"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Monday, July 29, 2019
ကာကွယ်ဆေး
ယခုတစ်လထဲမှာ ရောဂါ ၇ မျိုးအတွက် ကာကွယ်ဆေး ၄ လုံး ထိုးရသည်။
လွန်ခဲ့သော ၂ ပတ်ကျော်လောက်က ရောဂါ ၆ မျိုးအတွက် ကာကွယ်ဆေး ၃ လုံးကို တစ်နေ့တည်း တစ်ထိုင်တည်း ထိုးခဲ့သည်။
ဒီကနေ့မှာ အခြားကူးစက်ရောဂါတစ်မျိုးအတွက် နောက် ၁ လုံး ထပ်ထိုးရပြန်သည်။
မိမိအလုပ်လုပ်နေသောဆေးရုံက ၀န်ထမ်းတိုင်း မဖြစ်မနေထိုးကြရသောကြောင့်ဖြစ်သည်။
သူများတွေက သူအချိန်အခါနှင့်ထိုးထားကြပြီးဖြစ်သည်။
မိမိမှာ မြန်မာပြည်ကထွက်လာပြီးကတည်းက တစ်ကြိမ်တခါမျှမထိုးဖြစ်ခဲ့သဖြင့် ယခုမှအလုပ်အရ လိုအပ်တာကြောင့် မဖြစ်မနေထိုးရတော့၏။
Sunday, July 28, 2019
သွားသောသူနှင့်ကျန်ခဲ့သူ
Death and dying are a part of life. 
The best we can do is accept death as a fact of life.
သွားနှင့်သူတို့က သွားနှင့်ကုန်ကြပြီ။
သွားသူတို့ မရှိကြလေတော့။
မသွားကြသေးသူတို့က ကျန်ရစ်ခဲ့ကြရသည်။
သို့သော်
မည်မည်မျှကြာကြာ ကျန်ရစ်ကြရမည်ကိုတော့ မသိရ။
ကျန်ရစ်သူတိုင်းသည် သွားနှင့်သူတွေလောက် အသက်ရှည်ကြပါမည်လား။
သွားနှင့်သူအချို့ က ၇၀  ကျော် ၈၀ ကျော်အထိ နေသွားခဲ့ကြသည်။
ကျန်ရစ်ခဲ့ကြသူတိုင်းကော ထိုမျှအသက်ရှည်ရှည်နေကြရပါမည်လား မသိနိုင်ပါချေ။
သေဆုံးခြင်းကို ဘ၀တစ်ခုမှအခြားသောဘ၀တစ်ခုသိုကူးပြောင်းခြင်း (transition) ဟု ယေဘုယျအားဖြင့်နားလည်ထားကြသည်။
ယင်းကို ဘ၀သံသရာ(Samsara - wheel of life) ဟုလည်း ပြောဆိုတတ်ကြသေးသည်။
မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် တရားဘာဝနာပွားများကြရာတွင် သေခြင်းကိုနားလည်ရန် အရေးကြီးလေသည်။ 
အဘယ်ကြောင့်ဆိုသော် သေခြင်းသည် အသက်ရှင်ခြင်းကဲ့သို့ အဓိပ္ပာယ်ရှိသောကြောင့်ဖြစ်သည်။ 
လူတစ်ဦးသေသွားသောအခါ လက်ရှိဘ၀တစ်ခုပြတ်စဲခြင်းသာဖြစ်ပြီး သေခြင်း၏အခြားတစ်ဖက် (beyond the death) ဆိုသည်ကို မေ့လျှော့ထားလို့မရ။ လုံးဝဥပေက္ခာပြုထားလို့မရ။
သေခြင်းသည် ပစ္စည်းတစ်ခုပျက်စီးသွားသောအခါ သုံးမရတော့သဖြင့်လွှင့်ပစ်ရခြင်းမျိုးနှင့်မတူပေ။ 
ပျက်စီးသွားတာခြင်း စွန့်ပစ်ရတာခြင်းတူပင်တူငြားးသော်လည်း ယင်းအဖြစ်အပျက်ကဲ့သို့ ရိုးစင်းခြင်းကားမရှိလှပါချေ။   
လူတို့သေဆုံးရခြင်းနှင့်ပတ်သက်ပြီး ရဟန်းအရှင်သူမြတ်များက ဗုဒ္ဓ၏အဆုံးအမများနှင့်အညီ ဟောပြောရှင်းပြလေ့ရှိသည်။
ဥပမာအဖြစ်ကြည့်ပါ။
          သေခြင်းတရားဆိုတာ အိပ်ရာထဲလှဲနေတုန်းလည်း
          ရောက်လာတတ်တယ်။
          ထိုင်နေစဉ် လျင်မြန်စွာလည်း
          ရောက်လာတတ်တယ်။
          ရပ်နေတုန်း ဗြုံးဆိုလည်း
          ရောက်လာတတ်ပါတယ်။ ။   
                                   အရှင်သုစိတ္ထ Dip (P.S.E) B.A, M.A (Buddhist)
အချိန်ကျလာပြီဆိုက ..
သေခြင်းသည် နေရာမရွေးတတ်။
အချိန်အခါလည်း မရွေးတတ်။
ဆင်းရဲချမ်းသာ မရွေးတတ်။
ယောကျာင်္းမိန်းမ ငယ်ငယ်ကြီးကြီး မရွေးတတ်။
မရောက်ရောက်အောင် လာတတ်သည်။
သူရောက်လာသောအခါ မိမိတို့အားလုံး အဆင်သင့်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ၊ သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ လိုက်သွားကြရစမြဲ။
ငြင်းလို့မရ။
ဈေးဆစ်လို့မရ။
ထုချေလျှောက်လွဲလို့မရ။
သေကျေပျက်စီးကြရသည်။
ဇာတိ၏အဆုံးဖြစ်သော မရဏပါပေတကား။
မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုသည့် ဘ၀ဖြစ်စဉ်တွင် အချို့ မှာ အိုပင်မအိုလိုက်ရပဲ ငယ်ငယ်ရွယ်ရွယ်မှာ အသေစောကြရရှာသည်။
ထိုအခါ အသေစောသဖြင့် နှမျှောသည်ဟုဆိုတတ်ကြ၏။
သို့ဆိုပါလျှင် အသက် ၈၀ ကျော်၊    ၉၀   ၁၀၀ နေကြရသူများ သေဆုံးကြသောအခါ မနှမျှောကြပါ၏လား။
စဉ်းစားစရာပင်ဖြစ်ပါလေ၏။
ဆက်ပြီးရေးပါဦးမည်။
Saturday, July 27, 2019
သွားနှင့်ကြလေပြီ
ယခုနှစ်ထဲတွင် မိမိနှင့်ရင်းနှီးသော အသိမိတ်ဆွေနှင့်သူငယ်ချင်းအချို့  ဆက်တိုက်ဆိုသလိုကွယ်လွန်သွားခဲ့ကြသည်။
ဆရာဦးတင်မြင့်(၇၁ နှစ်)
မိမိနှင့်စင်ကာပူနိုင်ငံတွင် နှစ်အတော်
ကြာကြာ အလုပ်အတူတူလုပ်ခဲ့သော အကြောအဆစ်ကုပညာရှင် (Physiotherapist) ဆရာဦးတင်မြင့်
သည် မတ်လက ရန်ကုန်မြို့ မှာ ကွယ်
လွန်ခဲ့သည်။
ရောဂါသိရှိပြီး သိပ်မကြာခင်လေးမှာ ပင် မယုံကြည်လောက်အောင် မြန်မြန်ဆန်ဆန်ကြီး ဆုံးပါးသွားရှာသည်။
ကိုတင်မြင့် စင်ကာပူမှပြန်သွားပြီးနောက်တွင် မိမိ ရန်ကုန်ရောက်တိုင်း အမြဲ
တွေ့ဖြစ်ခဲ့ကြသည်။
ဆရာကြီးဦးထွန်းအောင်ဇံရှိစဉ်က ဆရာဦးကြီးမောင်၊ ဆရာဦးမင်းမောင်၊ ဆရာဦးမောင်မောင်မြင့်တို့နှင့်အ တူ အထူးဝိုင်းစည်လှသေးတော့။
 ယာအစွန်လူနှစ်ဦး မရှိကြလေပြီ။
သူချစ်သော အကြောအဆစ်ကုပညာရပ်ကို မြန်မာနိုင်ငံတွင်ဖွံ့ဖြိုးတိုးတက်စေလိုသဖြင့် Physiotherapist များ၏ပညာနှင့်ဘ၀မြင့်မားစေရန် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သူဖြစ်သည်။
ထိုကြောင့် မြန်မာနိုင်ငံ အကြောအဆစ်ကုပညာရှင်အသင်း (Myanmar Physiotherapy Association - MPA) တွင် အင်တိုက်အားတိုက်အလုပ်လုပ်ရင်း ယင်းစိတ်ဖြင့်ပင် ကွယ်လွန်သွားခဲ့ရှာသည်။
အမှတ်တရရှိလှသည်။
ဦးအောင်ချီ (မိုးကုတ်ဝိပသနာ - ၉၇ နှစ်)
မသန်မစွမ်းလူနာများဆေးရုံ (Hospital for the Disabled) တွင် မိမိတာဝန်ထမ်းဆောင်နေစဉ်က ရန်ကုန်မြို့  နတ်မောက်လမ်းရှိ မိုးကုတ်ဝိပသနာအဖွဲ့ချုပ်သို့  မိမိအား ကိုယ်တိုင်ခေါ်ဆောင်ကာ မိတ်ဆက်ပေးပြီး တရားကျင့်ရန်အားပေးကူညီခဲ့သော ဆရာကြီးဦးအောင်ချီသည် ဧပြီလက ကွယ်လွန်သွားခဲ့ပါသည်။
