"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 1, 2012

ဧည့်သည်များ

ယခုတစ်လနှစ်လအတွင်း အိမ်မှာ ဧည့် အတော်လေးကျခဲ့ပါတယ်။

မြန်မာပြည်က လာတဲ့ဧည့်သည်၊
မလေးရှားက လာတဲ့ဧည့်သည်၊
စင်ကာပူ တစ်နိုင်ငံထဲက လာကြတဲ့ဧည့်သည်၊
လူငယ်တွေက အများစု။ လူကြီးက အနည်းစု စသဖြင့် စုံလို့ပါပဲ။

ဧည့်သည်လာတော့ ထုံးစံအတိုင်း စကားတွေပြောဖြစ်ကြတယ်။ ဟိုကမိတ်ဆွေတွေနဲ့ ဒီကမိတ်ဆွေတွေ အကြောင်း သာကြောင်းမာကြောင်းတွေ မေးရမြန်းရတယ်။

ကန့်ဘလူသူ ကန့်ဘလူသားများ

ကန့်ဘလူသူ ကန့်ဘလူသားများနှင့် သူတို့ရဲ့ မိတ်ဆွေအချို့ ။

စာရေးသူတို့မြန်မာလူမျိုးတွေမှာ ဒေသစွဲ မြို့ အစွဲလေးတွေရှိကြပါတယ်။ ဒါကလည်း ကိုယ့်မြို့ ကိုယ့်ဒေသကို ချစ်ကြလို့ပါ။ ဂုဏ်ပြုဂုဏ်ပြိုင်တဲ့သဘောနဲ့မဟုတ်ပါဘူး။ ဥပမာ စာရေးသူတို့ တက္ကသိုလ်ရောက်ပြီး အဆောင် မှာနေကြတော့ ကိုယ့်အခန်းကတခါးချပ်မှာ ကိုယ့်မြို့ ရဲ့ အမည်ကို နာမည်ရဲ့ နောက်မှာ ရေးထားလေ့ရှိကြတယ် ။ မောင်လှ (ရွှေဘို)၊ မောင်မြ (မော်လ မြိုင်) စသဖြင့်ပေါ့။

ဒီလိုပါပဲ။ နိုင်ငံခြားကို ရောက်ကြတဲ့အခါမှလည်း ကိုယ့်မြို့ ကိုယ့်ဒေသစွဲလေးတွေ တွေ့ကြရတာပါပဲ။ နိုင်ငံခြား ကို မထွက်လာခင်ကတည်းက ဟိုမှာ ကိုယ့်မြို့ ကိုယ့်ရွာက ဘယ်သူတွေရှိနေကြ ရောက်နေကြလဲဆိုတာအရင် စုံစမ်းခဲ့ကြတာ။ ပေးလိုက်တဲ့စာတို့ လက်ဆောင်တို့ယူပြီးကို လာခဲ့ကြတာ။ 

နိုင်ငံခြားကို ရောက်လာပြန်တော့လည်း ဒီမှာ အရင်က ရောက်နှင့်နေတဲ့သူကနေတဆင့် ကိုယ့်မြို့ ကိုယ့်ရွာက အခြားရောက်နှင့်နေကြသူများနဲ့ ထပ်တွေ့ပြီး အသိမိတ်ဆွေသစ်များ တိုးရပြန်ပါကော။

စာရေးသူတို့ စင်ကာပူနိုင်ငံကို စ,ရောက်စကတော့ ကိုယ့်မြို့ ကိုယ့်ရွာကသူတွေ တွေ့ဖို့မပြောနဲ့ မြန်မာပြည်က လူကိုတောင် သိပ်ပြီးမတွေ့ရသေးဘူး။ အပြင်ကိုထွက်လို့များ မြန်မာတစ်ဦးဦးကို တွေ့ရရင် ပျော်လိုက်မိတာ မပြောပါနဲ့တော့။ ကြိုက်ကြိုက် မကြိုက်ကြိုက် ဇွတ်ကြီးကိုမိတ်ဆက်ပြီး အနည်းဆုံး စကားလေးတစ်ခွန်းနှစ် ခွန်းတော့ ပြောဖြစ်အောင်ကို ပြောလိုက်မိတာ။   

အခုတော့ ကိုယ့်မြို့ ကိုယ့်ရွာကသူတွေ အတော်လေးရောက်နေကြပါပြီ။ 

စာလာသင်ကြသူတွေ၊ 
အလုပ်လာလုပ်ကြသူတွေ၊ 
သားသမီးတွေ မြေးတွေဆီ အလည်လာကြတဲ့သူတွေ၊
မြေးတွေကို ထိန်းပေး ကျောင်းကြိုကျောင်းပို့လာလုပ်ပေးနေကြတဲ့သူတွေ၊
ဆေးလာကုကြတဲ့သူတွေ၊ 
အစိုးရအလုပ် ကုမ္မဏီအလုပ်နဲ့ ခဏတဖြုတ်လာကြတဲ့သူတွေ စုံလို့ စုံလို့။ 

