"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, April 28, 2012

သတိ .. နံပတ်စဉ်အတိုင်း မခေါ်ပါ


ကြာတော့လည်း ကြခဲ့လှပြီ။

ဟိုလွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က Raffles Place ဘူတာကနေ ၁၀ မိနစ်လောက် လမ်း လျောက်သွား ရပြီး၊ ပီဒဲမ်းကိုးစင်တာ (Pidemco Centre)ရှိတဲ့ စင်ကာပူနိုင်ငံလူဝင်မှုကြီး ကြပ်ရေးရုံး (Immigration Department) ကို ရောက်ခဲ့စဉ်က မိမိရဲ့ တိုကင်နံပတ်ကလေးအားလက်ထဲမှာကျစ်ကျစ်ပါအောင်ကိုင်ထား ရင်း မိမိအလှည့်စောင့်နေခဲ့တုန်းက “သတိ .. နံပတ် စဉ်အတိုင်း မခေါ်ပါ” ဆိုတဲ့ သတိပေးစာတန်းလေး ကို စပြီးသတိပြုခဲ့မိတယ်။ ဒီစာတန်းလေးကိုတွေ့စကတော့ ‘ဘာဖြစ်လို့နံပတ်စဉ်အတိုင်း မခေါ်ရမှာလဲ’ လို့လည်း စိတ်ထဲတွေးမိပြီး မတင်မကျလေး ဖြစ်ခဲ့မိသေးတယ်။   

မြန်မာပြည်ကရောက်လာခါစ ပူပူနွေးနွေးလေးဆိုတော့ ‘ဘယ်သူတွေကိုများ ကြားဖြတ်လုပ် ပေးချင်လို့ ဒီလိုကြေညာထားရပြန်တာလဲ’လို့လည်း စင်ကာပူပါး မ၀သေးစွာ စွပ်စွပ်စွဲစွဲကြီးကို ထင်ခဲ့မိသေးတာ။ နောက်တော့မှ တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ ပြာပြာသလဲ အလုပ်များနေကြ တဲ့ဝန်ထမ်းတွေ(မယုံမရှိကြနဲ့ ကိုယ်တို့တိုင်းမြန်ပြည်ကအတိုင်းပါပဲ)နဲ့ ဖိုင်တွေကိုအရာရှိအခန်းထဲယူသွားလိုက် ပြန်ထွက်လာလိုက်လုပ် နေတဲ့ဝန်ထမ်းတွေကို စေ့စေ့ငုငုလေးသတိပြုမိလေတော့မှ ‘အို့ဟိုး၊ ဒါကြောင့်ကိုး’ဆိုပြီး သဘောပေါက် ခဲ့ရတော့တာ။

ဒီနောက်ပိုင်းမယ်တော့ ဘဏ်တွေ ပေါ်လီကလင်းနစ်ကဆေးဆိုင်တွေကို အရောက်အပေါက်ရှိ လာတဲ့အ ခါမှာလည်း ဒီသတိပေးစာတန်းလေးကို တွေ့နေရတာပါပဲ။ ဒါနဲ့ဆက်စပ်ပြီး ယေဘုယျအားဖြင့် အစဉ်အ တိုင်းဖြစ်လေ့ဖြစ်ထ ရှိပင်ရှိငြားပေမယ့် တစ်ခါတစ်ရန်မှာ စောစောကသတိပေးစာတန်းလေးလိုပဲ အစီအ စဉ်လွဲပြီးဖြစ်နိုင်တာ ဖြစ်တတ်တာလေးတွေကို မီးခိုးကြွက်လျှောက်ဆိုသလို အတွေးဆန့်မိခဲ့ ပြန်ပါတယ်။

ဟိုတုန်းက MRTV-3 Web Site ရဲ့ ကြေးမုံသတင်းစာမှာ နာရေးကြော်ငြာသတင်းတွေကို ၁ မျက်နှာခွဲ ၂မျက် နှာလောက် ပါလေ့ရှိတာမို့ စာရေးသူက နေ့စဉ်မပျက် မလွတ်တမ်းဖတ်လေ့ ရှိခဲ့တယ်။ ဆုံးပါးသွားကြသူ တွေအထဲမှာ မိမိနဲ့ရင်းနှီးတဲ့ ဒါမှမဟုတ် မိမိသိတဲ့သူတွေပါ,မပါ သိရအောင်ပါ။ အဲဒီတုန်းက ရက်သား လ သားလေးများမှအစ၊ ၁၄-၁၅ နှစ်အလယ်၊ အသက် ၇၀၊ ၈၀၊ ၉၀ ကျော်တွေအဆုံးထိ အသက်အရွယ်အ မျိုးမျိုးမှာသေဆုံးကြတာတွေ့ရပြီး အတော်လေးကိုသံဝေဂရမိခဲ့ပါတယ်။ “မသာတစ်ခေါက် ကျောင်းဆယ် ခေါက်” ဆိုတဲ့မြန်မာ့ဆိုရိုးစကားအတိုင်း မသာလိုက်မပို့ရပါပဲလျက် ဘုရားကျောင်းကန်ကို ဆယ်ခေါက် ရောက်ရသလို ထိတ်လန့် ခြင်း သံဝေဂရခြင်း ခံစားဖြစ်မိခဲ့ပါတယ်။

အော်- မိမိကိုယ်တိုင်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ “ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေး မီ” ဆိုသလို‘မျက်စိတမှိတ် လျှပ်တပျက်’အတွင်း ဘ၀ပြောင်းသွားနိုင်ကြောင်းကို လေးလေးနက်နက် တ ရားသဘောဆင်ခြင်နှလုံးသွင်းမိခဲ့ပါတယ်။

တကယ်က သေခြင်း ဒါမှမဟုတ် သေမင်းက -

အသက်အရွယ် ငယ်လွန်းသေးတယ်၊

အရွယ်လေးက ကောင်းတုန်းရှိသေးတယ်၊

သူတို့ကတော့ အိုမင်းကုန်ကြပါပြီ စသဖြင့်အသက်ကိန်းဂဏန်းနံပတ်စဉ်အတိုင်း ခေါ်လေ့မရှိပါချေ။ ငယ် ငယ်ရွယ်ရွယ် ရက်သားလေးနဲ့သေဆုံးသွားကြရသူတွေ ဒုနဲ့ဒေးရှိကြသလို အသက် ၈၀၊ ၉၀၊ တစ်ချို့ အ သက် ၁၀၀ ကျော်မှ သေဆုံးကြသူများလည်း မနည်းလှပေ။

ဒါကြောင့် သေခြင်းတရားကို အသက်ရေတွက်မှုနံပတ်စဉ်ဂဏန်းနဲ့ ပုံသေညီမျှကိန်းချပြီး ဝေးသေးတယ်၊ စောလွန်းသေးတယ်ဆိုကာ ကိုယ့်အလှည့်မရောက်နိုင်သေးဘူး၊ ကိုယ့်ရှေ့ ကသူတွေ အကုန်လုံးသွားပြီး မှ ကိုယ့်အလှည့်ကိုရောက်ရမှာ၊ ကိုယ်နဲ့ မဆိုင်သေးဘူးစသဖြင့် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ သ ဘောမထားမိကြစေဖို့ အရေးကြီးပါတယ်။  

ဘာကြောင့်လဲဆိုတော့၊

သေမင်းက နံပတ်စဉ်အတိုင်း မခေါ်တတ်တာမို့ပါ။ 

Sunday, April 22, 2012

စင်ကာပူမှ မြန်မာကျောင်းတော်ကြီးသင်္ကြန် (၂)


