"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Saturday, July 27, 2019
သွားနှင့်ကြလေပြီ
ယခုနှစ်ထဲတွင် မိမိနှင့်ရင်းနှီးသော အသိမိတ်ဆွေနှင့်သူငယ်ချင်းအချို့  ဆက်တိုက်ဆိုသလိုကွယ်လွန်သွားခဲ့ကြသည်။
ဆရာဦးတင်မြင့်(၇၁ နှစ်)
မိမိနှင့်စင်ကာပူနိုင်ငံတွင် နှစ်အတော်
ကြာကြာ အလုပ်အတူတူလုပ်ခဲ့သော အကြောအဆစ်ကုပညာရှင် (Physiotherapist) ဆရာဦးတင်မြင့်
သည် မတ်လက ရန်ကုန်မြို့ မှာ ကွယ်
လွန်ခဲ့သည်။
ရောဂါသိရှိပြီး သိပ်မကြာခင်လေးမှာ ပင် မယုံကြည်လောက်အောင် မြန်မြန်ဆန်ဆန်ကြီး ဆုံးပါးသွားရှာသည်။
ကိုတင်မြင့် စင်ကာပူမှပြန်သွားပြီးနောက်တွင် မိမိ ရန်ကုန်ရောက်တိုင်း အမြဲ
တွေ့ဖြစ်ခဲ့ကြသည်။
ဆရာကြီးဦးထွန်းအောင်ဇံရှိစဉ်က ဆရာဦးကြီးမောင်၊ ဆရာဦးမင်းမောင်၊ ဆရာဦးမောင်မောင်မြင့်တို့နှင့်အ တူ အထူးဝိုင်းစည်လှသေးတော့။
ယာအစွန်လူနှစ်ဦး မရှိကြလေပြီ။
သူချစ်သော အကြောအဆစ်ကုပညာရပ်ကို မြန်မာနိုင်ငံတွင်ဖွံ့ဖြိုးတိုးတက်စေလိုသဖြင့် Physiotherapist များ၏ပညာနှင့်ဘ၀မြင့်မားစေရန် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သူဖြစ်သည်။
ထိုကြောင့် မြန်မာနိုင်ငံ အကြောအဆစ်ကုပညာရှင်အသင်း (Myanmar Physiotherapy Association - MPA) တွင် အင်တိုက်အားတိုက်အလုပ်လုပ်ရင်း ယင်းစိတ်ဖြင့်ပင် ကွယ်လွန်သွားခဲ့ရှာသည်။
အမှတ်တရရှိလှသည်။
ဦးအောင်ချီ (မိုးကုတ်ဝိပသနာ - ၉၇ နှစ်)
မသန်မစွမ်းလူနာများဆေးရုံ (Hospital for the Disabled) တွင် မိမိတာဝန်ထမ်းဆောင်နေစဉ်က ရန်ကုန်မြို့  နတ်မောက်လမ်းရှိ မိုးကုတ်ဝိပသနာအဖွဲ့ချုပ်သို့ မိမိအား ကိုယ်တိုင်ခေါ်ဆောင်ကာ မိတ်ဆက်ပေးပြီး တရားကျင့်ရန်အားပေးကူညီခဲ့သော ဆရာကြီးဦးအောင်ချီသည် ဧပြီလက ကွယ်လွန်သွားခဲ့ပါသည်။
မိမိအလုပ်အားသည့် စနေ တနင်္ဂနွေ ၂ ရက်မှာ သူ၏မာစီဒီးကားကို ကိုယ်တိုင်မောင်းလျက် မိမိကို မိုးကုတ်ဝိပသနာသင်တန်းသို့ အပတ်စဉ် အကြိုအပို့လုပ်ပေးခဲ့သည့်ကျေးဇူးတရားများကို ယနေ့တိုင်အောက်မေ့လေးစားလျက်ရှိနေပါသည်။
သူသည် မိုးကုတ်ဝိပသနာအဖွဲ့ချုပ်မှလူကြီးတစ်ဦးဖြစ်ပြီး စင်ကာပူနိုင်ငံသံရုံးဖွင့်ခါစနှစ်များက မြေနီကုန်းရှိသူ့အိမ်ကို ငှားထားခဲ့သည်။
စာဆရးဆရာမကြီးဒေါ်ကလျာ (၈၂ နှစ်)
ဇူလိုင်လ ၁ ရက်နေ့က မိမိနှင့်မိသားစုမိဆွေပမာခင်မင်ရင်းနှီးရပါသော စာရေးဆရာမကြီးဒေါ်ကလျာ (အမည်ရင်း ဒေါ်ခင်ခင်ဝင်း) ကွယ်လွန်သည်။
