"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 23, 2012

ဦးသန့် သို့မဟုတ် မီးလျှံထဲက ပန်းတစ်ပွင့် (၄) - နိဂုံး

၁၉၆၂ ခုနှစ်က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းခံထားရသည့် ကျောင်းသားသမဂ္ဂအဆောက်အဦဟောင်းမြေနေရာ။

ဦးသန့်၏ရုပ်ကလာပ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦအဟောင်းဝင်း(အပေါ်ပုံ)အတွင်းသို့ ပြောင်းရွေ့ ရောက်ရှိပြီးကတည်းက စာရေးသူသည် ယင်းနေရာသို့ ညနေတိုင်း သွားရောက်ခဲ့ပါသည်။ ည မိုး ကြီးချုပ်မှ ပြန်လာလေ့ရှိပါသည်။

ကျောင်းသားများ ရဟန်းသံဃာများနှင့် ပြည်သူပြည်သားများက အတူလက်တွဲပြီး စည်းစည်းလုံးလုံးညီညီ ညာညာဖြင့် ယာယီအုတ်ဂူ တည်ဆောက်ကြသည်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုအားပေးခဲ့ပါ၏။ မိမိကိုယ်တိုင်လည်း တတတ်တအားပါဝင်ပြီး အုပ်ခဲများလက်ဆင်းကမ်း သယ်ပေးခဲ့ပါသေးသည်။ 

မိမိသာ မဟုတ်၊ ရောက်လာကြသူတိုင်းက မတိုက်တွန်းရပါပဲလျက် ၀မ်းသာလှိုက်လှဲစွာဖြင့် သူ့အလိုလိုပါဝင် လုပ်အားပေးခဲ့ကြသည်ဖြစ်၏။ ၀ိုင်း၍လည်းလုပ်ကြ၊ လက်ခုပ်လက်ဝါး တဖြောင်းဖြောင်းလည်းတီးကြ၊ တစ်ဦး ကိုတစ်ဦး ညာသံချီလျက်အားပေးကြနှင့် ပျော်စရာလည်းကောင်းလှပါ၏။  

အပြင်မှလာကြသည့် အလှူရှင်များကလည်း စားသောက်ဖွယ်ရာမျိုးစုံတို့ကို တစ်မျိုးပြီးတစ်မျိုး ပေးကမ်းကျွေး မွေးလျက်ရှိကြပါသည်။ ငွေတွေလည်း ရက်ရက်ရောရော လှူကြသေးသည်။ အစားအသောက်တွေ ရောင်းကြ သဖြင့် ပွဲဈေးတန်းပမာ စည်စည်ကားကားဖြစ်နေ၏။

အုတ်ဂူတည်ဆောက်ပြီးတော့လည်း တရားပွဲများကို ညစဉ်ညတိုင်း သွားရောက်နားထောင်ခဲ့ပါသည်။ 

ဦးသန့်၏အုတ်ဂူဘေး၌ ပြည်သူ့တရားရုံးစင်မြင့်လေးရှိသည်။ အဲဒီမှာ ကျောင်းသားတွေ တစ်ယောက်ပြီးတစ် ယောက်တက်ကြခါ ဦးနေ၀င်းနှင့်သူ့အစိုးရတို့၏ လုပ်မှားကိုင်မှာများအားထောက်ပြလျက် စွဲချက်အမျိုးမျိုးတင် ကြပါတော့သည်။ အမှားတစ်ခုကိုထောက်ပြပြီး စွဲချက်တစ်ခု တင်လိုက်တိုင်း ပရိသတ်များ၏လက်ခုပ်သံများ က ဘ၀ဂ်ညံအောင်ထွက်ပေါ်လာကြသည်မှာ ကြက်သီးမွှေးညင်းထမျှပင်ရှိချေသည်။

ထို့နောက် ပြစ်ချက်တသီတတန်းကြီးကို ဖတ်ကြားလျက် စွဲချက်များတင်ပြီးသောအခါ မြန်မာ့ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌ သမ္မတဦးနေ၀င်းအား ပြည်သူ့တရားရုံးမှ သေဒဏ်အမိန့်ချမှတ်ကြေညာလိုက်သောအခါ ပရိသတ်ကြီး က သြဘာလက်ခုပ်များ သောင်းသောင်းညံမျှ တီးကြတော့သည်။ ထို့ပြင် ပါး စပ်မှလည်း ‘သေဒဏ် သေဒဏ်’ ဟု လိုက်ပါအော်ဟစ်ကြွေးကြော်ကြသေးသည်။


မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု။ (ဓါတ်ပုံ - အင်တာနက်)
မွေး = ၂၅ မေ ၁၉၀၇။     ကွယ်လွန် = ၁၄ ဖေဖေါ်ဝါရီ ၁၉၉၅။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်း။ (ဓါတ်ပုံ - အင်တာနက်)

စွဲချက်များတွင် ၁၉၆၂ ခုနှစ်က ဦးနု ၀န်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သည့် ပြည်သူများမှမဲပေးလျက် ရွေးချယ် တင်မြှောက်ထားသော အစိုးရကို ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် တော်လှန်ရေးကောင်စီ(စစ်တပ်)မှ အာဏာ သိမ်းယူခဲ့သည့်အကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပြောဆိုကြသည့် တက္ကသိုလ်ကျောင်းသူကျောင်းသား များအား စစ်တပ်က အကြမ်းဖက်နှိမ်နှင်းခဲ့သည့်အကြောင်း၊ နောင်တွင် နိုင်ငံ၏ထိပ်တန်းခေါင်းဆောင်များဖြစ် လာခဲ့ကြသည့် တက္ကသိုလ်ကျောင်းသားများ တချိန်က တွေ့ဆုံစည်းဝေးလှုပ်ရှားခဲ့ရာ သမဂ္ဂအဆောက်အဦ ကြီးအား ဗုံးခွဲဖျက်ဆီးပစ်သည့်အကြောင်း၊ စီးပွားရေးကျပ်တည်းမှုများအကြောင်း စသဖြင့် မကျေနပ်မှုများ အား ရင်ဖွင့်ခဲ့ကြလေသည်။ 