စတုဒိသာကျွေးမွေးဧည့်ခံသူများကလည်း ကျောင်းတော်ကြီးလာပရိသတ်များဆီသို့ ကိုယ်တိုင်ကိုယ်ကျ ...။

တိုပါးယိုးကျောင်တော်ကြီးသင်္ကြန် သမီး၏မော်လမြိုင်မီးဖိုချောင်(Moulmein Kitchen) မှာ ၀ိုင်းကူ လုပ်ပေးရင်း ဓါတ်ပုံနှင့်ဗွီဒီယိုများလိုက်ရိုက်ရင်းဖြင့် မိမိသည် ဇနီးနှင့်သမီးတို့၏လက်ရာရွှေရင်အေး
အား တစ်စက်ကလေးမျှပင် မမြည်းစမ်းလိုက်ရသော်လည်း စတုဒီသာဆိုင်အချို့ မှအစားအစာ ၂ မျိုးကို မူ အားပေးလိုက်ဖြစ်ပါ၏။ တစ်ခုက ကြာဇံကြော်ဖြစ်ပြီး နောက်တစ်ခုက အအေးစုံဖြစ်သည်။



ကိုဇေယျာထက်၊ ကိုသန်းပိုဦးတို့နှင့်အတူ ကြာဇံကြော်စားရင်း အမှတ်တရ..။

ပျော်ပျော်ပါးပါး

ရက္ခိုင်အသင်း(စင်ကာပူ)မှ လူငယ်လေးများကလည်း တက်တက်ကြွကြွပျော်ပျော်ရွင်ရွင်နဲ့ ပါဝင်ဆင်နွှဲကြလို့ ....။













စားချင်ပါလျက်နှင့် မစားဖြစ်လိုက်သည့်အစားအစာများတွင် ရခိုင်မုန့်တီလည်းပါ၏။


ရေတွေစိုကုန်ပြီ။


ကိုယ်တိုင်လည်းပျော်ကြလျက် အများကိုလည်း အပျော်ဓါတ်ကူးစေတဲ့လူငယ်တစ်စု၏ ကခုန်မြူးတူးကြဟန်။















ရွှေရင်အေးဖြင့်ကျွေးမွေးဧည့်ခံရင်း ဖြေဖျော်မှုလည်းပေးနေတဲ့ ကိုလှိုင်မျိုးမင်း။


စာရေးသူ၏မိတ်ဆွေ ဦးလွင်သိန်း(နေလစာပေ)ရဲ့ သား ကိုပိုင်စိုး မော်လမြိုင်မီးဖိုချောင်ကို လာအားပေးသွားတယ်။

ရွှေရင်အေးခွက် ၆၅၀ ကုန်သွားသဖြင့် ကိုယ့်ခွက်နှင့်ကိုယ် လာယူသူလာ၊ ပုဂံပြားတို့ ရေခဲမုန့်ဗူးခွံတို့ဖြင့် ထည့်စားသူစားကြသည်။ တစ်ခါ သာဂူနှင့်ကောက်ညှင်းကုန်တော့ ကျောက်ကျောတွေကျန်နေသေး သဖြင့် တစ်ရှုးနှင့် ထုတ်ပေးရပြန်သည်။ တစ်ဖန်ကျောက်ကျောပါ ကုန်ပြန်လေသောအခါ ဘေးချင်းကပ် ဆိုင်မှ ရေခဲမုန့်ကို ဇွန်းနှင့်ခြစ်ပြီး ၀ိုင်းကူကျွေးမွေးပေးရ၏။ လက်မလည်အောင် ကျွေးမွေးလှူဒါန်းကြရ သဖြင့် အားပေးသူများကော စတုဒိသာအလှူရှင်များပါ ၀မ်းမြောက်ဝမ်းသာဖြစ်ကြရသည်။

အားလုံး၏ကိုယ်စား သာဓုခေါ်မိပါ၏။


နားနားနေနေ





ဆိုင်ခင်းကျင်းပြင်ဆင်ပြီးတော့ ခဏတစ်ဖြုတ်နားရင်း စကားစမြည်ပြောနေကြသူများ။


ပင်ပန်းရောထင့် ... ခြေပစ်လက်ပစ်နားကုန်ကြပြီ။

ဘာလက်စတီယားလမ်းနဲ့ အာဟွတ်လမ်းကြားက ပန်းခြံလေးအတွင်းမှာ ...။



















လာမည့်နှစ်ကျောင်းတော်ကြီးသင်္ကြန်မှာ ဆန္ဒနှစ်ခုပြုမိသည်မှာ

(က) ၁၉၉၁-၂ ခုနှစ်များကလို သင်္ကြန်ယိမ်းပါဝင်စေရန်
(ခ) သံချပ်အသင်းများ ထွက်ပေါ်လာစေရန်တို့ ဖြစ်သည်။





ဓါတ်ပုံ - Moulmein Kitchen ဘလော့မှ ကူးယူဖော်ပြထားတာပါ။




Sunday, April 15, 2012

စင်ကာပူမှ မြန်မာကျောင်းတော်ကြီးသင်္ကြန်


  



ဒီကနေ့မနက်က တိုပါးယိုးအရပ်မှာရှိတဲ့ မြန်မာကျောင်းတော်ကြီး (Burmese Buddhist Temple) မှာ ကျင်းပခဲ့သော မြန်မာ့ရိုးရာနှစ်သစ်ကူးခါသင်္ကြန်ပွဲကြီးကတော့ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက် နဲ့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပေပြီ။

မြန်မာကျောင်းတော်ကြီးသည် မြန်မာ့ရိုးရာနှစ်သစ်ကူးခါသင်္ကြန်ပွဲကို ကျောင်းတော်ကြီးတည်ဆောက် ပြီးစီးချိန်မှအစပြုလျက် နှစ်စဉ်မပျက်ကျင်းပလာခဲ့သည်မှာ နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့ပြီဖြစ်သည်။ စာရေးသူ သည် ဒီကျွန်းသာယာမှာပင် ယခုနှစ် မတ်လ ၂၆ ရက်နေ့က "လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ဘုန်းတော် ကြီးကျောင်းသင်္ကြန်" အမည်ဖြင့် ရေးခဲ့ပါသေးသည်။  ထိုစဉ်က မှတ်တမ်းတင်ရိုက်ခဲ့သောဓါတ်ပုံပေါင်း များစွာကို အမှတ်တရဖော်ပြပေးခဲ့ပါ၏။ 

ယခုလည်း ဒီကနေ့မနက်ကရိုက်ခဲ့သည့် ကျောင်းတော်ကြီးမြန်မာ့ရိုးရာနှစ်သစ်ကူးခါသင်္ကြန်ပွဲလှုပ်ရှားမှု များအား အောက်တွင်ဖော်ပြပေးလိုက်ပါသည်။ စာဖတ်သူများ ကြည့်ရှုခံစားနှစ်သက်ကြလိမ့်မည်ဟု ထင် မိပါ၏။


နံနက် ၈ နာရီမထိုးခင်လေးမှာမို့ လူက သိပ်မများလှသေးဘူး။

မော်လမြိုင်မီးဖိုချောင်၏  ရေသဘင်သရုပ်ဖော်ပန်းချီကားလေးရဲ့  မြူးကြွကြွလှုပ်ရှားဟန်။

(A) နံနက် ၈ နာရီ ၂၀ မိနစ် -  ရွှေရင်အေးကုသိုလ်ဒါနပြုတဲ့ မော်လမြိုင်မီးဖိုချောင်မှာ ဆိုင်ခင်းကျင်းနေကြစဉ် ...။
(B) ဆိုင်ခင်းကျင်းပြီးပြီမို့ စိတ်အေးတော့သွားရပြီ။ ဒါပေမယ့် ... အားပေးမည့်သူတွေက မရောက်လာကြသေး။

'ကျန်းမာရေးအတွက်ကောင်းတယ်' 'ဗိုက်တာမင်တွေပါတယ်'ဆိုတဲ့ သစ်သီးစုံကုသိုလ်ဒါနပြုတဲ့ဆိုင်ကလည်း ကပ်စတန်မာမျှော်ရတုန်းရှိဆဲ ...

