"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, August 8, 2011

မင်္ဂလာ ဧည့်ခံပွဲ

ဒီကနေ့ မင်္ဂလာဧည့်ခံပွဲလေးတစ်ခုကို ရောက်သွားခဲ့တယ်။

အမျိုးသားလေးရဲ့အမေဖြစ်သူက စာရေးသူတို့ဇာတိမြို့က ဖြစ်တယ်။ နောက်ပြီး သူ့ကြီးကြီးဖြစ်သူနှစ်ဦး စလုံးကလည်း ကန့်ဘလူအထက်တန်းကျောင်းမှာတုံးက မိမိနှင့်အတန်းတူ သူငယ်ချင်းတွေဖြစ်ခဲ့ကြ တယ်။ သူက သူ့မိဖတွေရှိကြတဲ့ မြန်မာပြည်ကိုပြန်ပြီး မင်္ဂလာဆောင်ခဲ့တာ။ ဒီမှာက သူ့အပေါင်းအသင်း ရောင်းရင်းတွေကို ဖိတ်ပြီးကျွေးမွေးဧည့်ခံတာ။ ဒါကြောင့် ဒီကနေ့ Omni-Theatreမှာကျင်းပခဲ့တဲ့မင်္ဂလာ ဧည့်ခံပွဲလေးတွင် လူကြီးဆိုလို့ သူ့ဘကြီးဦးမြင့်ဆွေနဲ့ စာရေးသူတို့ဇနီးမောင်နှံပဲရှိကြတာ။

ဦးမြင့်ဆွေက စာအုပ်တွေလက်ဆောင်ပေးရင်း စာအုပ်တွေအကြောင်းပြောပြလို့...။

လူငယ်လေးတွေကြားမှာထိုင်ရင်း သူတို့တတွေချစ်ချစ်ခင်ခင်ပျော်ပျော်ပါးပါး ပြောကြဆိုကြ ပြောင်ကြ နောက်ကြ ရယ်ကြမောကြဖြစ်နေကြတာမြင်တွေ့ရတော့ မိဝေးဖဝေးအရပ်မှာ ပညာလာသင်ကြ အလုပ် လာလုပ်ကြရတာဖြစ်လို့ ရင်ထဲမှာ ၀မ်းသာကြည်နူးခံစားမိရတယ်။ ဒီကလေးတွေပဲ မကြာခင်မှာ မြန်မာ ပြည်ရဲ့ တာဝန်ကိုထမ်းကြပြီး မြန်မာပြည်ရဲ့ဂုဏ်ကို မြှင့်တင်နိုင်ကြမှာ။ ပြည်တွင်းမှာပဲနေနေ ပြည်ပမှာပဲ နေနေပေါ့။ အခြေအနေအရ "ဘယ်နေရာမှာပဲနေနေ မြန်မာဟာ မြန်မာပဲ"ဆိုတဲ့စိတ်ရှိကြတယ် ရှိနေကြ မယ်ဆိုတာ ယုံကြည်ထားလို့ပါ။

ကိုမင်းသက်နိုင်တို့ဇနီးမောင်နှံ(ရှေ့ တန်း၊ ၀ဲဖက်မှ - ဒုနှင့်တတိယ)အား ရင်းနှီးကြသူများနှင့်အတူအမှတ်တရ...

မြန်မာလူငယ်လေးများရဲ့ နိုးနိုးကြားကြားကြိုးကြိုးစားစားရှိမှုသတင်းတွေကို မကြာခဏ ကြားနေရ၊ စာ စောင်များမှာဖတ်ရှုနေရတဲ့အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါကြောင့်မို့ အိမ်ကိုအလည်လာ ကြတဲ့ကလေးတွေကို မမောပမ်းနိုင်ပဲ အပ်ကြောင်းထပ်မျှပြောပြနေရတာပေါ့။ စင်ကာပူနိုင်ငံမှာလူတိုင်း လူတိုင်း တိုးတက်ဖို့အခွင့်အရေးတွေရှိနေတယ်။ မြင်အောင်ကြည့်ပြီး ရအောင်ယူတတ် အသုံးချတတ်ဖို့ပဲ လိုတယ်ဆိုတဲ့အကြောင်းပါ။ အခြားတစ်ဖက်ကလည်း မြန်မာပြည်မှာရှိကြတဲ့ မိဖဆွေမျိုးများကို မမေ့ကြ ဖို့၊ ဖုန်းဆက်ကြဖို့၊ ထောက်ပံ့ကန်တော့ကြဖို့ စတာတွေသတိပေးရတယ်။  

