"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, August 7, 2019

ကျနော်နှင့်လှည်းတန်းဈေး (၂)





တစ်ချိန်တုန်းက လှည်းတန်းဈေးဝန်းကျင်


ရှေ့ မှာပြောခဲ့သလိုပါပဲ ကျနော်နဲ့လှည်းတန်းဈေးတို့ဖူးစာဆုံခဲ့ကြရတာက ဟိုတစ်ချိန်က ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကြီးမှာ ကျနော် ပညာသင်ကြားခဲ့စဉ်ကဖြစ်ပါတယ်။ 

တက္ကသိုလ်ထဲကအဆောင်မှာနေတာဖြစ်လို့ ညနေစာစားပြီးရင် ကမာရွတ်အ၀ိုင်းနဲ့လှည်းတန်းဈေးဘက်ကို ဘာရယ်မဟုတ် အညောင်းပြေအညာပြေလမ်းလျောက်လေ့ရှိတယ်။ 

အချို့ သူတွေက အ၀ိုင်းကြီးရဲ့ အုတ်ခုံပတ်ပတ်လည်မှာ ထိုင်တတ်ကြတယ်။ ကားလဲ သိပ်မရှုပ်လှဘူး။ 

ကျနော်နေတဲ့ရွှေဘိုဆောင် (Shwebo Hall) က လှည်းတန်းဘက်ပိုနီးလို့ အဆင်ပြေတာလဲပါပါတယ်။ 

ရွှေဘိုဆောင်ရဲ့ ဘေးမှာရှိတဲ့ ဂျပ်ဆင်လမ်း (Judson Street) ကနေ တောင်ငူဆောင်ဘက်ကိုသွား၊ အဲဒီကမှ ပြည်လမ်းကိုကျော်လိုက်တာနဲ့ ကမာရွတ်ရဲစခန်းဘေးကိုရောက်တော့တာ။

ကမာရွတ်ရဲစခန်းနဲ့မျက်စောင်းထိုးမှာရှိတဲ့ အင်းစိန်လမ်းအနောက်ဘက်ခြမ်းက ကိုသိန်းရဲ့ စာအုပ်ဆိုင် (သိန်းစာပေ)ကိုတော့ လှည်းတန်းသွားတိုင်းရောက်တတ်ပါတယ်။ 

စာအုပ်ဝယ်ဖို့မရှိတောင် ဆိုင်ကစာအုပ်တွေကို ဟိုလှန်ကြည့်ဒီလှန်ကြည့်တော့လုပ်ဖြစ်တာ။ စိတ်ဝင်စားတဲ့စာအုပ်ဆိုရင် စာကိုပါ နဲနဲမြည်းစမ်းဖတ်လိုက်သေးတယ်။

အချို့ ညတွေမှာဆို စေတနာရှင်လက်ဘက်ရည်ဆိုင်ကို တစ်ယောက်ထဲဖြစ်ဖြစ် အပေါင်းအသင်းများနဲ့ဖြစ်ြဖစ် လက်ဘက်ရည်သွားသောက်တတ်တယ်။ 

ကျောင်းပြီးလို့အလုပ်ထဲရောက်တဲ့အခါမှာတော့ ကြည့်မြင်တိုင်အရိုးရောဂါအထူးကုဆေးရုံ ၀င်းထဲမှာနေတဲ့ အကြောအဆစ်ကုပညာရှင် ကိုဝင်းမောင်နဲ့ တစ်ခါတရံမှာချိန်းပြီး လက်ဘက်ရည်သောက်တတ်ကြပါတယ်။



                               ဓာတ်ပုံ - အင်တာနက်


ဒီလက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်သောက်တာနဲ့ပတ်သက်ပြီး ထူးထူးခြားခြားမှတ်မိနေတာလေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။

ကျနော့်ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်က 'ကိုဂေါလူးဘောက်' ပါ။ 
ကချင်ပြည်နယ်သား။
ကျနော်တို့ ဆေးဘက်ပညာသိပ္ပံကျောင်းသားဖြစ်ပါတယ်။ 
 အေးအေးဆေးဆေးနေတတ်ပါတယ်။