ဒီအထဲမယ်တော့ စာလာသင်ကြသူလူငယ်တွေနဲ့ အလုပ်လာလုပ်နေကြတဲ့လူငယ်တွေက အများစုပါ။ တစ်ချို့  က ကိုယ့်မြို့ ကိုယ့်ရွာက ကိုယ့်သူငယ်ချင်း ကိုယ့်အသိတွေရဲ့  သားသမီးမောင်ဖွား ကန့်ဘလူသူကန့်ဘလူ သားလေးတွေ။ 


လူငယ်များနဲ့ ရယ်ရယ်မောမော။


မိမိတို့အသက်ကြီးသူများက ပြောပြရသလို သူတို့ဆီကလည်း ပြန်ပြီးနားထောင်ရသေးတယ်။


ကန့်ဘလူမြို့ ရဲ့  ပရဟိတလုပ်ငန်းတစ်ခုမှ မြွေဆိပ်ဖြေဆေးနဲ့ အသက်ကယ်နေခြင်းကို ကိုကြည်ရွှင်က ယခုလိုပြောပြခဲ့။


ဒါ့ကြောင့် အိမ်ကိုလာကြတဲ့အခါ ဘယ်သူဘယ်ဝါရဲ့  သားသမီတွေလဲဆိုတာ အရင်မေးမြန်းပြီးမှ သူတို့မိဖတွေ အဘိုးအဖွားတွေ ဦးကြီးဦးလေးတွေနဲ့ အဒေါ်တွေအကြောင်း မေးရမြန်းရတာ။

-     မောင်ရင့်အဖေကော နေကောင်းရဲ့ လား။ ဟိုတုန်းကလို အလေးမလေ့ကျင့်နေတုန်းပဲလားကွ။ ဦးတို့ ဆယ်တန်းအောင်တဲ့နှစ်က တက္ကသိုလ်မသွားခင် တူမောင်တို့အိမ်ကိုသွားပြီး မောင်ရင့်အဖေနဲ့အတူ အလေးမကစားခဲ့ကြတာ။ တနှစ်က ကန့်ဘလူကိုပြန်တော့ သူ့ကို ဦးကိုလေးရဲ့ လက်ဖက်ရည်ဆိုင် မှာ တွေ့ခဲ့ရသေးတယ်။ ဦးက မေးတယ်လို့ ပြောပါကွာ။
-    ဒါနဲ့ သမီးတို့ဦးလေးတစ်ယောက် ဘယ်မှာရောက်နေလဲ။ ဟိုတုန်းကတော့ …….မြို့ မှာလို့ ကြားခဲ့တာ ပဲ။ ကျောင်းဆရာလုပ်တုန်းပဲလား။ အခုလောက်ဆို ပင်စင်ယူပြီးပြီလို့ ထင်ရတာပဲ။

တခါ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြတယ်။ 


စင်ကာပူမှာ ခေတ္တရောက်နေတဲ့ ဦးသောင်းကြည်ကလည်း "သက်ကြီးစကား သက်ငယ်ကြား" ဆိုသလို ..။


"ဦးတို့ ငယ်ငယ်တုန်းက .." လို့အစချီပြီး ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်ပြောင်း ပြောကြရင်းက လူငယ် မျိုးဆက်သစ်တွေကို အတွေ့အကြုံတွေ လက်ဆင့်ကမ်းကြရတယ်။ မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ်တို့အ ကြား တံတားထိုးဆက်စပ်ပြရသေးတာ။

မိမိက အသက်အရွယ်ကလေး အတော်အတန်ရလာတော့ မျိုးဆက်သစ်လူငယ်တွေအကြားမှာ ရှေးမီနောက် မီ ဖြစ်လာရကော။ 


လူငယ်တွေက သူတို့မကြားဖူးတာတွေ မသိခဲ့တာတွေ ကြားသိရတော့ စိတ်ဝင်တစားဖြစ်ကြ လို့။ မေခွန်းတွေ မေးကြလို့။ အချို့ လည်း တအံ့အသြဖြစ်ကြလား ဖြစ်ကြရဲ့ ။ ဟိုခေတ်ဟောင်း ကို ဒီမှာဘက်ခေတ်ကနေ ပြန်ကြည့်ရတော့ မယုံနိုင်စရာလေးတွေ ရှိလားရှိကြလေရဲ့ ။