ဆရာမကြီး မကျန်းမမာဖြစ်နေသည်မှာကြာလှပြီဖြစ်သည်။ မြန်မာပြည်ကိုခဏတဖြုတ်ပြန်ရင်း ရန်ကုန်ကိုရောက်တိုင်း ဆရာမကြီး၏အိမ်သို့အလည်ရောက်တတ်ပြီး လူမမာလည်းမေးဖြစ်ခဲ့သည်။
ကလျာမဂ္ဂဇင်းအတွက် မိမိ၏သမီးဖြစ်သူအား မျက်နှာဖုံးဓာတ်ပုံရိုက်စဉ်က သူကိုယ်တိုင်လာရောက်ပြီး ဓာတ်ပုံဆရာနှင့်စိတ်တိုင်းကျ စီစဉ်အားပေးခဲ့သည်။
"ကိုတင်မောင်အေးရေ၊ မမလေ အရင်က မဂ္ဂဇင်းမျက်နှဖုံးဓာတ်ပုံရိုက်တာတွေကို တစ်ခါမှမလာခဲ့ဖူးဘူး။ အခု ကိုတင်မောင်အေးရဲ့ သမီးလေးအတွက်လာတာ ပထမဆုံးပဲ" ဟုပြောပြသည်ကို အထူးကျေးဇူးတင်အမှတ်ရမိသည်။
ဆရာဦးမြင့်ညွန့် (၇၄ နှစ်)
ယခုဇူလိုင်လထဲမှာပင် ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Sciences) တုန်းက မိမိ၏
ကျောင်းနေဘက်သူငယ်ချင်းဖြစ်သူ
ကိုမြင့်ညွန့် မနေ့နေ့လည်က ဆုံးပါးသွားပြန်ပါသည်။
သူ နေထိုင်မကောင်းဖြစ်နေသည်ကို
ကြားသိခဲ့ရသည်မှာ သိပ်မကြာလှ
သေးပေ။ ဆေးရုံတွင် ခွဲစိတ်ကုသမှုပြုလုပ်ကြောင်းလည်းသိရသည်။
မြန်မာပြည်ကိုအလည်ပြန်ရင်း မန္တလေးမြို့ သို့ရောက်တိုင်း ကိုမြင့်ညွန့်တစ်ယောက် မိမိတည်းခိုလေ့ရှိသည့် ဘူတာကြီးနားက ပစိဖစ်ဟိုတယ်သို့ စက်ဘီးနှင့်ရောက်လာတတ်ပါသည်။
နောက်ပြီး စကားစမြည်တွေပြောဖြစ်ကြသည်။
စောစောပိုင်းနှစ်များကတော့ သူ အလုပ်လုပ်သော မန္တလေးဆေးရုံကြီးက အကြောအဆစ်ကုဌာနသို့ မိမိနှင့်ဇနီးတို့ သွားလည်တတ်ကြသည်။ အခြားသော အကြောအဆစ်ကုပညာရှင်အငယ်လေးများနှင့် သူကမိတ်ဆက်ပေးခဲ့ပါသည်။
ကန့်ဘလူမှနေသော မိမိ၏မိခင်ကြီးကျန်းမာရေးမကောင်းသဖြင့် မန္တလေးဆေးရုံကြီးတွင်တက်ရစဉ်အခါက သူနှင့်မိမိတို့အတွေ့များခဲ့ကြ၏။ သူ၏ဇနီးကလည်း အကူအညီများပေးခဲ့ရာ ကျေးဇူးများစွာတင်ပါသည်။
ထိုအချိန်တုန်း မိမိတို့ ပစိဖစ်ဟိုတယ်မှာ မတည်းဖြစ်ကြသေး။
ပုပ္ပားဟိုတယ်(တည်းခိုခန်လား မမှတ်မိတော့) မှာတည်းခဲ့ကြသည်။
ကိုမြင့်ညွန့် စင်ကာပူနိုင်ငံကိုလေ့လာရေးလာတော့ မိမိအိမ်ကိုလာလည်သွားသည်။
အခြားသော သူငယ်ချင်း မိတ်ဆွေများနှင့်လည်း ဆုံတွေ့ကာ စကားတွေပြောခဲ့ကြ၏။
ယခုတော့ သူတို့အားလုံး တစ်ဦးပြီးတဦး ဤလူ့လောကကြီးအတွင်းမှ ထွက်သွားခဲ့ကြလေပြီ။
သူတို့အလှည့်တွေတော့ ပြီးသွားကြကုန်ပြီ။
သို့နှင့်
မိမိအလှည့်ဆိုသည်က ......
Subscribe to:
Post Comments (Atom)
No comments:
Post a Comment