မိမိအလုပ်အားသည့် စနေ တနင်္ဂနွေ ၂ ရက်မှာ သူ၏မာစီဒီးကားကို ကိုယ်တိုင်မောင်းလျက် မိမိကို မိုးကုတ်ဝိပသနာသင်တန်းသို့ အပတ်စဉ် အကြိုအပို့လုပ်ပေးခဲ့သည့်ကျေးဇူးတရားများကို ယနေ့တိုင်အောက်မေ့လေးစားလျက်ရှိနေပါသည်။
သူသည် မိုးကုတ်ဝိပသနာအဖွဲ့ချုပ်မှလူကြီးတစ်ဦးဖြစ်ပြီး စင်ကာပူနိုင်ငံသံရုံးဖွင့်ခါစနှစ်များက မြေနီကုန်းရှိသူ့အိမ်ကို ငှားထားခဲ့သည်။
စာဆရးဆရာမကြီးဒေါ်ကလျာ (၈၂ နှစ်)
ဇူလိုင်လ ၁ ရက်နေ့က မိမိနှင့်မိသားစုမိဆွေပမာခင်မင်ရင်းနှီးရပါသော စာရေးဆရာမကြီးဒေါ်ကလျာ (အမည်ရင်း ဒေါ်ခင်ခင်ဝင်း) ကွယ်လွန်သည်။
ဆရာမကြီး မကျန်းမမာဖြစ်နေသည်မှာကြာလှပြီဖြစ်သည်။ မြန်မာပြည်ကိုခဏတဖြုတ်ပြန်ရင်း ရန်ကုန်ကိုရောက်တိုင်း ဆရာမကြီး၏အိမ်သို့အလည်ရောက်တတ်ပြီး လူမမာလည်းမေးဖြစ်ခဲ့သည်။
ကလျာမဂ္ဂဇင်းအတွက် မိမိ၏သမီးဖြစ်သူအား မျက်နှာဖုံးဓာတ်ပုံရိုက်စဉ်က သူကိုယ်တိုင်လာရောက်ပြီး ဓာတ်ပုံဆရာနှင့်စိတ်တိုင်းကျ စီစဉ်အားပေးခဲ့သည်။ 
"ကိုတင်မောင်အေးရေ၊ မမလေ အရင်က မဂ္ဂဇင်းမျက်နှဖုံးဓာတ်ပုံရိုက်တာတွေကို တစ်ခါမှမလာခဲ့ဖူးဘူး။ အခု ကိုတင်မောင်အေးရဲ့ သမီးလေးအတွက်လာတာ ပထမဆုံးပဲ" ဟုပြောပြသည်ကို အထူးကျေးဇူးတင်အမှတ်ရမိသည်။
ဆရာဦးမြင့်ညွန့် (၇၄ နှစ်)
ယခုဇူလိုင်လထဲမှာပင် ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Sciences) တုန်းက မိမိ၏
ကျောင်းနေဘက်သူငယ်ချင်းဖြစ်သူ
ကိုမြင့်ညွန့် မနေ့နေ့လည်က ဆုံးပါးသွားပြန်ပါသည်။
သူ နေထိုင်မကောင်းဖြစ်နေသည်ကို
ကြားသိခဲ့ရသည်မှာ သိပ်မကြာလှ
သေးပေ။ ဆေးရုံတွင် ခွဲစိတ်ကုသမှုပြုလုပ်ကြောင်းလည်းသိရသည်။
မြန်မာပြည်ကိုအလည်ပြန်ရင်း မန္တလေးမြို့ သို့ရောက်တိုင်း ကိုမြင့်ညွန့်တစ်ယောက် မိမိတည်းခိုလေ့ရှိသည့် ဘူတာကြီးနားက ပစိဖစ်ဟိုတယ်သို့ စက်ဘီးနှင့်ရောက်လာတတ်ပါသည်။
နောက်ပြီး စကားစမြည်တွေပြောဖြစ်ကြသည်။
စောစောပိုင်းနှစ်များကတော့ သူ အလုပ်လုပ်သော မန္တလေးဆေးရုံကြီးက အကြောအဆစ်ကုဌာနသို့ မိမိနှင့်ဇနီးတို့ သွားလည်တတ်ကြသည်။ အခြားသော အကြောအဆစ်ကုပညာရှင်အငယ်လေးများနှင့် သူကမိတ်ဆက်ပေးခဲ့ပါသည်။
ကန့်ဘလူမှနေသော မိမိ၏မိခင်ကြီးကျန်းမာရေးမကောင်းသဖြင့် မန္တလေးဆေးရုံကြီးတွင်တက်ရစဉ်အခါက သူနှင့်မိမိတို့အတွေ့များခဲ့ကြ၏။ သူ၏ဇနီးကလည်း အကူအညီများပေးခဲ့ရာ ကျေးဇူးများစွာတင်ပါသည်။ 
ထိုအချိန်တုန်း မိမိတို့ ပစိဖစ်ဟိုတယ်မှာ မတည်းဖြစ်ကြသေး။ 
ပုပ္ပားဟိုတယ်(တည်းခိုခန်လား မမှတ်မိတော့) မှာတည်းခဲ့ကြသည်။
ကိုမြင့်ညွန့် စင်ကာပူနိုင်ငံကိုလေ့လာရေးလာတော့ မိမိအိမ်ကိုလာလည်သွားသည်။ 
အခြားသော သူငယ်ချင်း မိတ်ဆွေများနှင့်လည်း ဆုံတွေ့ကာ စကားတွေပြောခဲ့ကြ၏။ 
ယခုတော့ သူတို့အားလုံး တစ်ဦးပြီးတဦး ဤလူ့လောကကြီးအတွင်းမှ ထွက်သွားခဲ့ကြလေပြီ။
သူတို့အလှည့်တွေတော့ ပြီးသွားကြကုန်ပြီ။
သို့နှင့်
မိမိအလှည့်ဆိုသည်က ......
Saturday, July 20, 2019
စီပီအာနဲ့အေအီးဒီ သင်တန်း (၃)
အမှတ် (၂) အထိ စီပီအာ (CPR) အကြောင်း ပြောပြခဲ့ပြီးဖြစ်ပါတယ်။
အခုအမှတ် (၃) မှာ အေအီးဒီ (AED) အသုံးပြုနည်းလေးအကြောင်း အနဲငယ်ပြောပြချင်ပါတယ်။
အောက်မှာတွေ့နေရတဲ့စက်ကလေးက အေအီးဒီစက်ပါ။
ထုတ်လုပ်တဲ့ကုမ္ပဏီကိုလိုက်ပြီး ဒီဇိုင်းပုံလေးတွေကွာခြားတာမျိုးတော့ ရှိတတ်ပါတယ်။  
စက်ကိုဖွင့်လိုက်တဲ့အချိန်မှာ လုပ်ရမှာတွေကို အဆင့်ဆင့်လမ်းညွှန်ပြောပြပေးတဲ့ဘာသာစကားကလဲ မတူတာတွေ့ရပါတယ်။
ဥပမာ အင်္ဂလိပ်စကားဖြစ်ချင်ဖြစ်မယ်။ 
တရုတ်စကားဖြစ်ချင်စြေ်မယ်ပေါ့။ 
လူရဲ့ နှလုံးဟာ ပျမ်းမျှအားဖြင့် တစ်ရက်ကို အကြိမ်ပေါင်း ၁ သိန်း (၁၀၀,၀၀၀) ခန့် ခုံပေးနေရပါတယ်။
ခန္ဓာကိုယ်အနှံ့အပြားကို သွေးနဲ့အောက်ဆီဂျင် ၇,၀၀၀ လစ်တာ ထောက်ပံ့ပေးနေရတာပါ။
အေအီးဒီစက်က ယူဆောင်ရလွယ်ပြီး ပေါ့ပါးသေးငယ်ပါတယ်။ နှလုံးခုံစည်းချက်ကို စစ်ဆေးပေးနိုင်ပြီးတော့ ပုံမမှန်ဖြစ်နေတဲ့နှလုံးခုံစည်းချက်ကို လျှပ်စစ်ရှော့ပေးကာ ပြန်လည်ပြုပြင်ပေးနိုင်တာဖြစ်တယ်။
ရုတ်တရက်နှလုံးရပ်သွားတာ (sudden cardiac arrest) တွေဟာ များသောအားဖြင့် ဆေးပညာစကားနဲ့ ဗွီအက်(ဖ) VF လို့ အတိုကောက်ပြောလေ့ရှိတဲ့ Ventricular fibrillation (နှလုံးစည်းချက်မြန်ပြီး ကစဥ့်ကလျှားဖြစ်ခြင်း) ကြောင့်လို့ဆိုပါတယ်။
အဲဒီလိုစဖြစ်တဲ့နေရာက နှလုံးကနေသွေးညှစ်ပေးတဲ့အောက်ဘက်အခန်းတွေ (ventricles) ပဲဖြစ်ကြပါတယ်။
စင်ကာပူနိုင်ငံမှာ အေအီးဒီစက်တွေကို စာသင်ကျောင်းတွေ၊ ဘူတာရုံတွေ၊ လူနေတိုက်တွေ၊ ကုန်တိုက်တွေနဲ့လေဆိပ် အစရှိတဲ့နေရာအတော်များများမှာ အစိုးရက ထားရှိပေးထားပါတယ်။
Thursday, July 18, 2019
စီပီအာနဲ့အေအီးဒီ သင်တန်း (၂)
ဟုတ်ပါတယ်။
စောစောကသင်တန်းဆရာပြောခဲ့သလိုပဲ သင်တန်းရဲ့ လက်တွေ့အပိုင်းမှာ လက်မောင်းနဲ့ပခုံးကြွက်သားအင်အားရယ်၊ ခါးချိုးပြီး ဒူးကြာကြာထောက်ထားနိုင်ဖို့ရယ်၊ လက်ဖနောင့်အားနဲ့ ဆက်တိုက်အချိန်ကြာကြာဖိပေးကြွပေးနိုင်ဖို့ရယ်ဆိုတာတွေ တကယ်ကိုလိုအပ်ပါတယ်။
နောက်တစ်ခုထပ်ပြီးပြောရရင် လူနာရဲ့ ရင်ဘတ်ပေါ်မှာ စည်းချက်ကျကျ ဖိပေးနေတဲ့လက်ဖ၀ါးနှစ်ခုရဲ့ အဖိအကြွအချိန်အဆနဲ့ နေရာမှန်မှာ မရွေ့ မပြောင်းပဲရှိနေစေဖို့ကလဲ အရေးကြီးတာဖြစ်တယ်။