ဥပမာ ဦးသောင်းကြည်တို့ခေတ်က ၈ တန်းနဲ့ ၉ တန်းကို တစ်တန်းတည်းထား သင်ကြားပေပြီး အစိုးရစစ်စာမေးပွဲကြီးဖြေတဲ့အခါ တစ်မေးခွန်းတည်း အတူတူဖြေကြရတာတဲ့။ အောင်စာရင်း ထွက်လာတော့ တစ်ချို့ က ၈ တန်းအောင်ပြီး နှစ်ယောက် သုံးယောက်လေက်ပဲ ၉ တန်း အောင်ပါသတဲ့။ ဒီကြားထဲ ၈ တန်းကျသူလည်း ရှိသေးတာ။ ဦးသောင်းကြည်တို့နောက် ကပ် လျက်က စာရေးသူတို့ခေတ်။ နှစ်လောက်ခြားမယ် ထင်တာပဲ။ စာရေးသူတို့ကျတော့ ၈ တန်း နဲ့ ၉ တန်းက တစ်တန်းစီ ရှိကြတာ။ ၈ တန်းက ကျောင်းစစ်။ ၉ တန်း (တန်းမြင့်ကျောင်းထွက် စာမေးပွဲ)က အစိုးရစစ်။ ၁၀ တန်း (တက္ကသိုလ်ဝင်တန်းလို့လည်း ခေါ်ကြတယ်)လည်း အစိုးရ စစ်။

စာရေးသူတို့ စတုတ္ထတန်းနဲ့ သတ္တမတန်းတွေတုန်းက အစိုးရစစ်စာမေးပွဲတွေ ဖြေခဲ့ကြရတယ်။ အဲဒီတုန်းက ၄ တန်းစကောလားရှစ်နဲ့ ၇ တန်းစကောလားရှစ်တွေရှိလို့ အဲဒီစာမေးပွဲဖြေကြတဲ့ အခါ မေးခွန်းတိုင်းရဲ့ အဆုံးမှာ ‘စကောလားရှစ်ဖြေဆိုသူများအတွက်သာ’ဆိုပြီး သီးသန့်မေး ခွန်းအပိုတွေပါသေးတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်အစိုးရတက်လာပြီးမှ စကောလားရှစ်ဆုပေးတာ ပျောက်သွားခဲ့တယ်။ အဲဒီနောက်တော့ လူရည်ချွန်စနစ် ပေါ်လာပြန်ကော။     

စကားတွေပြောကြတော့ အစားက မပါလို့ မဖြစ်ပြန်ပေဘူး။ 

ဒါကြောင့် အိမ်ရှင်မက ဧည်သည်တွေအတွက် အုန်းနိုခေါက်ဆွဲချက်ထားတာ။ 


သူတို့အတွက် များများချက်ထားတာဖြစ်လို့ အများကြီးစားကြဖို့၊ ရောက်ရောက်ချင်းတစ်ခါ ပြန် ခါနီးတော့တစ်ခါ နှစ်ခါစားကြဖို့ပြောရတယ်။ အိမ်ရှင်မရဲ့ လက်ရာကို ကြိုက်ကြတာကြောင့် သူ တို့ကလည်း အားကျမခံ အားပေးကြပါတယ်။ ဒီတော့ ချက်ကျွေးရသူက ၀မ်းသာမိရတယ်ပေါ့။ 

အိမ်ရှင်မက ချက်ထားတယ်ဆိုပေမယ့် စားဖို့သောက်ဖို့ပြင်ကြတဲ့အခါ သမီးငယ်တွေက ၀ိုင်းကူ ကြတာ။ အသီးတွေလှီးသူလှီး၊ လက်ဖက်ရည်ပုဂံချပေးသူချပေး၊ မုန့်ပွဲပြင်တဲ့သူ ပြင်ကြနဲ့။ စား သောက်ပြီးတော့လည်း ဆေးကြောပေးခဲ့ကြတာ။ 

 

နောက်ဆုံးပြန်ခါနီးတော့ အားလုံးက ဦးသောင်းကြည်နဲ့ စာရေးသူတို့ ဇနီးမောင်နှံကို ကန်တော့ သွားခဲ့ကြတယ်။ 

အားလုံးအဖို့ ပျော်ရွှင်စရာကောင်းပြီး အလွန်ပီတိဖြစ်စရာကောင်းတဲ့ နေ့ကလေးတစ်နေ့လို့ ပြောရမှာပါ။



1 comment:

  1. Very Touching!
    It shows your big heart and amazing Myanmar tradition of hospitality!
    God Bless You and Your Whole Family, Always and Forever, Saya TMA!!!!

    LMN

    ReplyDelete