"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 7, 2019

Lakeside ဘူတာအလွမ်း (၃)


မိမိစင်ကာပူနိုင်ငံသို့စပြီးရောက်ကတည်းကနေခဲ့သော တိုက်အမှတ် ၅၁၈ နှင့် အနီးဝန်းကျင်ကို များစွာနှစ်သက်ပါသည်။

စင်ကာပူနိုင်ငံ၏နာမည်ကျော် MRT ရထားနှင့်နီးသည်။
လမ်းကလေးကျော်လိုက်ရုံသာ။
မြို့ ထဲအထိသွားနိုင်သော ဘတ်စ်ကားမှတ်တိုင်နှင့်လည်း နီးသည်။

နောက်ပြီး အိမ်၏အနောက်ဖက်ကပ်လျက်မှာ မြို့ နယ်အတွင်းကအကောင်းဆုံးမူလတန်းကျောင်းတစ်ခုဖြစ်သော Rulang Primary School ရှိသည်။

ကျောင်းဝင်ခွင့်ရရန်အပြိုင်အဆိုင်ရှိပြီး ခက်ခဲသောထိုကျောင်းမှာ သမီးနှင့်သားတို့ ပညာသင်ကြားခွင့်ရခဲ့ကြသည်။




လိတ်ဆိုက်ဘူတာမှ သမီးတို့အိမ်သို့သွားသည့်လမ်းကြောင်း (မျှားပြထား)



ထိုနေရာတွင်နှစ်အတော်ကြာကြာနေခဲ့ပြီးနောက် မိမိတို့တိုက်အရှေ့ ဘက်ရှိကွင်းပြင်တွင် ကွန်ဒိုမီနီယံဆောက်လာသဖြင့် ယခုနေရာတောစပ်သို့ပြောင်းလာခဲ့ခြင်းဖြစ်သည်။

‘တောစပ်’ ဟုပြောရခြင်းမှာ မိမိတို့အိမ်၏အနောက်ဘက်တွင် မည်သည့်တိုက်တာအဆောက်အဦမှမရှိပဲ တောအုပ်သာရှိသောကြောင့်ဖြစ်သည်။ တောအုပ်နှင့်မိမိတို့တိုက်အကြားတွင် အမြန်ကားလမ်းမကြီးသာရှိ၏။ မျက်စိအေးလှပါသည်။
စိမ်းစိမ်းစိုစို ညှို့ ညှို့ မှိုင်းမှိုင်း။

နေရာသစ်သို့ပြောင်းရွေ့ လာပြီးနောက် လိတ်ဆိုက်ဘူတာသို့ အရောက်အပေါက်နည်းသွားတော့၏။ တစ်ခါတရံမှသာ ရောက်တတ်ပါသည်။

လွန်ခဲ့သော ၄ နှစ်ကျော်လောက်ကမူ သမီးတို့မိသားစုက ဘွန်လေးအရပ်မှ ယွမ်ချင်းလမ်းအနီးသို့ပြောင်းရွေ့ လာသဖြင့် လိတ်ဆိုက်ဘူတာသို့ မိမိတို့ဇနီးမောင်နှံ မကြာခဏရောက်သွားလေ့ရှိပြန်ပါသည်။

မိမိတို့အိမ်မှ သမီးတို့အိမ်သို့သွားပါက အမှတ် ၄၉ ဘတ်စ်ကားစီးပြီး လိတ်ဆိုက်ဘူတာမှာဆင်းရသည်။

တစ်ခါ ဘူတာ၏အနောက်ဘက်ရှိကွင်းကို အမိုးပါသည့်လူသွားလမ်းလေးအတိုင်း ၅ မိနစ်ခန့်ဖြတ်လျောက်ရသည်။ အဲဒီကမှ ယွမ်ချင်းလမ်းဘေးပလက်ဖောင်းအတိုင်း ၄ မိနစ်ခန့်လျောက်ပြီး ကျောင်းဘေးလမ်းကြားကတဆင့် နောက်ထပ် ၅ မိနစ်လျောက်ရုံဖြင့် သမီးတို့အိမ်သို့ရောက်ပါတော့သည်။

လိတ်ဆိုက်ဘူတာ၏အနောက်ဘက်ရှိကွင်း (ဘောလုံးကွင်းတစ်လျားခန့်) ကိုဖြတ်သွားရသောအခါ အပြုအ ပြင်မရှိသောသဘာဝမြက်ခင်းကို ယခင်ကဖြတ်သွားခဲ့ကြရသည်များကို တစ်ခါတခါမှာ အမှတ်ရမိသေးတော့။ 

လူသွားပါများသဖြင့် အချို့ နေရာတို့တွင် မြေသားအနည်းငယ်ကိုတွေ့ရသော်လည်း ခြေနှစ်ဖ၀ါး သုံးဖ၀ါးစာ လောက်သာကျယ်လေသည်။ လူနှစ်ဦးပင် မရှောင်တိမ်းသာသဖြင့် မြက်ခင်းထဲကိုပါနင်းသွားကြရသည်။ မိုး ရွာသောနေ့များတွင်လူသွားလမ်းလေးမှာ ဗွက်ထလေ့ရှိပြီး ရေစပ်စပ်ရှိနေသောမြက်ခင်းများအပေါ်ကသာ သွားကြရသည်။ 



လူသွားမြေသားလမ်းလေးမှ အမိုးအကာနှင့်ကွန်ကရစ်လမ်းဖြစ်လာခဲ့။


ယခုအခါ ပုံတွင်မြင်တွေ့ကြရသည့်အတိုင်း ယင်းလူသွားလမ်းလေးမှာ ကွန်ကရစ်လမ်းနှင့် အမိုးနှင့်ဖြစ်နေပေ ပြီ။ 
အဆင်ပြေလှပေစွ။

သမီးတို့အိမ်သို့အလယ်သွားသည့်အခါ လိတ်ဆိုက်ဘူတာကိုရောက်တတ်သလို မိမိအလုပ်သွားသောအခါတွင်လည်း ဘတ်စ်ကားအမှတ် ၄၉  စီးက ယင်းဘူတာမှာပင်ဆင်းပြီး ရထားစီးရပြန်ပါသည်။ 

အလုပ်သို့သွားသောအခါ မိမိတို့နေရာမှ ဂျူရောင်းအိစ်ဘူတာ သို့မဟုတ် လိတ်ဆိုက်ဘူတာသို့ရောက်ရန် ဘတ်စ်ကား ၂ စီးစီးနိုင်သည်။ မိမိက အရင်လာသောဘတ်စ်ကားကို စီးလေ့ရှိသည်။ အချိန်သက်သာစေရန်ဖြစ်သည်။ 

မည်သည့်ဘူတာက ရထားစီးစီး နောက်ပိုင်းခရီးစဉ်မှာ အတူတူပင်ဖြစ်သည်။ 

ထိုကြောင့် ဆေးရုံတွင်အလုပ်ပြန်စလုပ်သော ပြီးခဲ့သည့်နှစ်ကုန်ကစပြီး လိတ်ဆိုက်ဘူတာကို အရောက်များလာခဲ့ရပြန်တော့၏။


















No comments:

Post a Comment