၁၃၇၄ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက်
ဒီကနေ့ထုတ် မြန်မာသတင်းစာများမှာ မြန်မာတိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးချစ်ကြည်လေးစား ရေးနဲ့ ပတ်သက်ပြီး အလွန်မင်္ဂလာရှိတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။
“အင်္ဂလိပ်စာကို နိုင်ငံတကာသုံးစာအဖြစ်
သင်ကြားပေးနေသည့်နည်းတူ တိုင်းရင်းဘာသာစကား စာပေကို လည်း သင်ကြားပေးရမည်” ဆိုတဲ့ သတင်းပါ။
အဲဒီသတင်းကို ဖတ်ရတော့ မြန်မာနိုင်ငံသူနိုင်ငံသားများသည်
သူ့ကျွန်ဘ၀ရောက်ခဲ့ကြစဉ်အခါက …
“မြန်မာစာသည်
ဒို့စာ၊
မြန်မာစကားသည်
ဒို့စကား၊
ဒို့စာကို
ချီးမြှောက်ပါ
ဒို့စကားကို
လေးစားပါ”
ဆိုတဲ့ ကြွေးကြော်သံနဲ့ တို့ဗမာအစည်းအရုံးကြီးမှ လွတ်လပ်ရေး
ကြိုးပမ်းမှု လုပ်ဆောင်ခဲ့တာကို ပြေးပြီး သတိတရ ဖြစ်မိပါတယ်။
တကယ်က ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာသာသနာနှင့် ရိုးရာဓလေ့ထုံးစံများသည်
လူမျိုး တိုင်း၏ အသက် ပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသားတိုင်းအနေဖြင့် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများနဲ့
ကိုးကွယ်ဆည်းကပ်ရာ ဘာသာသာသနာများကို နိုင်ငံရဲ့  အဖိုးတန်အမွေအနှစ်များအဖြစ် ကာကွယ်ထိန်း
သိမ်းစောင့်ရှောက်ကြဖို့ တာဝန်ရှိနေပါတယ်။ ဒါ့အပြင် ဒီအဖိုးတန်အမွေအနှစ်များ မပျောက်ပျက်သွားတဲ့အပြင် ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင်လည်း အားထုတ်လုပ်ဆောင်ကြရဦးမှာပါ။
ယခင့်ယခင်ခေတ်ကာလများက မြန်မာဘာသာစကားနှင့်စာပေအပြင် တိုင်းရင်းသားဘာသာစကား
စာပေ သင်ကြားမှုများ ရှိခဲ့ဖူးပါတယ်။ ၁၉၈၁-၈၂ ခုနှစ်များကစပြီး မရှိတော့တာပါ။ ဥပမာပြောရရင်
စာရေးသူတို့ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ ပညာသင်ကြားခဲ့တဲ့ ၁၉၆၀ ခုနှစ်အလွန်များကဆိုရင်
တက္ကသိုလ်မှာ တိုင်းရင်းသားဘာသာစကားနဲ့ယဉ်ကျေးမှုအသင်းများစွာ ရှိခဲ့ကြပြီး စည်းလုံးချစ်ကြည်စွာဖြင့်
လှုပ်ရှားလုပ် ဆောင်ခဲ့ကြတာ တွေ့မြင်ခဲ့ရုံမက မိမိကိုယ်တိုင်ပါဝင်ခဲ့ဖူးပါတယ်။ ရှမ်းတိုင်းရင်းသားများဖြစ်ကြတဲ့