လူငယ်တွေအကြောင်းပြီးတော့ လူကြီးတွေအကြောင်းပြောရဦးမယ်။

ဦးမြင့်ဆွေနဲ့ ရောက်တတ်ရာရာပြောကြရင်းက သားသမီးတွေကို မိဖများကဆုံးမလမ်းညွှန်မှုပေးတာနဲ့ ပတ်သက်လို့ ပြောမိကြတယ်။ အဓိကကတော့ သူ့ကိုယ်တွေ့အကြောင်းအရာတွေကိုအခြေခံပြီး ပြောပြ တာပါ။ သားသမီးတွေ ဘာဖြစ်ရမယ် ဘာပဲလုပ်ရမယ်ဆိုတဲ့ မိဘအချို့ရဲ့သဘောထားနဲ့ ဖြောင့်ဖြောင့်ဆန့် ကျင်ပြီး သူတို့စိတ်ဝင်စားရာ အစွန်းအစရှိရာကိုလိုက်ပြီး ဖေးမလမ်းညွှန်တာက ပိုလို့သဘာဝကျကြောင်း၊ အဲဒီလိုသာ ဖြစ်သင့်လုပ်သင့်ကြောင်းစသဖြင့် အတော်လေးပြောဖြစ်ကြတယ်။ ဟုတ်ပါတယ်။ ဒီသဘော ထားမျိုးကို စာရေးသူ ကြိုက်လည်းကြိုက် ကျင့်လည်းကျင့်သုံးခဲ့တာဖြစ်တယ်။ အရှင်းဆုံး အလွယ်ဆုံး ပြောရရင်တော့ မိမိကိုယ်ကိုကော သူတစ်ပါးကိုပါ ထိခိုက်နစ်နာစေမယ့်ဟာ မဟုတ်ရင်၊ လူ့အဖွဲ့အစည်း က လက်မခံနိုင်တဲ့ မကောင်းတာမျိုးမဟုတ်ရင် ပြီးတာပါပဲ။

ပညာရပ်တိုင်း အလုပ်တိုင်း ကောင်းကြတာ ဂုဏ်ရှိကြတာချည်းပါ။ တော်မှု မတော်မှုနဲ့ အောင်မြင်မှု မ အောင်မြင်မှုတွေကတော့ မိမိရဲ့ကြိုးစားအားထုတ်မှုနဲ့ ကံတရား(အတိုင်းအတာတစ်ခုအထိ)အပေါ်မှာ မူ တည်ပါတယ်။



ဦးမြင့်ဆွေက ပြောထားတဲ့အတိုင်း စာအုပ်အချို့နဲ့ဂျာနယ်များယူလာပြီး လက်ဆောင်ပေးလို့ ကျေးဇူးများ စွာတင်ရပါတယ်။ သူ့သားကြီးကိုကျော်မင်းဆွေ The Voice Weeklyဂျာနယ်မှာ ကျော်ဗဟိန်းကလောင် အမည်နဲ့ အပတ်စဉ်ရေးခဲ့ပြီး ယခုတစုတစည်းစာအုပ်ထုတ်ထားတဲ့ "ပထမကမ္ဘာသို့ ဒုတိယတစ်ခေါက်" စာအုပ်ရယ်၊ သူ့ဦးကြီး စာရေးဆရာ'အံ့မောင်'ရေးတဲ့ "မမွေးဖွားရသေးတဲ့ သားကလေးရဲ့အသံ" စာအုပ် ရယ်၊ စာရေးဆရာကျော်ဝင်းရေးတဲ့"မစ္စစ္စပီခရီးသည်"စာအုပ်ရယ်၊ နောက်ပြီး ရန်ကုန်တက္ကသိုလ်မှာတုန်း က သူ့ကျောင်းနေဖက်သူငယ်ချင်းကိုစိုးသိမ်း(စာရေးဆရာ မောင်ဝံသ) အတိုင်ပင်ခံအယ်ဒီတာလုပ်နေတဲ့ "ပြည်သူ့ခေတ်ဂျာနယ်"အဟောင်းအချို့ဖြစ်ကြတယ်။

ဦးမြင့်ဆွေက ကျော်ဝင်းရဲ့ "မစ္စစ္စပီ ခရီးသည်" စာအုပ်ပေးရင်း စာရေးသူကို စကားတခွန်းပြောခဲ့ပါသေး တယ်။ "ခင်ဗျားကို ကျနော်က ဒီလိုစာအုပ်မျိုး ရေးစေချင်တာ"လို့။ 

ဆက်ရေးပါဦးမယ်။

No comments:

Post a Comment