"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, June 28, 2019

ဆေးရုံအလုပ် တစ်ကျော့ပြန် (၃)




ဆေးရုံမှာ လူနာနှင့်သက်ဆိုင်သော အချက်အလက်များကို ကွန်ပြူတာသုံးရသည့်အကြောင်း ရှေ့ မှာအနည်းငယ်ပြောပြခဲ့ပြီးပါပြီ။




ဆေးရုံတွင် လူနာ၏အမည်၊ မွေးက္ကရာဇ်၊ အသက်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပတ်၊ ဓာတ်ပုံ အစရှိသည့် လူတစ်ဦးစီ၏အရေးကြီးသောမှတ်တမ်းမှတ်ရာများရှိသဖြင့် ယင်းတို့ကို လူနာနှင့်တာဝန်အရ တိုက်ရိုက်ပတ်သက်သူများမှအပ အခြားသောမသက်ဆိုင်သူများသိရှိခြင်း၊ တွေ့မြင်ခြင်း၊ ရယူခြင်း (ခိုးယူခြင်း)၊ အသုံးချခြင်း (ဥပမာ၊ ရောင်းစားခြင်း) အစရှိသည်တို့မဖြစ်စေရန် အထူးဂရုပြုရပါသည်။

စင်ကာပူနိုင်ငံသည် လူတစ်ဦးစီ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဥပဒေအရ Personal Data Protection Act (PDPA) ဖြင့် တင်းတင်းကျပ်ကျပ်ကာကွယ်စောင့်ရှောက်ပေးထားရာ အစိုးရရုံးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့်ဝန်ထမ်းများက စည်းကမ်းတကျ စောင့်ရှောက်ကြရန်တာဝန်ရှိပါသည်။  

အကယ် ဌာနကြောင့်ဖြစ် ၀န်ထမ်းတစ်ဦးဦးကြောင့်ဖြစ်စေ လူတစ်ဦး၏ကိုယ်ရေးကိုယ်တာအချက်အလက်တစ်စုံတရာ ပေါက်ကြားမှုရှိက အရေးယူမှုခံကြရမည်ဖြစ်သည်။ 

ထိုကြောင့် ဆေးရုံမှကွန်ပြူတာအားလုံးသည် အလုပ်နှင့်သက်ဆိုင်သည့်ကိစ္စမှလွဲပြီး တခြားအသုံးပြုမှုများပြုလုပ်မရပေ။ ဂူဂယ်တွေ၊ ယူကျု့ တွေ၊ ဖေ့စ်ဘွတ်တွေ၊ အင်တာနက်တွေ ဘာဆိုဘာမှ မရပါချေ။ အီးမေးဆိုကလည်း အလုပ်ကပေးထားသည့်အီးမေးလိပ်စာကိုသာ သုံးနိုင်ပါသည်။

အလုပ်အဆင်ပြေအောင်စီစဉ်ပေးထားပုံ နမူနာလေးတစ်ခုကိုပြောပြချင်ပါသေးသည်။

မိမိသည် ဆေးရုံသို့ရောက်သည်နှင့် ပထမဆုံးအလုပ်အနေဖြင့် ကွန်ပြူတာကို စပြီးသုံးလေ့ရှိသည်။ 

မိမိတာ ၀န်ကျသောအဆောင် (ward) များမှ တာဝန်ခံဆရာဝန်တွေက မိမိ (Physiotherapy Department) ထံ လူနာများလွှဲထားခြင်းရှိမရှိ ကြည့်ပါသည်။ 

ဆိုကြပါစို့။ အဆောင် (၁) မှ ဦးမြ၊ အဆောင် (၄) မှ ဒေါ်လှ၊ အဆောင် (၅) မှ မောင်ကို စသဖြင့်။ ဘယ်အတွက် Refer လုပ်ရကြောင်းမှတ်ချက်ပါရှိသည်။ ဥပမာ၊ balance and gait training, ortho assessment, weight management, oteoporosis, musculoskeletal assessment အစရှိသည်များ။ 

လူနာအား မည်ကဲ့သို့ စမ်းသပ်ရမည်၊ မည်သည့်နည်းဖြင့် ကုသပေးရမည်ဟု လုံးဝမပါရှိပါချေ။ 

သူတို့လူနာအတွက်လိုအပ်တာကိုပဲ အသိပေးခြင်းဖြစ်သည်။

ယနေ့ လူအသစ် ၃ ဦးအား ကြည့်ပေးရမည်ဟုသိပြီးသောအခါ မိမိသည် အဆောင် (၁) က ဦးမြ၏လူနာမှတ်တမ်းကိုဖတ်ရန် ကွန်ပြူတာတွင် Location နေရာရှိ အဆောင် (၁) ကိုနှိပ်ရသည်။ အဆောင် (၁) မှ လူ နာအားလုံး၏အမည်စာရင်းတွေထွက်လာသောအခါ ဦးမြအမည်နေရာကိုနှိပ်ခြင်းဖြင့် သူ၏လူနာမှတ်တမ်းအပြည့်အစုံတွေ့ရတော့ပြီ။ 

