"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Saturday, November 9, 2019
မြန်မာသင်္ကြန် အလည်ပြန် (၁)
မြန်မာ့သင်္ကြန်၁၃၈၁
သားမက်နှင့်မြေးအကြီးတို့ရေပက်နေသည်ကို သမီးနှင့်မြေးအငယ်(ချီထား)တို့ကြည့်နေကြ။
ယခုနှစ်ဧပြီလက မြန်မာပြည်ကိုပြန်ဖြစ်ခဲ့သည်။
၁၉၉၀ ခုနှစ်က မြန်မာပြည်မှ မိမိ ထွက်လာပြီးနောက် မြန်မာပြည်ကို နှစ်စဉ်နှစ်တိုင်းလိုလို အလည်ပြန်ဖြစ်သည်။
အလည်ပြန်တိုင်း နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင်သာ ပြန်တတ်ပါသည်။
မှတ်မှတ်ရရ တစ်ကြိမ်ပဲ ဇွန်လမှာပြန်ဖူးခဲ့သည်။
ဇနီး၏ကြီးမေ ကွယ်လွန်သော ၃ နှစ်မြောက်မှာ ဆွမ်းကျွေးရင်း အလှူသွားလုပ်ကြခြင်းဖြစ်သည်။
သို့သော် မြန်မာပြည်ကို တစ်ခါမှ ဧပြီလမှာ မပြန်ဖြစ်ခဲ့ပါချေ။
ယခုနှစ်တွင်တော့ အနှစ်နှစ်က ဆန္ဒရှိခဲ့သည့်အတိုင်း မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကျင်းပသော တံခူးလတွင် သမီးတို့မိသားစုနှင့်အတူ ပျော်ရွှင်စွာပြန်ဖြစ်ခဲ့ကြသည်။
အိမ်ရှေ့ က ရေပက်တဲ့မဏ္ဍပ်လေး
အိမ်ပေါ်ကတွေ့နေရတဲ့
ရေပက်မဏ္ဍပ်လေး။
လွန်ခဲ့သောနှစ်အနည်းကစပြီး သမီးက နှစ်သစ်ကူးသင်္ကြန်တွင်မြန်မာပြည်ကိုအလည်ပြန်လိုကြောင်း မကြာမကြာဆိုသလိုပြောနေခဲ့သည်။
သို့သော် မိမိ၏အလုပ်က နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် ခွင့်ယူရန်အဆင်ပြေသဖြင့် ဧပြီလမှာမပြန်ဖြစ်ခဲ့ပေ။
နောက်တစ်ခု မြန်မာပြည်မှာ ဧပြီလက အလွန်ပူသည်။
နှစ်သစ်ကူးသင်္ကြန်ပွဲကို ရက်ရှည်ကျင်းပနေသဖြင့် သွားလာလည်ပတ်လို့မကောင်း။
အသိမိတ်ဆွေများနှင့်တွေ့ရန် အခက်အခဲရှိတတ်သည်။
သမီးက သူ့သမီးများအား မြန်မာ့သင်္ကြန်ပွဲတော်ကို မြင်ဖူး ကြုံဖူး နွှဲဖူး ပျော်ရွှင်ဖူးစေချင်သဖြင့် မိမိတို့က အဖော်ပြုလိုက်ပေးရသည်။
မိမိတို့ အဖိုးအဖွားတွေကိုယ်တိုင်ကလည်း မြန်မာပြည်မှထွက်လာခဲ့သည့်အချိန်ကစပြီး နှစ်သစ်ကူးသင်္ကြန်နှင့်ဝေးနေခဲ့သဖြင့် ခေတ်သင်္ကြန်ကိုပြန်ကြည့်ချင်မိပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment