်မတော်တာ တွေကို ထောက်ပြခဲ့တာ။ မလုပ်သင့် မဖြစ်သင့်တာတွေကို ဖော်ထုတ်လှုံ့ဆော်ခဲ့တာ။ အများကြီး  အများကြီးဖြစ်မှာပါ။ ဥပမာ ၂ ခုကို ကြည့်ကြရအောင်ပါ။

တစ်ပုဒ်က စင်ကာပူမှာလာပြီးအလုပ်လုပ်နေကြတဲ့ နိုင်ငံရပ်ခြားက အိမ်ဖော်တွေအပေါ် စင်ကာပူ နိုင်ငံသားများအနေဖြင့် လူလိုသူလို ကိုယ်ချင်းစာစိတ်ရှိစွာ ပြုမူဆက်ဆံကြဖို့ သူက “အိမ်ဖော်များ အနေနဲ့ ကျွန်တော်တို့ကို ကောင်းစွာမပြုစုကြသေးခင်မှာ ကျွန်တော်တို့ကိုယ်တိုင်က သူတို့အပေါ် အရင်ကောင်းအောင် ပြုစုဆက်ဆံကြရမှာဖြစ်တယ်” လို့ ထောက်ပြဝေဖန်ရေးသားခဲ့ပါတယ်။

နောက်တစ်ပုဒ်က ဆေးရုံမှာသူကိုယ်တိုင် လူနာတစ်ဦးအဖြစ် ကြုံတွေ့ခဲ့ရတဲ့ အထူးကုဆရာဝန်ကြီး တစ်ဦး၏ ဆေးကုသတာ(medicine)နဲ့ ဘာသာရေး(faith) ရောထွေးကျင့်ကြံမှုကို ဖွင့်ချရေးသား တာဖြစ်တယ်။ သူရဲ့  မူရင်းရေးသားချက်လေးကို ဖတ်ကြည့်ကြပါ။ At that critical moment, I felt that faith and medicine should not have been dispensed in the same prescription . လို့ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့သူ့ကို ကင်ဆာအထူးကုဆရာဝန်ကြီးက သူတို့ဘာသာအတိုင်း ဒူးက လေးထောက်ပြီး ရှိခိုးဆုတောင်း (pray pray) ခိုင်းတာပါတဲ့။ ဘာသဘောလဲ။ မသိလို့လား။ အခွင့်အခါကို အမိအရယူပြီး တမင်သက်သက် လုပ်လေသလား (proselytizing efforts) ဆိုတာ လေး လေးနက်နက် စဉ်းစားရှောင်ရှားကြဖို့ အလွန်ပင် အရေးကြီးလှပါတယ်။  


မြန်မာပြည်မှာတုန်းက စာရေးသူသည် အင်္ဂလိပ်သတင်းစာ ၂ စောင်ဖြစ်တဲ့ The Working People’s Daily နဲ့ The Guardian တွေမှာ ပေးစာများရေးခဲ့တဲ့ အဓိကရည်ရွယ်ချက်တွေကတော့  အင်္ဂလိပ်စာအရေးအသား တတ်ချင်တာရယ် မိမိပြောချင်တာတွေကို ဆောင်းပါးပုံစံမျိုးနဲ့ ရှည်ရှည်ဝေးဝေး မရေးပဲ ပေးစာပုံစံနဲ့ လိုရင်းကို တိုက်ရိုက်ရေးပြောချင်တာတွေရယ်ကြောင့် ဖြစ်ပါတယ်။ 

စာရေးသူ ပထမဆုံးရေးပြီး The Working People’s Daily က ပေးစာကဏ္ဍ (Letter Page)မှာ ဖော်ပြခံရတဲ့ စာလေးကတော့ ခင်ဦးမြို့ ရှိ ရဲအချုပ်ခန်းထဲမှာ အချုပ်သားတွေကို  ငါးပိသိပ် ငါးချဉ်သိပ် ချုပ်နှောင်ထည့်ထားတဲ့အကြောင်းကို Sardines in the Lockup ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတဲ့စာပါ။ မြန်မာသတင်းစာထဲက သတင်းကို ဘာသာပြန်ရေးပြီး မိမိရဲ့ ဝေဖန်ချက်လေး ဖြည့်စွက်ထည့်ပေးလိုက်တာဖြစ်တယ်။     




