"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, July 30, 2012

စင်ကာပူနိုင်ငံရောက် ကန့်ဘလူသားလေး ဖိုးချစ်ရဲ့  ဇာတ်ပွဲ

ဖိုးချစ်က သူ့ဘ၀ဇာတ်ကြောင်းလေးတစ်ချို့ ကို အခုလို ရယ်ရယ်မောမောလေး ပြောပြခဲ့တယ်။ (ဓါတ်ပုံ - ဖိုးတာ)

အဆို အက အပြော စွယ်စုံရတဲ့ ဇတ်းမင်းသားလေး ဖိုးချစ်။ (ဓါတ်ပုံ - ဖိုးတာ)





တနင်္ဂနွေနေ့က စင်ကာပူပေါ်လီတက္ကနစ်ကျောင်းထဲကို ဇနီး၊ သမီးတို့နဲ့အတူ ရောက်သွားခဲ့တယ်။ အဲဒီကို နောက်ဆုံးရောက်ခဲ့တာ ကြာ ကြာလှပြီပဲ။ 

အခုတစ်ခေါက်ကလည်း မအားမလပ်တဲ့ကြားက မရောက်ရောက်အောင်ကို ကြိုးစားပြီး သွားခဲ့ရတာမျိုး။
စာရေးသူရဲ့ အလုပ်က ပုံမှန်ဆို စနေ တနင်္ဂနွေ ၂ ရက်မှာ အလုပ်မလုပ်ရပါဘူး။

ဒါပေမယ့် ယခုအပတ် တနင်္ဂနွေနေ့မှာက Jurong Point မှာ အလုပ်တာဝန်လေး ရှိနေတာကြောင့် မအား မလပ်ဖြစ်ခဲ့ရတာ။ မိမိတို့အဖွဲ့အစည်းက အနှစ် ၅၀ မြောက် အထိမ်းအမှတ်အဖြစ် လူထုပညာပေးပြပွဲ (Public Education Exhibition) လုပ်လို့ အဲဒီမှာ သွားနေနေရတယ်။ 

စာရေးသူတို့မိသားစု စင်ကာပူပေါ်လီတက္ကနစ်ကျောင်းကိုရောက်တော့ နေ့ခင်း ၂ နာရီလောက် ပါ။ ယခင်အခေါက်တွေမှာ ရောက်ခဲ့တုန်းက အခုဖိုးချစ်တို့ဇာတ်ကမယ့် ကွန်ဗင်းရှင်းစင်တာ အဆောက်အဦ (Convention Centre)ကြီး မရှိသေးဘူး။ အဲဒီတုန်းက အောဒစ်တော်ရီယမ် အဆောက်အဦပဲရှိတာ။ ကွန်ဗင်းရှင်းစင်တာကြီးက အောဒစ်တော်ရီယမ်ထက် အများကြီး ပို ကောင်းပါတယ်။ လှလည်းလှ ကြီးလည်းကြီးပြီး ခန့်ငြားထည်ဝါမှုလည်း ပိုရှိပါတယ်။ ဓါတ်ပုံထဲ မှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။

စာရေးသူတို့မိသားစုကို ကင်မရာတစ်လုံးနဲ့အလုပ်များနေတဲ့ ကိုကြည်ရွှင်က လာကြိုပြီး ကွန် ဗင်းရှင်းစင်တာထဲ ခေါ်သွားခဲ့ပါတယ်။ အထဲမှာ ပွဲလာကြည့်ကြတဲ့ မြန်မာအချို့ ရောက်နေကြပါ ပြီ။ ရုံထဲကိုတော့ ၀င်ခွင့်မပေးသေးပါဘူး။ ပွဲလာကြည့်ကြသူများ ကိုယ်အစုနဲ့ကိုယ် မတ်တတ် ရပ်ပြီး စကားပြောကြ၊ တစ်ဦးကိုတစ်ဦး လိုက်ပြီး နှူတ်ဆက်ကြနဲ့ ရှိနေပါတယ်။ မိမိတို့မိသားစု က ကိုကြည်ရွှင်ရဲ့ ဇနီး မဆုဆုတင်နဲ့ စကားပြောဖြစ်နေပါတယ်။ နေ့ခင်း ၂ နာရီခွဲကျော်ကျော် လောက်မှာ ရုံထဲကို ၀င်ကြရပါတယ်။ ရှေ့ နောက်ခုံတန်းတွေမှာ ကန့်ဘလူသူ ကန့်ဘလူသား တွေကို နေရာပေးထားတာဖြစ်လို့ ပွဲမစမီ ဟိုလူ့ကိုနှူတ်ဆက် ဒီလူ့ကိုနှူတ်ဆက်နဲ့ စကားပြောခွင့်ရပါတယ်။ 

