"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, July 16, 2019

စီပီအာနဲ့အေအီးဒီ သင်တန်း





ဒီကနေ့သင်တန်းတစ်ခု တက်ဖြစ်တယ်။

CPR + AED Certification Course ဆိုတဲ့ နေ့တစ်ဝက် (၄ နာရီကြာ) သင်တန်းပါ။ 

မနက် ၈ နာရီခွဲကနေ နေ့လည် ၁၂ နာရီခွဲအထိဖြစ်ပါတယ်။

မိမိအလုပ်လုပ်နေတဲ့ဆေးရုံက တက်ခိုင်းတာပါ။

စင်ကာပူနိုင်ငံရဲ့ အထင်ကရနေရာကြီးဖြစ်တဲ့ သြချတ် (Orchard) က Singapore Emergency Responder Academy ကို သွားတက်ခဲ့ပါတယ်။ 

သင်တန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့  နှလုံးရောဂါကြောင့် ရုတ်တရက်နှလုံးထိခိုက်ပြီး (Heart attack) လဲကျသတိလစ်နေသူများကို  Cardiopulmonary resuscitation (CPR) နည်းနဲ့ Automated External Defibrillator (AED) စက်ကိုသုံးပြီး အရေးပေါ်ရှေးဦးအသက်ကယ်ပေးနိုင်ရန်လို့ ဆိုပါတယ်။

အဲဒီလိုနှလုံးထိခိုက်မှုကြောင့် နှလုံးခုံရပ်သွားပြီး ရုတ်တရက်သေဆုံးသွားနိုင်ပါတယ်။ သေလဲသေနေကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့  ၂၀၁၅ ခုနှစ်က အမျိုးသားကျန်းမာရေးစာရင်းဇယားများအရ သိရတာက နှလုံးကြွက်သားတွေဆီကို သွေးရောက်တာနည်းလို့ (Ischemic heart disease) အသက်ဆုံးရှုံးကြရသူအရေအတွက်ဟာ စင်ကာပူနိုင်ငံမှာ တတိယအများဆုံးဖြစ်ပါတယ်။ 

ဒါကြောင့် စင်ကာပူအစိုးရက သူ့နိုင်ငံသူနိုင်ငံသားတွေကို ဒီသင်တန်းတွေတက်ဖို့ အထူးအားပေးပါတယ်။ 
တိုက်တွန်းလေ့ရှိပါတယ်။ 

စောစောကပြောခဲ့သလို အရေးအကြောင်းဟေ့ဆိုရင် CPR နည်းနဲ့ AED စက်သုံးလို့ သိနားလည်ပြီး တတ်ထားသူတိုင်းက အသက်ကယ်ပေးနိုင်ကြမှာပါ။


17/07/19 


သင်တန်းစ,မှာက မနက် ၈ နာရီခွဲဖြစ်လို့ အိမ်က အစောကြီးထွက်ခဲ့ပါတယ်။ 
ဂျူရောင်းဝက်စ်အရပ်ကနေ သြချတ်အရပ်အထိသွားရမှာ။ 
လမ်းထိပ်က အမြန်ဘတ်စ်ကားအမှတ် ၅၀၂ စီးသွားတာတောင် မိနစ် ၅၀ ကြာသေးတာ။ 

အဲဒီလို ၀ီရိယပိုသွားတဲ့အတွက် သြချတ်လမ်းကသင်တန်းကျောင်းမှတ်တိုင်ကိုရောက်တော့ မနက် ၇ နာရီ ၃၅ မိနစ်ပဲရှိပါသေးတယ်။ 

ဒါနဲ့လိပ်စာမြေပုံကို ကြိုပြီးကြည့်ထားတာကြောင့် သြချတ်လမ်းကနေ လက်ဝဲဘက်မှာရှိတဲ့ Cuppage Road ထဲကိုချိုးဝင်လိုက်တယ်။ 

၅ မိနစ်လောက်လျောက်ဝင်ပြီး လမ်းဆုံးရောက်တော့ Singapore Emergency Responder Academy(SERA) ရှိရာ ခန့်ငြားတဲ့အဆောက်အဦကြီးကိုတွေ့ရပါတယ်။