အသက်၊ မှတ်ပုံတင်အမှတ်၊ ရောဂါအမည် (diagnosis) နှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၏ကုသပေးမှုများ၊ သူနာပြုဆရာ ဆရာမများ၏ပြုစုစောင့်ရှောက်ထားမှုများနှင့်တွေ့ရှိချက်များ (အအိပ်အနေ၊ အစားအသောက်၊ သွားလာလှုပ်ရှားမှု) စသည်တို့ကိုအသေးစိတ်သိရှိနိုင်သည်။ 

ထိုအခါ မိမိတို့ Physiotherapy နှင့်သက်ဆိုင်သည်များ သိသင့်သည်များကို မှတ်ရ၏။ 

ဥပမာ၊ လေဖြတ်ထားသည်။ ခြေထောက်ကျိုးခဲ့ဖူးသည်။ ပခုံးဆစ်ကပ်သည်။ ဒူးနာ ခါးနာသည်။ တခြားရောဂါတစ်ခုကြောင့် လမ်းမလျောက်နိုင်သည်မှာ မည်မျှကြာခဲ့ပြီ စသဖြင့်။ 

နောက်ဆုံးတိုင်းထားသော သွေးပေါင်ချိန်၊ သွေးခုံနှုန်း၊ အသက်ရှူနှုန်း၊ သွေးထဲရှိအောက်ဆီဂျင်ပ မာဏ (SpO2) တို့ကိုလည်း ကြည့်သွားရ၏။ 

ယင်းသို့လူနာများအကြောင်းကို ကြိုတင်ဖတ်ပြီးမှသွားရသဖြင့် လူနာကိုမမြင်တွေ့ရသေးခင်မှာပင် လူနာ၏ ရောဂါဝေဒနာအခြေအနေများနှင့်ရင်းနှီးပြီးဖြစ်လေသည်။

             
             Chest Physiotherapy                     


ဆေးဘက်ပညာသိပ္ပံတွင် မိမိတို့ကျောင်းသားဘ၀က အကြောအဆစ်ပညာရပ်၏ဘာသာ ရပ်တစ်ခုဖြစ်သော အသက်ရှူခြင်းလုပ်ငန်းအကြောင်း (Respiratory system) သင်ယူခဲ့ ရပြီးနောက် အသက်ရှူခက်ခဲပြီး အဆုတ်အတွင်းသလိပ်များစုနေသောလူနာများအား ပုံမှန် အသက်ရှူလေ့ကျင့်နည်း (breathing exercise) ကို သင်ပေးခဲ့ရသည်။ 

တစ်ချိန်တည်းမှာ အဆုတ်တွင်းက သလိပ်အပုတ်အသိုးများကို ချောင်းဟတ်ပြီးထွက်လာ နိုင်စေရန် ရင်ခေါင်း (chest wall) အား လက်ခုပ်ဖြင့်ပုတ်ပေးရသည် (percussion)။ ရင်ခေါင်းကို လက်ဖ၀ါးနှစ်ဘက်ဖြင့်ညှစ်ကိုင်ပြီး လှုပ်ခါပေးရသည် (vibration and shaking)။ 

ထိုသို့ပြုလုပ်ပေးသဖြင့် လူနာကချောင်းတွေဟတ်(ဆိုး)ကာ သလိပ်တွေထွက်လာသည်ကို မြင်ရသောအခါ ၀မ်းသာမိခဲ့သည်။ ယင်းသို့သလိပ် တွေထွက်သွားပြီး ကြည်လင်လာသော လူနာ၏မျက်နှာကိုတွေ့ရသောအခါ မိမိတို့မှာ ပီတိဖြစ်မဆုံးတော့ပေ။

မိမိသည် အထက်ပါအသက်ရှူလေ့ကျင့်ကုသနည်းမျိုး (Chest Physiotherapy) ကို မွန် ပြည်နယ်ဆေးရုံကြီး မော်လမြိုင်တွင် ၁၉၈၀ နှစ်လောက်ကနောက်ဆုံးပြုလုပ်ပေးခဲ့ရသည်။ သည်နောက်ပိုင်းအလုပ်များတွင် လူနာအမျိုးအစားမတူသဖြင့် လုံးဝအသုံးချခွင့်မရခဲ့ပေ။


နှစ်ပေါင်းများစွာကြာပြီး ယခုတခါ ဆေးရုံတွင်အလုပ်လုပ်ရသောအခါတွင်မှ ယင်းပညာကို ပြန်လည်အသုံးပြုလျက် အဆုတ်ရောဂါဝေဒနာရှင်များကို ကုသပေးခွင့်ရပါတော့သည်။ 






No comments:

Post a Comment