သင်္ကြန်အစားအစာတွေမှာ မုန့်လုံးရေပေါ်က မပါမဖြစ်ပါ။



နံနက် ၉ နာရီထိုးခါနီးတော့ ကျောင်းဝင်းထဲမှာ လူများစပြုလာပြီ။
မနှစ်ကပေးတဲ့ မင်းရဲ့ လိပ်စာ ရေတွေစိုလို့ ပျက်ကုန်ပြီ ....



ငွေဖလားနဲ့ပိတောက်ပန်းကိုင်ထားတဲ့ သင်္ကြန်လှပျိုဖြူတစ်ဦး။


နံနက် ၉ နာရီ - မော်လမြိုင်မီးဖိုချောင်ရဲ့  ရွှေရင်အေးဆိုင်မှာ ဈေးဦးစ,ပေါက်ပြီ။

ရွှေရင်အေးထည့်တဲ့ခွက်လေးတွေကုန်သွားတော့ (အားတော့နာပါရဲ့ အကိုကြီးတို့ရာ) တစ်ရှူးလေးတွေနဲ့ပဲထုပ်ပေးရတော့တာ ..။

ရွှေရင်အေးထည့်တဲ့ခွက်လေးတွေကုန်သွားတာများ ရေးကြီးခွင်ကျယ်လုပ်လို့ (ကိုယ့်ခွက်နဲ့ကိုယ်လာရင် ရတာပဲဟာ)။

"မော်လမြိုင်မီးဖိုချောင်"က ရွှေရင်အေးကို လာပြီးအားပေးကြတဲ့ သင်္ကြန်မမလေးများက စောင့်နေကြရပေမယ့် ရယ်ရယ်မောမောပါပဲနော်။


မြန်မာကျောင်းတော်ကြီးသို့ စာရေးသူတို့မိသားစုရောက်တော့ နံနက် ၈ နာရီထိုးခါနီး။

စတုဒိသာကျွေးမွေးလှူဒါန်းမည့်သူများမှအပ ကျောင်းတော်ကြီးနှစ်သစ်ကူးခါသင်္ကြန်ပွဲလာ ပရိသတ် ကား အလွန်မများလှသေး။ ရောက်တန်သတော့ ရောက်နေကြပြီ။ စားလည်းစား သောက်နေကြပြီ။

သို့သော် စီးလာသောကားက တိုင်ဂျင်းလမ်းထိပ်ရှိ အာဟွတ်လမ်းပေါ်မှာသာ ရပ်လို့ရ၏။ ယင်းသို့ရပ် ရန်ပင် နေရာက ဟုတ်တိပတ်တိ မရှိချင်။ တိုင်ဂျင်းလမ်းထဲကိုမူ ကားဝင်လို့မရလေတော့။ သို့နှင့် ကား ပေါ်မှပစ္စည်းများချလျက် တွန်းလှည်းဖြင့်တင်ကာ မိမိတို့ဆိုင်နေရာရှိရာသို့ သွားကြရသည်။ မိမိတို့အ တွက်သတ်မှတ်ပေးထားသည့်ဆိုင်နေရာကလည်း ကံကောင်းထောက်မစွာပင် ကျောင်းဝင်းအတွင်း၌ မ ဟုတ်ပဲ တိုင်ဂျင်းလမ်းပေါ်မှာဖြစ်သဖြင့် အဆင်ပြေလေသည်။ ကျောင်းဝင်းထဲအထိပစ္စည်းများသယ်ရန် မလိုပေ။ ခရီးတစ်ဝက်ခန့် သက်သာသွား၏။


မိမိတို့မော်လမြိုင်မီးဖိုချောင် (Moulmein Kitchen)ဆိုင်မှာ သမီးနှင့်သားမက်တို့က စတုဒိသာကျွေးမွေး လှူဒါန်းလိုသဖြင့် မိမိတို့ဇနီးမောင်နှံမှ တတ်အားသ၍ကူညီလုပ်ကိုင်ပေးခဲ့ရသည်။ မိမိတို့နှစ်ဦး အပြင် မလှရည်ဝိုင်း (မန္တလေး)၊ ကိုဇေယျာထက် (ကန့်ဘလူ)၊ ကိုသန်းပိုဦး (သုံးခွ)၊ ကိုလှိုင်မျိုးမင်း (ကာဘိုး) နှင့် မခိုင်ဇင်ထွေး (တောင်သာ)တို့ကလည်း တက်ညီလက်ညီဖြင့် အားတက်သရော ၀ိုင်ဝန်းလုပ်ကိုင်ပေး ခဲ့ကြလေရာ ကျေးဇူးအထူးတင်ရပါသည်။

မော်လမြိုင်မီးဖိုချောင် (Moulmein Kitchen)ဆိုင်အတွက် မြန်မာ့ရေသဘင်ပွဲသရုပ်ဖော်ပန်းချီကားလေး ကိုမူ မိမိ၏သားဖြစ်သူမောင်စိုးမောင်တင်က သူရဲ့ သူငယ်ချင်း ဒီဆိုင်းနား(designer) တစ်ဦး နှင့်တွဲလျက် ရေးဆွဲပေးခဲ့ခြင်းဖြစ်၏။ အမှန်ဆိုတော့ သားက ၁၁ လသားအရွယ်မှာ စင် ကာပူနိုင်ငံသို့ရောက်လာခဲ့ရာ မြန်မာ့သင်္ကြန်နှင့်ရေသဘင်ပွဲကို ကိုယ်တိုင်ကြုံဖူးခြင်း မရှိပါချေ။ စင်ကာပူကျောင်းတော်ကြီးသင်္ကြန်ကို ပင် ၁၉၉၂ ခုနှစ်က တစ်ကြိမ်သာကြုံဖူးခဲ့၏။ သို့ဖြစ်ပေရာ သမီးက မြန်မာ့ရေသဘင်ပွဲသရုပ်ဖော်ပန်းချီ များကို အင်တာနက်မှရယူပြသလျက် မည်သို့မည်ပုံရေးဆွဲပေးရန် ခိုင်းရသည်။

ယင်းပန်းချီကားကို ပြီးခဲ့သည့်တနင်္ဂနွေနေ့က စတုဒိသာကျွေးမွေးလှူဒါန်းအပြီးတွင် ဆိုင်ခန်း၌ပင် ချိတ် ထားလျက်သား မေ့ကျန်ထားခဲ့သဖြင့် တနင်္လာနေ့က ကျောင်းတော်ကြီးသို့တစ်ခေါက် ပြန်သွားပြီး ဆရာ တော်များအားလျောက်ထားမေးမြန်းကာ ရှာဖွေနေရပါသည်။

ဒါ့ ကြောင့် …

“တွေ့ရင်ပြောကြပါကွယ် ..

