"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, August 21, 2011

ဘယ်လမ်းကို ရွေးမှာလဲ

ဒီကနေ့ညနေမှာ အိမ်မှာပဲ အိန္ဒိယရုပ်ရှင်ကားလေးတစ်ကား ကြည့်ဖြစ်ခဲ့တယ်။

စင်ကာပူ Media Corp တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ Vasantham မှပြသတဲ့ "Luck by Chance"ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းလေးဖြစ်တယ်။ ရုပ်ရှင်သရုပ်ဆောင်လောကသားတွေရဲ့ သဘောသဘာဝကိုဇာတ်လမ်း ပြုပြီးရိုက်ထားတာ။ ရုပ်ရှင်ကားလေးကော သရုပ်ဆောင်တွေကော ကြည့်ကောင်းရုံလေးပါပဲ။ 

အထူးသတိပြုနှစ်ခြိုက်မိတာက ရုပ်ရှင်ရဲ့အစပိုင်းမှာပြောတဲ့ စကားတစ်ခွန်းနဲ့ ရုပ်ရှင်ဇာတ်သိမ်းခန်းမှာ ထိုးပြသွားတဲ့ စာသားလေးပဲဖြစ်တယ်။

ဇာတ်ကားရဲ့အစပိုင်းကို သရုပ်ဆောင်သင်တန်းကျောင်းအုပ်ဆရာကြီးက သင်တန်းသူသင်တန်းသားတွေ အား ဆုံးမစကားပြောကြားရာမှာ အောင်မြင်မှုရဖို့က အချိန်မှန် နေရာမှန်ဖြစ်ဖို့နဲ့ ကံကောင်းဖို့(luck) ဆို တာတွေလိုကြောင်း ထည့်ပြောသွားပါတယ်။ ဒီနေရာမှာ ကြိုးစားမှု လုံ့လ၀ီရိယအားထုတ်မှုတွေနဲ့ တိုက် ရိုက်မသက်ဆိုင်ပဲ လူတွေအပေါ်ကောင်းကျိုး မကောင်းကျိုးဖြစ်စေနိုင်တဲ့ 'ကံ'ဆိုတဲ့အကြောင်းကို စာရေး သူက ကိုယ်တွေ့နဲ့ယှဉ်ပြီး နားလည်ခံစားလိုက်မိတယ်။ လူ့လောကမှာ နှစ်ပေါင်းခြောက်ဆယ်ကျော် ကျင် လည်ခဲ့ရတဲ့အတွေ့အကြုံများအရ ယုံသည်ဖြစ်စေ မယုံသည်ပဲဖြစ်စေ ကံကို အတိုင်းအတာတစ်ခုအထိ လက်ခံရမယ်ဆိုတာ အသက်ကြီးလာတာနဲ့အမျှ သဘောပေါက်လာရခဲ့ရတယ်။ ဒါကို လူငယ်တွေသိထား ကြစေချင်တယ်။ ကံကို အားကိုးဖို့ မျှော်လင့်ချက်ကြီးထားဖို့ဆိုလိုတာ မဟုတ်သော်လည်း တစ်ခါတရံမှာ "ဉာဏ်ချင်းယှဉ်နိုင်ပေမယ့် ကံချင်းမယှဉ်နိုင်ဘူး"ဆိုတာ ရှိတတ်တယ်လို့ပေါ့။         

တစ်ခါ ရုပ်ရှင်ဇာတ်လမ်းကို သရုပ်ဆောင်မင်းသမီးလေး တက္ကစီစီးပြီးခရီးသွားတာနဲ့ အဆုံးသပ်ထားပြီး "အိုဘယ့် ... ခရီးသည်" (Oh! Traveller ..) ဆိုတဲ့ စာသားလေးပါတဲ့ နောက်ခံသီချင်းကို အင်္ဂလိပ်လို စာ တမ်းထိုးပြပါတယ်။ အဲဒီစာသားလေးတွေကို လိုက်ဖတ်ရင်း အဓိပ္ပါယ်ဆိုလိုချက်ကို လေးလေးနက်နက် ခံစားမိတယ်။ လုံးစေ့ပတ်စေ့ မမှတ်မိပေမယ့် ဆိုလိုတာကတော့ . . . . .

အိုဘယ့် ... ခရီးသည် 
သင် ဘယ်ခရီးကို သွားမှာမို့လဲ။
အရပ်အဖက်ဖက်ကိုသွားဖို့ ရွေးခြယ်စရာလမ်းတွေက အများကြီးရှိနေကြတယ်။
ဘယ်ခရီး ဘယ်လမ်းကိုသွားမလဲဆိုတာ သင်ပဲရွေးရမှာ။ သင်ကပဲ ဆုံးဖြတ်ရမှာ။

ရုပ်ပိုင်းသက်တောင့်သက်သာရှိမှုက အပြင်ပမ်း(outside)အပေါ်ယံ အပယိကမျှသာ။
တကယ်တမ်းငြိမ်းချမ်းမှု စိတ်ရဲ့လွတ်လပ်မှု(freedom)က အတွင်းအဇ္ဈတ္တ(inside)မှာပဲရှိတာ။

အိုဘယ့် ... ခရီးသည် 
သင် ဘယ်ခရီးကို သွားမှာမို့လဲ။
ဘယ်ခရီး ဘယ်လမ်းကိုသွားမလဲဆိုတာ ...
သင်ပဲရွေးရမှာ။  
သင်ကပဲ ဆုံးဖြတ်ရမှာ။

လူတိုင်းလူတိုင်းရဲ့ဘ၀မှာ 'ရွေးခြယ်မှု'၊ ပိုပြီးတိတိကျကျပြောရရင် မိမိနဲ့အသင့်တော်ဆုံးဖြစ်မယ့်' ရွေး ခြယ်တတ်မှု'ဟာ အလွန်အရေးကြီးပါတယ်။

ဒီအတွက် မိမိတကယ်တမ်းသွားချင်တဲ့ခရီးနဲ့ပန်းတိုင်ကို အသေအချာသိဖို့လိုတာဖြစ်တယ်။
ဒါမှမဟုတ်ရင် ဘယ်လမ်းမှန်ကိုမှ တွေ့မှာမဟုတ်သလို ဘယ်ခရီးပန်းတိုင်ကိုမှလည်း ရောက်မှာမဟုတ် ပါဘူး။

ရွေးခြယ်တဲ့နေရာမှာ လူပြောကောင်းရုံ လူကြားကောင်းရုံ လူအထင်ကြီးခံရရုံသက်သက်ထက် မိမိရဲ့ ဘ၀တစ်လျောက်လုံး မိမိရဲ့အတွင်းစိတ်မှာ နှစ်သက်မြတ်နိုးနေရမယ့် ရွေးခြယ်မှုမျိုးသာဖြစ်ရပါမယ်။  

No comments:

Post a Comment