"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, April 27, 2015

စာရေးဆရာမာန်မြင့် ကွယ်လွန်ခြင်း (၅)နှစ်ပြည့်


၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်


22 hrs · 

စာရေးဆရာမာန်မြင့် ကွယ်လွန်ခြင်း (၅)နှစ်ပြည့်


ပုံ (၁) မြန်မာပြည်ကိုပြန်လည်တုန်း မန္တလေးကိုရောက်စဉ်က သူငယ်ချင်း ကိုခင်မောင်မြင့်နှင့်ဇနီးဒေါ်ချစ်ကြည်တို့က စာရေးသူတို့အား ဦးပိန်တံတားသို့သွားပို့ပေးခဲ့တယ်။ ပုံ (၂) သူ့လက်ရေးဖြင့် အမှတ်တရရေးပေးထားသော ဒုတိယအကြိမ်ထုတ် သူ့စာအုပ်။ ပုံ(၃) သူ့ဇနီး၊ ချွေးမတို့နှင်အတူ စင်ကာပူကို ပထမအကြိမ် လာလည်ခဲ့စဉ်က။



ယခုနှစ်မတ်လသည် မိမိ၏အရင်းနှီးဆုံး ငယ်သူငယ်ချင်းနှင့်ရေးဖော်ရေးဖက် စာရေးဆရာမာန်မြင့် ကွယ်    လွန်ခဲ့သော ၅ နှစ်မြောက်သည့်နှစ်ဖြစ်သည်။ 

သူ ကွယ်လွန်ခဲ့သော မတ်လကိုရောက်တိုင်း (၂၀၁၄ ခုနှစ်မှလွဲပြီး) သူ့အမှတ်တရစာလေးများကို မိမိ၏ ကျွန်းသာယာဘလော့တွင် အလွမ်းပြေရေးဖြစ်ခဲ့ပါသည်။


*****************

သူ ကွယ်လွန်ပြီး ၁ နှစ်ပြည့်ဖြစ်သော ၂၀၁၁ ခုနှစ်မတ်လက မိမိ ရေးခဲ့သည်များမှ အောက်ပါစာပိုဒ်လေး များကို ကောက်နှုတ်ဖော်ပြပါရစေ။

/// မင်းနဲ့ငါက မတွေ့လိုက်ကြနဲ့၊ တွေ့လိုက်တာနဲ့ စာအကြောင်းပေအကြောင်း ပြောလိုက်ကြတာ မမောနိုင် မပမ်းနိုင်ပဲလေ။ မင်းအိမ်နဲ့ ငါ့အိမ်ကလူတွေသာ နားပူကြရတာ မဟုတ်ဘူး၊ အိမ်နားနီး ချင်းတွေပါ ကြာ တော့ နားမခံနိုင်ကြတော့ဘူး။ " ဒီကောင်လေးနှစ်ကောင် စကားပြောပဲပြောနိုင်ကြ တယ်။ ညမှာလဲ ဟုတ်တိပတ်တိ မအိပ်ပဲ ဘာတွေပြောနေကြမှန်း မသိဘူး"တဲ့။ 

စာအုပ်ကောင်းတွေ ပေါပေါများများထွက်ပြီး သူ့ခေတ်သူ့အခါနဲ့ စာအုပ်ဈေးကလဲ သင့်နေသေးတာမို့ မင်းတို့ ငါတို့ ခေတ်ကောင်းမီတယ်လို့ ပြောရမလားပဲ။ စာအုပ်ကောင်းဆိုတဲ့နေရာမှာ မဂ္ဂဇင်းက ၀တ္တုတိုကောင်း တွေ ဖတ်ရတယ်။ ဆရာနတ်နွယ်ရဲ့  "မြန်မာပြည်မြောက်ပိုင်း"၊ ဆရာမောင်ထင် ရဲ့  "ငဘ"၊ တောင်တွင်းဦကို ကိုကြီး ဘာသာပြန်တဲ့ ရုရှာစာရေးဆရာမက္ကစင်ဂေါ်ကီရဲ့ ”အမေ”၊ ဆရာကျော်အောင် ဘာသာပြန်တဲ့ "တော ရိုင်းမြေ"၊ ဒသနအတွေးအခေါ်တွေနဲ့ ပတ်သက်လို့ တောင်တွင်းကြီးဆရာတော်ဦးဥက္ကဋ္ဌ၊ ဆရာဦးဆန်းထွန်း၊ ဆရာဦးဆန်းလွင်တို့ရဲ့စာတွေ၊ တော်လှန်စာပေနဲ့ပတ်သက်လို့က ဆရာနတ်နွယ်၊ ဆရာမင်းကျော်၊ ဆရာ မောင်နေ၀င်းနဲ့ ဆရာကျော်အောင်တို့ရဲ့စာတွေ။

