"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, July 4, 2019

Lakeside ဘူတာအလွမ်း (၂)



တစ်ချိန်တခါတုန်းက မိမိရိုက်ထားသော လိတ်ဆိုက်ဘူတာဓာတ်ပုံအဟောင်းလေးကိုမြင်ရတိုင်း သည်ဘူတာလေးကို လွမ်းမိရပါသည်။

နေအိမ်ဘုရားခန်းမှဖြစ်စေ အိမ်အ၀င်တခါးနားမှဖြစ်စေ ဘူတာကိုအတိုင်းသားတွေ့မြင်နေရသည်။ ဘူတာနှင်အတူ အနောက်ဘက်ရှိ ဂျူရောင်းကန်ကြီးကိုလည်း တွေ့ရသည်။ ကန်ကြီးနှင့်ကပ်လျက်ရှိနေသော တရုတ်ဘုရားစေတီညီနောင် ၂ ဆူ (The Pagoda Twins) ကိုလည်း မြင်နိုင်ပါသည်။

လိတ်ဆိုက်ဘူတာ၏ရှေ့ တစ်ဘူတာဖြစ်သော Chinese Garden MRT Station ကို ဂျူရောင်းအိစ်အရပ်ကတိုက်တာများနှင့်အတူ မြင်နိုင်သေး၏။

၁၉၉၀ ခုနှစ်က မိမိတွေ့ခဲ့မြင်ခဲ့ရသောလိတ်ဆိုက်ဘူတာနှင့် ယခုနောက်ပိုင်းကာလများတွင် တဖြည်းဖြည်းချင်းများစွာတိုးတက်ပြောင်းလဲလာခဲ့သော ယနေ့လိတ်ဆိုက်ဘူတာနှင့်ဝန်းကျင်တို့ကား မမှတ်မိလောက်အောင်ပင်ရှိခဲ့သည်။

ဟိုတုန်းက လိတ်ဆိုက်ဘူတာအောက်ထပ်မှာ မည်သည့်ဆိုင်မှမရှိခဲ့ပေ။
မုန့်ဆိုင်မရှိ။
စားသောက်ဆိုင်များမရှိ။
စတိုးဆိုင်လည်းမရှိ။
ဆေးခန်းဆို ဝေလာဝေးသေးတော့။

ဘူတာအောက်ထပ်မှာ ဟာလာဟင်းလင်းကြီးဖြစ်သည်။
ဘူတာထဲမှ အရပ်လေးမျက်နှာကို တိုးလျှိုပေါက်မြင်နိုင်သည်။

Boon Lay Way ကားလမ်းကိုကျော်ပြီး ဘူတာနှင့်အကူးအသန်းလုပ်နိုင်သော ကားလမ်းကူးမိုးပျံတံတားတွင် ယခုကဲ့သို့ အမိုးမရှိသေးပါ။ တံတားပေါ်တက်ဆင်းရန် ဓာတ်လှေကား ၂ ခုလည်းမရှိပါ။

မိုးရွာအစို နေပူအခြောက် အမိုးမဲ့ အကာမဲ့သွားခဲ့ကြရသည်။

တစ်ခုတော့ရှိသည်။

မိမိအိမ်ကိုအလည်လာမည့်ဧည့်သည်ကိုတော့ ဧည့်မျှော်ရန် မြင်ကွင်းကောင်းလှပါ၏။

လမ်းကူးတံတားပေါ်က လာနေသူတွေကိုကြည့်ပြီး အဲ.. ဒါကတော့ ဘယ်သူပဲ။ တွေ့တယ်မဟုတ်လား လမ်းလျောက်တဲ့ပုံက စသဖြင့် မှန်းဆကြည့်လို့ရသည်။ များသောအားဖြင့်မှန်၏။ မှားခဲလေစွ။