သူနဲ့ကျနော်တို့ လက်ဘက်ရည်ဆိုင်မှာ တစ်ခါတလေ ဆုံတတ်ကြပါတယ်။ 
လက်ဘက်ရည်သောက်ရင်း စကားပြောဖြစ်ကြတယ်။

သူနဲ့လက်ဘက်ရည်ဆိုင်မှာစသောက်စက အဖြစ်အပျက်ကလေးကို ပြောပြချင်တာပါ။

တစ်နေ့မှာ ကျနော်ထက်အရင် ဆိုင်ကိုရောက်နေတဲ့သူ့စားပွဲမှာ လက်ဘက်ရည်ပုဂံ ၂ ခွက်တွေ့ရလို့ 'ကိုဂေါလူးဘောက် ဘယ်သူလာမှာလဲဗျ' လို့မေးတော့ 'ဘယ်သူမှ မလာပါဘူး။ ကျနော်သောက်ဖို့ပါဗျ' လို့ပြောပါတယ်။

သူက လက်ဘက်ရည်သောက်တိုင်း ၂ ခွက် ၂ ခွက်သောက်တတ်တယ်ဆိုတာကို သိခဲ့ရပါတယ်။

ညပိုင်းတွေမှာ ဆိုင်ရဲ့ အပြင်ဘက်အထိ စားပွဲတွေထုတ်ခင်းပေးထားတာကြောင့် အေးအေးဆေးဆေးထိုင်လို့သိပ်ကောင်းပါတယ်။ လက်ဘက်ရည်သောက်ရင်း ဆိုင်ကသတင်းစာကိုဖတ်ချင်ရင်ဖတ်နိုင်တယ်။

ထိုခေတ်ထိုအခါက လက်ဘက်ရည်ဆိုင်အများစုဟာ အနည်းဆုံး သတင်းစာတစ်စောင်တော့ယူလေ့ရှိကြပါတယ်။ လုပ်သားပြည်သူ့နေ့စဉ်၊ ကြေးမုံ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ ရန်ကုန်အစရှိတဲ့သတင်းစာတွေ။

ရန်ကုန်သတင်းစာယူတဲ့လက်ဘက်ရည်ဆိုင်က ရှားပါတယ်။

လှည်းတန်းမှာ ကျနော်သိတဲ့ဆိုင်ဆိုလို့ မှတ်မှတ်ရရ ဆိုင်တစ်ဆိုင်ပဲရှိတယ်။

ဆရာဦးခင်မောင်လတ် အင်္ဂလိပ်သင်တန်းကျောင်းအ၀င်နားက တရုတ်လက်ဘက်ရည်ဆိုင်ဖြစ်တယ်။ 
ဒီဆိုင်က ညလုံးပေါက်ဖွင့်တာ။ အဲဒီဆိုင်ကို ကျောင်းသားဘ၀ကမသွားခဲ့ဖူးပဲ အလုပ်ထဲရောက်မှ သွားသောက်ဖူးတာဖြစ်တယ်။

များသောအားဖြင့် ည ၁၂ နာရီကျော် ၁ နာရီလောက်မှာ ကျနော်နေတဲ့ဝဂ္ဂီရပ်ကနေ ၁၀ မိနစ်လောက်လမ်းလျောက်ပြီး တစ်ယောက်ထဲသွားသောက်ဖြစ်တာပါ။
စာဖတ်စာရေးပြီး နားနားနေနေသွားတာမျိုး။

အဲဒီအချိန်က အခုခေတ်လိုကားတွေမများသေးတော့ လမ်းဘေးတွေကရှင်းနေတာ။ 
ကားတွေပိတ်ရပ်ထားတာမျိုး မတွေ့ရဘူး။ 
လမ်းဘေးဆိုင်တွေလဲ မများလှဘူး။

လှည်းတန်းစှေးတ၀ိုက်မှာ အဲဒီအချိန်က ညနေပိုင်းနဲ့ညပိုင်းတွေမှာ စကားတပြောပြောနဲ့လမ်းလျောက်လို့ လဲကောင်းပါတယ်။



ဆက်ပြီးရေးပါဦးမယ်။




No comments:

Post a Comment