"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, November 30, 2019

ဂျနီဗာက ဘတ်(စ)ကားလက်မှတ်





တစ်နေ့က ဘတ်(စ)ကားမှတ်တိုင်မှာ
ကားစောင့်နေရင်း ဘာရယ်လို့တော့
မဟုတ်ပါဘူး။

လက်ထဲမှာကိုင်ထားတဲ့ ကားနဲ့ရထား
စီးလို့ရတဲ့လက်မှတ်အိတ်လေးကို
အမှတ်တမဲ့ ကြည့်လိုက်မိပါတယ်။

အပြင်ဘက်မှာအခုမြင်နေရတာက
စင်ကာပူနိုင်ငံမှာသုံးနေတဲ့လက်မှတ်
မဟုတ်ပါဘူး။


ပြီးခဲ့တဲ့မေလဆန်းက ဆွတ်ဇာလန်နိုင်ငံကပြန်လာပြီးနောက် ဂျနီဗာမြို့ မှာတုန်းက မိမိအသုံးပြုခဲ့တဲ့ လက်မှတ်အဟောင်းလေးပါ။ ဘေးအိတ်မှာ အမှတ်တရထည့်ထားခဲ့တာရယ်ပါ။

စင်ကာပူမှာ အသုံးပြုနေတဲ့လက်မှတ်က အိတ်အတွင်းထည့်ထားတာဖြစ်လို့ အပြင်ကမတွေ့ရပါဘူး။




စင်ကာပူသုံးလက်မှတ် (အပေါ်ပုံ)။ ဂျနီဗာမြို့ မှာအသုံးပြုခဲ့တဲ့လက်မှတ် (အောက်ပုံ)



ဒီလက်မှတ်လေးကို ဘတ်(စ)ကားစီးတိုင်း အမ်အာရ်တီရထားစီးတိုင်း မိမိအသုံးပြုနေရပါတယ်။

လက်မှတ်ကိုနေ့စဉ်နေ့တိုင်း ထုတ်လိုက်သွင်းလိုက်နဲ့ ကိုင်တွယ်အသုံးပြုနေရတာဖြစ်လို့ ထိခိုက်ပွန်ပဲ့မှုမရှိစေရန် အယ်(လ)ဂျီသားရေအိတ်လေးထဲထည့်ထားပါတယ်။

ကား ရထားတွေက အ၀င်အထွက်လက်မှတ်ကပ်တဲ့စက်တွေမှာ အိတ်ကလေးကပ်လိုက်ရင်ပြီးတာပါပဲ။
အထဲကလက်မှတ်ကို ထုတ်ပြီးကပ်ဖို့မလိုပါဘူး။

ဒါကြောင့်မိမိရဲ့ လက်မှတ်လေးကို မတွေ့မြင်ရပါဘူး။

ဆွတ်ဇာလန်နိုင်ငံကို အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ (World Confederation for Physical Therapy Congress) တက်ရန်  ရောက်သွားခဲ့တာ။ 

ဂျနီဗာမြို့ တစ်မြို့ ထဲမှာပဲ ဟိုတယ်ပေါင်းက ၁၀၀ ကျော်ရှိနေပါတယ်။

နိုင်ငံခြားကလာတဲ့ခရီးသွားတွေထဲက ဟိုတယ်မှာနေမယ့်လူတိုင်းကို ဘတ်(စ)ကား၊ ဓာတ်ရထား (trams)၊ မွေဝက်(ထ) (Mouettes) လို့ခေါ်တဲ့ အ၀ါရောင်တက္ကစီမော်တော်ဘုတ် (yellow shuttle boats)နဲ့ လော်ကယ်ရထား (local train) အစရှိတဲ့ ပို့ဆောင်ရေးယာဉ်တွေအခမဲ့စီးဖို့ Geneva Transport Card ဆိုတဲ့လက်မှတ်ပေးပါတယ်။

တစ်ဦးချင်းကိုပေးတာဖြစ်လို့ တခြားတစ်ယောက်ကိုလက်လွှဲပြီး မသုံးရပါဘူး။

ဂျနီဗာမြို့ မှာ မိမိနေထိုင်စဉ်အတွင်းသွားလာရာမှာ အလွန်အဆင်ပြေတာတွေ့ရပါတယ်။


                                                                                          ဂျနီဗာမြို့ က ဓာတ်ရထား


လူစီးများလှတဲ့ ဘတ်(စ)ကားတို့
ဓာတ်ရထားတို့ဆိုရင် တစ်စီးပြီး
တစီး မကြာခဏ သွားနေကြတာ
ကို တွေ့ခဲ့ရပါတယ်။

ဓာတ်ရထားတွေက အရောင်အ
သွေးစုံပြီး လှပကြပါတယ်။

နောက်ပြီး ဆူဆူညံညံအသံလဲ
လုံးဝမကြားရဘူး။

ထူးထူးခြားခြားသတိထားမိတာတစ်ခုကတော့ စင်ကာပူကဘတ်(စ)ကားတွေမှာလို လက်မှတ်စက်မှာ လက်မှတ်ကပ်တာမျိုး မလုပ်ရတာပါ။

ကားခအတွက် ပိုက်ဆံပေးတာ ဒါမှမဟုတ် ပုံးထဲကိုပိုက်ဆံထည့်တာမျိုးလဲမတွေ့ရဘူး။

ကားပေါ်ကဆင်းသွားတဲ့အခါတွေမှာလဲ ဒီအတိုင်းဆင်းသွားလိုက်ရုံပဲ။
ဘာမှလုပ်စရာမလိုဘူး။

နောက်ပြီး လက်မှတ်စစ်ကိုလဲ မတွေ့ခဲ့ရဘူး။


  

                                       လက်မှတ်ရောင်းပေးသည့်စက်(အလယ်တိုင်အနီး)


လက်မှတ်ရောင်းပေးတဲ့စက်ကလေးတွေကိုတော့ ဘတ်(စ)ကားမှတ်တိုင်းမှာမဟုတ်ပေမယ့် မှတ်တိုင်အတော်များများမှာ တွေ့ရတတ်တာသတိပြုမိပါတယ်။

ခရီးသည်အားလုံးကို လက်မှတ်နဲ့စီးကြတာပဲလို့ အကြွင်းမဲ့ယုံကြည်ထားတဲ့သဘောလို့ပြောရပါမယ်။









No comments:

Post a Comment