ကျေးဇူးဆပ်ပါမယ်” ..လို့။        


(နံနက် ၁၀  နာရီခွဲ) မော်လမြိုင်မီးဖိုချောင်ရဲ့ အနောက်ဖက်(ကျောင်းတော်ကြီးရှေ့ က)ကွင်းထဲမှာ လူတွေက ဒင်းကြမ်းပဲ။ အပေါ်က ပုံ A နှင့် B ကိုယှဉ်ကြည့်ပါ။ အဲဒီတုန်းက လူတစ်ယောက်စ နှစ်ယောက်စပဲရှိသေးတာ။

နံနက်  ၁၀ နာရီခွဲ -  ကျောင်းတော်ကြီးရှေ့ က မလှုပ်သာ မလှည့်သာ မသွားသာဖြစ်နေတဲ့ လူအုပ်ကြီးက ကြောက်ခမန်းလိလိ ...။






လူအုပ်လှိုင်းတံပိုးကြီးထဲမှာ ကလေးငယ်လေးတွေရဲ့  Grandstand နေရာကောင်းတစ်ခုကတော့ .....






 

သင်္ကြန်ဖေဖေ

အဖေ့ဂုတ်ကို ခွကာစီးလို့

ကျောင်းတော်ကြီးသင်္ကြန် သွားကြမယ်။

သား သွားရင်ကွယ် လူအုပ်ကြီးက 

များလွန်းလှမို့ စိုးရိမ်တယ်။

လူအုပ်ကြီးကို မကြောက်ပါကွဲ့

ဖေဖေ့ဂုတ်ပိုးက တောင့်လှတယ်

သွားမယ် .. သွားမယ်။      ဖိုးတာ (၁၈ ဧပြီ နံနက် ၁၂ နာရီ ၃၅ မိနစ် ၂၀၁၂)


ကျောင်းတော်ကြီးသင်္ကြန်လာ မြန်မာပရိသတ်များသည် နံနက် ဂ နာရီကျော်လောက်မှအစပြုပြီး တဖြည်းဖြည်းဖြင့် ဒီရေအလားတိုးပွားများပြာလာခဲ့သည်။ လူငယ်လူရွယ်တွေ များ၏။ ကလေးသူငယ်
များနှင့် အသက်ကြီးသူများ နည်းလေသည်။

တကယ်ကလည်း လူငယ်လူရွယ်များ၏ပွဲပေပဲကိုး။


"စင်ကာပူမှ မြန်မာကျောင်းတော်ကြီးသင်္ကြန်(၂)" ကို ဆက်ဖတ်ပါရန်။

Friday, April 6, 2012

စပ်မိစပ်ရာ ကြားမိလေသမျှ

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် နှစ်သစ်အခါသမယကို ကြိုဆိုသောအား ဖြင့် ကျွန်းသာယာစာဖတ်ပရိသတ်ကြီးအတွက် “စပ်မိစပ်ရာ ကြားမိလေသမျှ”ဆွေးနွေးခန်းကဏ္ဍလေး အား ဖွင့်လှစ်လိုက်ပါသည်။

ကဏ္ဍ၏အဓိကရည်ရွယ်ချက်မှာ ‘သူလိုငါလို’သာမန်လူများ၏ နိုင်ငံရေး စီးပွားရေး လူမှုရေး ဘာသာ ရေး ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် တွေးခေါ်မြော်မြင်ရေးဆိုင်ရာ ပြောဆိုဆွေးနွေးမှုအသံများကို ကြားမိ သည့်အတိုင်း သစ္စာရှိစွာဖြင့် တဆင့်ဖောက်သည်ချ ဖြန့်ဝေပေးရန်ဖြစ်သည်။

တစ်နည်းဆိုရသော် ‘လူထုအသံ’ပင်ဖြစ်ပါလေ၏။

ယင်းအသံများကို ကျွန်းသာယာမှ သဘောတူ၏ မတူ၏ မရှိ။ ထောက်ခံခြင်း ကန့်ကွက်ခြင်း မရှိ။ မိမိ ကိုယ်တိုင်က စိတ်ဝင်စားစွာနားစွင့်ပြီး တွေးတောချင့်ချိန်သင့်သည်ဟူ၍သာ နှလုံးပိုက်မိပါ၏။ 

ဝိုင်းဝန်းတွေးတော စဉ်းစားပေးကြပါကုန်။

 

ကိုစပ်မိ - ကိုစပ်ရာရေ အခုတလောမှာ မြန်မာပြည်က ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြောကြ ဆိုကြ ဆွေးနွေးကြသံတွေ အတော်လေးကြားနေရပါလားဗျို့ ။

ကိုစပ်ရာ - ဟုတ်ပါ့ဗျာ ကိုစပ်မိရဲ့ ။ ကြားနေရတာမှ အတော်လေးလည်းစုံစေ့ပြီး  အတော်လေးလည်း ကျယ်ကျယ်လောင်လောင်ကြီးပါပဲလားဗျ။

ကိုစပ်မိ - စုံစေ့တာမှ ကိုစပ်ရာရာ၊ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီလေးမှာပဲ ရွေးကောက်ပွဲကော်မရှင် က မဲစာရင်းထုတ်ပြန်တဲ့အခါ မဲပေးပိုင်ခွင့်ရှိတဲ့သူတွေက ကိုယ်ယောင်ပျောက်သွားပြီး မဲစာရင်းထဲမပါ လာကြပဲ သေပြီးတဲ့သူတွေက ဒီမိုကရေစီလို့ကြားလိုက်တာနဲ့ ကမျောသောပါး အသက်ပြန်ဝင်လာကြပြီး မဲစာရင်းထဲပါလာကြတာမျိုးတွေအထိပေါ့။   

ကိုစပ်ရာ - ဒါတင် ဘယ်ဟုတ်ပါ့မလဲဗျာ။ မဲပေးပိုင်ခွင့်မရှိတဲ့သူတွေ မဲစာရင်းထဲပါလာကြတာကတော့ ဆိုးလှသပေါ့ဗျ။

ကိုစပ်မိ - အဲ ဒါပေမယ့် တစ်ခုတော့ တော်သေးတယ်ဗျ။

ကိုစပ်ရာ - ဘာတစ်ခုများ တော်ရပြန်တာမို့လဲ၊ လင်းစမ်းပါဦး ကိုစပ်မိရဲ့ ။ 

ကိုစပ်မိ - ဒီလိုလေဗျာ၊ အဲဒီလို မဲစာရင်းအမှားအယွင်းတွေဖြစ်တာနဲ့ပတ်သက်ပြီး နိုင်င်္ငရေးပါတီတွေက တိုင်တမ်းကြတော့ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွေကို မတ်လ ၂၅ ရက် နေ့အထိ ပြန်လည်ပြင် ဆင်ခွင့်ပေးခဲ့တယ်လေဗျာ။

ကိုစပ်ရာ - ဒီလိုဆို တော်သေးတာပေါ့ ကိုစပ်မိရာ။ သာဓု ခေါ်မိပါရဲ့ ။

ကိုစပ်မိ - ကြားဖြတ်ရွေးကောက်ပွဲကြီးနဲ့ပတ်သက်လို့ မြန်မာပြည်သူပြည်သားအားလုံးကကော ကမ္ဘာ့ နိုင်ငံအသီးသီးကပါ စိတ်ဝင်တစားအဖြစ်ဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်က ဒီတစ်ချီမှာ ၀င်ပြိုင်လာတာပဲဖြစ်တယ်ဗျ။