 

မင်းသားဖိုးချစ်အား ဂုဏ်ပြုအမှတ်တရ လက်ဆောင်ပစ္စည်းပေးနေစဉ်။ (ဓါတ်ပုံ - ကိုဇေယျာမှ ကျေးဇူးပြုပါတယ်။)

 

ခဏကြာတော့ ကိုသူရိန်ရောက်လာပြီး “ဦးက ၄ နာရီလောက်ပြန်မယ်ဆို” လို့ မေးလာပြီး စင် ကာပူနိုင်ငံ ရောက် ကန့်ဘလူမြို့ သူမြို့ သားများကိုယ်စား ဖိုးချစ်ကို ဂုဏ်ပြုလက်ဆောင်ပစ္စည်း ပေးဖို့ ကြေညာပေးမယ့်အကြောင်းနဲ့ စင်ပေါ်မှာတက်ပြီး ပေးပေးဖို့ ပြောပါတယ်။ နောက်တော့ ဖိုးချစ်ကိုပေးမယ့် လက်ဆောင် ပစ္စည်းလေး လာပို့ထား ပေးပါတယ်။ 

ညနေ ၃ နာရီခွဲလောက်မှာ စာရေးသူရဲ့ တူတော်မောင် မျိုးမြင့်အောင်နဲ့သူ့ဇနီးတို့ ရုံထဲကို ၀င် လာကြတယ်။ သူတို့က စာရေးသူရဲ့ ဇနီးနဲ့သမီးတို့ထိုင်တဲ့ဖက်အခြမ်းမှာ နေရာရကြတာမို့ စာ ရေးသူက တူတော်မောင်အနားရွေ့ ထိုင်ပြီး စကားပြောရတယ်။ တနင်္ဂနွေမှာ တူတော်မောင်က အလုပ်တာဝန်ရှိလို့ နောက်ကျပြီး ရောက်လာခဲ့ရတာ။ သူတို့လိုပဲ တချို့ ကလည်း နောက်ကျပြီး မှ လာနိုင်သူလာကြ၊ တချို့ ကလည်း ပွဲမပြီးခင်မှာ ပြန်ကြရသူပြန်ကြနဲ့။ စာရေးသူလည်း ဒီအ တိုင်းပါပဲ။ ၄ နာရီခွဲမှာ Jurong Point ကို အရောက်ပြန်ရမှာ။ စာရေးသူရဲ့ အိမ်ကို ပွဲလက်မှတ် လာပေးတဲ့ ကိုဇေယျာဆိုရင် အဲဒီနေ့က သင်တန်းရှိနေလို့ ညနေ ၆ နာရီလောက်မှ ရောက်လာ နိုင်ခဲ့တာတဲ့။   

ညနေ ၄ နာရီကျော်လာတဲ့အခါ ဘယ်အချိန်လောက်မှာမှ ဖိုးချစ်အတွက်လက်ဆောင်ပစ္စည်း ကို ပေးရမှာပါလိမ့်လို့ စိတ်ထဲကတွေးနေမိတယ်။ ဒီအတိုင်းဆိုရင် ၄ နာရီခွဲမှာ Jurong Point ကို အရောက်သွားနိုင်မှာမဟုတ်လို့ မိမိရဲ့ တာဝန်ကို ပြောင်းယူပေးထားတဲ့မိတ်ဆွေထံ sms ပို့ ရတယ်။ ၅ နာရီလောက်မှ အဲဒီကို ရောက်မယ့်အကြောင်းပေါ့။     

 

 

၎ နာရီခွဲလောက်မှာ မင်းသားဖိုးချစ်အား မိမိမှ ဂုဏ်ပြုအမှတ်တရလက်ဆောင်ပစ္စည်းပေးမည့် အကြောင်း ကြေညာတာနဲ့ ဇာတ်စင်ရှိရာကို ထ,သွားခဲ့တယ်။ လှေကားထိပ်နားရောက်တဲ့အခါ ဇာတ်စင်မီးတွေ မှိတ်ထားတာကြောင့် တက်ပဲသွားရတော့မှာလား ခဏစောင့်နေရဦးမှာလား ဆိုတာ ဇဝေဇ၀ါဖြစ်ရတယ်။ စင်ပေါ်ကိုတက်ခဲ့ဖို့ ကိုယ်နာမည်ကို ဖိတ်ခေါ်ပြီးဖြစ်လို့ မီးမလင်း ပေမယ့် တက်သွားလိုက်တယ်။ အဲ .. စင်ပေါ်ကိုရောက်သွားပြန်တော့လည်း မီးက လင်းမလာ ပြန်သေးလို့ စင်ရဲ့ ဘေးဘီဝဲယာကို စူးစမ်းကြည့်ရပြန်တယ်။

