"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 29, 2013

ခရီးတစ်ခု (၃)



ထိုင်ဝမ်


၁၃၇၅ ခုနှစ်၊ တော်သလင်းလဆုတ် ၁၀ ရက်။



Thao တိုင်းရင်းသား အမှတ်တရပစ္စည်းဆိုင်။ (ဓာတ်ပုံ - ဖိုးတာ)
Thao တိုင်းရင်းသားကျေးရွာ။ (ဓာတ်ပုံ - ဖိုးတာ)




Thao တိုင်းရင်းသားရွာမှာ တစ်နာရီကြာအချိန်ဖြုံးကြပြီး ဘတ်စ်ကားပြန်မထွက်ခင် လက်ဆောင်ပစ္စည်းဆိုင် တွင် မိနစ် ၂၀ ခန့် ၀င်ကြည့်ကြပါသေးတယ်။ မိမိက လက်နဲ့လုပ်ထားတဲ့ ဇီးကွက်ရုပ်သေးသေးလေးတွေပါတဲ့ သော့တွဲ၊ ထိုင်ဝမ်နိုင်ငံပုံပါတဲ့ သော့တွဲ၊ နေ လ ကန်ပုံပါ သံလိုက်ကပ်ပြား၊ တိုင်းရင်းသားရုပ် ၂ ရုပ်နဲ့ သမီးအ တွက် Thao တိုင်းရင်းသားလွယ်အိပ်တို့ ၀ယ်ခဲ့ပါတယ်။  

နံနက် ၁၁ နာရီမှာ တိုင်းရင်းသားရွာကနေထွက်လာတဲ့ ဘတ်စ်ကားက 'နေ လ ကန်ကြီး'ရဲ့  သစ်ပင်ရိပ်ထူထပ် စွာအုပ်မိုးထားတဲ့ ကန်ပတ်လမ်းတလျှောက် (၃ ပုံ ၂ ပုံ ခရီးခန့်)ကို လှည့်ပတ် မောင်းလာခဲ့ရာ ကန်ရှုခင်းဓာတ် ပုံများစွာ ရိုက်ခဲ့ပါတယ်။ ဗွီဒီယိုလည်း ရိုက်ခဲ့ဖြစ်ပါတယ်။ နေရာအမျိုးမျိုးကနေ အတော်လေးကြည့်လို့ကောင်း ပါတယ်။ အချို့ နေရာတွေမှာ ကျန်းမာရေးလေ့ကျင့်ရင်း လမ်းလျှောက်နေကြသူများနဲ့ပြေးနေသူများ တွေ့ရပါ တယ်။  




နေ လ ကန်ကြီး၏ ရှုခင်းအလှများ။ (ဓာတ်ပုံ - ဖိုးတာ)



နေ လ ကန်ကြီးက ထိုင်ဝမ်နိုင်ငံ၏ အကြီးဆုံးရေချိုအရင်းအမြစ်ဖြစ်သလို တောတောင်သဘာဝရှုခင်းများ ဖြင့်လည်း ပနံရတင့်တယ်လို့နေပါတယ်။ ကန်ထဲမှာ မော်တော်ဘုတ်လှလှလေးတွေကို မြင်တွေ့ခဲ့ရပါတယ်။ ကန်ရဲ့ အရှေ့ ဖက်အခြမ်းက'နေ'နဲ့တူပြီး အနောက်ဖက်အခြမ်းကတော့ ''နဲ့တူတယ်လို့ ပြောကြပါတယ်။ ရေအနက် ၂၇ မီတာ (၈၉ ပေ) ရှိပြီး ရေမျက်နှာပြင်အကျယ်အ၀န်းကတော့ ၇.၉၃ စတုရန်းကီလိုမီတာရှိ တယ်လို့ သိရပါတယ်။

"ဒီကန်ထဲမှာ ရေကူးဖို့ ခွင့်မပြုပါဘူး။ တစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ ရေကူးပြိုင်ပွဲနေ့မှာပဲ ရေကူးခွင့်ပြုတာ ပါ" လို့ဧည့်လမ်းညွှန်အမျိုးသမီးကပြောပြပါတယ်။ 

နေ လ ကန်ကြီးမှ ပြန်ထွက်လာပြီး ချွန်တိုင်ချန်းဘုန်းကြီးကျောင်းရှိရာကို ခရီးဆက်ခဲ့ကြပြန်ပါတယ်။ အပြန်လမ်းဘက်ခရီးဖြစ်လို့မို့ အလာတုန်းကတွေ့ခဲ့ရတဲ့ တောတွေ တောင်တွေ လှိုင်ဂူတွေနဲ့ တံတား တွေကို ပြန်တွေ့ရပါတယ်။


