"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, July 8, 2019

ကျနော်နှင့်လှည်းတန်းဈေး (၁)


ရန်ကုန်မြို့ တော်ကြီးမှာ ကျနော်အညာသားလေး နှစ်အတော်ကြာကြာကြီးကို နေခဲ့ရတယ်ဗျ။

မက်ထရီကူလေးရှင်း (matriculation) လို့ခေါ်တဲ့ တက္ကသိုလ်ဝင်တန်းအောင်ပြီးတဲ့အထိ မန္တလေးမြို့ ရဲ့ တောင်ဘက်ကိုဆိုလို့ ခြေတစ်ဝါးတောင်မရောက်ဖူးခဲ့တဲ့ကျနော်သည် ရန်ကုန်ကိုဆေးဘက်ပညာသိပ္ပံကျောင်း (Institue of Para-Medical Sciences) သွားတက်ကထဲကနေဖြစ်သွားခဲ့တာ အညာဒေသကိုပြန်နေရတယ်လို့ကို တစ်ခါမှ မရှိခဲ့တော့ဘူး။

ရန်ကုန်မှာ ..  
ကျောင်းတက်တုန်းက နေခဲ့တယ်။
အလုပ်စ၀င်တော့လဲ နေခဲ့တယ်။
မော်လမြိုင်ကိုအလုပ်နဲ့ပြောင်းရွေ့ ရပြီး အဲဒီကမှ ကြည့်မြင်တိုင်အရိုးအထူးကုဆေးရုံကို တာဝန်ကျတော့လဲ နေခဲ့ရပြန်ပါတယ်။

နောက်ဆုံး စင်ကာပူနိုင်ငံကိုရောက်သွားတဲ့အထိပဲ ဆိုပါတော့လေ။


လှည်းတန်းနဲ့ကျနော်ဖူးစာဆုံခဲ့ရတာက ဟိုတစ်ချိန်က ရာဇူး (RASU) လို့ အတိုကောက် ခေါ်ကြလေ့ရှိတဲ့ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်  (Rangoon Arts and Sciences University) ကြီးကိုအကြောင်းပြုလို့ပါ။

ဆေးဘက်ပညာ ပထမနှစ်နဲ့ဒုတိယနှစ်တွေတက်ရင်း ရာဇူးထဲက ရွှေဘိုဆောင်မှာနေခဲ့တာ။

လှည်းတန်းရပ်က ကမာရွတ်မြို့ နယ်ထဲမှာပါနေပါတယ်။ 



စာရေးသူရဲ့ ရင်ထဲမှာထင်ကျန်နေဆဲ လှည်းတန်ဈေးဝန်းကျင်


ကမာရွတ်မြို့ နယ်က ကျောက်တံတားတို့ ပန်းဘဲတန်းတို့လို  မြို့ လယ်ခေါင်မဟုတ်ပေမယ့် မြို့ လယ်ရဲ့ မြောက်ဘက်ပိုင်းကျကျနေရာ (north central part of Yangon) လို့တော့ ပြောနိုင်ပါတယ်။

သူက ရန်ကုန်မြို့ ရဲ့ အဓိကမြို့ နယ်ကြီးတွေနဲ့ဝန်းရံထားတာလဲ ဖြစ်တယ်။

မြောက်ဘက်မှာ လှိုင်မြို့ နယ်
အနောက်ဘက်မှာ လှိုင်နဲ့ကြည့်မြင်တိုင်မြို့ နယ်များ
အရှေ့ ဘက်မှာ အင်းယားကန်၊ ဗဟန်းမြို့ နယ်နဲ့မရမ်းကုန်းမြို့ နယ်များ
တောင်ဘက်မှာက စမ်းချောင်မြို့ နယ်

အဲဒီအချိန်က မြို့ ထဲသွားဖို့ကလဲအလွန်အဆင်ပြေတာ။ 
ဘတ်စ်ကားစီးမလား
မြို့ ပတ်ရထားစီးမလား
အားလုံးပိစ်(peace) ပဲလေ။

ကျနော်ဆို မြို့ ထဲကိုသွားချင်ရင် လိုင်းပေါက်မှတ်တိုင်(၀ဂ္ဂီရပ်၊ ကမာရွတ်) ကနေ အမှတ် ဂ ဘတ်စ်ကားစီးသွားလိုက်တာ။
ရန်ကုန်ဆေးရုံကြီးကိုရောက်တယ်။
သိမ်ကြီးဈေးကိုရောက်တယ်။
ဆူးလေဘုရားနဲ့မြို့ တော်ခန်းမကိုရောက်တယ်။ 
စာပေဗိမာန်ရှိတဲ့ ကုန်သည်လမ်းကိုလဲရောက်တယ်။ 

ဒါနဲ့ ဘတ်စ်ကားခလေးအကြောင်းနဲနဲပြောပြချင်သေးတယ်။
လိုင်းပေါက်မှတ်တိုင်(၀ဂ္ဂီရပ်၊ ကမာရွတ်) ကနေမြို့ ထဲအထိ အဲဒီအချိန်က ဘယ်လောက် ပေးရမယ်ထင်ပါသလဲ။
မှန်းကြည့်ကြပါ။
ပြား ၂၀ ထဲရယ်ပါ။

အဲ စီးခဲ့ရတဲ့အကြောင်းလေးလဲပြောပြရဦးမယ်။

ကားကို အကြာကြီးစောင့်နေရလား။
ဟင့်အင်း။ မစောင့်ရပါဘူး။

ကားတွေ တစ်စီးနဲ့တစီး အပြိုင်မောင်းကြ ကျော်တက်ကြ ခရီးသည်လုကြပြီး စပယ်ယာနဲ့ဒရိုင်ဘာတွေ အော်ဟစ်ဆဲရေးကြလား။
တုတ်ဓါးဆွဲပြီး ဆော်နှက်ကြလား။
ဒါလဲ ဟင့်အင်းပါ။
အဲလိုကြီးတွေ တစ်ခါမှ မဖြစ်ကြပါဘူး။ 

ကားပေါ်မှာ ခရီးသည်တွေကော ကျပ်ညပ်နေလို့ပဲလား။
နောက်ထပ် ဟင့်အင်းပါ။
နေရာချောင်လိုက်တာမှ ကျပ်တယ်ဆိုတာဂျိုနဲ့လားကွယ့်လို့မေးရချေသေးတော့ဗျာ။
ဟ ဟ ..

..


ဆက်ရေးပါဦးမယ်။



  

No comments:

Post a Comment