ဒါကို ဆရာကိုင်ထားပေးတဲ့ iPad ပေါ်က အစက်ကလေးရဲ့ တည်နေရာကိုကြည့်ရင် သိနိုင်ပါတယ်။ အစက်ကလေးက အနဲအပါး ဟိုဒီရွေ့ နေပေမယ့် သတ်မှတ်ထားတဲ့လေးထောင့်ကွက်လေးအတွင်းမှာရှိနေရင် လက်အနေအထားမှန်ပါတယ်။
အောက်က CPR Step-by-Step Guide က သင်တန်းကျောင်းနံရံမှာကပ်ထားတာတွေ့လို့ ဓာတ်ပုံရိုက်ယူထားတာပါ။
သင်တန်းက အရည်အချင်းအသိအမှတ်ပြုလက်မှတ် (Certificate) ပေးတာဖြစ်လို့ ရေးဖြေကော လက်တွေ့ ကော စာမေးပွဲဖြေကြရပါတယ်။
ရေးဖြေကတော့ မမြင်ရလို့မသိပေမယ့် လက်တွေ့မှာက မြင်နေရတာဖြစ်လို့ ကိုယ့်အုပ်စုထဲမှာ မမှန်မချင်း တစ်ကြိမ်မကပြန်လုပ်နေကြသူ ၂ ဦး ၃ဦးရှိတာကို တွေ့နေရပါတယ်။
လက်တွေ့စစ်ဆေးရာမှာ လူနာရဲ့ ရင်ညွှန့်ရိုးအောက်ပိုင်းကို လက်အဖိအကြွအချိန်အဆမမှန်တာကြောင့် ဆ ရာကပြန်ရှင်းပြလိုက် သင်တန်းသားက  ပြန်လုပ်လိုက်နဲ့ မမှန်မချင်းအစစ်ဆေးခံရပါတယ်။
ဒါ့အပြင် အထက်ကပုံမှာပါတဲ့အတိုင်း နံပတ် ၁ ကနေ ၉  အထိ တစ်ဆင့်ပြီးတဆင့် မလွဲမချော်ပဲလုပ်ပြရပြီး ပါးစပ်ကလဲ ကိုယ်လုပ်ရမှာတွေကို အစီအစဉ်တကျ ဆရာကို ပြောပြနေရပါသေးတယ်။
ဥပမာ နံပတ် (၁) ဆိုပါစို့။
လူတစ်ဦးလဲကျပြီးသတိလစ်သွားပြီဆိုရင် ဘာမှစမလုပ်ခင်မှာ လူနာအနားက ဘေးအန္တရာယ်ဖြစ်စေနိုင်တာ တွေ ရှိမရှိ စစ်ဆေးကြည့်ရှုရမယ်။ 
အဲဒါတွေက ဘယ်လိုဟာမျိုးတွေဆိုတာကိုပြောပြနိုင်ရမယ်။ ကိုယ်ကမပြောမိရင်လဲ ဆရာက နှုတ်မေးခွန်းသဘော မေးပါတယ်။ 
လက်တွေ့ရော နှုတ်ဖြေရောပေါ့။
   သင်တန်းအောင်မြင်ပြီးစီးကြောင်းလက်မှတ်
စီပီအာသင်တန်းအကြောင်းရေးနေတုန်း တနေ့ကမြန်မာသတင်းစာမှာ စီပီအာကိုလက်တွေ့လေ့ကျင့်နေတဲ့သတင်းလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
Tuesday, July 16, 2019
စီပီအာနဲ့အေအီးဒီ သင်တန်း
ဒီကနေ့သင်တန်းတစ်ခု တက်ဖြစ်တယ်။
CPR + AED Certification Course ဆိုတဲ့ နေ့တစ်ဝက် (၄ နာရီကြာ) သင်တန်းပါ။ 
မနက် ၈ နာရီခွဲကနေ နေ့လည် ၁၂ နာရီခွဲအထိဖြစ်ပါတယ်။
မိမိအလုပ်လုပ်နေတဲ့ဆေးရုံက တက်ခိုင်းတာပါ။
စင်ကာပူနိုင်ငံရဲ့ အထင်ကရနေရာကြီးဖြစ်တဲ့ သြချတ် (Orchard) က Singapore Emergency Responder Academy ကို သွားတက်ခဲ့ပါတယ်။ 
သင်တန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့  နှလုံးရောဂါကြောင့် ရုတ်တရက်နှလုံးထိခိုက်ပြီး (Heart attack) လဲကျသတိလစ်နေသူများကို  Cardiopulmonary resuscitation (CPR) နည်းနဲ့ Automated External Defibrillator (AED) စက်ကိုသုံးပြီး အရေးပေါ်ရှေးဦးအသက်ကယ်ပေးနိုင်ရန်လို့ ဆိုပါတယ်။
အဲဒီလိုနှလုံးထိခိုက်မှုကြောင့် နှလုံးခုံရပ်သွားပြီး ရုတ်တရက်သေဆုံးသွားနိုင်ပါတယ်။ သေလဲသေနေကြပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့  ၂၀၁၅ ခုနှစ်က အမျိုးသားကျန်းမာရေးစာရင်းဇယားများအရ သိရတာက နှလုံးကြွက်သားတွေဆီကို သွေးရောက်တာနည်းလို့ (Ischemic heart disease) အသက်ဆုံးရှုံးကြရသူအရေအတွက်ဟာ စင်ကာပူနိုင်ငံမှာ တတိယအများဆုံးဖြစ်ပါတယ်။ 
ဒါကြောင့် စင်ကာပူအစိုးရက သူ့နိုင်ငံသူနိုင်ငံသားတွေကို ဒီသင်တန်းတွေတက်ဖို့ အထူးအားပေးပါတယ်။ 
တိုက်တွန်းလေ့ရှိပါတယ်။ 
စောစောကပြောခဲ့သလို အရေးအကြောင်းဟေ့ဆိုရင် CPR နည်းနဲ့ AED စက်သုံးလို့ သိနားလည်ပြီး တတ်ထားသူတိုင်းက အသက်ကယ်ပေးနိုင်ကြမှာပါ။
17/07/19 
သင်တန်းစ,မှာက မနက် ၈ နာရီခွဲဖြစ်လို့ အိမ်က အစောကြီးထွက်ခဲ့ပါတယ်။ 
ဂျူရောင်းဝက်စ်အရပ်ကနေ သြချတ်အရပ်အထိသွားရမှာ။ 
လမ်းထိပ်က အမြန်ဘတ်စ်ကားအမှတ် ၅၀၂ စီးသွားတာတောင် မိနစ် ၅၀ ကြာသေးတာ။ 
အဲဒီလို ၀ီရိယပိုသွားတဲ့အတွက် သြချတ်လမ်းကသင်တန်းကျောင်းမှတ်တိုင်ကိုရောက်တော့ မနက် ၇ နာရီ ၃၅ မိနစ်ပဲရှိပါသေးတယ်။ 
ဒါနဲ့လိပ်စာမြေပုံကို ကြိုပြီးကြည့်ထားတာကြောင့် သြချတ်လမ်းကနေ လက်ဝဲဘက်မှာရှိတဲ့ Cuppage Road ထဲကိုချိုးဝင်လိုက်တယ်။ 
၅ မိနစ်လောက်လျောက်ဝင်ပြီး လမ်းဆုံးရောက်တော့ Singapore Emergency Responder Academy(SERA) ရှိရာ ခန့်ငြားတဲ့အဆောက်အဦကြီးကိုတွေ့ရပါတယ်။
သင်တန်းကျောင်းရှိရာအဆောက်အဦကြီး
စောနေသေးလို့ ကျောင်းရှိရာကိုဝင်မသွားသေးပဲ အနီးအနားကိုလျောက်ကြည့်ဖြစ်ပါတယ်။ 
အားလုံးတိတ်တိတ်ဆိတ်ဆိတ်ရှိနေပါတယ်။
သေသေသပ်သပ်ညှပ်ထားပေးတဲ့ လမ်းဘေးခြံစည်းရိုးပင်တွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်းသစ်ပင်ကြီးများကလဲ စိမ်းစိမ်းစိုစိုတွေ့ရှိလှပြီး စိတ်ထဲမှာ အေးအေးချမ်းချမ်းခံစားမိပါတယ်။
အဲဒီမြင်ကွင်းလေး ၂ ခုကို ဓာတ်ပုံရိုက်ဖြစ်ခဲ့သေးတယ်။
စိမ်းစိုအေးချမ်းတဲ့စင်ကာပူနိုင်ငံရဲ့ နံနက်ခင်းမြင်ကွင်း
ဓာတ်ပုံရိုက်ပြီးနောက် အဆောက်အဦထဲဝင်ပြီး သင်တန်းကျောင်းရှိရာ ၃ ထပ်ကို တက်ခဲ့ပါတယ်။
သင်တန်းရုံးခန်းက မဖွင့်သေးဘူး။
သင်တန်းအခန်းလမ်းညွှန်
ဒါနဲ့ ရုံးခန်းရှေ့ က သင်တန်းအမျိုးအစားအလိုက် အခန်းလမ်းညွှန်စာကိုဖတ်ကြည့်နေတုန်း အသက် ၆၀ ကျော်လောက်ရှိလိမ့်မယ်လို့ခန့်မှန်းရတဲ့ သင်တန်းဆရာတစ်ဦးက ဘာသင်တန်းတက်ဖို့လဲလို့ မိမိကို မေးတာနဲ့ပြောပြလိုက်ပါတယ်။
ဒီအခါမှာ သူက အသက်ဘယ်လောက်ရှိပြီလဲလို့ ထပ်ပြီးမေးပြန်ပါတယ်။
၇၁ နှစ်လို့ပြောလိုက်တော့ 'ဒီသင်တန်းက သိပ်ပြီးပင်ပန်းတယ်နော'။
'၁ မိနစ်ကို အကြိမ် ၁၀၀ နှုန်းနဲ့ ၂ မိနစ်ကြာ ဒူးထောက်ပြီး လက်ဖနောင့်နဲ့ဆက်တိုက်ကြီး မရပ်မနားဖိပေးရတာ (compression)။ ဖြစ်ပါ့မလားဗျာ'လို့ မိမိကို စိုးရိမ်ဟန်နဲ့ပြောပါတယ်။
မိမိက ဘာမှပြန်မပြောပဲ ပြုံးဘဲပြုံးနေလိုက်ပါတယ်။
အင်း ဒါပေမယ့် စိတ်ထဲမှာတော့ ..
