၁၃၇၇ ခုနှစ်၊ ၀ါခေါင်လဆန်း ၁ရက်
မနေ့က ၀ါဆိုလကွယ်နေ့။
တိတိကျကျပြောရသော်
ယခုနှစ်သည် ၀ါထပ်သောနှစ်ဖြစ်သဖြင့် ဒုတိယ၀ါဆိုလကွယ်နေ့ဟု ဆိုရပါမည်။
အလုပ်ပိတ်ရက်ဖြစ်သည့်
စနေနေ့နှင့်တိုက်ဆိုင်နေ၍ အိမ်ရှင်မနှင့်အတူ တိုပါးယိုးအရပ်ရှိ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း
(Burmese Buddhist Temple) သို့ သွားဖြစ်ခဲ့ကြသည်။
နံနက် ၁၀ နာရီတွင်အိမ်ကထွက်ပြီး
လမ်းထိပ်ဆိုင်မှာ လက်ဘက်ရည်နှင့်ပလာတာစားကြ၏။ စားသောက် ပြီးသောအခါ ဘတ်စ်ကား ၂ ဆင့်စီးလျက် ဘုန်းတော်ကြီးကျောင်းသို့ရောက်ပါသည်။
အမြန်ဘတ်ကားစီးလာရင်း လမ်းတစ်လျောက်မှာရှိသော ထူထူထဲထဲရှိသည့် စိမ်းစိမ်းစိုစိုသစ်ပင်ပန်းပင်များ ကိုကြည့်ကာ မိမိတို့နိုင်ငံတွင် သစ်တောများ အဟောသိကံ စည်းမဲ့ကမ်းမဲ့ဆုံးရှုံးခဲ့ပြီး ရေကြီးသည့်ဒဏ်ကို ပြည်ပြည်သားများ အလူးအလဲခံနေကြရသည့်သတင်းအား စိတ်မကောင်းစွာ တွေးမိပါသေးသည်။
ဤမြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းသို့
ပြီးခဲ့သောဧပြီလ နှစ်သစ်ကူးသင်္ကြန်ပွဲကိုရောက်ခဲ့ပြီးက တည်းက ယခုမှ နောက်တစ်ကြိမ် ထပ်ရောက်ရခြင်းဖြစ်သည်။
ဘုရားအရိပ် တရားအရိပ်နှင့်ကျောင်းအရိပ် သို့ရောက်တိုင်း မိမိမှာ စိတ်အေးချမ်းမှုကို
ရရှိခံစားရသည်။
ဘုရားကျောင်းဝင်းအတွင်းသို့
ခြေတစ်လှမ်းချမိသည်နှင့် မိမိနှင်အတူ စောစောကတွယ်ငြိကပ်ပါလာသော အရာအားလုံး တိုင်ဂျင်းလမ်း
(Tai Gin Road) ပေါ်မှာ လွင့်ကျကျန်ရစ်ကုန်ကြပေပြီ။
ကျောင်းအတွင်းမှာ
လူသူရှင်းနေသောကြောင့် ပိုပြီးတိတ်ဆိတ်ငြိမ်းချမ်းမှုရှိနေ၏။
အောက်ထပ်တွင် ဘုရားဝပ်ပြုပြီးသောအခါ ဓမ္မစာအုပ်များကြည့်လျက်
ရပ်တော်မူဘုရားရှိရာ တတိယ အထပ်သို့ တက်ခဲ့ကြပါသည်။ ဤအထပ်တွင် အိမ်ရှင်မက တရားမှတ်ပုတီးစိပ်ပါသည်။ မိမိကမူ အောက်ထပ်မှယူလာခဲ့သော ဘုရားစာအုပ် ၃ အုပ်အား စာမြည်းနေပါသည်။
ဆရာတော်
Ven Sangye Khadro ရေးသားသော “Preparing for
Death and Helping the Dying: A Buddhist Perspective” ကိုဖတ်လျက် သေခြင်းတရားကို
အနုလုံပဋိလုံ ဆင်ခြင်တွေးတောနေခဲ့မိ ပါသည်။
No comments:
Post a Comment