ချွန်တိုင်ချန်းဘုန်းကြီးကျောင်း (Chung Tai Chan Monastery)။ ဓာတ်ပုံ - ဖိုးတာ (၉ ရက် စက်တင်ဘာ၊ ၂၀၁၃)


ချွန်တိုင်ချန်းဘုန်းကြီးကျောင်းကို ယခင်က ခရီးသွားစာစောင်များနဲ့ ထိုင်ဝမ်ရုပ်မြင်သံကြားခရီးသွားအစီအ စဉ်တွေမှာ တွေ့ခဲ့လို့ မြင်တော့မြင်ဖူးထားပါတယ်။ အခုတော့ မမျှော်လင့်ပဲ အဲဒီကိုရောက်သွားခွင့် ဘုရားဖူး ခွင့် ကြုံခဲ့ရတာကြောင့် ၀မ်းသာမဆုံးပါ။ ဘုန်းကြီးကျောင်းကြီးကို မရောက်ခင် အဝေးကနေမြင်နိုင် ဖူးနိုင်ပါ တယ်။ ကားလမ်းမကြီးကနေ ဘုန်းကြီးကျောင်းလမ်းထဲကို ချိုးမ၀င်မီ ၁၀ မိနစ် လောက်ကတည်းက အထင် အရှား တွေ့နေရတာပါ။




ဘုန်းကြီးကျောင်းအတွင်းတွင် ဆရာတော်တစ်ပါးမှ ဦးဆောင်ပြီး ရှင်းလင်းပြသပေးပါတယ်။



အထဲကိုရောက်သွားတော့လည်း ဒုနဲ့ဒယ်နဲ့ တော်တော်ကို ကြီးကျယ်ခန့်ညားထယ်ဝါတာကိုတွေ့ရတာမို့ ရင် သပ်ရှုမောဖွယ်ပါ။

ကျောင်းထဲမှာ ဘုရားဖူးလာသောဧည့်သည်များ သူ့အုပ်စုနှင့်သူရှိနေကြပြီး ရဟန်းတစ်ပါးစီက ဦးဆောင် ခေါ်ယူရှင်းပြပါတယ်။ ပထမအထပ်မှ တတိယအထပ်အထိသာ ဓာတ်ပုံရိုက်ခွင့်ပြုပြီး ၄ ထပ်ကနေ ၆ ထပ်အ ထိကိုတော့ လုံးဝဓာတ်ပုံရိုက်ခွင့်မပြုပါဘူး။ တတိကအထပ်ကနေ ဓာတ်လှေကားစီးပြီး တက်လို့ရသလို ကားရပ်နားအဆောက်အဦ (car park building) များမှာလို ခပ်ပြေပြေလေးမြင့်သွားတဲ့ ကြမ်းပေါ်ကနေ တ ဖြည်းဖြည်း လမ်းလျှောက်ပြီး တက်သွားလို့လည်း ရပါတယ်။ အထပ်တိုင်းမှာ ကြည့်စရာ ရှုစရာတွေရှိနေ ကြတာပါ။ ဘုန်းကြီးကျောင်းပေါ်ကနေ အရပ်လေးမျက်နှာကို မျက်စိတဆုံးအဝေးထိ ကြည့်လို့ သိပ်ကောင်း ပါတယ်။

ဘုန်းကြီးကျောင်းကပြန်ထွက်လာပြီး ညနေ ၅ နာရီ မထိုးခင်လေးမှာ ဟိုတယ်ကိုပြန်ရောက်ပါတယ်။ ခဏ တဖြုတ်နားပြီး ည ၇ နာရီမှာ ညစာစားဖို့ တစ်ခေါက်ပြန်ထွက်ကြရပြန်ပါတယ်။ ဆိုင်တွေကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်လျှောက်ကြည့်ကြရင်း မိမိတို့ စိတ်တိုင်းကျထမင်းဟင်း မတွေ့တာနဲ့ နာရီဝက်လောက် အချိန် ကုန်သွားခဲ့တယ်။ နောက်ဆုံးတော့ လူငယ်ဇနီးမောင်နှံရဲ့ ဆိုင်မှာ စားဖြစ်သွားတယ်။ မစ္စစန်ဂီသာက ကြက် သားဟင်းနဲ့ထမင်းစားပြီး မိမိက ထမင်းကျော်စားပါတယ်။ စားပြီးတော့ ဆိုင်ရှင်အမျိုးသမီးနဲ့ အမှတ်အရ ဓာတ်ပုံတွဲရိုက်ခဲ့သေးတယ်။


စားသောက်ဆိုင်ပိုင်ရှင်အမျိုးသမီးနှင့် မိမိတို့နှစ်ဦး အမှတ်တရ။



၁၃၇၅ ခုနှစ်၊ တော်သလင်းလကွယ်။ (4 October 2013)