ကိုစပ်ရာ - ဟုတ်သပ ကိုစပ်မိရာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကြီး တုန်းက ၀င်ပြီးမပြိုင်ခဲ့ပဲကိုးဗျ။ အဲ အခုတစ်ခါမယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တက်စုံရွက် စုံကိုလွှင့်ပြီး မဲဆွယ်စည်းရုံးလှုပ်ရှားခဲ့တာမို့ ဒီကြားဖြတ်ရွေးကောက်ပွဲကြီးကို အားလုံးက အုတ်အော် သောင်းတင်း အသဲတထိပ်ထိပ်နဲ့ အရမ်းကိုစိတ်ဝင်စားခဲ့ကြတာ။ ကျုပ်သိရသ၍တော့ဗျာ၊ ကြားဖြတ်ရွေး ကောက်ပွဲဆို နိုင်ငံတကာက များသောအားဖြင့် စိတ်ဝင်စားလေ့  မရှိ ကြတာများပါတယ်။

ကိုစပ်မိ - ဒါနဲ့ နောက်တစ်ခုရှိသေးတယ်ဗျ ကိုစပ်ရာရ။

ကိုစပ်ရာ - ဘာများလဲဗျ နောက်တစ်ခုဆိုတာက။

ကိုစပ်မိ - ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကြီးတုန်းက အပုတ်နံ့လှိုင်ခဲ့တဲ့ ကြိုတင်မဲကိစ္စလေဗျာ။  

ကိုစပ်ရာ - ဟုတ်ပ ကိုစပ်မိ။ ဒီတစ်ခါမှာတော့ သိပ်ပြီးပြင်းပြင်းထန်ထန် ပြောကြသံမကြားမိသလိုပဲ။ အဲ ကြိုတင်မဲကိစ္စလိုပဲ ကျုပ်စိုးရိမ်ခဲ့မိတာနောက်တစ်ခုကတော့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလို ရွေး ကောက်ပွဲပြီးကာမှ အငြင်းပွားဖွယ်ရာမဲရလဒ်တွေ မထင်မှတ်ပဲ အလျှိုအလျှို ထွက်လာကြမှာကိုလေ။

ကိုစပ်မိ - ဟုတ်ပါ့ဗျာ၊ စိတ်ပူစရာဆိုလည်း ပူစရာကြီးပေပဲ။ 

ကိုစပ်ရာ - ဒါပေမယ့် ကျနော်တို့ ခင်ဗျားတို့ စိုးရိမ်ခဲ့ကြသလိုဖြစ်မလာပဲ ရွေးကောက်ပွဲရလဒ်ကို ရွေး ကောက်ပွဲကျင်းပအပြီး ၂၄ နာရီးအတွင်းမှာ ကျေညာပေးနိုင်ခဲ့တာကိုတော့ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုး ရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ကို ချီးကျူးရမှာအမှန်ပဲဗျ။  

ကိုစပ်မိ - ဟုတ်တာပေါ့လေ။ ကောင်းတာကို ဘယ်သူလုပ်လုပ် အသိအမှတ်ပြုကြရပေမပေါ့။ ဒါမှလည်း အကောင်းတွေကို ပိုလုပ်ချင်မှာဖြစ်ပြီး အကောင်းတွေ ပို ပိုဖြစ်လာမယ် မဟုတ်ပါလား။

ကိုစပ်ရာ - ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရတာနဲ့ပတ်သက်ပြီး ဒေါ် အောင်ဆန်းစုကြည်က ဒါဟာ ပြည်သူတွေရဲ့ အောင်ပွဲပါလို့ ရွေးကောက်ပွဲအပြီးနောက်တစ်ရက်ဖြစ် တဲ့ ဧပြီလ ၂ ရက် နေ့က အဖွဲ့ချုပ်ရုံးရှေ့ မှာ နှုတ်ဆက်မိတ်ခွန်းတိုပြောကြားရင်း အတိအလင်းကြေညာ ခဲ့တယ်ဗျ။

ကိုစပ်မိ - ဟုတ်ပေသပေါ့ဗျာ ကိုစပ်ရာရဲ့ ။ ပါတီနိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူတွေရဲ့  ထောက်ခံမှုနဲ့ တက်ကြွစွာပါဝင်မှုရှိမှပဲ အောင်ြမင်ဖြစ်မြောက်နိုင်တာမို့ ပါတီရဲ့ အောင်ပွဲဟာလည်း ပြည်သူတွေရဲ့ အောင် ပွဲပဲပေါ့ မဟုတ်လား။

ကိုစပ်ရာ - ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က နောက်တစ်ခုပြောသွားသေးတယ်လေ။

ကိုစပ်မိ - ဘာများပါလိမ့် ဆိုပါဦးဗျ။

ကိုစပ်ရာ - ဒီလိုလေဗျာ၊ ရွေးကောက်ပွဲနိုင်တာနဲ့ပတ်သက်ပြီး အခြားအဖွဲ့အစည်းများနဲ့ပုဂ္ဂိုလ် များအား စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်မိကြစေဖို့ အဖွဲ့ချုပ်ဝင်များအနေနဲ့ ထိန်း ထိန်းသိမ်းသိမ်းရှိကြဖို့ သတိပေးမှာကြားခဲ့တာလေ။  

ကိုစပ်မိ - ကောင်းလိုက်တဲ့ စကားတွေပါလား။ နေဦးဗျ .. ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားဆိုမှ ကျုပ် သတိရတော့တယ်။ ပြည်ခိုင်ဖြိုးပါတီက ဟို အထွေထွေအတွင်းရေးမှူးဆိုလားပဲဗျ။ ရွေးကောက်ပွဲအပြီး မှာ သူပြောတဲ့အကြောင်း အိမ်ကိုအလယ်လာတဲ့ လူငယ်လေးတွေ ဂျာနယ်ဖတ်ပြီးပြောနေကြတာ ကြား မိလိုက်တယ်။ ခဏလေးဗျာ အဲဒီဂျာနယ်ကို ကျုပ်သွားရှာလိုက်ဦးမယ်။

ကိုစပ်ရာ - ပြည်ခိုင်ဖြိုးပါတီက အထွေထွေအတွင်းရေးမှူးက ဦးဋ္ဌေးဦးလေဗျာ။ ဟို အရင်အစိုးရအ ဟောင်းတုန်းကတော့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးပေါ့။ သူတို့ပါတီက ရွေးကောက်ပွဲရှုံးတာနဲ့ပတ်သက် ပြီး သူက ဘာများပြောပါလိမ့်။ စိတ်ဝင်စားစရာပဲဗျ။

ကိုစပ်မိ - အဲ နေဦးဗျ။ ဒီမှာ သူပြောထားတာက … “လူထုက သင့်တော်မယ်ဆိုတဲ့သူကို သူတို့ ရွေး ချယ်တာဖြစ်ပါတယ်။ ဒီရွေးချယ်မှုနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာမှပြောစရာမရှိပါဘူး။ လူ ထုရဲ့ အဆုံးအဖြတ်ပဲ ကျွန်တော်တို့ နာခံပါ့မယ်။ ဒီဥစ္စာကိုပဲ လက်ခံပါတယ်” တဲ့။ နောက်ပြီး တော့ ဒီမှာပြောထားတာရှိသေးတယ်။ “အဲဒီတော့ နိုင်ငံရေးယှဉ်ပြိုင်ဘက်ဆိုတာထက်စာရင် အ နိုင်အရှုံးကိုယှဉ်ပြိုင်တာကလွဲလို့ လွှတ်တော်ထဲရောက်လာလို့ရှိရင်တော့ အကုန်လုံးသည် ကိုယ့် တိုင်းပြည်အတွက်၊ ကိုယ့်ပြည်သူအတွက် ၀ိုင်းပြီးလုပ်ကြမယ်လို့ ကျွန်တော်တို့ယုံပါတယ်။ တစ် ချို့ ကိစ္စတွေမှာ အယူအဆမတူလို့ ဆွေးနွေးငြင်းခုံတာကလွဲလို့ ဆန့်ကျင်ဖက်အဖွဲ့အစည်းတို့ ပြိုင်ဖက်အဖွဲ့အစည်းတို့ဆိုပြီး ကျွန်တော်တို့ သဘောမထားပါဘူးဗျာ” တဲ့။