မကြာလိုက်ပါဘူး။

မီးတွေ ယုတ်ခြည်းလင်းလက်လာတဲ့ပြီး ဇာတ်စင်နောက်က မင်းသားဖိုးချစ် အပြေးလေးထွက် လာရှာပါတယ်။ ဖိနပ်ကလေးကို ကတိုက်ကရိုက်ချွတ်ကာ လက်ဆောင်ပစ္စည်းလက်ခံဖို့ စာရေး သူရဲ့ ရှေ့ မှာ လာရပ်ပါတယ်။ မိမိက လက်ဆွဲနှူတ်ဆက်ရင်း “ဖိုးချစ်ရဲ့ နာမည်ကိုတော့ ကြားဖူး နေခဲ့တာ ကြာလှပြီ။ အခုမှပဲ လူချင်းတွေ့ရတယ်” လို့ပြောတော့ သူက “ဦးကိုတော့ ကျနော်တို့ သိနေကြပါတယ်” လို့ ပြောပါတယ်။ “ဖိုးချစ်အတွက် ဦးတို့အားလုံးက ၀မ်းလည်းသာတယ် ဂုဏ်လည်းယူကြတယ်။ ရှေ့ ဆက်ပြီး ကြိုးစားကွာ” လို့ ချီးကျူးအားပေးစကား ပြောခဲ့ရတယ်။ 


စင်ကာပူပေါ်လီတက္ကနစ်ကျောင်းရှိ Convention Centre မှာ အမှတ်တရ။

မိမိတို့ ရောက်တာစောနေသေးတော့ Convention Centre အတွင်းမှာ အေးအေးလူလူ ထိုင်ကြလို့။

ဖိုးချစ်ကို လာရောက်အားပေးကြသည့် စင်ကာပူရောက် မြန်မာပွဲကြည့်ပရိသတ်များ။



မြို့ ရွှေမန်းသားလေး ဖိုးချစ် ဖိုးချစ်နဲ့ သူ့အကြောင်း ကြားနေခဲ့မိတာ ကြာလှပါပြီ။

သူက ဒီကနေ့ မြန်မာပြည်မှာ အကျော်ကြားဆုံး ဇာတ်မင်းသားလေး တစ်ယောက်တဲ့။
ဆိုကရေးတီးပြိုင်ပွဲမှာ ရွှေတံဆိပ်တွေ ရခဲ့တာတဲ့။

နောက်ပြီး ဖိုးချစ်လေးက ကန့်ဘလူသားလေးတဲ့။
စာရေးသူတို့ ကန့်ဘလူသူ ကန့်ဘလူသားတွေက ပြောနေခဲ့ကြတာ။
မြန်မာပြည်ကို ပြန်တဲ့အခါတိုင်း ကြား ကြားနေခဲ့ရတာ။
ဒီမှာ သူ့ကို ပိုပြီး စိတ်ဝင်စားသွားရပြန်ပါတယ်။

ဒို့ ကန့်ဘလူက ...
ဘာတဲ့ ဘာတဲ့ ...
ဇာတ်မင်းသား ... ဟုတ်လား?

အမှန်အတိုင်းပြောရရင် စ,ပြီးကြားခဲ့တုန်းကတော့ ယုံရခက်ခက်ကြီးပါ။


စင်ကာပူနိုင်ငံရောက် ကန့်ဘလူသူ ကန့်ဘလူသားညီအကိုမောင်နှမများ မင်းသားဖိုးချစ်နှင့်အမှတ်တရ။ ၂၉ ဇူလိုင် ၂၀၁၂ (ဓါတ်ပုံ - ကိုဇေယျာ)

ဟုတ်ပါတယ်။

မိမိတို့မြို့ က ထွန်းထွန်းပေါက်ပေါက် ဇာတ်မင်းသားလေး ထွက်ရတယ်လို့။ မြို့ အနေဖြင့် ၀မ်းသာစရာပါ။ ဂုဏ်လည်း ယူစရာကြီးပါ။