ငါက physiotherapist ဆိုတာ သူမှ မသိရှာပဲကိုးလို့ တွေးမိပါတယ်။
ဟုတ်တယ်လေ။
မိမိတို့ physiotherapist တွေဆိုတာ ခေတ်မီစက်တွေကိုသုံးပြီး အကြောအဆစ်ရောဂါဝေဒနာများကို ကုသပေးနေသလို လက်ချောင်းနဲ့လက်တွေကို ကျွမ်းကျင်စွာသုံးပြီးတော့လဲကုသပေးနေကြရတာဖြစ်တယ်။
ကျွမ်းကျင်မှုနဲ့အတူ တစ်ခါတခါမှာ လက်နဲ့လက်မောင်းအင်အားတွေထည့်သုံးရတယ်။
တစ်ခါတခါမှာတော့ အင်အားကိုချိန်ဆထိန်းကျောင်းပြီး အချိန်ကြာကြာလုပ်ပေးကြရတာမျိုးလဲ ရှိပါတယ်။
Strength and stamina နှစ်မျိုးလုံးပေါ့။
Saturday, July 13, 2019
စင်ကာပူမှာလေ စိမ်းစိမ်းရယ်စို
မိမိတို့အဖိုးကြီးအဖွားကြီးနှစ်ယောက်သည် ဘတ်စ်ကား သို့မဟုတ် အမ်အာတီရထားစီးကာ အပြင်သို့ မကြခဏဆိုသလို ခရီးသွားလေ့ရှိသည်။
မိမိသည် ဆေးရုံတွင်အလုပ်လုပ်နေသဖြင့် စနေ တနင်္ဂနွေမှအပ နေ့တိုင်းခရီးထွက်ဖြစ်နေသည်။
ထိုအခါ စိမ်းစိမ်းစိုစိုရှိလှသော စင်ကာပူ၏ရှုခင်းများကို ခံစားမိကြစမြဲပင်။
Garden by the Bay
                                        အော်ချတ်လမ်းဆုံ
စင်ကာပူနိုင်ငံ၏ထင်ရှားသည့်ဝိသေသအချို့ တွင် သစ်ပင် ပန်းပင်များဖြင့်စိမ်းစိမ်းစိုစိုရှိနေခြင်း (Green and Clean City) သည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။
တကယ်က စင်ကာပူသည် ကမ္ဘာအကောင်းဆုံးစိမ်းစိုစိုမြို့  (World’s Greenest City) ဖြစ်ရန် အားထုတ်ခဲ့သကဲ့သို့ ယခုလည်းကြိုးပမ်းနေဆဲဖြစ်သည်။
စင်ကာပူရှိ ပန်းခြံနှင့်ဥယျာဉ်တိုင်းကိုကြည့်ပါက သစ်ပင် ပန်းပင်များ နေရာမလပ်ရှိနေကြသဖြင့် မြင်မြင်ရာရာအားလုံး စိမ်းစိမ်းစိုစိုရှိလှသည်။ 
မျက်စိအေးပါဘိ။
ဥပမာ၊အားဖြင့်
Chinese Garden၊ Garden by the Bay၊ Botanic Gardens၊ MacRitchie Nature Trail & Reservoir Park၊ Fort Canning Park၊ Bukit Timah Nature Reserve? Hot Park အစရှိသည့်ပန်းခြံ၊ ဥယျာဉ်နှင့်သဘာဝတောတန်းများ။
ဘတ်စ်ကားနှင့်ရထားတို့စီးသွားရင်း ဘေးဘက်ဝန်းကျင်ကိုကြည့်က ပျိုးပင်ကလေးများအား မြေပိုမြေလပ်မရှိ အတန်းလိုက် အနိမ့်အမြင့် အကွက်ကျကျ စိုက်ပျိုးထားသည်ကို နေရာအနှံ့တွေ့မြင်နိုင်သေးသည်။ 
လမ်းဆုံတွေလိုနေရာတွေ၊ လမ်းက ကြိဂံကျွန်းတွေ၊ လမ်းလယ်ကျွန်းတွေမှာလည်း စိမ်းလန်းစိုပြည်သော မြက်ခင်းများ၊ ရောင်စုံပန်းအလှပင်များနှင့်ရာသီပန်းပွင့်များကို မျက်စိပသာဒကျကျ အထူးတလည်စိုက်ထားသည်ကိုတွေ့နိုင်သည်။
တစ်ချိန်တည်းမှာ သစ်ပင်များ၊ ပန်းအလှပင်များ၊ အရိပ်ရအပင်များနှင့်ရာသီပန်းများကို ပြုစုပျိုး ထောင်ပေးခြင်းနှင့်မွမ်းမံထိန်းသိမ်းခြင်းများပြုလုပ်ပေးနေကြရသည်။ 
နောက်ပြီး မလိုအပ်သော အန္တရာယ်ရှိနိုင်သောသစ်ပင်အိုများနှင့်သစ်ကိုင်း သစ်ခက်များကိုလည်း ကားကြီးကားငယ် စက်ယန္တရားများဖြင့် တစ်နှစ်ပတ်လုံး ခုတ်လှဲရှင်းပစ်ခြင်းများရှိသည်။ 
ယခင်အခါက လမ်းများ တောတောင်ကုန်းဂမူလေးများနှင့်မြက်ခင်းများသာစိမ်းလန်းခဲ့ရာမှ ယခုအခါတွင် မြို့ အလယ်ရှိ အဆောက်အဦများပင် စိမ်းစိမ်းစိုစိုရှိလာကြပေပြီ။ 
Green buildings ပါတဲ့။
အဖိုးအဖွားနှင့်မြေးများ
ယခုရက်ပိုင်းတွင် မြေးကလေး ၂ ယောက် အိမ်မှာရောက်နေသဖြင့် အလုပ်တွေများနေသည်။
အိမ်ရှင်မအဖွားဖြစ်သူကတော့ ထမင်းကျွေး၊ ရေချိုး သနခါးလိမ်း အ၀တ်လဲပေးနှင့် လုံးဝမအားရပေ။
အငယ်လေးကို ၀မ်းနှင့်ရှူးရှူးကြည့်ပြီး အချိန်မှန်မှန် ဒိုင်ယာပါလဲပေးရသေးသည်။
မြေးအကြီးအတွက်ကတော့ ဒီကိစ္စတွေမလိုအပ်တော့ပေ။  
အဖိုးဖြစ်သူ မိမိသည် များသောအားဖြင့် အဖော်ပြုပေး ကစားပေးနေရသည်။
အဖွားအလုပ်များနေချိန်မှာ မြေးအငယ်လေးက အဖိုးအနားတွင် တစ်ချိန်လုံးရှိနေတတ်သည်။
ကွန်ပြူတာစားပွဲမှာထိုင်လေ့ရှိသောအဖိုးအနားတွင် သူကပါကပ်ထိုင်ပြီး ကီးဘုန်ခလုပ်တွေကို ဟိုနှိပ်ဒီနှိပ်လုပ်ချင်သည်။ တားလို့ဆီးလို့ပင် မရတတ်။
မှန်သားပေါ်ရှိ ရောင်စုံအကွက်လေးများကို သူ့လက်ကလေးဖြင့် touch screen monitor အလား လိုက်ပြီးတို့လား တို့ကစားတတ်သည်။
 touch screen monitor မဟုတ်သဖြင့် ဘာမှအပြောင်းအရွေ့ မဖြစ်သောအခါ ကီးဘုတ်နှင့်မောက်စ်ဆီသို့ လက်ကရောက်လာပြန်တော့ပြီ။
အခုခေတ်ကလေးများ အတုမြင် အတတ်သင်မြန်လွန်းပေစွ။
"ကီးကာ ၀က်ကာ၊ 
စာ ဘယ်မှာဥ၊ 
စာဥ ဘယ်မှာနေ ..." 
မြေးအငယ်လေးသည် အဖွားနှင့် ကစားမျိုးစုံကစားလေ့ရှိသည်။
လသားကလေးအရွယ်ကတည်းက လက်မောင်းရင်းကနေ လက်ဖ၀ါး လက်ချောင်းလေးတွေအထိ အဖွားက ရွရွလေးကလိထိုးလျက် ပါးစပ်မှ ကီးကာ ၀က်ကာ ဆိုတတ်သည်။ နောက်ပြီးတော့ ခါးနှစ်ဘက်ကို ကီးကာ ၀က်ကာ လုပ်ပေးပြန်သည်။
ယခုအတော်လေးသိတတ်လာသောအခါ ကစားစရာအရုပ်လေးများဖြင့် ကစားပေးသည်။ ကလေးစက်ဘီးပေါ်တင်ပြီး တွန်းပေးသည်။
စက်ဘီးပေါ်မှာ တွန်းပေးမည့်သူစောင့်လို့     
 လေယာဉ်ရုပ်လေးကို ဖြုတ်ကာ တတ်ကာ
အချို့ အရုပ်လေးများ ဖြုတ်လို့ တတ်လို့ရသဖြင့် ဖြုတ်ကြည့်ကာ ပြန်တတ်တမ်းကစားကြသည်။
တစ်နေ့ကတော့ လက်(ပ)တော့မှာ အဖွား အမေတို့နှင့်အတူ မြန်မာအငြိမ့်ကြည့်ကြရင်း မြေးကလေးက စိတ်ပါလာပြီး အငြိမ့်မင်းသမီးကိုအတုခိုးကပါလေ၏။
က က 
မြေးကလေး 
အတုခိုးလို့က။
မြေးအကြီးက ဖိုးဖိုး၏ကွန်ပြူတာတွင် Talent Show ကြည့်သောအခါ မြေးအငယ်ကလည်း အားကျမခံ အဖိုး၏တစ်ခုတည်းသောထိုင်ခုံကို ညီအစ်မနှစ်ယောက်လုပြီးထိုင်လားထိုငိတတ်ကြသည်။
အဖိုး၏ကွန်ပြူတာစားပွဲမှာ ..
အမ မနက်တိုင်းမူကြိုကျောင်းသွာလို့ သူကလဲ ကျောပိုးအိတ်လေးနဲ့ သွားချင်တာ။
Wednesday, July 10, 2019
သက်ကြီးရွယ်အိုများ ချော်လဲကျခြင်းမှ ကာကွယ်စောင့်ရှောက်ပေးရေး
ကမ္ဘာ့အကြောအစ်ေကုပညာရပ်ညီလာခံ ဂျနီဗာခရီး အမှတ် (၉ ) နှင့် (၁၁) တို့တွင် ချော်လဲကျခြင်းနှင်သက်ဆိုင်သော မြန်မာပြည်ကအတွေ့အကြုံတစ်ခုနှင့် သုတေသနစာတမ်းတို့အကြောင်း ရေးခဲ့ပြီးဖြစ်သည်။
ယခင်ကလည်း မိမိ၏ဖေ့စ်ဘွတ်တွင် (၁၀ ရက် ဇူလိုင်၂၀၁၇) ထိုနှစ်က တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ သို့ မိမိတက်ရောက်ခဲ့သည့် WCPT Congress 2017 အတွေ့အကြုံများကိုမျှဝေခဲ့ရာ ချော်လဲကျခြင်းလည်း တစ်ခုအပါအ၀င်ဖြစ်ခဲ့ပါသည်။
အောက်တွင်ဖတ်ကြည့်ကြစေလိုပါသည်။
........................
သက်ကြီးရွယ်အိုများ လဲကျခြင်းမှ
ကာကွယ်စောင့်ရှောက်ခြင်း
.
ဆေးပညာရပ်အားဖြင့် Fall prevention ဟု ရိုးရိုးရှင်းရှင်းပြောပါသည်။
ဤအကြောင်းအရာသည် ယခုအခါ အကြောအဆစ်ကုပညာရပ် (Physiotherapy) ၏အဓိကကာကွယ်စောင့်ရှောက်မှု အစိတ်အပိုင်းဖြစ်လာသည်။ 
မှတ်မိနေသေး၏။
လွန်ခဲ့သော ၃ နှစ်ခန့်က (ဒီဇင်ဘာလ၊ ၂၀၁၄) ကန့်ဘလူမြို့ တွင် မိမိဦးဆောင်ပြီး တစ်နိုင်ငံလုံးမှ PT ၁၃ ဦးတို့၏ စေတနာလုပ်အားပေးအကူအညီဖြင့်ဆောင်ရွက်ခဲ့သော Community Physiotherapy Service တွင် Fall prevention ကို လူနာနှင့်အတူသင်ပြခဲ့ရာ (ပူးတွဲပါပုံ)၊ အချို့  junior PT များက ယင်းကာကွယ်ကုသမှုမျိုးအား ယခင်က မတွေ့ခဲ့ဖူးကြောင်းပြောပြခဲ့ကြသည်။
ကန့်ဘလူမြို့ မှာပြုလုပ်တဲ့ ပရဟိတကုသိုလ်ဖြစ်အကြောအဆစ်ကုသမှုဆေးခန်းတွင် Fall Prevention အား လူနာဖြင့်လက်တွေ့သင်ပြနေစဉ်
သို့ဖြစ်ရာ ပြီးခဲ့သောအပတ်က မိမိတက်ရောက်ခဲ့သောညီလာခံမှ လေ့လာသိရှိခဲ့သည်များကို အကျဉ်းမျှဆွေးနွေးပေးပါမည်။
ဟောပြောပို့ချသူမှာ သြစတေးလျနိုင်ငံ George Institute of Global Health မှ အကြောအဆစ်ကုပညာရှင် ပါမောက္ခ Catherine Sherrington ဖြစ်သည်။ 
သူသည် အကြီးတန်းသုတေသနပညာရှင်လည်းဖြစ်သည်။
သူ၏လေ့လာမှုအရ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုပြုလုပ်သူ သက်ကြီးရွယ်အိုများသည် ယင်းသို့မပြုလုပ်ကြသောသက်ကြီးရွယ်အိုများထက် လဲကျခြင်းဖြစ်မှု ၂၁% လျှော့နည်းကြောင်းတွေ့ရှိရသည်ဆို၏။ 
အခြားသုတေသနပြုလေ့လာမှုအချို့ ကမူ လေ့ကျင့်ခန်းပြုလုပ်သူများသည် ၅၀% အထိပင် လဲကျမှုလျှော့နည်းကြောင်း တွေ့ခဲ့ကြပါသည်။
.
“ တကယ်တော့ အသက်ကြီးတဲ့သူတွေ လဲကျတတ်တာကတော့ အဆန်းမဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိနေတာပါပဲ။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနတို့ ဆေးရုံတို့မှာဆိုရင် အသက် ၆၅ နှစ်ကျော်သူ ၃ ဦးမှာ ၁ ဦးကတော့ လဲကျနေကြတာ။ “ လို့ Bone Health and Fall Prevention seminar မှာ ပြောသွားခဲ့ပါသည်။
ယင်းသို့လဲကျရခြင်းသည် ဇီဝကမ္မဗေဒဆိုင်ရာ (physiological) ၊ အပြုအမူဗေဒဆိုင်ရာ (behavioural) နှင့်ပတ်ဝန်းကျင်ဆိုင်ရာ (environmental) အကြောင်းတို့တွင် အခြေခံလေသည်။
.
၂၀၁၆ ခုနှစ်တွင်ပြုလုပ်ခဲ့သည့် သုတေသနဆိုင်ရာစစ်တမ်းများ (systemic reviews) အရ ခန္ဓာကိုယ်ချိန်ဆနိုင်မှု(balance) ကိုစိန်ခေါ်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုအစီအစဉ်များ (exercise programmes) အား တစ်ပတ်လျင် ၃ နာရီကြာပြုလုပ်ပေးပါက အကောင်းဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။
.
တစ်ခါ အမေရိကန်ပြည်ထောင်စုမှ အကြောအဆစ်ကုပညာရှင် ဒေါက်တာ Jennifer Bottmley ကလည်း သက်ကြီးရွယ်အိုများ လဲကျခြင်းမှကာကွယ်ပေးရန် သူတို့၏နာတာရှည်ဝေဒနာများအား ကုသစောင့်ရှောက်ပေးရန် အထူးလိုအပ်နေကြောင်းပြောပါသည်။ 
သူသည် International Association of Physical Therapist working with Older People ၏ဥက္ကဋ္ဌဖြစ်သည်။ 
PT များအနေဖြင့် သက်ကြီးရွယ်အိုများ၏ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့်လုပ်ကိုင်နိုင်စွမ်းတို့ (functional capabilities) ကို တတ်နိုင်သမျှအမြင့်ဆုံးတင်ပေးထားပြီး သူတို့၏အိမ်များ တွင် လဲကျမှုမဖြစ်စေရန် အသေးစိတ်ရှင်းပြသတိပေးထားကြရန် သူက တိုက်တွန်းထားပါသည်။
.
မိမိတို့အဖွဲ့အစည်း MINDS မှာလည်း သက်လတ်နှင့်သက်ကြီးဥာဏ်ရည်နိမ့်မသန်စွမ်းသူများအား Fall Risk Assessment ပြုလုပ်လျက် လိုအပ်သည့်ကြိုတင်ကာကွယ်ကုသမှုများပြုလုပ်ပေးနေသည်မှာ နှစ်အတန်ကြာရှိခဲ့ပေပြီ။
.
.