ကိုစပ်ရာ - ဟုတ်ပါ့ ကိုစပ်မိရာ။ ပြည်ခိုင်ဖြိုးပါတီက အထွေထွေအတွင်းရေးမှူး  ဦးဋ္ဌေးဦးရဲ့  စကားကို ကြားသိရတာ ၀မ်းသာအားရစရာကြီးပါလားဗျာ။ အကုန်လုံးသည် ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ့် ပြည်သူအတွက် ၀ိုင်းပြီးလုပ်ကြမယ်ဆိုတဲ့စကားက၊ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေး အင်အားစုများကို ဒေါ်အောင်ဆန်းစုကြည်က သူတို့နဲ့အတူ ဒီမိုကရေစီနိုင်ငံ ပီပီပြင်ပြင်ဖြစ်ပေါ်ရေး ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ပြောခဲ့တာနဲ့ တစ်ထပ်တည်းကျမနေပေ ဘူးလားဗျာ။

ကိုစပ်မိ - မှန်လိုက်တာ ကိုစပ်ရာရယ်။ ခင်ဗျားတို့ ကျုပ်တို့အနေကတော့ဗျာ ပါတီစုံစနစ်မှာ နိုင်ငံရေးပါ တီအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ တိုင်ပြည်နဲ့ပြည်သူ့တစ်မျက်နှာကလွဲပြီး ဘာကိုမှမ ကြည့်ပဲ စွမ်းစွမ်းတမံဆောင်ရွက်ကြစေချင်တာပါပဲဗျာ။

 


 

Wednesday, April 4, 2012

ဤ’ဖေကို’ကိုဗျာ ခေါ်ချင်ပြောချင်ကြသူတွေကများ


အခုတလော ဤဖေကိုတစ်ယောက် မြန်မာမဟုတ်တဲ့သူတွေအကြားမှာ အတော်လေးကို မျက်နှာပွင့် လို့နေပါတယ်။

ဟိုလူက ခေါ်ချင်ပြောချင်၊ ဒီလူက လက်တို့ပြီး ခေါ်ချင်ပြောချင်ကြနဲ့။

ဤ’ဖေကို’ကို မတွေ့လိုက်နဲ့၊ တွေ့လိုက်တာနဲ့ “ဝှေး ဗဲရီးဂွတ်၊ အန်စန်းစုကီ (ဒေါ်အောင်ဆန်းစုကြည်) နိုင်သွားပြီကွ“လို့ နှုတ်ဆက်ရင်း ၀မ်းသာအားရ ပြောကြလေ့ရှိတယ်။

အဲဒီသူတွေအထဲမှာ အိမ်နားနီးချင်းတွေလည်း ပါတယ်။ အိမ်နားနီးချင်းမဟုတ်ပဲ တစ်တိုက်ထဲ နေကြပြီး ဓါတ်လှေခါးမှာ မတော်တဆဆုံကြတဲ့အခါမှာမှ ‘ဟိုင်း’ ‘ဟယ်လို’ လို့ ၀တ်ကျေတန်းကျေလေး ဆိုကြရုံ လောက် နှုတ်ဆက်ကြရတဲ့သူတွေလည်း ပါကြသေးရဲ့ ။ တက္ကစီသမားတွေကဆို ပြောမနေနဲ့တော့။ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နာမည်ကို နားမချမ်းသာလောက်တဲ့ ‘အန်စန်းစုကီ’လို့အသံထွက်ပြီး တဖွဖွခေါ် ရင်း အာဘောင်အာရင်းသန်သန် မြန်မာနိုင်ငံရေးဇာတ်စုံခင်းပြီးကို ပြောတတ်ကြတာ။

ဈေးကိုသွားပြန်တော့လည်း ဈေးဆိုင်ကတရုတ်မ တရုတ်ထီး ငယ်ငယ်ကြီးကြီးတွေက “ဟေး နင်တို့ ‘မြန်တိရင့်’(မြန်မာပြည်)က အန်စန်းစုကီတော့ အပြတ်အသတ်ကြီးကို နိုင်သွားပြီးနော်” လို့ သတင်းပေး တတ် မေးတတ်ကြတယ်။ သူတို့တတွေရဲ့ မြန်မာ့နိုင်ငံရေး (အထူးသဖြင့် အဲန်အယ်ဒီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်) အပေါ် စိတ်ဝင်စားမှုနဲ့ လေးစားချစ်ခင်မှုကတော့ လက်ဖျားခါလောက်အောင်ကို ‘အံ့ရော အံ့ရော’ဆိုရမယ့်အထဲကပါပဲ။   

ဤ’ဖေကို’ ဖျားသွားတာတစ်ချက်ကတော့ ဤ’ဖေကို’တို့အလုပ်က အလုပ်သမား’အာဘတ်’ ပဲဖြစ်တယ်။ သူက သန့်ရှင်းရေးအလုပ်သမား။ တရုတ်လူမျိုးဗုဒ္ဓဘာသာဝင်မို့ လှဲကျင်းပွတ် တိုက်အလုပ်တွေလုပ်နေ ရင်း ဗုဒ္ဓတရားတော်တွေကို တရုတ်လိုရွတ်ဖတ်ဆိုနေတတ်တယ်။ ဤ’ဖေကို’ နဲ့တွေ့ရင် သူက ဘုန်းကြီး ကျောင်းကိုသွားတဲ့အကြောင်း၊ ကျောင်းကဒီအပတ်မှာ ဘာအစားအစာတွေ ကျွေးတဲ့အကြောင်း၊ သူ ဖိုးဒီတို့ တိုတိုတို့ ထိုးတဲ့အကြောင်း ဒါတွေပဲပြော လေ့ရှိတတ်တာ။    

အဲ လွန်ခဲ့တဲ့ အပတ်လောက်ကစပြီး ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရွေးကောက်ပွဲအကြာင်းနဲ့ စစ်အ စိုးရအကြောင်းတွေကို ဤ’ဖေကို’ ကိုတွေ့တိုင်း အားတက်သရောကြီး မေးလာ ပြောလာတာ သတိပြုမိ တယ်။ သူကလည်း ခေသူမဟုတ်ပါဘူး။ အဆုံးမတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူပေပဲကိုး။