ခန္ဓာဗေဒဆိုင်ရာအမှား

လွန်ခဲ့တဲ့ ၁၉ နှစ်လောက်က စင်ကာပူက The Straits Times ရဲ့  Forum Page မှာ စာရေးသူ ပထမဆုံးရေးလိုက်တဲ့ ပေးစာကတော့ ဒီသတင်းစာထဲက ကာယလေ့ကျင့်နည်းပြဆရာ (physical trainer)တစ်ဦးပြောတဲ့ ခန္ဓာဗေဒဆိုင်ရာအမှားကို ခန္ဓာကိုယ်၏ကြွက်သားများရုပ်ပုံနဲ့တကွ ထောက်ပြရေးသားခဲ့တာဖြစ်တယ်။ အောက်မှာ ၁၉၉၄ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က ဖော်ပြပါရှိခဲ့တဲ့ သတင်းစာဖြတ်ပိုင်းလေးကို ဖတ်ကြည့်နိုင်ပါတယ်။




The Straits Times (Life, Mailbag), 28 January 1994.   






ဒီနောက်မှာတော့ မြန်မာနာမည်များ မှည့်ခေါ်ပုံ၊ ဥာဏ်ရည်နိမ့်ကလေးများ (children with intellectual disability) အား ကွန်ပြူတာဖြင့် တွဲဖက်သင်ကြားပေးခြင်း၊ သက်ကြီးရွယ်အိုတွေများလာနေတဲ့ စင်ကာပူမှာ သက်ကြီးရွယ်အိုများရဲ့  ကျန်းမာရေးနဲ့ သွားလာလှုပ်ရှားမှုများ ကုသပေးနိုင်မည့် Geriatric Physiotherapist များ မွေးထုတ်ပေးရေး။ ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများက ဒေသခံအများစုဖြစ်ကြ အစရှိတဲ့ ပေးစာများ ရေးသားခဲ့ပါတယ်။ 


မြန်မာနာမည်များ

စာရေးသူတို့၏ မြန်မာနာမည်များကို နိုင်ငံခြားသားများက မသိနားမလည်တာကြောင့် အမျိုးမျိုးအဖုံဖုံ ပုံပျက် ပန်းပျက် ခေါ်တတ်သလို ခေါ်နေကြတာနဲ့ ပတ်သက် ပြီး  ၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ ထုတ် The Straits Times သတင်း စာရဲ့  Forum Page မှာ စာရေးသူ ရေးလိုက်တဲ့ ပေးစာကို အောက်မှာ ပြန်လည်ကူး ယူ ဖော်ပြပေးလိုက်ပါ တယ်။ 


The Straits Time, Forum, 12 November 1994. 


ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားတို့ ပြည်နယ်


၁၉၉၅ ခုနှစ် ဧပြီလ ၂ ရက်နေ့ထုတ် The Straits Times သတင်းစာထဲက ရိုက်တာသတင်းတစ်ပုဒ်မှာ "ရခိုင်ပြည်နယ်သည် မွတ်စလင်အများစု နေထိုင်ရာပြည်နယ်ဖြစ်သည်" လို့ မှားယွင်းဖော်ပြထားတာကို ဖတ်ရလို့ စာရေးသူက အောက်ပါအတိုင်း ပေးစာရေးပြီး ရိုက်တာသတင်းဌာနနဲ့ နိုင်ငံခြားသားစာဖတ်သူ များကို မပြောမဖြစ် အသိပညာပေးလိုက်ရပြန်ပါတယ်။ 


The Straits Times, Forum, 25 April 1995.


