"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, May 5, 2015

သတိရမိလေသော ဆရာကြီးတို့ဇနီးမောင်နှံ (၂)


၁၃၇၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်



FB

သတိရမိလေသော ဆရာကြီးတို့ဇနီးမောင်နှံ







ဒီကနေ့ ဖေ့စ်ဘွတ်မှာ သတင်းစာဆရာကြီး ဦးခင်မောင်လတ်နှင့်စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ် တို့ဇနီးမောင်နှံနှစ်ဦး အ ကြောင်းကို သူတို့၏မြေးဖြစ်သူ ဂျူနီယာဝင်းက “A Memory of My Grandparents” အမည်ဖြင့် စာအုပ်ရေးထားကြောင်း ဖတ်လိုက်ရပါတယ်။

ဆရာကြီးကိုတော့ လှည်းတန်းအ၀ိုင်းနားက မိမိ တစ်ခါတစ်ခါမှာ အလည်ရောက်တတ်သော စာရေးဆရာကြီးထင်လင်း၏ အိမ်မှာ အနီးကပ်တွေ့ဖူး နှုတ်ဆက်ဖူးပေမယ့် ဆရာမကြီးကိုတော့ အဝေးကပဲ အရိုအသေပြု့ ဖူးခဲ့တာပါ။

“A Memory of My Grandparents” စာအုပ်ကို ဆရာကြီးတို့နှစ်ဦး၏ အသက် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ရေးသား ထုတ်ဝေတာလို့ စာအုပ်မျက်နှာဖုံးမှာ ဖော်ပြထားပါတယ်။

၁၉၈၀ ပြည့်နှစ်ဦးပိုင်းအခါများက ဆရာကြီးတို့ဇနီးမောင်နှံကို ပြည်ရိပ်သာလမ်းထိပ်က မိုးရွှေကြယ်စားသောက်ဆိုင်အနီးမှာ မကြာခဏဆိုသလို မိမိ တွေ့ရတတ်ပါတယ်။ 

မိမိလေးစားသော ဆရာကြီးတို့ ဇနီးမောင်နှံကို တစ်ခါတစ်ခါတွင် သတိတရရှိတတ်တာမို့ မိမိ၏ကျွန်းသာယာဘလော့တွင် ပြီးခဲ့တဲ့နှစ် ဇွန်လက အမှတ်တရရေးထားတဲ့စာတိုလေးနဲ့ အသက် ၁၀၀ ပြည့်အထိမ်းအမှတ်မှာ လေးစားစွာကန်တော့လိုက် ပါ၏။


********************


Thursday, June 26, 2014

သတိရမိလေသော ဆရာကြီးတို့ဇနီးမောင်နှံ

၁၃၇၆ ခုနှစ်၊ နယုန်လကွယ်နေ့


 ဆရာမကြီး ဒေါ်ခင်မျိုးချစ်နှင့်ဆရာကြီး ဦးခင်မောင်လတ်။(ဓာတ်ပုံ-အင်တာနက်)


အိမ်ရှင်မနှင့်အတူ အပြင်သို့ မကြာခဏသွားကြရင်းက တစ်နေ့မှာ ဆရာကြီးဦးခင်မောင်လတ်နှင့် ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့အား ဗြုန်းစားကြီး သွားပြီးသတိရလိုက်မိသည်။
ရန်ကုန် ပြည်လမ်းဘေးရှိ ၀ဂ္ဂီအရပ်တွင်နေစဉ်က လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (အင်္ဂလိပ်) အယ်ဒီတာချုပ်ဟောင်း ဆရာကြီးဦးခင်မောင်လတ်နှင့် အင်္ဂလိပ်ဘာသာဖြင့်ဆောင်းပါးများ ၀တ္တုတို များရေးသားသော ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ဇနီးမောင်နှံကို ပြည်ရိပ်သာလမ်းထိပ်မှာ ထီး ကောက်အရှည်ကြီး အတူဆောင်းလျက် တက္ကစီစောင့်နေကြသည်ကို မကြာမကြာတွေ့ရတတ်၏။

ဆရာကြီးတို့၏တစ်ထပ်တိုက်အိမ်လေးသည် ပြည်ရိပ်သာလမ်းထဲတွင် ခြံနှင့်ဝင်းနှင့်ကျယ်ကျယ် ၀န်းဝန်းရှိပါသည်။ ဆရာကြီးတို့နှစ်ဦးအား သားဖြစ်သူ သင်္ချာပါမောက္ခဒေါက်တာခင်မောင်ဝင်း မိသားစုနှင့် အမြွှာမြေးကလေး ၂ ယောက်ပါ တစ်ခါတစ်ရံ တွေ့ရတတ်၏။

ဆရာကြီးက ထောင်ထောင်မောင်းမောင်း၊ ဆရာမကြီးက ဆရာကြီးထက် များစွာအရပ်ပု၏။ သို့သော် ဆရာကြီးတို့နှစ်ဦးကို မြင်တွေ့ရသည်မှာ အသက်ကြီးသူဇနီးမောင်နှံများအဖြစ် အလွန်ပင် ကျက်သရေရှိစွာ လိုက်ဖက်ကြလေသည်။ 
တစ်ဦးနှင့်တစ်ဦး ကြင်ကြင်နာနာရှိကြသည်ကိုလည်း သတိပြုမိ၏။

စာဖတ်စာရေးဝါသနာပါသူဖြစ်၍ ဆရာကြီးတို့၏စာများအား နှစ်သက်သူတစ်ဦးအနေဖြင့် အဝေးမှ ကြည့်ပြီး ကြည်ညိုလေး စားခဲ့ရသည်။ အားကျခဲ့မိသည်။ ဆရာမကြီး၏သုတ ရသစာများကို ဆရာကြီး၏စာများထက် ပိုပြီးဖတ်ခဲ့ဖူး၏။ နှစ်ခြိုက်စွဲ လမ်းခဲ့မိ၏။

ဆရာကြီးက သတင်းစာဆရာကြီးဖြစ်ပြီး ဆရာမကြီးမှာ စာရေးဆရာမကြီးဖြစ်လေသည်။

ယခုအခါတွင် ဆရာကြီးတို့နှစ်ဦးလုံး ကွယ်လွန်သွားခဲ့ကြပြီးဖြစ်သည်။



  • Ko Myo Zin အင်မတန် စာသင် ကေါင်းသော ဆရာကြီးနဲ့ ဆရာမကြီးကို လွမ်းဆွတ်မိပါတယ် အကိုကြီး။ကျနော်က ၃ ယောက်လုံးရဲ့တပည့်ဖြစ်ခဲ့ဘူးပါတယ်





No comments:

Post a Comment