ဒီလိုလေ … မိမိတို့မြို့ က အငြိမ့်တို့ ဇာတ်တို့နဲ့ ပတ်သက်တဲ့ အနုပညာရှင်ဆိုလို့ သိရသ မကြားမိထားခဲ့ဖူးဘူး။ ဒါကြောင့် မမျှော်လင့် မတွေးထားခဲ့မိတာမို့ ဖိုးချစ်ကိုပဲ မေးခွင့်ကြုံတုန်း မေးကြည့်ရတော့တာ။

မေးကြည့်တယ်ဆိုတာကလည်း လူချင်းတွေ့ပြီး မေးတာမျိုး မဟုတ်ပါဘူး။ တယ်လီဖုန်းနဲ့ပါ။

ဒီနေ့ညနေ(ဇူလိုင် ၃၁ ရက်)မှာ ဖိုးချစ်နဲ့ စင်ကာပူနိုင်ငံရောက် ကန့်ဘလူသားအပေါင်းအသင်းလူငယ်တချို့ တွေ့ပြီး ညစာ စား ဖြစ်ကြတယ်။ ညနေ ၆ နာရီခွဲလောက်မှာ ဖိုးချစ်ရဲ့ အပေါင်းအသင်းတစ်ဦးဖြစ်တဲ့ ကိုဇေယျာက စာရေးသူထံ sms လေး ပို့လာတယ်။ ဒီည ဖိုးချစ်နဲ့တွေ့ပြီး မြို့ ထဲမှာ ညစာစားကြ မယ့်အကြောင်းပါ။ ဒါနဲ့ စာရေးသူက sms လေး ပြန်ပို့ရင်း ကပွဲနေ့က မိမိတို့မိသားစု ကို လာကြည့်ဖို့ဖိတ်တဲ့အတွက် ဖိုးချစ်နဲ့ပွဲစီစဉ်သူတို့အား ကျေးဇူးတင်ကြောင်း ပြောခိုင်းရတယ်။ တဆက်တည်းမှာပဲ အခုရေးနေတာနဲ့ပတ်သက်ပြီး မေးစရာရှိတာလေးတွေကို နောက်မှ မေးမယ့်အကြောင်းပါ ပြောလိုက်တယ်။ 

ဒီအခါမှာ ကိုဇေယျာက ဖိုးချစ်ရှိနေတုန်း သူ့ကိုပဲ တိုက်ရိုက်မေးဖို့အကြံပြုတာနဲ့ ဖိုးချစ်နဲ့ စကား လည်းပြောဖြစ် မေးစရာရှိတာတစ်ချို့ လည်း မေးဖြစ်သွားခဲ့တော့တယ်။

ဖိုးချစ်က ကန့်ဘလူမြို့ အထက်တန်းကျောင်းမှာ ၉ တန်းအောင်တဲ့အထိ ပညာသင်ယူခဲ့ပြီး မန္တလေး အထက (၁၄) ကနေ ၁၀ တန်းအောင်ခဲ့တယ်။ ဒီနောက်မှာ မန္တလေးမြို့  ရတနာပုံ တက္ကသိုလ်က သချာင်္အဓိကနဲ့ ဘွဲ့ရခဲ့တယ်။ တက္ကသိုလ်ပညာသင်ကြားနေရင်း နိုင်ငံ တော်က ဦးစီးပြီးကျင်းပပေးတဲ့ ဆိုကရေးတီးအနုပညာပြိုင်ပွဲတွေမှာ ၀ါသနာအလျောက် အကတို့ ဒိုးပတ်ပြိုင်ပွဲတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုတံဆိပ်များ ရရှိခဲ့တယ်။  



ဒါနဲ့ စာရေးသူက “မန္တလေး ပန်တြာကျောင်းက ဆင်းတာလား”လို့မေးတော့ ဖိုးချစ်က အခုလိုပြောပြပါတယ်။

“ကျနော်က မန္တလေး ပန်တြာကျောင်းက ဆင်းတာလည်း မဟုတ်ပါဘူး။ ဘယ်အနုပညာသင် တန်းကျောင်းမှ မတက်ခဲ့ရပါဘူး။ ဆိုကရေးတီးအနုပညာပြိုင်ပွဲတွေရှိတဲ့အခါ မန္တလေးကိုလာ ပြီး ဆရာနဲ့လေ့ကျင့်ပြီး ၀င်ပြိုင်လိုက်တာပါပဲ။ ကျနော့ဆရာကတော့ မန္တလေးက ပန်တြာဦးမြ သိန်းဖြစ်ပါတယ် ခင်ဗျာ။”