၇ ပုဒ် ၈ ပုဒ် လောက်ရေးပြီး နောက်ထပ် ဆက်မရေးဖြစ်ခဲ့တာကတော့ နောက်ဆုံးရေးတဲ့ပေးစာ လေးက အဖျားခပ်သွားတာကြောင့်ပါ။ အထူးပညာရေးကျောင်း (special education school) တွေမှာ ပညာသင်ကြားနေကြတဲ့ ဥာဏ်ရည်နိမ့်ကလေးများကို အိုင်စီတီ (ICT) လို့ခေါ်တဲ့ သတင်း အချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာများ (Information and Communications Technologies) ပေါင်းစပ်သင်ကြားပေးသင့်ကြောင်းကို စာရေးသူအလုပ်လုပ်နေတဲ့အဖွဲ့အစည်း အောက်က အထူးပညာရေးကျောင်းများမှ အတွေ့အကြုံရလာဒ်ကောင်းအချို့ ကို ဥပမာပေးပြီး စာရေးသူက ရေးသား အကြံပြုလိုက်တာဖြစ်ပါတယ်။

အဲဒီပေးစာလေးက သောကြာနေ့ထုတ် The Straits Times (Life) ရဲ့  Forum Page မှာ ပါလာတော့ စာရေးသူ၏အထက်အရာရှိက မိမိကို သူ့ရုံးခန်းမှာ ခေါ်တွေ့ပြီး “မစ္စတာအေးက ရည်ရွယ်ချက် ကောင်းနဲ့ ဒီစာကိုရေးလိုက်တယ်ဆိုတာ သိပါတယ်။ သို့ပေမယ့် လာမည့်တနင်္လာနေ့မှာပြုလုပ်မယ့် အစည်းအဝေးကျရင် ပညာရေးဝန်ကြီးအနေနဲ့က  ဒီကိစ္စကို “နိုး(No)” လို့ပြောဖို့ ခက်သွားတယ်။” လို့ ပြောပါတယ်။ ယုတ်တရက်တော့ နားမလည်လိုက်တာ အမှန်ပါ။

သတင်းစာမှာ မိမိက ဒီလောက်ကလေး ရေးသားအကြံပြုတာနဲ့ ၀န်ကြီးရဲ့  ‘yes’ ‘no’ ဆုံးဖြတ်တာ နဲ့ ဘာဆိုင်လို့လဲလို့ တွေးမိပါတယ်။ စာရေးသူ နားလည်အောင် သူက ဆက်ပြောတာကတော့ .. သူကိုယ်တိုင်ကလည်း အဲဒီအစည်းအဝေးလုပ်မယ့် အိုင်စီတီသင်ကြားရေးကော်မတီမှာ အတွင်း ရေးမှူးဖြစ်နေပြီး မိမိက သူ့လက်အောက်က ၀န်ထမ်းဖြစ်နေတာမို့ တစ်မျိုးတစ်မည် ထင်စရာဖြစ် နေပါတယ်တဲ့။ အထူးပညာရေးကျောင်းတွေမှာ အိုင်စီတီသင်ကြားရေး လောလောဆယ် မလိုအပ် သေးပါဘူးလို့ ၀န်ကြီးက ယူဆထင်မြင်မိရင်တောင် ပြောဖို့ခက်သွားတာကို ပြောတာပါ။

နောက်ပိုင်းမှာ စာရေးသူတို့အဖွဲ့အစည်းက အမိန့်ထွက်လာခဲ့ပါတယ်။ သတင်းမီဒီယာတွေမှုာ ရေးမယ်ဆိုရင် အရင်တင်ပြပြီး ခွင့်ပြုချက်ရယူရပါမယ်တဲ့။ 


ဒါနဲ့ပတ်သက်လို့ အိမ်ရှင်မက ပြောခဲ့သေးတယ်။ အဖေကြီးကတော့ လုပ်လိုက်မှဖြင့် အရာနဲ့ကြောင်းကြောင်းကြီးပါပဲတဲ့။


ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဇနီးဖြစ်သူက ပြောမယ်ဆိုလည်း ပြောစရာကြီးပါ။ ပေးစာရေးတာနဲ့ပတ်သက်ပြီး ဒီလိုမျိုး မြန်မာပြည်မှာ ကြုံခဲ့ဖူးပါတယ်။ 