သင်တန်းကျောင်းရှိရာအဆောက်အဦကြီး


စောနေသေးလို့ ကျောင်းရှိရာကိုဝင်မသွားသေးပဲ အနီးအနားကိုလျောက်ကြည့်ဖြစ်ပါတယ်။ 

အားလုံးတိတ်တိတ်ဆိတ်ဆိတ်ရှိနေပါတယ်။

သေသေသပ်သပ်ညှပ်ထားပေးတဲ့ လမ်းဘေးခြံစည်းရိုးပင်တွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်းသစ်ပင်ကြီးများကလဲ စိမ်းစိမ်းစိုစိုတွေ့ရှိလှပြီး စိတ်ထဲမှာ အေးအေးချမ်းချမ်းခံစားမိပါတယ်။

အဲဒီမြင်ကွင်းလေး ၂ ခုကို ဓာတ်ပုံရိုက်ဖြစ်ခဲ့သေးတယ်။


 

စိမ်းစိုအေးချမ်းတဲ့စင်ကာပူနိုင်ငံရဲ့ နံနက်ခင်းမြင်ကွင်း


ဓာတ်ပုံရိုက်ပြီးနောက် အဆောက်အဦထဲဝင်ပြီး သင်တန်းကျောင်းရှိရာ ၃ ထပ်ကို တက်ခဲ့ပါတယ်။

သင်တန်းရုံးခန်းက မဖွင့်သေးဘူး။



သင်တန်းအခန်းလမ်းညွှန်


ဒါနဲ့ ရုံးခန်းရှေ့ က သင်တန်းအမျိုးအစားအလိုက် အခန်းလမ်းညွှန်စာကိုဖတ်ကြည့်နေတုန်း အသက် ၆၀ ကျော်လောက်ရှိလိမ့်မယ်လို့ခန့်မှန်းရတဲ့ သင်တန်းဆရာတစ်ဦးက ဘာသင်တန်းတက်ဖို့လဲလို့ မိမိကို မေးတာနဲ့ပြောပြလိုက်ပါတယ်။

ဒီအခါမှာ သူက အသက်ဘယ်လောက်ရှိပြီလဲလို့ ထပ်ပြီးမေးပြန်ပါတယ်။

၇၁ နှစ်လို့ပြောလိုက်တော့ 'ဒီသင်တန်းက သိပ်ပြီးပင်ပန်းတယ်နော'။

'၁ မိနစ်ကို အကြိမ် ၁၀၀ နှုန်းနဲ့ ၂ မိနစ်ကြာ ဒူးထောက်ပြီး လက်ဖနောင့်နဲ့ဆက်တိုက်ကြီး မရပ်မနားဖိပေးရတာ (compression)။ ဖြစ်ပါ့မလားဗျာ'လို့ မိမိကို စိုးရိမ်ဟန်နဲ့ပြောပါတယ်။

မိမိက ဘာမှပြန်မပြောပဲ ပြုံးဘဲပြုံးနေလိုက်ပါတယ်။

အင်း ဒါပေမယ့် စိတ်ထဲမှာတော့ ..
ငါက physiotherapist ဆိုတာ သူမှ မသိရှာပဲကိုးလို့ တွေးမိပါတယ်။

ဟုတ်တယ်လေ။

မိမိတို့ physiotherapist တွေဆိုတာ ခေတ်မီစက်တွေကိုသုံးပြီး အကြောအဆစ်ရောဂါဝေဒနာများကို ကုသပေးနေသလို လက်ချောင်းနဲ့လက်တွေကို ကျွမ်းကျင်စွာသုံးပြီးတော့လဲကုသပေးနေကြရတာဖြစ်တယ်။

ကျွမ်းကျင်မှုနဲ့အတူ တစ်ခါတခါမှာ လက်နဲ့လက်မောင်းအင်အားတွေထည့်သုံးရတယ်။
တစ်ခါတခါမှာတော့ အင်အားကိုချိန်ဆထိန်းကျောင်းပြီး အချိန်ကြာကြာလုပ်ပေးကြရတာမျိုးလဲ ရှိပါတယ်။

Strength and stamina နှစ်မျိုးလုံးပေါ့။







No comments:

Post a Comment