"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, July 20, 2012

အာဇာနည်နေ့ ဒို့မမေ့

၆၅ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကြီးကို မနေ့က မြန်မာတစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် စည် စည်ကားကားဖြင့် လူထုလူတန်းစားမျိုးစုံပါဝင်ကြလျက် ပြန်လည်ရှင်သန် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။


စာရေးသူတို့ ငယ်ငယ်ကဆိုလျှင် ယခုထက်များစွာကျယ်ကျယ်ပြန့်ပြန့် ကျင်းပလေ့ရှိခဲ့ပါတယ်။ ယခုထက်ပိုပြီး စည်လည်းစည်ကားခဲ့ပါတယ်။ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ကျဆုံးလေပြီးသော အာဇာ နည်ခေါင်းဆောင်ကြီးများအား စိတ်ထဲမှာ တကယ်တမ်းကို မချိတင်ကဲ ကျေကွဲဝမ်းနည်း တမ်းတအောက်မေ့ ပြီး အမှတ်ရခဲ့ကြတာဖြစ်တယ်။





၆၅ ကြိမ်မြောက် အာဇာနည်နေ့ ၂၀၁၂ (၁၃၇၄ ခု ဒုတိယ၀ါဆိုလဆန်း ၁ ရက်)



 
ဒေါ်အောင်ဆန်းစုကြည်မှ လွမ်းသူ့ပန်းခွေချနေစဉ်။









ရန်ကုန်က အာဇာနည်နေ့အခမ်းအနားမှာ ပြည်သူလူထုများမှ ပန်းခွေများချပြီး အလေးပြုနေကြစဉ်။

ရန်ကုန်မြို့  ဗဟန်းမြို့ နယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ နိုင်ငံခြားသားများ လာရောက်ကြည့်ရှုကြပါတယ်။

 

အစိုးရကထုတ်ဝေတဲ့ သတင်းစာအားလုံးမှာ အာဇာနည်နေ့နဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို ဆောင်းပါးများ ကဗျာများ ဗိုလ်ချုပ်ရဲ့  မိန့်ခွန်းကောက်နှုတ်ချက်များ ဓါတ်ပုံများ သရုပ်ဖော်ပုံများ ဝေေ၀ဆာ ဆာ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖော်ပြလေ့ရှိပါတယ်။ မူရင်းသတင်းစာမျက်နှာများအပြင် အထူးအချပ်ပိုစာ မျက်နှာ များပါ ဖြည့်စွက်ပြီး ထုတ်ဝေတတ်ပါတယ်။ သတင်းစာက မြန်မာလို ၄ စောင်(လုပ်သားပြည်သူ့နေ့စဉ်၊ ကြေး မုံ၊ ဗိုလ်တထောင်၊ မြန်မာ့အလင်း)၊ အင်္ဂလိပ်လိုက ၂ စောင် (The Working People’s Daily နဲ့ The Guardian) ဆိုတော့ စုစုပေါင်း ၆ စောင်ကြီးများတောင်ရှိခဲ့ကြတာ။

နောက်ပြီး အဲဒီခေတ်က ထုတ်ဝေတဲ့မြန်မာသတင်းစာတွေက ယနေ့ခေတ်မြန်မာသတင်းစာတွေလို လျောက် လွှာစာရွက်(A4 size)သာသာလေးအရွယ် မဟုတ်ကြဘူး။ ဒီကနေ့ စင်ကာပူနိုင်ငံကထုတ်တဲ့ The Straits Times သတင်းစာအရွယ်မျိုးရှိတာ။ သတင်းစာ စာမျက်ကို လက်နှစ်ဖက်နဲ့ ဖြန့်ပြီးဖတ်လိုက်ရင် လူ့ရင်ဘတ် တစ်ခုမက ကျယ်တာ။ ဒါ့အပြင် စာမျက်နှာတွေကလည်း အများကြီးပါကြတာ။ The Working People's Daily (လုပ်သားပြည်သူ့နေ့စဉ် အင်္ဂလိပ်) သတင်းစာမှာဆိုရင် ပြည်တွင်းပြည်ပနိုင်ငံခြားသတင်းတွေအပြင် Science, Technology, Arts, Health, Medicine, History, Literature စသဖြင့် စိတ်ဝင်စားစ ရာသီးသန့်ကဏ္ဏတွေ (ဆောင်းပါးတွေ) သတ်သတ်ပါသေးတာ။ ဘာဖတ်ကောင်းသလဲ မပြောနဲ့။ ရေးနေရင်း ပြောနေရင်းနဲ့ လွမ်းတောင် လွမ်းမိသေးတော့။ 