အောင်မယ်.. အောင်မယ် .. သူက လာ လာချေသေးတော့။ ပြောလည်း ပြောတတ်ပေသေးတော့။

ဟိုတခါရွေးကောက်ပွဲတုန်းက စစ်အစိုးရကညစ်လို့ သူတို့နိုင်သွားတာကွတဲ့။

ဒီတစ်ခါ သူတို့ ညစ်လို့မရတော့ဘူးကွတဲ့။

နိုင်ငံတကာကလူတွေ သွားကြည့်နေကြပြီတဲ့ကွ။

ကဲ ငါပြောတာ မမှန်ဘူးလား။

တွေ့တဲ့အတိုင်းပဲ  ဟဲ  ဟဲ .. အန်စန်းစုကီ အပြတ်နိုင်သွားပြီ။

Monday, April 2, 2012

ကျွန်တော် ဘာသာစကားယောဆရာကြီး

မနေ့က The New Light of Myanmar သတင်းစာထဲမှာ "Boy, 14, speaks seven languages" ဆိုတဲ့ခေါင်း စီးနဲ့ ဘာသာစကား ၇ မျိုးကို ကောင်းစွာပြောနိုင်ဖတ်နိုင်တဲ့ ယူကေ (UK) နိုင်ငံမှလူငယ်လေးတစ်ယောက် အကြောင်းဖတ်ရတယ်။ လူငယ်လေးရဲ့ နာမည်က‘ဘရူ့ (စ)’ ပါတဲ့။ ဘရူ့ (စ)က ရုရှား၊ မန်ဒရင်း(တရုတ်)၊ အာရပ်၊ ပြင်သစ်၊ ဂျာမန်၊ စပိန်နဲ့ အင်္ဂလိပ်ဘာသာစကားများကို တတ်ပါတယ်။ သူ့အသက် ၇ နှစ်အရွယ် က ပြင်သစ်ဘာသာကို စ,ပြီးသင်ခဲ့တယ်ဆိုပါတယ်။   

မနေ့ကမှာပဲ စင်ကာပူကထုတ်ဝေတဲ့ The Straits Times သတင်းစာမှာ Multilinguist extraordinai- re: 1 man, 50 languages(တစ်ယောက်တော့ တစ်ယောက်ထဲ၊ ဒါပေမယ့် ဘာသာစကားပေါင်း ၅၀ တတ် တယ်) ဆိုတဲ့ သတင်းခေါင်းစီးနဲ့ စိတ်ဝင်စားစရာကောင်းသော နောက်ထပ်အလားတူသတင်းတစ်ပုဒ်ကို တိုက်တိုက်ဆိုင်ဆိုင်ဖတ်ရပြန်ပါတယ်။ ဘာသာစကား ၅၀တို့ကိုလေ့လာဖို့ရာ နာရီပေါင်း ၃၀,၀၀၀ ကျော် ကြာမြင့်ခဲ့တယ်လို့ ယခုအခါမှာ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဒေါက်တာအလက်ဇန်း ဒါးက ပြောခဲ့ပါတယ်။

စာရေးသူသည် ဘာသာစကားများစွာတတ်သူများအကြောင်းကို ၁၉၇၀ ခုနှစ်အကျော် စော စောကာလ ပိုင်း များလောက်က ရန်ကုန်မှာအလုပ်လုပ်ရင်း ဖတ်ရှုသိရှိခဲ့ရတာဖြစ်တယ်။ ဆိုဗီယက်ရုရှားနိုင်ငံက သ တင်းဋ္ဌာနကြီးဖြစ်တဲ့ နိုဗိုစတီ (Novosti)မှ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေတဲ့ စပွတ်နစ်မဂ္ဂဇင်း(Sputnik) မှာ ပေါ်လီဂလော့ (Polyglot) ဆိုတဲ့ခေါင်းစဉ်နဲ့ စပြီးဖတ်ခဲ့ဖူးတာပါ။  

အဲဒီအချိန်က စပွတ်နစ်မဂ္ဂဇင်းသည် အစိုးရစာအုပ်ဆိုင်ကြီးတွေမှာ မှတ်မိသ၍ တစ်အုပ်ကို တစ်ကျပ်ခွဲ လောက် ပေးရပါတယ်။ စာရွက်က ကြွေစက္ကူ၊ ရောင်စုံဓါတ်ပုံတွေ ဝေေ၀ဆာဆာနဲ့။ အရွယ်အစားနဲ့ အ ထူအပါးကလည်း ရီးဒါးဒိုင်ဂျက်မဂ္ဂဇင်း(Reader’s Digest)နဲ့ ထပ်တူထပ်မျှနီးပါး တူပါတယ်။ သိသိသာ သာကြီးကွာခြားတာကတော့ ဈေးနှုန်းပဲဖြစ်တယ်။ ရီးဒါးဒိုင်ဂျက်ကို စာရေးသူတို့ အနားမကပ်နိုင်ပါဘူး။ သုံး လေး ငါးလကြာလို့ အဟောင်းဈေးနဲ့ပြန်ချတော့မှ တစ်အုပ်ကို ပြား ၅၀၊ ၇၅ ပြားနဲ့ ၀ယ်ဖတ်ကြရ တာ။ ဗိုလ်ချုပ်အောင်ဆန်းဈေးနဲ့ မျက်စောင်းထိုး၊ မဂိုလမ်း(ယခု ရွှေဘုံသာလမ်း) ရဲရိပ်သာဘေး လမ်း ကြားထဲက ကုလားကြီးဆိုင်မှာ စာရေးသူက သွားဝယ်လေ့ရှိတယ်။ အဲဒီမှာ အင်္ဂလိပ်ဘာသာဖြင့်ရေးထား တဲ့ ဆေးကျမ်းစာအုပ်အဟောင်းတွေ(ဥပမာ anatomy, physiology) ရတတ်တယ်။ နောက်ပြီး စီဘား (CIBA Phamaceutical Company)ကထုတ်ပြီး ဆရာဝန်တွေကို ဆေးကုမ္ပဏီတွေက အလကားပေးတဲ့ စာစောင်လေးတွေလည်း ရတတ်တယ်။ တစ်အုပ်ကိုမှ ငါးမူး တစ်ကျပ်လောက်ပဲ ပေးရတာပါ။ မဂ္ဂဇင်း တွေမှာ ဆေးပညာပေးဆောင်းပါးတွေရေးနေတဲ့ စာရေးသူအဖို့ စာနဲ့ရုပ်ပုံတွေအတွက် တကယ့်ကုန် ကြမ်းကောင်းကောင်းတွေရယ်ပါ။    

ဆက်ပြီးရေးပါဦးမယ်။  

Sunday, April 1, 2012

အစိုးရမရှိသော တိုင်းပြည်သို့တစ်ခေါက် (၂)

အန့်တ်ဝ(ပ်)မြို့  (Antwerp)

ပြီးခဲ့သော ဇန်န၀ါရီလ ၂၃ ရက်က “အစိုးရမရှိသော တိုင်းပြည်သို့တစ်ခေါက်”ဟူသည့်ခေါင်းစဉ်ဖြင့် ဤ ဘလော့စာမျက်နှာတွင်ရေးခဲ့ရာ၌ အောက်ပါအတိုင်း အဆုံးသတ်ထားပါ၏။

သို့ဖြင့် နေ့ ၁၂ နာရီကျော်တွင် ဘယ်လဂျီယံနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ ကြီးဖြစ်သည့် အန့်တ် ၀(ပ်)မြို့  (Antwerp)သို့ ရောက်ရှိခဲ့သည်။ ဤမြို့ မှာ ကမ္ဘာ့စိန်မြို့ တော်(the diamond capi- tal of the world) အဖြစ် ထင်ရှားသည်ဆို၏။ 

တရားဝင်ဖွဲ့ထားသည့်အစိုးရမရှိသောနိုင်ငံသို့ မိမိအနေဖြင့် ပထမဦးဆုးံအကြိမ် ရောက်ဖူးခဲ့ရ ခြင်းဖြစ်ပါလ၏။ 