ညစာစားပြီးတာနဲ့ မူလကစီစဉ်ထားတဲ့အတိုင်း ရှင်ကွန်း မစ်ဆူကိုရှီ ကုန်တိုက်ကြီးကို လမ်းလျှောက်သွားခဲ့ ကြတယ်။ မနက်ဖန်မနက်မှာ တိုင်ချွမ်းမြို့ ကနေပြန်တော့မှာဖြစ်လို့ ဒီမှာဝယ်စရာရှိတာလေးတွေကို ဒီညမှာပဲ အပြတ်ဖြတ်ရတော့မှာ။ လက်ထဲမှာကျန်နေသေးတဲ့ ထိုင်ဝမ်ပိုက်ဆံတွေကို မနက်ဖန်အတွက် ခရီးစရိတ် စား စရိတ်လေး နဲနဲပါးပါးချန်ပြီး အကုန်သုံးပစ်ဖို့ မိမိတို့နှစ်ဦးလုံး အားခဲပြီးကို သွားကြတာ။ အားခဲထားတဲ့အတိုင်း လည်း ၀ယ်ခဲ့ဖြစ်ကြတာပါပဲ။ အိမ်အပြန်မှာ မျက်နှာလုပ်ကြဖို့ရယ်လေ။ ၀ယ်တဲ့ပစ္စည်းထုတ်တွေကို ဆွဲတာဆွဲ လွယ်တာလွယ်နဲ့ ဟိုတယ်ကိုပြန်ရောက်တော့ မိုးအတော်ချုပ်နေပြီးဖြစ်ပေမယ့် ဟိုတယ်ပြန်ရောက် တဲ့အခါ လုံးဝမနားနိုင်ပါဘူး။ မနက်အစောကြီး ခရီးသွားမှာမို့ ထုတ်ပိုးသိမ်းဆည်းပြင်ဆင်ရပြန်ကော။



ညဦးပိုင်းမှာ တွေ့ရသော 'ရှင်ကွန်း မစ်ဆူကိုရှီ' ကုန်တိုက်ကြီး။ (ဓာတ်ပုံ - ဖိုးတာ) 



အလာတုန်းက တောင်ယွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ အမြန်ဘတ်စ်ကားနဲ့ တိုင်ချွမ်းမြို့ ကို တိုက် ရိုက်လာခဲ့တာကြောင့် ထိုင်ဝမ်နိုင်ငံရဲ့ မြို့ တော်ဖြစ်တဲ့ တိုင်ပေမြို့ ကို မရောက်ခဲ့ရသေးပါဘူး။ ဒါကြောင့် အ ခုအပြန်မှာ တစ်နေ့ခင်းအချိန်ရတုန်း တိုင်ပေမြို့ ကို သွားဖို့စိတ်ကူးကြတယ်။ လေယာဉ်က ညနေ ၄ နာရီမှ ထွက်မှာပါ။

နောက်နေ့မနက်မှာ ဟိုတယ်ကနေ အမြန်ရထား (High Speed Train) ဘူတာရုံကို တက္ကစီနဲ့ သွားကြတယ်။ တက္ကစီမှ ခရီးဆောင်လက်ဆွဲသေတ္တာနဲ့ပစ္စည်းတွေသယ်ချကာ လက်မှတ်လည်း ၀ယ်ပြီးကော ရထားက အခု လေးတင်ပဲဝင်လာတော့မယ်ပြောလို့ ဟိုမေးဒီမေးနဲ့ ပလက်ဖောင်းရှိရာကို တက်သုတ် ရိုက် သွားကြရတယ်။ လက်မှတ်မှာ တွဲနံပတ်ပါတာကြောင့် ကိုယ့်တွဲရပ်မယ့်နေရာမှာ တန်းစီရပ်ရတယ်။ ထိုင်ခုံနံပတ် မပေးထားလို့ ကြိုက်တဲ့ထိုင်ခုံမှာ ထိုင်လို့ရပါတယ်။ မိမိနဲ့မစ္စစန်ဂီသာက လက်မှတ်တစ်ချိန်တည်းဝယ်ပေမယ့် တွဲနံပတ်မတူ ဘူး။ ဒါပေမယ့် တွဲချင်းနီးပါတယ်။ စာရေးသူက တခါးပေါက်နား ရွေးထိုင်ပါတယ်။ ဓာတ်ပုံနဲ့ ဗွီဒီယိုရိုက်ချင်လို့ ပါ။ နောက်ပြီး တောသားပီပီ အပေါက်ကနေ ဟိုကြည့်ဒီကြည့်လည်း လုပ်ချင်သေးတာ။



အမြန်ရထား၊ ဘူတာစင်္ကြန်နှင့် ခရီးသည်များ။










  




















ဆက်ပြီးရေးပါဦးမယ်။




















No comments:

Post a Comment