တက္ကသိုလ်ကျောင်းသူကျောင်းသားကြီးများက စနေနေ့တိုင်း သင်ကြားပေးတဲ့ရှမ်းဘာသာစကားသင်တန်း
တက်ခဲ့ပါတယ်။
စပ်မိတုန်းမို့ ပြောပြရဦးမယ်။
အဲဒီအချိန်က မြကျွန်းညိုညို အမိရန်ကုန်တက္ကသိုလ်ကြီးက သိပ်ကို
ပျော်စရာကောင်းလိုက်တာ။
စနေနေ့လို နေ့များမှာဆိုလို့ရှိရင် ကံ့ကော်ပွင့်ရာ စိန်ပန်းပွင့်ရာ
ငုဝါပွင့်ရာ ဒီတက္ကသိုလ်ကျောင်းတော်ကြီးထဲ က အာစီ(RC)လို့ ကျောင်းသူကျောင်းသားတွေ ခေါ်ဝေါ်လေ့ရှိတဲ့
အပန်းဖြေရိပ်သာဟာ ကျောင်းသူကျောင်း သားတွေနဲ့ ပျားပန်းခပ်မျှ စည်ကားလှုပ်ရှားနေလေ့ရှိကြတယ်။
မယ်ဒလင်၊ ဂစ်တာ၊ ဗင်ဂျို၊ ဒုံမင်း၊ စန္ဒယား အတီးအမှုတ်သင်တဲ့သူတွေ၊
အကတိုက် အကသင်တဲ့သူတွေ၊ အားကစားလေ့ကျင့်သူတွေ ပြိုင်ပွဲတွေ၊ တိုင်းရင်းသားရိုးရာ အစားအစာ
ရောင်းချကြသူတွေ၊ နောက်ပြီး ပန်းချီပြပွဲတို့ စာအုပ်ပြပွဲတို့နဲ့ တစ်နှစ်ပတ်လုံး ရှိနေကြတာ။
စာရေးသူနေတဲ့ရွေဘိုဆောင်က ဂျဒ်ဆင်ဖက်ကို မျက်နှာမူထားတာဖြစ်လို့
အာစီနဲ့ အနီးလေးရယ်။ ဒါကြောင့် စနေနေ့ဆို အမြဲလိုလို ရောက်သွားတတ်တာ။ ကျောင်းဖွင့်စမှာဆို
ဘာသာရပ်အလိုက် မောင်မယ်သစ်လွင်ပွဲ တွေရှိတာမို့ အလှရွန်းစို သာမောရာ မြကျွန်းညိုကို
ရောက်လာကြတဲ့ ကျောင်းသူအသစ်ကလေးတွေကို အ ဆောင်ကအဖော်တွေနဲ့ သွားကြည့်တတ်ကြတယ်။
ကဲ တိုင်းရင်းသားဘာသာစကားအကြောင်း ဆက်ပြီးပြောပါမယ်။
ရန်ကုန်ကနေ မွန်ပြည်နယ် မော်လမြိုင်မြို့ ကို ၁၉၇၅ ခု နှစ်ကုန်မှာ
အလုပ်တာဝန်နဲ့ပြောင်းရွေ့ ရောက်သွား ပြန်တော့လည်း မွန်ဘာသာစာပေနှင့် ယဉ်ကျေးမှုအသင်းက
ဖွင့်လှစ်သင်ကြားပေးတဲ့ မွန်ဘာသာစကား သင်တန်းကို မွန်တိုင်းရင်းသားများနဲ့အတူ တက်ရောက်သင်ယူခဲ့ဖူးပါတယ်။
သင်တန်းနေရာက စာရေးသူ မှတ်မိသ၍ ထားဝယ်တံတားနားမှာရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းမှာပါ။ ယခုအခါမှာ မွန်ပြည်နယ်
လွှတ်တော်ဥက္ကဌဖြစ်နေသော မွန်တိုင်းရင်းသားဦးကျင်ဖေ (ထိုစဉ်က ပြည်နယ်ကောင်စီ အုပ်ချုပ်ရေးမှူး)
သည် စာရေးသူနဲ့ သင်တန်းတစ်ပတ်တည်းဖြစ်ခဲ့ပါတယ်။
မွန်တိုင်းရင်းသားများက မွန်စာပေ မတတ်လို့ လာသင်ကြပေမယ့်
မွန်စကားတတ်ကြပါတယ်။ အညာသား ဖြစ်တဲ့ မိမိကသာ စကားမတတ် စာမတတ်ပဲ သွားသင်ခဲ့တာပါ။
No comments:
Post a Comment