အန့်တ်ဝ(ပ်)မြို့  (Antwerp)သို့ ရောက်ရှိပြီဖြစ်ကြောင်း ဧည့်ကြိုအမျိုးသမီးကြီးကပြောတော့မှ မိမိခရီးစ, ထွက်လာခဲ့သည့်နယ်သာလန်နိုင်ငံ၏နယ်စပ်အားဖြတ်ကျော်ခဲ့ပြီး ဘယ်လဂျီယံနိုင်ငံထဲသို့ ၀င်လာပြီးဖြစ် ကြောင်း သတိပြုမိ၏။ အန့်တ်ဝ(ပ်)မြို့ သည် ဘယ်လဂျီယံနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ ကြီးဖြစ်ပြီး အန့်တ် ၀(ပ်)ပြည်နယ်(Antwerp Province)၏မြို့ တော်လည်း ဖြစ်လေသည်။ 

 

အမ်စတာဒမ်မှစီးလာသောဘတ်စ်ကားနှင့် မိမိ၏ခရီးသွားဖော်တစ်ချို့ ။ (ဓါတ်ပုံ - ဖိုးတာ)

 

 

မြို့ လယ်ရင်ပြင်ရှိ ဘရာဘိုရုပ်တုရှေ့ တွင် အမှတ်တရ။ (ဓါတ်ပုံ - ဖိုးတာ)

 

အန့်တ်ဝ(ပ်)မြို့ ထဲသို့ မိနစ်အနည်းငယ်မျှ မောင်းလာပြီးနောက် စာရေးသူတို့စီးလာသောဘတ်စ်ကား က မြို့ လယ်ရင်ပြင်(Town Square) အနီးတွင်ရပ်လိုက်ပါသည်။ ခရီးသည်အားလုံး ကားထဲမှဆင်းလိုက် ကြ၏။ ခေတ္တအနား ယူရင်း နေလည်စာစားရန်၊ ဘရာဘိုရုပ်တု(Brabo monument)နှင့်မြို့ တော်ခန်းမ စသည်တို့အား ကြည့်ရှု ရန်ဟု ဧည့်ကြိုကပြောသည်။ လမ်းကိုဖြတ်ကူးပြီး ခြေလှမ်း လေး ငါးဆယ်ခန့် လျောက်သွားသောအခါ နို့စိမ်းရောင်သုတ်ထားသည့် ဘရာဘိုရုပ်တုကြီးကို လက်ဝဲဖက်တွင်တွေ့ရသည်။ ယင်းရုပ်တုကြီး၏အနောက်ဖက်တွင် မြို့ တော်ခန်းမ(Town Hall)ရှိပြီး အနီးဝန်းကျင်၌ ခရီးသွားအဖွဲ့များ ဥဒဟိုသွားလာကြရင်း အမှတ်တရဓါတ်ပုံများ ရိုက်နေကြသည်။ 

မိမိလည်း အားကျမခံ ရိုက်ခဲ့ပါသေးသည်။

 

အန့်တ်ဝ(ပ်)မြို့ လယ်ကောင်မှာ နွားတစ်ကောင်နဲ့ ...။ (ဓါတ်ပုံ - ဖိုးတာ)

ဘရာဘိုရုပ်တုကြီးနှင့်ပတ်သက်၍သိရသည်မှာ ‘စရှဲ့ ဒ’မြစ်အနီးတွင်နေထိုင်လျက်ရှိသည့် ဘီလူးကြီး၏ လက်တစ်ဖက်ကိုဖြတ်ပြီး ထိုမြစ်အတွင်းသို့လွှင့်ပစ်ခဲ့သော ’ဘရာဘို’အမည်ရှိ လူငယ်သူရဲကောင်းလေး ၏ အမှတ်တရရုပ်တုဟု ဧည့်ကြိုကပြောပါသည်။ ဤမြို့ မှာ ဗိသုကာလက်ရာမြောက်လှသည့်ရှေးခေတ် အဆောက်အဦများဖြင့်လည်း ထင်ရှားလေသည်။ 

စာရေးသူတို့ခရီးသွားများသည် ဧည့်ကြိုဦးဆောင်ခေါ်ဆောင်ရာသို့လိုက်ရင်း သူကပြပေးသည် များနှင့် ရှင်းလင်းပြောပြသည်တို့အား နားထောင်ရသည်။ တစ်ခါတစ်ခါမှာ ဓါတ်ပုံရိုက်စရာတွေ့က အုပ်စုမှခေတ္တ ခွာကာ ဓါတ်ပုံရိုက်ရင်း နောက်ကျကျန်ရစ်တတ်သည်။ ဓါတ်ပုံရိုက်စရာရှိသည်တို့ကို ကတိုက်ကရိုက်ရိုက် ပြီးမှ ရှေ့ ကိုရောက်သွားသည့်အုပ်စုနောက်သို့ အမြန်မီအောင်လိုက်ရ၏။ တစ်ခါတစ်ရံ မိမိ၏အုပ်စုအား မျက်ခြည်ပြတ်သွားကာ ပြန်တွေ့အောင် အတော်လေးရှာယူရတတ်၏။ ဧည့်ကြိုက ထီးအရွက်များခေါက် ကာ မြင်သာအောင်ခပ်မြင့်မြင့်လေးကိုင်ထားသော အ၀ါရောင်ထီးကို ရှာရသည်။ အခြားသောခရီးသွား အုပ်စုမှဧည့်ကြိုများကလည်း အစိမ်းရောင် အပြာရောင် အနီရောင် အနက်ရောင်စသည်ဖြင့် အရောင်ကွဲ ထီးများကို ကိုင်ဆောင်ကြလျက် အမှတ်အသားပြုကြလေသည်။ 

 

ဧည့်ကြို(ယာဖက်ထိပ်)က ထီးအ၀ါကိုကိုင်လျက် ခရီးသွားများ၏ ရှေ့ မှဦးဆောင်သွားနေပုံ။ (ဓါတ်ပုံ - ဖိုးတာ)

 

ဧည့်ကြိုက ပြစရာရှိသည်များကိုပြသရှင်းလင်းပြောပြပြီးသောအခါ မိမိတို့ ခရီးသွားများအနေဖြင့် အနီး တစ်ဝိုက်တွင် မိမိတို့ဖာသာ ဆက်လက်ကြည့်ရှုကြရန် အချိန်ပေးပါသည်။ နောက်ပြီး စောစောကဘတ်စ် ကားရပ်ထားသည့်နေရာ၌ မည်သည့်အချိန်တွင် အားလုံးပြန်ဆုံကြမည်ဟုမှာကြားခဲ့လေသည်။ စာရေးသူ သည် မိမိတို့၏ခရီးသွားအုပ်စုမှခွဲထွက်ပြီး ဗိသုကာလက်ရာမြောက်လှသည့်ရှေးခေတ်အဆောက်အဦများ ကို လှည့်လည်ကြည့်ရှုရင်း ဓါတ်ပုံများကိုစိတ်တိုင်းကျရိုက်ပါသည်။ တစ်ချိန်တည်းမှာ မောင်ထမင်းကြိုက် (Mr rice eater)ပီပီ ထမင်းစားလို့ရမည့်စားသောက်ဆိုင်ကိုရှာရသေး၏။ သို့သော်မတွေ့သဖြင့် အာရပ်လူ မျိုးများဖွင့်ထားသောဆိုင်၌ ပေါင်မုန့်ကြက်ဥကြော်စားရင်း ခဏတဖြုတ်နားရသည်။

 

 

ဆက်ပြီးရေးပါဦးမယ်။