မိမိကိုဆိုရင် ဇနီးဖြစ်သူက အိမ်ပေါ်ကနေကြည့်ပြီး တတ်အပ်ပြောနိုင်သည်။

လေတိုက်သဖြင့်လွင့်သွားသောဆံပင်ကို ခေါင်းကလေးငဲ့ပြီး ပြန်သပ်တင်လေ့ရှိသည့်စတိုင်။




၁၉၉၀ နှစ်များဆီက လိတ်ဆိုက်ဘူတာပုံ


ဘတ်စ်ကားမှတ်တိုင်မှာလည်း ထိုင်ခုံ ၂ ခုသာရှိသည်။
ယခုလို ခုံတန်းရှည်လေးများ မရှိကြ။

ဘတ်စ်ကား သုံးစီးခန့်တပြိုင်တည်းရပ်ပြီး ခရီးသည်တင်နိုင်ချနိုင်သော အမိုးအရှည်ကြီးလည်းမရှိသေး။

ဘူတာနှင့် အမိုးပါသောလျောက်လမ်းတို့ကိုဆက်ထားပေးသည့် တက္ကစီရပ်ရန်နေရာလည်းမရှိပေ။  

ရထားစီးခရီးသည်တွေလည်း ဒီကနေ့လို ပြွတ်သိပ်ထိုးမနေကြပါ။
ကျိုးတိုးကျဲတဲလေးသာ။



       
          ယနေ့တွေ့ရသော လိတ်ဆိုက်ဘူတာပုံ                              



လိတ်ဆိုက်ဘူတာ၏ညအလှ


မိမိသည် လိတ်ဆိုက်ဘူတာနှင့်ကားလမ်းခြားပြီး မျက်စောင်းထိုးတွင်ရှိသောတိုက်အမှတ် ၅၁၈ မှာ နှစ်အတော်ကြာကြာကြီးနေခဲ့သည်။ 

အပေါ်ကဘူတာပုံလေးကို ထိုစဉ်ကမိမိနေခဲ့သော ၁၃ ထပ်မှရိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတစ်တိုက်တည်းမှာပင် ပထမက ၄ ထပ်အခန်းမှာအိမ်ငှားနေခဲ့ရ၏။ နောက်ပိုင်းတွင် ၁၃ ထပ်မှာ အိမ်ခန်းဝယ်လျက် အောက်ထပ်ကနေအပေါ်ထပ်သို့ပြောင်းရွေ့ လျက် ဆက်ပြီးနေဖြစ်ခဲ့ပြန်ပါသည်။

သို့ဖြစ်ရာ နံနက်တိုင်း လိတ်ဆိုက်ဘူတာကရထားစီးကာ အလုပ်သွားပြီး ညနေတိုင်း လိတ်ဆိုက်ဘူတာမှာဆင်းလျက် အိမ်သို့ပြန်လာလေ့ရှိသည်။ ယင်းသို့ ခရီးသွားခဲ့ရသည်မှာ ၁၀ နှစ်ခန့်ပင်ကြာခဲ့ပါသည်။

ထိုအချိန်တုန်းက လိတ်ဆိုက်ဘူတာသည် စင်ကာပူနိုင်ငံ၏အရှည်ဆုံးရထားလမ်းဖြစ်သည့် East West MRT Line တွင် အနောက်ပိုင်းဂိတ်ဆုံးဘူတာဖြစ်ခဲ့သည်။ အရှေ့ ဘက်ဂိတ်ဆုံးဘူတာဖြစ်သည့် Pasir Ris မှစီးလာ သောခရီးသည်အားလုံး လိတ်ဆိုက်ဘူတာမှာဆင်းကြရ၏။ လိတ်ဆိုက်ဘူတာ၏နောက်တစ်ဘူတာဖြစ်သည့် ဘွန်လေးဘူတာမှာ ဆောက်လုပ်ထားပြီးဖြစ်သော်လည်း အသုံးမပြုသေးပဲ ရထားကိုအနောက်မှအရှေ့  ဘက်သို့ပြောင်းထွက်ရန်အတွက်သာ အသုံးပြုခဲ့လေသည်။

မိမိ စင်ကာပူနိုင်ငံသို့မရောက်မီကာလဖြစ်သော ၁၉၈၈ ခုနှစ် နိုဝင်ဘာလက လိတ်ဆိုက်ဘူတာကို စတင်အသုံးပြုခဲ့ကြောင်းသိရသည်။















No comments:

Post a Comment