အဲ - ချော်တောငေါ့သွားပြီ။ စောစောက အာဇာနည်နေ့အကြောင်းကို ပြန်ဆက်ကြဦးစို့။


အဲဒီနေ့မှာဆိုရင် စာရေးသူသည် အိပ်ယာကစောစောထပြီး ကမာရွတ်အ၀ိုင်းကြီးနားက ‘မြင့်စာပေ’ဆိုင်မှာ အထူးထုတ်သတင်းစာအားလုံး သွားဝယ်ပါတယ်။ ဆိုင်မှာ တစ်ချို့ သတင်းစာတွေ ရောင်းလို့ကုန်သွားခဲ့ရင် လမ်းဘေးပလက်ဖောင်းပေါ်မှာ သတင်းစာချရောင်းတဲ့ဆီက ၀ယ်လို့လည်းရတတ်ပါတယ်။ သတင်းစာတွေ ၀ယ်ပြီးတာနဲ့ လှည်းတန်းဈေးအနားက ‘စေတနာရှင်’ လက်ဖက်ရည်ဆိုင်မှာ နံနက်စာစားပြီး မိမိငှားနေတဲ့ ၀ဂ္ဂီရပ်က အိမ်ခန်းကို ပြန်လာလေ့ရှိပါ တယ်။ အခန်းကို ပြန်ရောက်တာနဲ့ အ၀တ်အစားလဲပြီး စောစောက ၀ယ်လာခဲ့တဲ့ အာဇာနည်နေ့အထူးထုတ်သတင်းစာတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် တစ်စောင်ပြီးတစ်စောင် စိမ် ပြေနပြေ တစ်နေ့လုံး ဖတ်ပါတော့တယ်။

ဇူလိုင်မိုးကလေး တအေးအေးနဲ့ အိပ်ယာပေါ်မှာကွေးပြီး ဟိုလှိမ့်ဒီလှိမ့်နဲ့ အလွန်စာဖတ်လို့ ကောင်းလှသလို ဗိုလ်ချုပ်ရဲ့ ကိုယ်ကျိုးစွန့်လွတ်စွန့်စားမှုများနဲ့ အကြွင်းမဲ့ရိုးသားမှုတွေကို ပိုပို လေးလေးနက်နက် သိရှိလာ ရပြီး ဖတ်ရင်းဖတ်ရင်း အမျိုးသားခေါင်းဆောင်ကြီးကို ချစ်ရလွန်းလို့ လေးစားမိလွန်းလို့ မျက်ရည်ကျခဲ့ရတာ နှစ်တိုင်းနှစ်တိုင်း ဒီအချိန်ရောက်တိုင်းပဲဖြစ်ပါတယ်။  

အခုနေများမယ်တော့ အဝေးကိုရောက်နေတာနဲ့ မျက်ရည်မကျဖြစ်ခဲ့တာ ကြာခဲ့ပါပြီလေ။ 

ဒါကလည်း စောစောကပြောခဲ့သလို ဗိုလ်ချုပ်အကြောင်းကို တစ်ထိုင်တည်း တ၀ကြီး မဖတ်ဖြစ်တော့တာရယ်၊ အာဇာနည်နေ့ ဂုဏ်ပြုတေးသီချင်းတွေနဲ့ ဗိုလ်ချုပ်ရဲ့  ဒိုးဒိုးဒေါက်ဒေါက်မိန့်ခွန်းများကို မကြားရတော့တာရယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်တဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာ့ အသံက ထုတ်လွင့်ပေးတဲ့ ဥသြသံ လွမ်းသွဲ့သွဲ့ကို ဆို့နင့်လှိုက်လှဲစွာ မကြားရတော့တာရယ်၊ ပြီး အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်တဲ့ "ဒီနေ့ဟာ အာဇာနည်နေ့ပါလား"လို့ စိတ်ထဲမှာ လေးလေးနက်နက် သိရှိခံစားလို့ မရ နိုင်တဲ့အခြေအနေ အရပ်ရပ်တွကြောင့် ဖြစ်ရတာပါ။

