"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, September 16, 2015

မြေးကလေးနှင့်ကစားခြင်း (၃)



၁၃၇၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက်



မြေးကလေးနှင့်ကစားခြင်း (၃)







ဒီကနေ့ညနေမှာ အလုပ်ကနေ မိမိ အိမ်ပြန်ရောက်သောအခါ ဇနီးဖြစ်သူက “နေ့ခင်းက အဖေကြီးမြေး အိမ်ကို အလယ်လာသွားတယ်” ဟု ပြောပါသည်။

သည့်နောက်မှာတော့ ထုံးစံအတိုင်း “အဖေကြီးမြေးက ဘာတွေပြောတာ ဘယ်လိုတွေ လုပ်ပြသွားတာ” စသဖြင့် သူ့မြေးနဲ့ကစားရတဲ့အတွေ့အကြုံလေးတွေ ပြန်ပြီးဖောက်သည် ချတတ်ပါသည်။

သူ့မြေးလေး တစ်ခေါက်လာသွားတိုင်း အမြဲတမ်း ဇာတ်လမ်းအသစ်ဖြစ်တတ်ပါ၏။



ဒီကနေ့တော့ လှေကားတက်သည့်အကြောင်း။

မြေးကလေးက သူ့အဘိုးအဘွားအိမ်ကို အလည်လာလေတိုင်း အိမ်မှာ လှေကားအတက်အဆင်း လုပ်ရ ခြင်းကို အတော်လေးနှစ်ခြိုက်လေသည်။

သူခြေထောက်တွေ ကောင်းစွာအားမသန်လှသေးခင်ကပင် လက်ရန်းမှာရှိသောသံတန်းလေးတွေကို လက် တစ်ဖက်ကကိုင်ပြီး အခြားတစ်ဖက်က လူကိုကိုင်ရင်း လှေကားကို တက်လေ့ဆင်းလေ့ရှိ၏။

မတက်ပါနဲ့ပြောလို့လည်းမရတတ်။ 
‘တက်မယ် တက်မယ်’ လို့သာပြောပြီး တက်လိုက်ဆင်းလိုက်ဖြင့် မပြီးနိုင်လေတော့။

လူကြီးများကသာ ခါးတကုန်းကုန်း ဒူးတကွေးကွေးဖြင့် သူ့ကိုကိုင်ပြီးထိန်းကြောင်းပေးရင်း သူနှင့်အတူ လိုက်တက်လိုက်ဆင်းလုပ်နေရ၍ ကြာသောအခါ ဒူးလည်းမခံနိုင် ခါးလည်းမခံနိုင် ဖြစ်ကြရကုန်သည်။

မြေးလေးကတော့ အပျော်မပျက်။ ပင်ပန်းဟန်မရှိ။ တတ်လည်းတတ်နိုင်ပါပေ၏။

သို့နှင့် သူ့အား မကူညီပဲနေသည့်အခါမှာတော့ မိမိတို့အထဲမှတစ်ဦးဦးအား လက်ရပ်ခေါ် ပြီး သူ့ကို ၀ိုင်းကူ ပေးရန် တောင်းဆိုတတ်ပါ၏။
နောင်မှာ စကားပြောတတ်လာသောအခါ ‘လာပါ ‘ ဟုပြောပြီး လက်ရပ်ခေါ်တော့၏။



ဒီကနေ့အဖြစ်ကတစ်မျိုး။

သူ့ကို ကူပေးရန် မလိုလေတော့။
သူ့လက်တစ်ဖက်ဖြင့် လက်ရန်းကိုကိုင်ပြီး သူ့ဖာသာတက်သည်။ သူ့ဖာသာဆင်းသည်။

သို့သော် ဒီတစ်ခါတွင် မတော်တဆလိမ့်ကျမည်စိုးရိမ်သဖြင့် သူ့အဖွားက ရှေ့ ကဖြစ်ဖြစ် နေက်ကဖြစ်ဖြစ် လိုက်ပေးနေရသည်။

ယခုလိုလိုက်ပေးနေသည်ကို သူက မကြိုက်။

ဒါ့ကြောင့် မြေးကလေးက သူကို အထင်သေးရကောင်းလား၊ သူလုပ်နေတာကို ကာဆီး ကာဆီး လုပ်နေရ ကောင်းလားဆိုပြီး အဖွားကို ‘ဖွားဖွားဆင်း(သွား)’ ဟုပြောကာ သူ့လက်ကလေးနှင့် ဘေးဖယ်ရန်ပြပြီး မောင်းထုတ်တတ်ပါသတဲ့။

သည်လိုနှင့် အဖွားဖြစ်သူက စိတ်မချလို့ လှေကားအဆုံးနားကနေ စောင့်ကြည့်နေပြန်တော့လည်း သူက လက်ကလေးခါရန်းပြီး လှေကားနားမှာကို မနေနဲ့ဆိုသည့်သဘောဖြင့် ‘ဖွားဖွားသွား (အဝေးကိုသွား)’ ဟုပြော ပြန်ပါသတဲ့လေ။

သူ့ဖာသာ လှေကားမတက်နိုင်ခင်ကတော့ အမေ၊ အဖွားနှင့်အဖိုးတို့အား တလှည့်စီ အကူအညီတောင်းပြီး ခိုင်းစားခဲ့သည်။

ယခု သူ့ဖာသာသူ လှေကားတက်နိုင်ဆင်းနိုင်တော့ သူ့အနားမှာ ဘယ်သူမှ မရှိစေရတဲ့။



အခုခေတ်ကလေးများ ပြောပဲမပြောချင်ပေါင်။

မျက်နှာချိုသွေးပြီး ဒါမှမဟုတ် သနားစရာမျက်နှာလေးလုပ်ပြပြီး လေသံပျော့လေးဖြင့် လုပ်ပေးချင်အောင် ခိုင်းလည်းခိုင်းစားတတ်ကြပါ၏။

သူတိုမလိုအပ်ပါကလည်း ခါးခါးသီး မောင်းထုတ်တတ်ကြပါသေး၏။


အော် သမီးအချစ် မြေးအနှစ်ပေပဲကို။










No comments:

Post a Comment