 

ကြမ္မာငင်သောည 

၁၁ ရက် ဒီဇင်ဘာ၊ ဗုဒ္ဓဟူး၊ ၁၉၇၄ ခုနှစ်။

အဲဒီနေ့ ညဦးပိုင်းက စာရေးသူနှင့်မိတ်ဆွေတစ်ဦးတို့သည် တက္ကသိုလ်ရိပ်သာလမ်းဖက်ရှိ မိန်းဂိတ်(တက္က သိုလ်ဝင်းတခါးကြီး)မှ ၀င်ကြပြီး ဦးသန့်၏အုတ်ဂူရှိရာသို့ သွားခဲ့ကြသည်။ ရဟန်းတော်များ၏တရားပွဲကို မတ်တတ်ရပ်ပြီး နားထောင်ခဲ့ကြ၏။ ကျောင်းသားသမဂ္ဂအဆောက်အဦဟောင်းဝင်းကြီးအတွင်းသို့ လူများ ၀င်လာမဆဲ တဖွဲဖွဲရှိနေပါသည်။

အသံချဲ့ စက်မှလည်း သတင်းကြေညာချက်များအား မကြခဏဆိုသလို ဖတ်ကြားအသိပေးလျက်ရှိနေပြီး ပရိသတ်များက လက်ခုပ်လက်ဝါးများ တခဲနက်တီးကြကာ အားပေးနေကြပါသည်။

သံဃာတော်များ တစ်ပါးပြီးတစ်ပါး စင်မြင့်ပေါ်သို့တက်ပြီး ဟောပြောနေကြ၏။

ဒီဇင်ဘာကာလဖြစ်သဖြင့် မိုးချုပ်လာသည်နှင့်အမျှ အအေးဓါတ်က တဖြည်းဖြည်းချင်း ပိုကဲ၍ လာပါသည်။ ကျောင်းသားသမဂ္ဂ၀င်းကြီးအတွင်းမှာ မီးလှုံဖို့မီးဖိုလေးများ ရှိနေကြသဖြင့်သာ အ တော်လေးချမ်းသည့်ဒဏ် ကို ခံနိုင်ပါ၏။

စာရေးသူတို့နှစ်ဦးမှာ ရိုးရိုးရှပ်အင်္ကျီများဝတ်ထားကြလေရာ ချမ်းသည့်ဒဏ်ကို သိသိသာသာ ကြီးခံစားကြရ သည်။ သို့ဖြစ်ပေရာ လှည်းတန်းဈေးနားက‘စေတနာရှင်လက်ဖက်ရည်ဆိုင်’ကိုသွားပြီး လက်ဖက်ရည်သောက် ကြရန် တက္ကသိုလ်ဝင်းထဲမှ ထွက်ခဲ့ကြပါသည်။

မိန်းဂိတ်မှထွက်ပြီး လှည်းတန်းဈေးရှိရာ လက်ယာဖက်သို့ နှစ်ဦးသား ထွက်အလာ တက္ကသိုလ်ဓမ္မာရုံနှင့်မျက် နှာချင်းဆိုင်နေရာ၌ ‘နတ်က,ရာ ကျီးမော’အဖြစ်နှင့် ကြုံရသေး၏။ သမဂ္ဂ၀င်းကြီးနှင့်မျက်နှာချင်းဆိုင်မှာရှိသည့် မန္တလေးဆောင်၏တောင်ဖက်က ပိတ်ထားသောဝင်းတခါးကြီးမှာ ကိုရင်လေးတစ်ပါးက စားပွဲပေါ်မတ်တတ် ရပ် လျက် ဒေါနှင့်မောနှင့် တရားဟောနေသည်ကို တွေ့ ရလေသည်။ သို့နှင့် လက်ဖက်ရည်ဆိုင်သို့ မသွားဖြစ် သေးပဲ လမ်းပေါ်မှာ မတ်တတ်ရပ်ကြည့်ရင်း သူ့တရားပွဲအား နားထောင်မိကြပြန်၏။

ကိုရင်လေးက ခေတ်တို့ စနစ်တို့ကို ဝေဖန်ထောက်ပြပြောဆိုတာထက် သမ္မတကြီးဦးနေ၀င်းနှင့်သူ့ဇနီးဒေါ်နီ နီမြင့်တို့အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြောဆိုလျက်ရှိရာ နားထောင်နေသည့်ပရိသတ်က တ၀ါးဝါးပွဲကျလို့ နေ ပါသည်။ ယနေ့အထိ မှတ်မှတ်ရရရှိနေသည်မှာ ပိန်ပိန်ကပ်ကပ်လေးဖြစ်သည့် ဒေါ်နီနီမြင့်အား နာမည်ရင်းအ တိုင်းမခေါ်ပဲ ‘ငဂျီးခြောက်မ’ ဟု ထပ်ခါတလဲလဲ ခေါ်ဝေါ်ပြောဆိုနေခြင်းပင် ဖြစ်ပါလေ၏။  

 

ဆက်ပြီးရေးပါဦးမည်။

 



No comments:

Post a Comment