မင်းနဲ့ငါက အဲဒီခေတ်က အခေါ်နဲ့ဆို "စာရူးပေရူး" ကောင်လေးတွေ။ မြန်မာဝတ္တုတို ၀တ္တုရှည်တွေ ဖတ်ကြ တယ်။ ဘာသာပြန်ဝတ္တုတိုရှည်တွေ ဖတ်တယ်။ နိုင်ငံရေးစာအုပ်တွေ ဖတ်ကြတယ်။ ဝေဖန်ရေးနဲ့ လေကန် ရေးတွေ ဘာလုပ်ကြသလဲ မမေးနဲ့။ ///


*****************

သူ ကွယ်လွန်ပြီး ၂ နှစ်ပြည့်ဖြစ်သော ၂၀၁၂ ခုနှစ်က မိမိ ရေးခဲ့သည်များမှ အောက်ပါစာပိုဒ်လေးများကို ကောက်နှုတ်ဖော်ပြပါရစေ။

/// ၁၉၇၀ ပြည်နှစ်များမှာ မိုးဝေမဂ္ဂဇင်းမှာဆက်တိုက်ဖော်ပြခဲ့တဲ့ မာန်မြင့်ရဲ့ သရော်စာဝတ္တုတိုများဟာ ထို စဉ်က တိုးတက်ထက်မြက်သည့်အတွေးအခေါ်ရှိသော လူငယ်စာဖတ်ပရိသတ်များအကြားတွင် ရေပန်း စားခဲ့ပါတယ်။ 

တစ်ဖက်ကလည်း မြန်မာစာပေသမိုင်းမှာ ‘မိုးဝေမဂ္ဂဇင်းခေတ်’ ရယ်လို့ သမုတ်ပြီးပြောရလောက်အောင်ကို မိုးဝေမဂ္ဂဇင်းရဲ့ သြဇာတက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပြန်ပါတယ်။ မိုးဝေမဂ္ဂဇင်းကို တည်ထောင်ခဲ့ပြီး အယ်ဒီတာချုပ်တာဝန်ယူထားတဲ့ ဆရာနတ်နွယ် (လူငယ်ကဗျာဆရာများနဲ့စာရေးဆရာများကတော့ သူ့ကို ‘ဆရာနတ်’ လို့ပဲ ချစ်စနိုး ခေါ်ကြတာပါ) သည် သူ့ရေးဖော်များဖြစ်ကြတဲ့ ဆရာမင်းကျော်၊ ဆရာမောင်နေ ၀င်း၊ ဆရာကျော်အောင်စတဲ့ ‘တော်လှန်စာပေ’စာရေးဆရာများနဲ့ ကလောင်လက်ညီညီရေးနေချိန်လည်း ဖြစ်ပါတယ်။

မိမိမှတ်မိသ၍ မိုးဝေမဂ္ဂဇင်းဟာ ၁၉၇၀ခုနဲ့ ၁၉၈၀ ခုနှစ်တွေကြားမှာ ကဗျာဆရာများစွာနဲ့ လူငယ်စာရေး ဆရာကလောင်သစ်အမြောက်အများကို စင်တင်မွေးထုတ်ပေးခဲ့တဲ့အထဲမှာ မာန်မြင့်လည်း တစ်ဦးအပါ အ၀င်ဖြစ်ခဲ့ပါတယ်။ 

မာန်မြင့်ရဲ့ ဝတ္တုတိုလေးတွေကိုဖတ်ပြီး ရယ်ရတယ်ဆိုတာက စာဖတ်တဲ့သူတွေကို မရယ်ရယ်ရအောင် တမင် ’မဟားတရား’ ကလိထိုးပြီး ရယ်ခိုင်းတာမျိုး မဟုတ်ပါဘူး။ အဲဒီစာအရေးအသားက စာပေအဆင့်ရှိ တဲ့သရော်စာမျိုးမဟုတ်ပါဘူး။ ရယ်ရအောင်သက်သက်ရေးတဲ့ ရယ်စရာဟာသစာမျိုးပဲဖြစ်တယ်။ မာန်မြင့်ရဲ့  ၀တ္တုတိုလေးတွေမှာ တွေ့ရတာက အဲဒီခေတ်အဲဒီအချိန်က လူတွေရဲ့  ဖြစ်ပျက်နေတဲ့ တကယ့်သဘောသ ဘာဝများကို အရှိအတိုင်း အရင်းအတိုင်း ရိုးရိုးရှင်းရှင်းချပြထားတာပဲဖြစ်ပြီး ယင်းသို့ ပြုမူဖြစ်ပျက်နေကြ တာကိုက မြင်ကြရ တွေ့ကြရသူများအဖို့ သူတို့ကိုယ်နဲ့နှိုင်း စာပြီး ‘ဟင့်’ကနဲ့ ‘ခစ်’ကနဲ လွှတ်ကနဲ ရယ်မိသွား တာမျိုး ဒါမှမဟုတ် နောက်မှတစိမ့်စိမ့်တွေးမိပြီး တသိမ့်သိမ့်ရယ်မိရတာမျိုးပါ။ 