ကောင်းကောင်ကြီး မှတ်မိနေပါသေးတယ်။ စာရေးသူတို့ မူလတန်းကျောင်းသား အလယ်တန်းကျောင်းသား ဘ၀တုန်းက အာဇာနည်နေ့ရောက်ပြီဆိုရင် ကျောင်းက ဆရာဆရာမတွေ နဲ့ ကျောင်းသူကျောင်းသားအားလုံး မနက်အစောကြီး ကျောင်းမှာစုပြီး အဲဒီကနေ လွတ်လပ်ရေးကျောက်တိုင်ရှိရာကို တိတ်တိတ်ဆိတ်ဆိတ် စည်း ကမ်းရှိရှိနဲ့ စုပေါင်းချီတက်ခဲ့ကြရတာတွေ။ ဟိုကိုရောက်တော့ ကျောင်းပေါင်းစုံက ချီတက်လာကြတဲ့ ဆရာဆ ရာမတွေ နဲ့ ကျောင်းသူကျောင်းသားတွေအပြင် ဌာနပေါင်းစုံက ၀န်ထမ်းကြီးငယ်တွေရယ်၊ ရပ်ကွက်အားလုံး က ပြည်သူပြည်သားတွေရယ် အားလုံး လွတ်လပ်ရေးကျောက်တိုင်ရှေ့ မှာ သူ့နေရာနဲ့သူ ရပ်ကြရတယ်။ ရှေ့  ဆုံးကရပ်နေတဲ့သူနှစ်ဦးက လွမ်းသူ့ပန်းခွေများကို ကိုယ်စီကိုယ်ငှ ကိုင်ထားကြလို့။

မနက်မိုးလင်းကတည်းက ၀ါးလုံးတိုင်ထိပ်ကအသံချဲ့ စက်နဲ့ ဖွင့်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့် ခွန်းများကို အားပါးတရကြီး နားထောင်ခဲ့ကြရတာ။ နှစ်တိုင်းနှစ်တိုင်းမှာ ဒီအချိန်ကိုရောက်လေတိုင်း နားထောင်ခဲ့ကြရတဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေက ဘယ်တော့မှ ရိုးအီမသွားတဲ့အပြင် ထပါခါတလဲလဲ နားထောင်ရလေတိုင်း ဗိုလ်ချုပ် ရဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာထားရှိခဲ့တဲ့ စေတနာတွေကို ပိုလို့ပိုလို့သာ နားလည်သဘောပေါက်လာပြီး အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကိုလည်း ပိုလို့ပိုလို့ လေးစားကြည်ညိုမိခဲ့ရတယ်။ တစ်ချိန်တည်းမှာ ဗိုလ်ချုပ်နဲ့ အတူ ကျဆုံးသွားခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကိုလည်း ပိုလို့ပိုလို့ လေးစားကြည်ညိုမိ ခဲ့ရတာပဲဖြစ်ပါတယ်။

ကျောင်းတွေမှာလည်း ဆရာဆရာမများက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း ၀မ်းနည်း ကြေကွဲခြင်းအ ထိမ်းအမှတ်နှင့်အတူ ဇာတိသွေးဇာတိမာန်တက်ကြွစေဖို့ ဟောပြောကြပါတယ်။ နောက်ပြီး အာဇာနည်နေ့အ ထိမ်းအမှတ် စာစီစာကုံးနဲ့ ကဗျာပြိုင်ပွဲများကို အလယ်တန်းအဆင့် နဲ့အထက်တန်းအဆင့်ရယ်လို့ အဆင့်နှစ် ဆင့်ထားပြီး ကျင်းပပေးကာ ဆုများချီးမြှင့်ပေးလေ့ ရှိ ခဲ့ပါတယ်။



နိုင်ငံတော်ဈာပန အခမ်းအနား ၁၉၄၇ ခုနှစ်




အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့စဉ်။
အနားမှ ရပ်နေသူမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုဖြစ်ပါတယ်။













အာဇာနည်နေ့ ဒို့မမေ့။

(ဓါတ်ပုံအားလုံးကို အင်တာနက်မှ ကူးယူဖော်ပြထားတာဖြစ်ပါတယ်။)

No comments:

Post a Comment