
မြန်မာဘုန်းတော်ကြီးကျောင်းအ၀င်မုခ်ဦး
ဒီကနေ့ မြန်မာဘုန်းတော်ကြီးကျောင်းကိုရောက်သွားခဲ့သည်။
ထုံးစံအတိုင်း မိမိတို့လမ်းထဲမှ အမှတ် ၃၃၄ ဘတ်(စ)ကားစီးသည်။
ထိုနောက် ဂျူရောင်းတောင်းဟောလမ်းမှာ အမှတ် ၅၀၆ အမြန်ကားကိုပြောင်းစီးရသည်။
အမြန်ကားကို နာရီဝက်ကြာစီးပြီးသောအခါ မြန်မာဘုန်းတော်ကြီးကျောင်းအနီးရှိကားမှတ်တိုင်မှာဆင်းကြပါသည်။
နီးသည်ဟုဆိုရသော်လည်း ကားလမ်းမကြီး၏တစ်ဖက်ကို ကုန်းကျော်တံတားမှဖြတ်ကူးရသည်။
ပြီးတော့ တိုက်တွေအောက်မှ အာဟွတ်လမ်းရှိရာသို့ ၇ မိနစ်ခန့်လျှောက်သွားရသည်။
ထိုအခါ လမ်း၏ညာဘက်အခြမ်းရှိ ရာမာဒါဟိုတယ် (Ramada Hotel) ကို မြင်ရသဖြင့် ၁၉၉၆ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်(လ)စင်ကီမြို့ ကိုရောက်ခဲ့သည်ကို အမှတ်ရမိပါသည်။


ရာမာဒါဟိုတယ်၊ ဟယ်(လ)စင်ကီမြို့ ။
ဟယ်(လ)စင်ကီမြို့ တွင် ထိုစဉ်က မိမိတည်းခိုခဲ့သောဟိုတယ်အမည်မှာလည်း ရာမာဒါဟိုတယ်ပင်ဖြစ်လေသည်။
မြို့ ၏အချက်အခြာကျသောနေရာတွင်ရှိပြီး ပြတိုက်များ၊ ဈေးများ ကုန်တိုက်ကြီးများနှင့်နီးသည်။
ပို၍အရေးကြီးသည်မှာ မိမိတက်ရောက်သည့်ညီလာခံနေရာဖြစ်သော Finlandia Hall နှင့် ၁၀မိနစ်ခန့်သာလမ်းလျှောက်ရပါသည်။
ညနေပိုင်းညီလာခံပြီးသည်နှင့် မိမိနှင့်စင်ကာပူနိုင်ငံသူလုပ်ဖော်ကိုင်ဘက်တို့သည် စတော့(ခ)မန်းကုန်တိုက်ကြီး (Stockmann Helsingin Keskusta) ကို အပြေးအလွှားသွားကြလေ့ရှိပါသည်။
၁၅ မိနစ်ကြာခန့် လမ်းလျှောက်ကြရပါသည်။
အဲဒီမှာ ညနေစာစားပြီးသောအခါ ဆိုင်များနှင့်ပစ္စည်းများကို ဟိုကြည့်ဒီကြည့်လုပ်ကြ၏။
ယင်းကုန်တိုက်ကြီးသည် နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန် အစရှိသော စကင်ဒီနေးဗီးယားဒေသတွင် အကြီးဆုံးသောကုန်တိုက်ကြီးအဖြစ်ထင်ရှားလေသည်။
ရာမာဒါဟိုတယ်နှင့်ပတ်သက်ပြီး မှတ်မှတ်သားသားတစ်ခုလည်း ကြုံခဲ့ရသေးသည်။
၁၉၉၃ ခုနှစ်က ကိုရီးယားနိုင်ငံ ဆိုး(လ)မြို့ တွင် မိမိနှင့်တွေ့ဆုံရင်းနှီးခဲ့သော ဖင်လန်နိုင်ငံသူ ဒေါက်တာမာရီယာနှင့် အမှတ်မထင်ပြန်တွေ့ကြခြင်းဖြစ်သည်။
သူသည် ဖင်လန်နိုင်ငံအလယ်ပိုင်းဒေသရှိ အူလူးမြို့ (Oulu) မှ ကလေးအထူးကုဆရာဝန်မတစ်ဦးဖြစ်ပြီး မိမိနှင့် သက်တူရွယ်တူလောက်ရှိမည်ထင်ပါသည်။
သူလည်း ဤဟိုတယ်မှာပင် တည်းပါသည်။
ကိုရီးယာနိုင်ငံမှာ ညီလာခံတက်ခဲ့ကြစဉ်က သူနှင့်မိမိတို့သည် သုတေသနစာတမ်းဖတ်ကြားရင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ဖင်လန်နိုင်ငံမှ အာရှနိုင်ငံကို တစ်ဦးတည်းညီလာခံလာတက်ခဲ့သော ဒေါက်တာမာရီယာက မိမိကိုအကြောင်းပြုလျက် စင်ကာပူမှညီလာခံကိုယ်စားလှယ်အမျိုးသမီးများနှင့်အပေါင်းအသင်းဖြစ်ကာ ဆိုး(လ)မြို့ တွင် အတူတကွ သွားလာလည်ပတ်ခဲ့ကြပါသည်။
No comments:
Post a Comment