"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, November 23, 2019

ဆေးရုံအလုပ် တစ်ကျော့ပြန် (၆)


ဆေးမှတ်တမ်း 


ကုသမှုလက်ထောက်တစ်ဦး လမ်းလျှောက်လေ့ကျင့်သင်ကြားပေးနေစဉ်။


ပြီးခဲ့သောအပတ်က ဆေးရုံမှဆင်းတော့မည့်လူနာ ၄ ဦးအား အကြောအဆစ်ဆိုင်ရာဆေးကုသမှုမှတ်တမ်း ရေးပေးရသည်။

ရေးပေးရသည်ဆိုသော်လည်း တကယ်က အေအိုင်စီ၏လျှောက်လွှာပုံစံ (AIC application form) ကို ရေးဖြည့်ရခြင်းဖြစ်သည်။

အေအိုင်စီဆိုသည်မှာ Agency for Integrated Care ဖြစ်သည်။

လူနာများ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့်သက်ကြီးလူနာများကို ၀န်ဆောင်မှုပေးနေသော ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဥပမာ သက်ကြီးလူနာများကို သူတို့နှင့်သင့်တော်သောသက်ကြီးပြုစုစောင့်ရှောက်ရေးရိပ်သာ (Nursing Home) များနှင့် နာတာရှည်စောင့်ရှောက်ရေးဌာနများ (Chronic Sick Units) သို့ စိစစ်ကူညီပို့ဆောင်ပေးရန်ဖြစ်သည်။

တစ်နည်းဆိုရသော် အေအိုင်စီသည် သက်ကြီးရွယ်အိုများအား ကူညီစောင့်ရှောက်ပေးရေးဆိုင်ရာတစ်ခုတည်းသောအဖွဲ့အစည်းဖြစ်သည်။

တစ်ချိန်တည်းမှာ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးနှင့်လူမှုဘ၀ဆိုင်ရာ ၀န်ဆောင်ပေးမှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ၀န်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားလာစေရေးတို့အတွက် အဓိကလုပ်ဆောင်ပေးပါသည်။

ယင်းသို့ပြုလုပ်ရန် လူနာနှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များလိုလေသည်။

ဆရာဝန် သို့မဟုတ် အထူးကုဆရာဝန်၏ဆေးမှတ်တမ်းလိုသည်။
ဆေးလူမှုဝန်ထမ်းအရာရှိ၏လူမှု့ရေးမှတ်တမ်းလိုသည်။
အကြောအဆစ်ဝေဒနာရှင်ဖြစ်က အကြောအဆစ်ကုပညာရှင်၏ကုသမှုမှတ်တမ်းလိုသည်။

အလားတူစွာ အခြားသောမှတ်တမ်းအချို့ လည်း လိုအပ်ကောင်းလိုအပ်နိုင်ပါသေးသည်။

မိမိတို့ဆေးမှတ်တမ်းတွင်

- ကြွက်သားအင်အားအခြေအနေ (muscle strength)၊
- အဆစ်များ၏အခြေအနေ (joint range of motion)၊
- လမ်းလျှောက်နိုင် မလျှောက်နိုင် (ambulation)၊
- လက်ကိုင်တုတ်/ လေးချောင်းထောက်/ ချိုင်းထောက် (walking aide) တို့သုံးရန် လိုမလို၊
- လက်တွန်းလှည်းသုံးရခြင်း(wheelchair)၊
- အိပ်ရာတွင်သာနေရခြင်း (bed bound)
- နောက်ဆက်လုပ်သင့်သည့်ကုသမှုများ (recommendations/remarks)

အစရှိသည်တို့ကို ရေးပေးရသည်။


မိမိတို့သည် လူနာမှတ်တမ်းများကို နေ့စဉ်ရေးနေရသည်။

တစ်နေ့တာကြည့်ပြီးသမျှလူနာများကို မနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် ကွန်ပြူတာတွင်ရိုက်တင်ရသည်။

လူနာများမှာ ၁ လကို ၁ ကြိမ်သာ ကြည့်ရသူများပါသည်။  အများစုဖြစ်ကြသည်။

၁ လကို ၂ ကြိမ် ကြည့်ပေးရသူများပါသည်။

နောက်ပြီး တစ်ပတ်ကို ၁ ကြိမ်မှ ၂ ကြိမ် ၃ ကြိမ်အထိကြည့်ပေးရသူများလည်း ပါရှိကြသေးသည်။ လူနာအနည်းစုဖြစ်သည်။

ကုသမှုလက်ထောက်နှစ်ဦး အဆစ်လှုပ်ရှားမှုတိုင်းတာနေစဉ်။



မိမိက လူနာများကို စမ်းသပ်ကြည့်ရှုပြီးသော
အခါ တွေ့ရှိချက်များကိုရေးရသည်။

တစ်ခါ ကုသမှုလက်ထောက်များ (Therapist Assistants) ပြုလုပ်ပေးရမည်များကို တိတိ
ကျကျရေးသားညွှန်ကြားပေးရသည်။



ဥပမာ၊

- လက်နှင့်ခြေထောက်တို့ကို သန်စွမ်းမှုလေ့ကျင့်ခန်းများ (strengthening exercises) ပြုလုပ်ပေးပါ။
- အကြောတင်းနေသော မည်သည့်ကြွက်သားများကို ဖြေလျှော့ဆွဲဆန့်ပေးပါ (passive stretching)။
- မည်သည့်ကြွက်သားများကို မည်သို့သောလှုပ်ရှားလေ့ကျင့်မှုများပြုလုပ်ပေးပါ (passive/ active assisted/ active/ resisted exercises)။
- ခြေ လက် ကျောရိုးခါးရိုးတန်းများ ပုံပျက်ချွတ်ယွင်းနေမှု (postural defects) ကို အကြောဆန့်လေ့ကျင့်ပေးပါ။
- လမ်းလျှောက်ကူကရိယာ (walking frame) ဖြင့် လမ်းလျှောက်လေ့ကျင့်ပေးပါ အစရှိသဖြင့်။

ယင်းတို့ကို ကုသမှုလက်ထောက်များက ၁ ပတ်ကို ၂ ရက်မှ ၃ ရက်အထိ မှန်မှန်ဆက်လက်ကုသပေးကြရသည်။






No comments:

Post a Comment