ရန်ကုန် ကျိုက်ဝိုင်းဘုရားလမ်းမှာရှိတဲ့ မသန်မစွမ်းလူနာများဆေးရုံ (Hospital for the Disabled) မှာ စာရေးသူ အလုပ်လုပ်နေတဲ့ ၁၉၇၃-၄ ခုနှစ်လောက်ကဖြစ်တယ်။ The Guardian သတင်းစာထဲမှာ မသန်မစွမ်းလူနာများဆေးရုံအကြောင်း စာရေးသူက ရေးလိုက်ပါတယ်။ သတင်းစာမှာပါလာတော့ ဆေးရုံအုပ်ကြီး ဒေါက်တာဦးလှဖေက စာရေးသူအား သူ့ရုံးခန်းမှာ ခေါ်ပြီးတွေ့ခဲ့ပါတယ်။ “တို့ဆေးရုံအကြောင်း မင်း ရေးတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် မင်းက ငါ့တပည့်ဆိုတော့ ၀န်ကြီးက မင်းကို ငါက တမင်ရေးခိုင်းတာလို့ ထင်သွားနိုင်တယ်ကွ” လို့ ပြောပါတယ်။

ဆေးရုံအုပ်ကြီး ဘာ့ကြောင့် ဒီလိုမျိုးပြောရသလဲဆိုတာ စာရေးသူက သဘောပေါက်လိုက်ပါတယ်။ နောက်ခံအကြောင်းခြင်းရာကို နည်းနည်းလေးရှင်းပြပါ့ မယ်။

တစ်နေ့ညနေပိုင်းမှာ ဆေးရုံရဲ့ အကြောအဆစ်ကုဌာနမှာ မြောက်ဥက္ကလာပဆေးရုံမှ အရိုးခွဲစိတ် ကုဆရာဝန်ကြီး ဒေါ်က်တာဦးမင်းအောင်(နောက်ပိုင်းတွင် နယ်စပ်မှ နိုင်ငံခြားသို့ ခိုးထွက်သွားခဲ့) ရယ်၊ အမေရိကန်နိုင်ငံက ခြေတုလက်တုကျွမ်းကျင်သူ (Prosthetist/Orthotist) မစ္စတာ ဂလိဖ် ရယ်၊ ဆရာကြီး ဒေါက်တာဦးလှဖေတို့ ၃ ဦး လူနာအကြောင်း ဆွေးနွေးနေကြစဉ်မှာ ကျန်းမာရေး ၀န်ကြီး ဗိုလ်မှူးကြီးကြည်မောင်၏ကားအနက်ကြီးက ဆေးရုံဘေးမှ ဖြတ်မောင်းသွားပါတယ်။ ၀န်ကြီးရဲ့ ကားကိုတွေ့လိုက်ရတော့ ဆရာကြီး ဒေါက်တာဦးလှဖေက ”၀န်ကြီး တို့ဆေးရုံနားက နေ့တိုင်းဖြတ်သွားနေပေမယ့် တို့ဆေးရုံကိုတော့ တစ်ခါမှလာမကြည့်ဘူး” လို့ မကျေမနပ် (အား ငယ်စွာ) ပြောလိုက်ပါတယ်။   

ကျန်းမာရေးဝန်ကြီး ဗိုလ်မှူးကြီးကြည်မောင်၏အိမ်က မရမ်းကုန်းမြို့ နယ်မှာရှိတာကြောင့် သူ့ကား က စာရေးသူတို့ဆေးရုံနားမှ မနက်တစ်ခေါက် ညနေတစ်ခေါက်ဖြတ်သွားလေ့ရှိပါတယ်။ ၀န်ကြီး အနေနဲ့ ရန်ကုန်ဆေးရုံကြီးတို့ ကလေးဆေးရုံတို့ကို သွားကြည့်ပေမယ့် စာရေးသူတို့ဆေးရုံကိုတော့ မရောက်လာဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဆရာကြီးဒေါက်တာဦးလှဖေက ၀န်ကြီးကို မျှော်နေပုံရပါတယ်။ ၀န်ကြီးလာမှ လိုအပ်တာတွေ တင်ပြပြီး လိုအပ်တာတွေတောင်းခံနိုင်မှာမို့ပါ။

အဲ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ စာရေးသူရဲ့ ပေးစာလေး သတင်းစာမှာပါလာပြီး ၁၀ ရက် မပြည့်ခင် လောက်မှာ ၀န်ကြီး ဆေးရုံကိုရောက်လာပြီး ကြည့်ရှုစစ်ဆေးသွားပါတယ်။ 

ဆရာကြီး ဒေါက်တာ ဦးလှဖေကိုလည်း ၀န်ကြီးအား ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြနေတာ တွေ့ခဲ့ရပါတယ်။