သူကွယ်လွန်သွားခဲ့ပေမယ့် သူ့စာဖတ်ပရိသတ်များကတော့ မြန်မာပြည်မှာလုပ်သည်၊ ခြင်ထောင်၊ နိုင်ငံခြား ပြန်၊ ဆေးလိပ်သမလေး အစရှိတဲ့ သူ့ဝတ္တုတိုတွေထဲမှ ရိတိတိ ထေ့တေ့တေ့ သရော်တော်တော် အရေးအ သားလေးများကို စွဲလမ်းအမှတ်တရ ရှိနေကြဦးမှာပါ။ ///


*****************

သူ ကွယ်လွန်ပြီး ၃ နှစ်ပြည့်ဖြစ်သော ၂၀၁၃ ခုနှစ်က မိမိ ရေးခဲ့သည်များမှ အောက်ပါစာပိုဒ်လေးများကို ကောက်နှုတ်ဖော်ပြပါရစေ။

/// ဒီနေ့ကို ကောင်းကောင်းမှတ်မိနေသည်။ 

တိတိကျကျပြောရလျင် ၂၀၁၀ ခုနှစ် မတ်လ ၂၁ ရက်။ 

ထိုနေ့တွင် မိမိနှင့်အရင်းနှီးဆုံး ငယ်သူငယ်ချင်းဖြစ်သူ ကိုခင်မောင်မြင့် စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် ဆေးရုံကြီး (National University Hospital - NUH) မှာ ကွယ်လွန်သွားခဲ့သည်။

သူ ကွယ်လွန်ချိန်မှာ မိမိနှင့်မိမိ၏ဇနီးဖြစ်သူတို့ နှစ်ဦးစလုံး သူ့အနားမှာ ရှိနေခဲ့ကြ၏။ သူ၏နောက်ဆုံး ထွက် သက်အား ရင်နာစွာ ခံစားသိမြင်လိုက်ကြရသည်။ 

သိတတ်ပြီး လိမ်မာရေးခြားရှိလှသည့် သားနှစ်ယောက်၏ ပြုစုစောင့်ရှောက်မှုများကို သူ၏ဇနီးဖြစ်သူနှင့် အတူ အေးချမ်းပျော်ရွှင်စွာခံစားရင်း တစ်ချိန်က ရုန်းကန်လှုပ်ရှားခဲ့ကြရသည့် ဘ၀အမောများကို မေ့ပျောက် နိုင်ချိန်တွင် သူ့ကို ယခုထက်ပိုပြီး အသက်ရှင်ရှိနေစေချင်သေးသည်။ 

မိမိကိုယ်တိုင်ကလည်း သူငယ်ချင်းင်္ကြီးကိုကြည့်ပြီး သူ့အတွက် ၀မ်းသာကြည်နူးချင်ပါသေးသည်။ 

ငယ်ငယ်တုန်းကလို စကားတွေအများကြီး ပြောချင်ပါသေးသည်။ 

ယခုတော့ သူမရှိတော့လေပြီ။ 

မိမိ၏ရှေ့ မှ သွားနှင့်သည်မှာ သုံးနှစ်ကြီးပင် ရှိခဲ့ချေပြီ။ 

သို့တစေ မိမိက သူ့အား အမှတ်တရရှိနေဆဲ။ NUH သို့ ရောက်လေတိုင်း သူငယ်ချင်းအား သတိမရမိသည့်အခါဟု မရှိလေခဲ့။ 

မနေ့က မြန်မာ့အလင်းသတင်းစာမှာ မာန်မြင့်၏ဇနီး ဒေါ်ချစ်ကြည်မြင့်ထည့်ထားသော "(၃) နှစ်ပြည့် လွမ်း ဆွတ်သတိရခြင်း" ကို ဖတ်လိုက်ရသည်။ 


စာရေးဆရာမာန်မြင့်ကိုရည်စူးပြီး သူ့မိသားစု (မိခင်ကြီး၊ ဇနီးနှင့်သား ၂ ယောက်) တို့က နှစ်စဉ်နှစ်တိုင်း အလှူအတန်းနှင့်ကောင်းမှု ကုသိုလ်များပြုလုပ်ပေးကြသည်။



တောင်မြို့  မဟာဂန္ဓာရုံပရိယတ္တိစာသင်တိုက်တွင် စာသင်သားသံဃာတော်အပါး ၁၀၀၀ ကျော်တို့ အား ဆွမ်းလောင်းကပ်လှူကြောင်းနှင့် ငွေပဒေသာပင်ကိုလည်း စိုက်ထူခဲ့ကြောင်း၊

သူ့ကိုရည်စူးပြီး သူ၏မိသားစုမှပြုလုပ်သော အလှူဒါနနှင့်ကောင်းမှုကုသိုလ်များကို လှိုက်လှဲစွာသာဓုခေါ် လျက် ၀မ်းမြောက်ဝမ်းသာဖြစ်ရသည်။ ///

သူငယ်ချင်း ကောင်းရာသုဂတိသို့ရောက်ပါစေဟု ဆုမွန်ကောင်းတောင်းလျက်။














No comments:

Post a Comment