ဖိုးချစ်က ကန့်ဘလူဇာတိဖြစ်ပြီး ဘာ့ကြောင့် ‘မြို့ ရွှေမန်းသား ဖိုးချစ်’ ရယ်လို့ ဇာတ်အမည်ခံ ထားရလဲ၊ ဖိုးချစ်ဆိုတဲ့အမည်က ငယ်နာမည်များလား ဆိုတဲ့ စာရေးသူရဲ့ အမေးတွေကို ဖိုးချစ်က …

“ဒါက ဒီလိုပါ ဦး။ ကျနော် ရွှေမန်းသူအငြိမ့်မှာ မင်းသားလိုနေတာနဲ့ ကျနော့်အမည်ရင်းဖြစ်တဲ့ ‘ချစ်မျိုးထိုက်’အမည်လေးနဲ့ တစ်နှစ် ၀င်က,ပေးရင်း တောဇာတ်လမ်းလေးတစ်ပုဒ်မှာ တောသားလေး ဖိုးချစ်အဖြစ် သရုပ်ဆောင်ခဲ့ရပါတယ်။ အဲဒီမှာ ပရိသတ်က ကျနော့်ကို ‘ဖိုးချစ်’အမည်နဲ့ စွဲမှတ် သွားကြပြီး ‘ဖိုးချစ်’ ‘ဖိုးချစ်’ လို့ ခေါ်လာကြပါတယ်။ ရွှေမန်းသူအငြိမ့်က ဖိုးချစ်ရယ်လို့ပေါ့နော်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ကျနော် ဇာတ်ထောင်ပြီးကလာတဲ့အခါ အမျိုးသားဖြစ်တာမို့ ‘ရွှေမန်းသူ’ကနေ ‘ရွှေမန်းသား’ဖြစ်လာခဲ့ရတာပါ”လို့ ရှင်းပြခဲ့ပါတယ်။ 

သူ့မိဖတွေအကြောင်းမေးကြည့်တဲ့အခါ သူ့မိခင်ဖြစ်သူက ဆုံးသွားခဲ့ပြီး ဖခင်ပဲရှိတော့တဲ့အ ကြောင်း သူက ပြောပြခဲ့ပါတယ်။ ဖိုးချစ်ရဲ့ ဖခင်က ကန့်ဘလူမြို့ မှာပဲ နေထိုင်လျက်ရှိပါတယ်။ စာရေးသူသည် ဖိုးချစ်ကို မတွေ့ဖူးခင်ကတည်းက သူရဲ့ အလှူအတမ်း ရက်ရောမှုသတင်း ကောင်းလေးတွေ ကြားထားခဲ့တာဖြစ်လို့ အဲဒါနဲ့ပတ်သက်ပြီး အနည်းအကျဉ်းမေးကြည့်မိပါ တယ်။ သူ ကိုယ်တိုင်က ပြောပြတာကို နားထောင်ပြီး ၀မ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်ချင်လို့ ဖြစ်ပါတယ်။ ကန့်ဘလူမြို့ မှာ အရေးပေါ်လူနာတင်ကား လှူဒါန်းထားတာ၊ သက်ကြီးပူဇော်ပွဲတို့ အာစရိယပူဇော်ပွဲတို့မှာ ပါဝင်လှူဒါန်းခဲ့တာ၊ ဘုရားတည်ထား ကိုးကွယ်ထားတာ၊ မိမိရဲ့  မွေး ဇာတိဖြစ်တဲ့ ကန့်ဘလူမြို့ အပြင် အခြားမြို့ ရွှာတွေမှာ သူ တတ်စွမ်းသ၍ လက်လှမ်းမီ၍ ကောင်းမှုပြု လှူဒါန်းထားခဲ့တာတွေ ကြားသိရလို့ စိတ်ထဲက ၀မ်းမြောက်ဝမ်းသာဖြင့် သာဓုအ ကြိမ်ကြိမ် ခေါ်မိခဲ့ပါတယ်။

စာရေးသူမှ ဖိုးချစ်ကို အကြံတစ်ခုတော့ ပေးခဲ့ဖြစ်ပါတယ်။

အဲဒါကတော့ သူဘ၀အတွေ့အကြုံနဲ့ အဖြစ်အပျက်တွေကို သေသေချာချာ မှတ်သားထားပြီး စာအုပ်တစ်အုပ် ရေးဖြစ်အောင်ရေးဖို့ပါ။ သူကလည်း ဒီစိတ်ကူးမျိုးရှိထားတာကြောင့် သူ့ကို တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးမှတ်တမ်းတွေကို စုဆောင်းထားတဲ့အကြောင်း စာရေးသူ အား ပြောပြခဲ့ပါတယ်။

 



ဆက်ပြီး ရေးပါဦးမယ်။

No comments:

Post a Comment