Tuesday, July 9, 2019
Lakeside ဘူတာအလွမ်း (၄)
လိတ်ဆိုက်ဘူတာနှင့်ပတ်သက်ပြီး တစ်ခါက မှတ်မှတ်သားသားဟိုးလေးတကျော်မြန်မာအချစ်ဇာတ်လမ်း လေးတစ်ပုဒ်လည်း ရှိခဲ့ဖူးသည်။
ထိုစဉ်က စင်ကာပူနိုင်ငံရောက်မြန်မာများအကြား ပြောစမှတ်လေးဖြစ်ခဲ့သည်။
လူငယ်တို့သဘာဝ တစ်ဘက်သတ်ချစ်ရသူက ချစ်သည့်စိတ်ကို ထိန်းသိမ်းဆင်ခြင်နိုင်စွမ်းအားနည်းသဖြင့် မသင့်တော်သည့်ကာယကံမှုကို ကျူးလွန်မိသွားခဲ့ခြင်းဖြစ်သည်။ ဥပဒေအရ ရာဇ၀တ်မှုမြောက်သည်။
လူမှုရေးအရလည်း ကဲ့ရဲ့ ရှုတ်ချဖွယ်ဖြစ်ခဲ့၏။ 
တစ်ဘက်သတ်အချစ်ခံရသောအမျိုးသမီးမှာလည်း နစ်နာမှုဖြစ်ရသည်။
ထိုအကြောင်းချင်းရာကို စင်ကာပူနိင်ငံထုတ် သစရိတ်တိုင်းမ်စ်သတင်းစာ (The Straits Times) တွင် အထူး တလည်ဖော်ပြပေးခဲ့ရာ လူသိအတော်လေး များသွားခဲ့လေသည်။
မိမိပင်လျှင် ထိုနေ့နံနက်က စင်ကာပူနိုင်ငံသားလုပ်ဖော်ကိုင်ဘက်တစ်ဦးက ပြောပြသဖြင့်သိခဲ့ရခြင်းဖြစ် သည်။ နောက်မှသတင်းစာတွင် ဖတ်ခဲ့ရသည်။
The Straits Times သတင်းစာမှ သတင်းဖြတ်ပိုင်းများ
သတင်းစာပါအဖြစ်အပျက်များကိုဖတ်ပြီးသောအခါ မြန်မာပြည်ကစာဖတ်ပရိသတ်များအား အသိပေးလိုစိတ်ဖြစ်မိသည်။
စင်ကာပူရောက်မြန်မာလူငယ်များ သင်ခန်းစာယူစေချင်သည်။
သို့နှင့်ဝတ္တုတိုဆန်ဆန်ဆောင်းပါးတစ်ပုဒ်ရေးပြီး မဟေသီမဂ္ဂဇင်းသို့ ပို့လိုက်သည်။
မဟေသီကလည်း ဖော်ပြပေးခဲ့သည်။   
အကယ် စာဖတ်သူသည် ယင်းဝတ္တုဆောင်းပါးကို ပြည့်ပြည့်စုံစုံဖတ်ရှုလိုပါက ကျွန်းသာယာဘလော့တွင် ၂၀၁၁ ခုနှစ်က မိမိရေးခဲ့သောစာမျက်နှာကိုရှာဖွေဖတ်ရှုနိုင်ပါသည်။
ဆက်ရေးပါဦးမည်။
Monday, July 8, 2019
ကျနော်နှင့်လှည်းတန်းဈေး (၁)
ရန်ကုန်မြို့ တော်ကြီးမှာ ကျနော်အညာသားလေး နှစ်အတော်ကြာကြာကြီးကို နေခဲ့ရတယ်ဗျ။
မက်ထရီကူလေးရှင်း (matriculation) လို့ခေါ်တဲ့ တက္ကသိုလ်ဝင်တန်းအောင်ပြီးတဲ့အထိ မန္တလေးမြို့ ရဲ့ တောင်ဘက်ကိုဆိုလို့ ခြေတစ်ဝါးတောင်မရောက်ဖူးခဲ့တဲ့ကျနော်သည် ရန်ကုန်ကိုဆေးဘက်ပညာသိပ္ပံကျောင်း (Institue of Para-Medical Sciences) သွားတက်ကထဲကနေဖြစ်သွားခဲ့တာ အညာဒေသကိုပြန်နေရတယ်လို့ကို တစ်ခါမှ မရှိခဲ့တော့ဘူး။
ရန်ကုန်မှာ ..  
ကျောင်းတက်တုန်းက နေခဲ့တယ်။
အလုပ်စ၀င်တော့လဲ နေခဲ့တယ်။
မော်လမြိုင်ကိုအလုပ်နဲ့ပြောင်းရွေ့ ရပြီး အဲဒီကမှ ကြည့်မြင်တိုင်အရိုးအထူးကုဆေးရုံကို တာဝန်ကျတော့လဲ နေခဲ့ရပြန်ပါတယ်။
နောက်ဆုံး စင်ကာပူနိုင်ငံကိုရောက်သွားတဲ့အထိပဲ ဆိုပါတော့လေ။
လှည်းတန်းနဲ့ကျနော်ဖူးစာဆုံခဲ့ရတာက ဟိုတစ်ချိန်က ရာဇူး (RASU) လို့ အတိုကောက် ခေါ်ကြလေ့ရှိတဲ့ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်  (Rangoon Arts and Sciences University) ကြီးကိုအကြောင်းပြုလို့ပါ။
ဆေးဘက်ပညာ ပထမနှစ်နဲ့ဒုတိယနှစ်တွေတက်ရင်း ရာဇူးထဲက ရွှေဘိုဆောင်မှာနေခဲ့တာ။
လှည်းတန်းရပ်က ကမာရွတ်မြို့ နယ်ထဲမှာပါနေပါတယ်။ 
စာရေးသူရဲ့ ရင်ထဲမှာထင်ကျန်နေဆဲ လှည်းတန်ဈေးဝန်းကျင်
ကမာရွတ်မြို့ နယ်က ကျောက်တံတားတို့ ပန်းဘဲတန်းတို့လို  မြို့ လယ်ခေါင်မဟုတ်ပေမယ့် မြို့ လယ်ရဲ့ မြောက်ဘက်ပိုင်းကျကျနေရာ (north central part of Yangon) လို့တော့ ပြောနိုင်ပါတယ်။
သူက ရန်ကုန်မြို့ ရဲ့ အဓိကမြို့ နယ်ကြီးတွေနဲ့ဝန်းရံထားတာလဲ ဖြစ်တယ်။
မြောက်ဘက်မှာ လှိုင်မြို့ နယ်
အနောက်ဘက်မှာ လှိုင်နဲ့ကြည့်မြင်တိုင်မြို့ နယ်များ
အရှေ့ ဘက်မှာ အင်းယားကန်၊ ဗဟန်းမြို့ နယ်နဲ့မရမ်းကုန်းမြို့ နယ်များ
တောင်ဘက်မှာက စမ်းချောင်မြို့ နယ်
အဲဒီအချိန်က မြို့ ထဲသွားဖို့ကလဲအလွန်အဆင်ပြေတာ။ 
ဘတ်စ်ကားစီးမလား
မြို့ ပတ်ရထားစီးမလား
အားလုံးပိစ်(peace) ပဲလေ။
ကျနော်ဆို မြို့ ထဲကိုသွားချင်ရင် လိုင်းပေါက်မှတ်တိုင်(၀ဂ္ဂီရပ်၊ ကမာရွတ်) ကနေ အမှတ် ဂ ဘတ်စ်ကားစီးသွားလိုက်တာ။
ရန်ကုန်ဆေးရုံကြီးကိုရောက်တယ်။
သိမ်ကြီးဈေးကိုရောက်တယ်။
ဆူးလေဘုရားနဲ့မြို့ တော်ခန်းမကိုရောက်တယ်။ 
စာပေဗိမာန်ရှိတဲ့ ကုန်သည်လမ်းကိုလဲရောက်တယ်။ 
ဒါနဲ့ ဘတ်စ်ကားခလေးအကြောင်းနဲနဲပြောပြချင်သေးတယ်။
လိုင်းပေါက်မှတ်တိုင်(၀ဂ္ဂီရပ်၊ ကမာရွတ်) ကနေမြို့ ထဲအထိ အဲဒီအချိန်က ဘယ်လောက် ပေးရမယ်ထင်ပါသလဲ။
မှန်းကြည့်ကြပါ။
ပြား ၂၀ ထဲရယ်ပါ။
အဲ စီးခဲ့ရတဲ့အကြောင်းလေးလဲပြောပြရဦးမယ်။
ကားကို အကြာကြီးစောင့်နေရလား။
ဟင့်အင်း။ မစောင့်ရပါဘူး။
ကားတွေ တစ်စီးနဲ့တစီး အပြိုင်မောင်းကြ ကျော်တက်ကြ ခရီးသည်လုကြပြီး စပယ်ယာနဲ့ဒရိုင်ဘာတွေ အော်ဟစ်ဆဲရေးကြလား။
တုတ်ဓါးဆွဲပြီး ဆော်နှက်ကြလား။
ဒါလဲ ဟင့်အင်းပါ။
အဲလိုကြီးတွေ တစ်ခါမှ မဖြစ်ကြပါဘူး။ 
ကားပေါ်မှာ ခရီးသည်တွေကော ကျပ်ညပ်နေလို့ပဲလား။
နောက်ထပ် ဟင့်အင်းပါ။
နေရာချောင်လိုက်တာမှ ကျပ်တယ်ဆိုတာဂျိုနဲ့လားကွယ့်လို့မေးရချေသေးတော့ဗျာ။
ဟ ဟ ..
..
