ဒီဗွီဘီသတင်းတွင်ဖော်ပြထားသော Pen Myanmar ၏ ၀မ်းနည်းကြောင်းစာ
ဒီကနေ့ (ဇူလိုင်လ ၁ ရက်၊ တနင်္လာ) ည ၁၀ နာရီကျော်လောက်မှာ အိပ်ရာကတရေးနိုးလာပြီး ဖေ့စ်ဘွတ်စာမျက်နှာတွေကိုကြည့်လိုက်တဲ့အခါ မိမိချစ်ခင်လေးစားရသော စာရေးဆရာမကြီးဒေါ်ကလျာ (၀ိဇ္ဇာ/သိပ္ပံ) ကွယ်လွန်သွားကြောင်းသတင်းကိုတွေ့လိုက်ရပါတယ်။
ရန်ကုန်က အကြောအဆစ်ကုပညာရှင်ဒေါ်ဇင်လဲ့ဦးက ပြန်တင်ထားပေးတာပါ။
ဒါနဲ့ ၀မ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းစာတိုလေး ရေးခဲ့ပါတယ်။
ဆရာမကြီး၏ခင်ပွန်း ဆရာကြီးကာတွန်းဦးစိန်ကြီးမိသားစုနှင့်ထပ်တူ များစွာစိတ်မကောင်းဖြစ်မိရပါတယ်။
ဆရာမကြီး၏အိမ်တွင်ရိုက်ခဲ့သောအမှတ်တရဓာတ်ပုံ (၀ဲအစွန် - ကာတွန်းဦးစိန်ကြီး)
မြန်မာပြည်ကိုအလည်ပြန်လို့ ရန်ကုန်ကိုရောက်တိုင်း ဆရာမကြီးဆီကိုသွားရောက်နှုတ်ဆက်ဂါရ၀ပြုလေ့ရှိပါတယ်။ ဆရာမကြီးကလည်း မိမိကို ကိုယ့်တူကိုယ်သားတစ်ယောက်လို ခင်မင်ရှာပါတယ်။
ဆရာမကြီးနဲ့ပတ်သက်ပြီး ဆရာမကြီး၏ခင်ပွန်းဖြစ်သူ တစ်ချိန်တခါက နာမည်ကျော်ကာတွန်းဆရာကြီးဦးစိန်ကြီးနဲ့မိသားစုများကိုပါ သိကျွမ်းခင်မင်ခဲ့ရပါတယ်။
၁၉၈၀ ခုနှစ်များက ရန်ကုန်အရိုးရောဂါကုဆေးရုံကြီးမှာ မိမိတာဝန်ကျနေစဉ် စာတွေအများကြီးရေးဖြစ်ခဲ့စဉ်က ဆရာမကြီးဦးစီးထုတ်ခဲ့တဲ့ ကလျာအမျိုးသမီးမဂ္ဂဇင်းမှာ ဆောင်းပါးတွေရေးရင်း ဆရာမကြီးနှင့်သိကျွမ်းခဲ့ပါတယ်။
အဲဒီတုန်းက ကလျာမဂ္ဂဇင်းတိုက်က သိမ်ဖြူတင်းနစ်ကစားကွင်းနဲ့မျက်နှာချင်းဆိုင်မှာရှိခဲ့တာပါ။ အခုလက်ရှိဆရာမကြီးနေတဲ့အိမ်နဲ့ သိပ်ပြီးမဝေးလှပါဘူး။ မဂ္ဂဇင်းတိုက်ကိုစာမူသွားပို့ရင်း အေးဆေးတည်ငြိမ်ပြီး သိမ်မွေ့မှုရှိတဲ့ဆရာမကြီးနဲ့ တခါတခါမှာ ကြုံတွေ့ရတတ်ပါတယ်။
ဒါပေမယ့် ထိုစဉ်က ကလျာမဂ္ဂဇင်းမှာ တာဝန်ခံအယ်ဒီတာလုပ်နေတဲ့ ကိုသက်ကြူ (စာရေးဆရာမောင်သက်ကြူ) နဲ့ လူငယ်သဘာဝ တိုက်အနီးနားက လက်ဘက်ရည်ဆိုင်မှာထိုင်ပြီး စကားပြောဖြစ်ကြပါတယ်။
ဒီနောက်ပိုင်း စင်ကာပူကသူ့အမျိုးတွေဆီကို ဆရာမကြီးအလည်လာတုန်းကလဲ တွေ့ဆုံခဲ့ကြရပြန်ပါတယ်။ အဲဒီအချိန်က အရေအတွက်သိပ်မများလှသေးတဲ့ နှစ်ထပ်ဘတ်စ်ကားအသစ်ကြီးရဲ့ အပေါ်ထပ်ရှေ့ ဆုံးခုံတွေမှာထိုင်ပြီး စာရေးသူတို့ဇနီးမောင်နှံက ဆရာမကြီးကိုလိုက်ပြခဲ့ကြပါတယ်။ စကားတွေလဲ အများကြီးပြောဖြစ်ခဲ့ကြပါတယ်။
ရန်ကုန်မှာတော့ ဆရာမကြီးတို့မိသားစုပြောင်းရွေ့ နေထိုင်ခဲ့ကြတဲ့အိမ်တိုင်းကို မရောက်ရောက်အောင်သွား ရောက်တွေ့ဆုံခဲ့ပါတယ်။ ဆရာမကြီးနေတဲ့သုဝဏ္ဏကအိမ်ကို ရောက်ခဲ့တုန်းက ဆရာမကြီးက မိမိတို့ကို အလုပ်မအားလပ်တဲ့ကြားက ထမင်းဖိတ်ကျွေးတဲ့အပြင် သူနှင့်မိမိတို့နှစ်ဦးလုံးနဲ့ရင်းနှီးကြတဲ့ စာရေးဆရာကြီးများဖြစ်ကြသော မောင်လင်းယုန်(ရှမ်းပြည်)နဲ့ မောင်သက်ကြူတို့ကိုပါ တွေ့ရအောင်ကြိုတင်ဖိတ်ကြားထားပေးခဲ့ပါတယ်။
(၂၊၇၊၁၉ အင်္ဂါနေ့)
မြန်မာ့အလင်းသတင်းစာ (၂ ရက် ဇူလိုင်၊ ၂၀၁၉)
ဆရာမကြီးအကြောင်းအမှတ်တရလေးတွေကိုရေးနေတုန်းမှာပဲ ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၁၀) မှာ စာရေးဆရာမသန်းမြင့်အောင်ရေးထားတဲ့ 'ချစ်ခြင်းတရား၏သင်္ကေတ' ဆောင်းပါးကိုဖတ်ရပြီး ဆရာမကြီးကို ပိုပြီးသတိတရဖြစ်မိပါတယ်။
ဒီကနေ့ထုတ်ကြးမုံသတင်းစာမှာလဲပဲ ဆရာမကြီးအမှတ်တရဆောင်းပါး ၂ ပုဒ်ကို ဖတ်ရပြန်ပါတယ်။
စာရေးဆရာမောင်မိုးသူကေ'ဒ်ါကလျာနှင့်မောင်မိုးသူ'
စာရေးဆရာမ ဂျူးက 'ခွန်းဆက်လို့လွမ်း'
အစရှိတဲ့ခေါင်းစဉ်များနဲ့ရေးထားကြတာပါ။
No comments:
Post a Comment