"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 5, 2015

မုဒုံဝင်းစိန်တောရကျောင်းသို့


၁၃၇၇ ခုနှစ်၊ ပထမ၀ါဆိုလဆုတ် ၃ ရက်၊ 








ပြီးခဲ့သောမေလက မြန်မာပြည်သို့ ခေတ္ထအလည်ပြန်ခဲ့ဖြစ်သည်။

ယင်းခရီးအကြောင်းအတွေ့အကြုံအချို့ အား ဖေ့စ်ဘွတ်တွင် အချိန်နှင့်တစ်ပြေးညီ ခပ်တိုတိုလေးတွေ ဦးစွာရေးခဲ့ပြီးဖြစ်သည်။

ထို့နောက်တွင်မှ တစ်ချို့ ကို ကျွန်းသာယာဘလော့တွင် ပြန်လည်ကူးယူဖော်ပြခဲ့ပါသည်။

ယခုတစ်ခါမူ ဖေ့စ်ဘွတ်တွင် မရေးဖြစ်ခဲ့သော မြန်မာပြည်ခရီးသွားအတွေ့အကြုံများကို ကျွန်းသာယာစာ ဖတ်မိတ်ဆွေများအတွက် အချိန်ရသလို ဆက်လက်ရေးသားသွားပါမည်။




သက်ရှိထင်ရှား မဖူးလိုက်ရသော ၀င်းစိန်တောရဆရာတော်ကြီး



အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဒေါက်တာဘဒ္ဒန္တကေသရ (၀င်းစိန်တောရ ဆရာတော်ဘုရားကြီး)
ဓာတ်ပုံ- အင်တာနက်မှ။



မိမိတို့ဇနီးမောင်နှံ မြန်မာပြည်သို့မပြန်မီတစ်လခန့်အလိုဖြစ်သော ဧပြီလ ၂၆ ရက်နေ့က ၀င်းစိန်တောရ မွန်ဆရာတော်ဘုရားကြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဒေါက်တာဘဒ္ဒန္တကေသရ ပြန်လွန်တော်မူကြောင်း စိတ်မကောင်းစွာ ကြားသိခဲ့ရသည်။

ထိုစဉ်က မိမိတို့သွားမည့်ခရီးသည် ဇနီး၏မွေးရပ်ဇာတိဖြစ်သော မုဒုံမြို့ ဖြစ်လေရာ မိမိတို့ မူလက ဖူးမျှော် ရန်ရည်စူးထားခဲ့သော ဆရာတော်ဘုရားကြီးအား ဖူးမျှော်ခွင့်မရှိတော့ပြီ။

မုဒုံသူဖြစ်သော မိမိ၏ဇနီးပင်လျှင် သူအရွယ်ရောက်စက ဆရာတော်ဘုရားကြီး၏ဇာတိရွာဖြစ်သော လက် တက်ကျေးရွာရှိ ဆွေမျိုးများထံအလည်သွားရင်း ထိုစဉ်က မထင်ရှားသေးသော ဆရာတော်ကြီးအား တစ် ကြိမ်သာဖူးခဲ့ဘူးပါသည်။

ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားကြီးကို ၀င်းစိန်တောရဆရာတော်ဘုရားကြီးက စတင်ဦးစီးတည်ထား တော်မူစဉ်ဖြစ်သော စောစောပိုင်းနှစ်များ (လွန်ခဲ့သော ၁၈ နှစ်ခန့်ကဟုထင် ပါသည်။) မိမိတို့မိသားစု မုဒုံမြို့ သို့အလည်ပြန်ရောက်ခိုက် ဇနီး၏မောင်ဖြစ်သူကိုဝင်းနိုင်ကလိုက်ပို့သဖြင့် ကျောင်းသို့ရောက်ခဲ့သော်လည်း ဆရာတော်ကြီးမရှိသဖြင့် ထိုစဉ်က မိမိတို့မဖူးခဲ့ရပါချေ။  

ယခုတစ်ခေါက်တွင်မူ ယာယီစံကျောင်းတော်မှာထားရှိသော မှန်အခေါင်းအတွင်းရှိ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်အား ဖူးခွင့်ရခဲ့ပါတော့၏။

မိမိတို့ ၀င်းစိန်တောရကျောင်းသို့ ယခုနှစ်မေလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိသွားခဲ့ပါသည်။ 






ကားက မော်လမြိုင်-မုဒုံလမ်းမကြီးမှ အရှေ့ ဖက်ရှိ ၀င်းစိန်တောရကျောင်းမုခ်ဦးကို ကွေ့ဝင်လိုက်သည်နှင်. တစ်ဖက်တစ်ချက်တွင် စိမ်းစိမ်းစိုစိုသစ်ပင်များနှင့် ဈေးဆိုင်တန်းများရှိသောလမ်းအတိုင်း အနည်းငယ်သာ မောင်းဝင်ရပါသည်။ ကားကို ယာယီစံကျောင်း တော်ရှေ့ မှာရပ်ပြီး အုတ်လှေကားအနီလေးများအတိုင်း တက်လျက် ယာယီစံကျောင်းအထဲ ၀င်ခဲ့ကြ၏။

ဆရာတော်ဘုရားကြီး၏ဥတုဇရုပ်ကလာပ်ထားရှိရာ မှန်လုံခန်းရှေ့ တွင် ဘုရားဖူးများ တန်း စီရပ်နေကြ သဖြင့် မိမိတို့လည်း တန်းဝင်စီကြပါသည်။ ဆရာတော်ဘုရားကြီး ခြေဖ၀ါးတော်ဖက်မှအစပြုပြီး မှန်အ ခေါင်း၏လက်ဝဲဖက်အခြမ်းကို ဖူးကြရပါသည်။ မိမိက ဆရာတော်ကြီးအားဖူးရင်း ယခုဖော်ပြထားသော ဓာတ်ပုံများကို ရနိုင်သမျှရိုက်ယူခဲ့ပါသည်။

ထို့နောက် စံကျောင်းအတွင်း၌ ချိတ်ဆွဲပြသထားသော ဆရာတော်ကြီးလုပ်ငန်းမှတ်တမ်းဓာတ်ပုံများနှင့် ဒကာ-ဒကာမဧည့်သည်တော်မှတ်တမ်းဓာတ်ပုံများကိုကြည့်ရင်း အချို့ အား ရိုက်ယူခဲ့၏။


ဝင်းစိန်တောရမှ မော်လမြိုင်သို့သွားသည့် လမ်းတစ်လျှောက်တွင် မိမိ၏အသိအာရုံမှာ ဆရာတော်ကြီးအား ကြည်ညိုစွာဖူးမျှော်ခဲ့မိပါသည်။   






No comments:

Post a Comment