ဆက်ရေးပါဦးမယ်။
Sunday, July 7, 2019
ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၁
World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (11)
ဂျနီဗာခရီးအမှတ် (၉) တွင်  ချော်လဲကျခြင်းနှင့်ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းဆိုင်ရာသုတေသနစာတမ်းများကို ညီလာခံပထမဆုံးနေ့ နံနက်ပိုင်းတွင် မိမိနားထောင်ဖြစ်ခဲ့ကြောင်းရေးခဲ့ပါသည်။
သို့သော် အမှတ် (၁၀) ကိုဆက်ရေးသောအခါ  ချော်လဲကျခြင်းအကြောင်းမဟုတ်တော့ပဲ အခြားအကြောင်းအရာတစ်ခုကို ရေးဖြစ်သွားခဲ့သည်။ 
ကမ္ဘာတလွှား ချော်လဲကျမှုများအကြောင်း စာတမ်းများ   
သို့ဖြစ်ရာ ယခုအမှတ် (၁၁) တွင် ယင်းချော်လဲကျခြင်းအကြောင်းကို ဆက်ပြီးရေးသားပါမည်။
ညီလခံပထမနေ့မနက်ပိုင်း ၈ နာရီခွဲတွင်စတင်ဖတ်ကြားသောစာတမ်းပေါင်း ၁၀ မျိုးရှိသည့်အနက် မိမိက ကမ္ဘာတလွှားမှ ချော်လဲကျမှုများအကြောင်းကို ရွေးခြယ်နားထောင်ခဲ့သည်။ 
အခြားသောစာတမ်းများမှာ ပခုံးဆစ်နှင့်ဒူးဆစ်ဝေဒနာ၊ နာကျင်မှုဝေဒနာကုသရေး၊ နှလုံးနှင့်အဆုတ်ရောဂါများ၊ အရိုးအကြောပြသနာများ စသဖြင့်ဖြစ်ကြ၏။
မိမိ လက်ရှိအလုပ်လုပ်နေသောဆေးရုံတွင် လူနာအများစုမှာ အသက် ၅၀ နှင့်အထက်ရှိကြပြီးFalls Risk ခေါ် ချော်လဲကျမှုဖြစ်နိုင်သည့်လူနာအရေအတွက်များသည်ကတစ်ကြောင်း၊ ဤအကြောင်းကို မိမိကိုယ်တိုင် က အထူးစိတ်ဝင်စားသည်ကတစ်ကြောင်းတို့ကြောင့် ရွေးခြယ်တက်ရောက်လေ့လာခဲ့ခြင်းဖြစ်သည်။
အိမ်တွင်ရှိနေသည်ဖြစ်စေ ဆေးရုံတွင်ရှိနေသည်ဖြစ်စေ အသက်အရွယ်ကြီးရင့်သူများသည် ငယ်ရွယ်သူများထက် ချော်လဲကျရန် အန္တရာယ်နီးတတ်ကြသည်။  
ချော်လဲကျခြင်းသည် ငယ်သူကြီးသူမရွေး အဖြစ်များသလောက် ကာကွယ်၍ရနိုင်သည့်ကိစ္စလည်းဖြစ်နေပါသည်။ ယင်းအချက်ကို သုတေသနစာတမ်းများ၏လေ့လာတွေ့ရှိချက်များက အခိုင်အမာသက်သေပြုထားကြသည်။
ကနေဒါနိုင်ငံ အယ်လ်ဘားတားတက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာနမှ ပါမောက္ခ ဒေါက်တာရှန်သီဂျွန်စင်က ချော်လဲကျမှုကာကွယ်ရေးနှင့်ပတ်သက်ပြီး အကြောအဆစ်ကုပညာရှင်များ လက်တွေ့အသုံးပြုကုသပေးနိုင်မည့်နည်းများကို ထောက်ပြခဲ့သည်။
သူပြောပြခဲ့သည့်ကာကွယ်ကုသနည်းများသည် အောင်မြင်ထိရောက်မှုရှိကြောင်းကို နိုင်ငံများစွာတို့ကအသိအမှတ်ပြုထောက်ခံချက်ပေးထားကြောင်းလည်းသိရသည်။
၂၀၀၇ ခုနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၏ထုတ်ပြန်ချက်ကိုကိုးကားပြီး ဒေါက်တာရှန်သီက အောက်ပါအတိုင်းပြောခဲ့သည်။
  • အသက် ၆၀ ကျော်အရွယ်အရေအတွက်သည် တစ်ကမ္ဘာလုံးတွင် အခြားသောအသက်အရွယ်အပိုင်းအခြားရှိသူအရေအတွက်ထက် များစွာတိုးပွားလျက်ရှိနေကြောင်း
  • ၂၀၀၆ ခုနှစ်က ၆၀ ကျော်ဦးရေ ၆၈၈ သန်းရှိခဲ့ပြီး ၂၀၅၀ ခုနှစ်တွင် ၂ ဘီလီယံနီးပါးရှိလာကြလိမ့်မည်ဟုမှန်းဆထားကြောင်း
  • အသက် ၈၀ နှစ်နှင့်အထက်ရှိကြသူများသည် သက်ကြီးရွယ်အိုအုပ်စု (older population) တွင် အရေအတွက်တိုးပွားမှု အလျင်မြန်ဆုံးဖြစ်နေကြောင်း (မှတ်ချက် - ၆၀ နှစ်ကျော်သူတို့မှာအနောက်တိုင်းအယူအဆအရ သက်ကြီးရွယ်အိုအုပ်စုတွင်မပါဝင်ပါချေ။)
  • အသက် ၆၀ ကျော်လူကြီးများအနေဖြင့် ချော်လဲကျခြင်းသည် အဓိကပြည်သူ့ကျန်းမာရေးစိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေကြောင်း 
ထိုနောက် သူက အိန္ဒိယ၊ တရုတ်၊ ရုရှား၊ တောင်အာဖရိက၊ ဘရာဇီး၊ ဂါနာ၊ မက္ကဆီကို အစရှိသောဖွံ့ဖြိုးဆဲနိုင်ငံများမှ ချော်လဲကျမှုအရေအတွက်ရာခိုင်နှုန်းတို့ကို ကိန်းဂဏန်းအတိအကျဖြင့်ရှင်းပြသွားခဲ့ပါသည်။
ဆက်ပြီးရေးပါဦးမည်။
Lakeside ဘူတာအလွမ်း (၃)
မိမိစင်ကာပူနိုင်ငံသို့စပြီးရောက်ကတည်းကနေခဲ့သော တိုက်အမှတ် ၅၁၈ နှင့် အနီးဝန်းကျင်ကို များစွာနှစ်သက်ပါသည်။
စင်ကာပူနိုင်ငံ၏နာမည်ကျော် MRT ရထားနှင့်နီးသည်။
လမ်းကလေးကျော်လိုက်ရုံသာ။
မြို့ ထဲအထိသွားနိုင်သော ဘတ်စ်ကားမှတ်တိုင်နှင့်လည်း နီးသည်။
နောက်ပြီး အိမ်၏အနောက်ဖက်ကပ်လျက်မှာ မြို့ နယ်အတွင်းကအကောင်းဆုံးမူလတန်းကျောင်းတစ်ခုဖြစ်သော Rulang Primary School ရှိသည်။
ကျောင်းဝင်ခွင့်ရရန်အပြိုင်အဆိုင်ရှိပြီး ခက်ခဲသောထိုကျောင်းမှာ သမီးနှင့်သားတို့ ပညာသင်ကြားခွင့်ရခဲ့ကြသည်။
လိတ်ဆိုက်ဘူတာမှ သမီးတို့အိမ်သို့သွားသည့်လမ်းကြောင်း (မျှားပြထား)
ထိုနေရာတွင်နှစ်အတော်ကြာကြာနေခဲ့ပြီးနောက် မိမိတို့တိုက်အရှေ့ ဘက်ရှိကွင်းပြင်တွင် ကွန်ဒိုမီနီယံဆောက်လာသဖြင့် ယခုနေရာတောစပ်သို့ပြောင်းလာခဲ့ခြင်းဖြစ်သည်။
‘တောစပ်’ ဟုပြောရခြင်းမှာ မိမိတို့အိမ်၏အနောက်ဘက်တွင် မည်သည့်တိုက်တာအဆောက်အဦမှမရှိပဲ တောအုပ်သာရှိသောကြောင့်ဖြစ်သည်။ တောအုပ်နှင့်မိမိတို့တိုက်အကြားတွင် အမြန်ကားလမ်းမကြီးသာရှိ၏။ မျက်စိအေးလှပါသည်။
စိမ်းစိမ်းစိုစို ညှို့ ညှို့ မှိုင်းမှိုင်း။
နေရာသစ်သို့ပြောင်းရွေ့ လာပြီးနောက် လိတ်ဆိုက်ဘူတာသို့ အရောက်အပေါက်နည်းသွားတော့၏။ တစ်ခါတရံမှသာ ရောက်တတ်ပါသည်။
လွန်ခဲ့သော ၄ နှစ်ကျော်လောက်ကမူ သမီးတို့မိသားစုက ဘွန်လေးအရပ်မှ ယွမ်ချင်းလမ်းအနီးသို့ပြောင်းရွေ့ လာသဖြင့် လိတ်ဆိုက်ဘူတာသို့ မိမိတို့ဇနီးမောင်နှံ မကြာခဏရောက်သွားလေ့ရှိပြန်ပါသည်။
မိမိတို့အိမ်မှ သမီးတို့အိမ်သို့သွားပါက အမှတ် ၄၉ ဘတ်စ်ကားစီးပြီး လိတ်ဆိုက်ဘူတာမှာဆင်းရသည်။
တစ်ခါ ဘူတာ၏အနောက်ဘက်ရှိကွင်းကို အမိုးပါသည့်လူသွားလမ်းလေးအတိုင်း ၅ မိနစ်ခန့်ဖြတ်လျောက်ရသည်။ အဲဒီကမှ ယွမ်ချင်းလမ်းဘေးပလက်ဖောင်းအတိုင်း ၄ မိနစ်ခန့်လျောက်ပြီး ကျောင်းဘေးလမ်းကြားကတဆင့် နောက်ထပ် ၅ မိနစ်လျောက်ရုံဖြင့် သမီးတို့အိမ်သို့ရောက်ပါတော့သည်။
လိတ်ဆိုက်ဘူတာ၏အနောက်ဘက်ရှိကွင်း (ဘောလုံးကွင်းတစ်လျားခန့်) ကိုဖြတ်သွားရသောအခါ အပြုအ ပြင်မရှိသောသဘာဝမြက်ခင်းကို ယခင်ကဖြတ်သွားခဲ့ကြရသည်များကို တစ်ခါတခါမှာ အမှတ်ရမိသေးတော့။ 
လူသွားပါများသဖြင့် အချို့ နေရာတို့တွင် မြေသားအနည်းငယ်ကိုတွေ့ရသော်လည်း ခြေနှစ်ဖ၀ါး သုံးဖ၀ါးစာ လောက်သာကျယ်လေသည်။ လူနှစ်ဦးပင် မရှောင်တိမ်းသာသဖြင့် မြက်ခင်းထဲကိုပါနင်းသွားကြရသည်။ မိုး ရွာသောနေ့များတွင်လူသွားလမ်းလေးမှာ ဗွက်ထလေ့ရှိပြီး ရေစပ်စပ်ရှိနေသောမြက်ခင်းများအပေါ်ကသာ သွားကြရသည်။ 
လူသွားမြေသားလမ်းလေးမှ အမိုးအကာနှင့်ကွန်ကရစ်လမ်းဖြစ်လာခဲ့။
ယခုအခါ ပုံတွင်မြင်တွေ့ကြရသည့်အတိုင်း ယင်းလူသွားလမ်းလေးမှာ ကွန်ကရစ်လမ်းနှင့် အမိုးနှင့်ဖြစ်နေပေ ပြီ။ 
အဆင်ပြေလှပေစွ။
သမီးတို့အိမ်သို့အလယ်သွားသည့်အခါ လိတ်ဆိုက်ဘူတာကိုရောက်တတ်သလို မိမိအလုပ်သွားသောအခါတွင်လည်း ဘတ်စ်ကားအမှတ် ၄၉  စီးက ယင်းဘူတာမှာပင်ဆင်းပြီး ရထားစီးရပြန်ပါသည်။ 
အလုပ်သို့သွားသောအခါ မိမိတို့နေရာမှ ဂျူရောင်းအိစ်ဘူတာ သို့မဟုတ် လိတ်ဆိုက်ဘူတာသို့ရောက်ရန် ဘတ်စ်ကား ၂ စီးစီးနိုင်သည်။ မိမိက အရင်လာသောဘတ်စ်ကားကို စီးလေ့ရှိသည်။ အချိန်သက်သာစေရန်ဖြစ်သည်။ 
မည်သည့်ဘူတာက ရထားစီးစီး နောက်ပိုင်းခရီးစဉ်မှာ အတူတူပင်ဖြစ်သည်။ 
ထိုကြောင့် ဆေးရုံတွင်အလုပ်ပြန်စလုပ်သော ပြီးခဲ့သည့်နှစ်ကုန်ကစပြီး လိတ်ဆိုက်ဘူတာကို အရောက်များလာခဲ့ရပြန်တော့၏။
Saturday, July 6, 2019
ဆေးရုံအလုပ် တစ်ကျော့ပြန် (၄)
ပြီးခဲ့သည့်အမှတ် (၃) တွင် သက်ရှူလေ့ကျင့်ကုသနည်းမျိုး (Chest Physiotherapy) အကြောင်းကို အနည်းငယ်ပြောခဲ့သည်။ အကြောအဆစ်ကုပညာရပ်နှင့်အသက်ရှူလေ့ကျင့်ကုသခြင်း (Chest Physiotherapy) တို့ မည်သို့ သက်ဆိုင်နေပါသနည်းဟု စာဖတ်သူများအနေဖြင့် ဇဝေဇ၀ါဖြစ်နိုင်ပါသည်။
တကယ်က Physiotherapy ကို အကြောအဆစ်ကုပညာဟု မြန်မာလိုပြန်ဆိုထားခြင်းမှာ သင့်တော်မှန်ကန်သည်ဟုယူဆမိပါသည်။ 
အဘယ်ကြောငု့်ဆိုသော် Physiotherapy နည်းဖြင့်ကုသပေးသောရောဂါဝေဒနာအများစုမှာ ကြွက်သား၊ ကြွက်သားကြော၊ အာရုံကြော၊ အရိုး အဆစ်၊ သွားလာလှုပ်ရှားမှုတို့နှင့်သက်ဆိုင်သောကြောင့်ဖြစ်သည်။ တနည်းပြောရသော် အများနာလည်လွယ်ပြီး မှန်လည်းမှန်ကန်နေပါသည်။
သို့ရာတွင် Physiotherapy ပညာရပ်ဖြင့်ကုသပေးနိုင်သည့် အခြားသောရောဂါဝေဒနာများလည်း ရှိနေကြပါသေးသည်။ အကြောအဆစ်နှင့်မဆိုင်ဟုထင်နိုင်ပါသည်။ 
ဥပမာအဖြစ် သက်ရှူလေ့ကျင့်ကုသနည်းမျိုး (Chest Physiotherapy) ကိုကြည့်ကြပါစို့။
ဤနေရာတွင် အကြောအဆစ်ကုပညာရှင်များသည် လှုပ်ရှားသွားလာမှုနှင့်လေ့ကျင့်သင်ကြားပေးမှုတို့တွင် အထူးကျွမ်းကျင်သူများဖြစ်ကြသည် (As experts in movement and exercise and with a thorough knowledge of risk factors and pathology and their effects on all systems) ဆိုသည့်အချက်ကို ဦးစွာပြောလိုပါသည်။
Picture from Internet
သက်ရှူလေ့ကျင့်ကုသနည်း၏အဓိကရည်ရွယ်ချက်မှာ ချွဲသလိပ်များဖြင့်စုဝေးညစ်ပတ်နေသည့်အဆုတ်ကိုသန့်စင်ပေးခြင်း (improve pulmonary hygiene) ဖြစ်ရာ အကြောအဆစ်ဝေဒနာများအား လေ့ကျင့်ပေးရသကဲ့သို့ပင် အဆုတ်၏တည်နေရာနှင့်လေပြွန်လမ်းကြောင်းတို့အပေါ်မူတည်လျက် သင်ကြားလေ့ကျင့်ပေးရခြင်းဖြစ်လေသည်။
သို့အတွက် မိမိတို့ဆေးဘက်ပညာသိပ္ပံတတိယနှစ်တွင် ခန္ဓာဗေဒပညာ (Anatomy) သင်ယူရစဉ်က အဆုတ်၏တည်နေရာနှင့်လေပြွန်လမ်းကြောင်းတို့အကြောင်းကို ဆရာဖြစ်သူက လူသေကိုခွဲစိတ်ကာ သေချာသင်ကြားပေးခဲ့ပါသည်။ တချိန်တည်းမှာပင် ဇီဝက္မဗေဒ (Physiology) သင်ကြားပေးသောဆရာကလည်း အဆုတ်၏လုပ်ငန်းဆောင်တာများအကြောင်းကို အသက်ရှူလေ့ကျင့်ပေးနိုင်ရန်အထိ အကျယ်တ၀င့်သင်ပေးခဲ့ပါသည်။
တစ်ဖန် အသက်ရှူမကောင်းသူများကို ချွဲသလိပ်စုဝေးနေသောအဆုတ်၏အစိတ်အပိုင်းကိုလိုက်ပြီး လေ့ကျင့်ကုသမှုပေးနိုင်စေရန် အထွေထွေနှင့်အဆုတ်အစိတ်အပိုင်းအလိုက် အသက်ရှူနည်းများ (general and specific breathing techniques)၊ လူနာခန္ဓာကိုယ်ကိုရွေးခြယ်ထားရှိပေးခြင်း (positioning and postural drainage)၊ လက်ခုပ်ဖြင့်ပုတ်ပေးခြင်း (percussion)။ ရင်ခေါင်းကို လက်ဖ၀ါးနှစ်ဘက်ဖြင့်ညှစ်ကိုင်ပြီး လှုပ်ခါပေးခြင်း (vibration and shaking) အစရှိသည်တို့ကို လူနာများဖြင့်အတူ လက်တွေ့သင်ကြားပေးခဲ့ပါသည်။
Chest Physiotherapy နည်းဖြင့် အသက်ရှူမကောင်းသူ၏ညစ်ထေးနေသောအဆုတ်အတွင်းမှ ချွဲသလိပ်များကို ချောင်းဟပ်ထုတ်ပေးနိုင်စေရန်ဖြစ်သည်။ 
မိမိ ယခုအလုပ်လုပ်နေသောဆေးရုံတွင် ခါးနာ ဒူးနာ လက်မောင်းဆစ်တင်း  ကြွက်သားအားနည်း အကြောသေ သွားလာလှုပ်ရှားမကောင်း အစရှိသော အကြောအဆစ်နှင့်အာရုံကြောဆိုင်ရာရောဂါဝေဒနာများ (musculoskeletal and neuromuscular cases) များကို မိမိတို့ Physiotherapist များက ကြည့်ရှုစမ်းသပ်ပြီး Therapist Assistant (TA) များကို ညွှန်ကြားကာ ဆက်လက်လုပ်ဆောင်စေနိုင်သော်လည်း အဆုတ်နှင့်သက်ဆိုင်သည့်လူနာများ (Chest Physiotherapy) ကိုမူ Physiotherapist များကိုယ်တိုင်လုပ်ရပါသည်။ TA ကို လုပ်ကိုင်ခွင့်မပေးရပေ။
ဆက်ရေးပါဦးမည်။