"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, January 22, 2012

ဂျုံးဂျုံးကျ အုန်းပင်တန်းနှင့် ငြိမ်းချမ်းရာနယ်မြေ

စာရေးသူတို့မိသားစုသည် မှတ်မှတ်ရရပင် ၂၀၀၀ ခုနှစ်တွင် Lakeside ဘူတာရုံနှင့်မျက်နှာချင်းဆိုင်၌ရှိ သောတိုက်နံပတ် ၅၁၈မှ ၄၂ လမ်းရှိ တိုက်နံပတ် ၄၀၇ သို့ပြောင်းရွေ့ ခဲ့ကြ၏။ ဘူတာနှင့်နီးကာ သွားရေး လာရေးအလွန်အဆင်ပြေလှသည့် တိုက် ၅၁၈ ၌ ၁၀ နှစ်ကြာနေခဲ့ပြီးကာမှ ဘူတာနှင့်လည်းဝေးသော ဘတ်စ်ကားလိုင်းတစ်လိုင်းသာရှိသော နေရာသစ်သို့ မိမိတို့စိတ်ကြိုက်ရွေးပြီး ပြောင်းရွေ့ လာခဲ့ကြခြင်း ဖြစ်သည်။

တိုက် ၅၁၈ တုန်းကလည်း ကိုယ့်စိတ်တိုင်းကျနေရာလေးဖြစ်သဖြင့် ထိုမျှကြာသည့်တိုင်နေခဲ့ခြင်းဖြစ်ပါ လေ၏။ ၁၀ နှစ်အကြာတွင် မိမိတို့တိုက်ရှေ့ ၌ ကွန်ဒိုမီနီယံတိုက်ခန်းများဆောက်လာသဖြင့် မိမိတို့ အ တော်ကြီးကိုနေသားတကျရှိနေသည့်နေရာလေးအား မတတ်သာစွာ ခွဲခွာခဲ့ရခြင်းဖြစ်တော့သည်။ ယင်း ကွန်ဒိုမီနီယံတိုက်ခန်းများမရှိခင်က မိမိတို့တိုက်ရှေ့ တွင် ဘောလုံးကွင်းတစ်ကွင်းနီးပါကျယ်သောကွင်း ကြီး ရှိလေသည်။ ညနေခင်းအချိန်တွင် ထိုကွင်းထဲ၌ ဘောလုံးကစားနေကြသော လူငယ်များကိုတွေ့ရ တတ်၏။ စွန်လွတ်နေသော ကလေးများကိုလည်း တွေ့ရတတ်၏။ ပြေးလွှားကစားနေကြသူအချို့ လည်း ရှိတတ်ပါ၏။ ထိုစဉ်က ၁၁ လသားအရွယ်သာရှိသည့် စာရေးသူ၏သားလေးကို အဆိုပါကွင်းသို့ခေါ်သွား ကာ လမ်းလျောက်စေခဲ့ပါသည်။ မြက်ခင်းဖြစ်သဖြင့် လမ်းစမ်းလျောက်တတ်စသားလေး မတော်တဆ လဲကျ၍ နာမှာကို မပူရပါချေ။  

လမင်းထိန်ထိန်သာသည့်ညများမှာ Chinese Garden ရှေ့ ရှိရေကန်ကြီးအား ၁၃ ထပ်တိုက် ပေါ်မှနေပြီး လှပစွာမြင်တွေ့ရမြဲ။ နေ့ခင်းတွင်မူ MRT ရထားလမ်းကိုကျော်လွန်ပြီး အဝေးဆီက ကျွန်းများပေါ်ရှိရေနံ ချက်စက်ရုံများအား မျက်စိတစ်ဆုံးလှမ်းမြင်နေရသည်။ အိမ်ခန်းကလည်း 4-Room A ထောင့်ခန်းဖြစ် သဖြင့် ကျယ်ကျယ်ဝန်းဝန်းရှိ၏။ တိတ်တိတ်ဆိတ်ဆိတ်လည်းရှိပါ၏။ မိမိတို့အခန်းနှင့် နံရံချင်းကပ်နေ သည့်အခန်းဟူ၍ မရှိပေ။ အနီးဆုံးအခန်းနှင့် အလည်၌ လှေကါးကြီးခြားလျက်ရှိသည်။ အိမ်ကိုအလည် လာကြသူတိုင်းက ဤအိမ်ခန်းလေးကို ကြိုက်ကြ၏။ ဘူတာနှင့်နီးသည့်အပြင် ဘူတာပလက်ဖောင်းပေါ် ရှိလူများကို လူလုံးမကွဲသော်လည်း အတိုင်းသားမြင်နေရသည်။ စာရေးသူ၏ဇနီးမှာ ဘူတာရှေ့ ကကုန်း ကျော်တံတားပေါ်မှလာနေသော သူ့ခင်ပွန်းဖြစ်သူအား အိမ်မှပင်မြင်သိနိုင်ပါလေ၏။

သို့ပေမဲ့ မိမိတို့တိုက်ရှေ့ တည့်တည့်တွင် ကွန်ဒိုမီနီယံတိုက်ခန်းများရှိလာသောအခါ တိုက်ရှေ့ မှ ကွင်းပြင် ကြီး ပျောက်သွားခဲ့သည်။ Chinese Garden ရှေ့ ရှိရေကန်ကြီး၊ Lakeside ဘူတာရုံ၊ ကုန်းကျော်တံတား နှင့် ရေနံချက်စက်ရုံများစသည့်မြင်ကွင်းအားလုံးကို မမြင်တွေ့နိုင်တော့ပေ။ နေ့နေ့ညည ရှေ့ ကတိုက်ခန်း များကိုသာ တွေ့မြင်နေရသည်။ ထို့ကြောင့် အိမ်ပြောင်းခဲ့ရတော့၏။

 

အလုပ်သွားအလုပ်ပြန်မှာ နေ့စဉ်တွေ့နေရတဲ့ အုန်းပင်များနဲ့မြစိမ်းရောင်ကွင်း။

အိမ်အနောက်ဖက်က စိမ်းစိုစိုတောအုပ်။

တိုက်တွေဘေးက အုန်းပင်တန်း။

၄၂ လမ်းမှလက်ရှိအိမ်ကိုတော့ ကြိုက်သည်။ အိမ်အရှေ့ ဖက်၌ car park အကျယ်ကြီးရှိသဖြင့် မျက်နှာ ချင်းဆိုင်တိုက်နှင့်ဝေးသည်။ အိမ်အနောက်ဖက်၌အမြန်လမ်မကြီးရှိပြီး လမ်းမကြီး၏အခြားတစ်ဖက်တွင် မည်သည့်တိုက်တာအိမ်ခြေမှမရှိ။ တောသာရှိ၏။ သစ်ပင်များထူထပ်စွာပေါက်လျက်ရှိပြီး ရာသီအလိုက် ပွင့်သည့်တောပန်းလေးများကို အချိန်အခါအလိုက် လှလှပပတွေ့ရတတ်သည်။ 

လသာလို့ကတော့ ကြည့်မ၀ ရှုမ၀သည့် ပန်းချီကားတစ်ချပ်ပေပဲ။

ပိုပြီးနှစ်သက်စရာကောင်းသည်မှာ စုစုပေါင်းတိုက် ဂ လုံးသာရှိကာ ကွင်းကျယ်ကြီး ၂ ကွင်း အကြားတွင် ရှိနေသဖြင့် လေကောင်းလေသန့်ရသည်။ တိတ်ဆိတ်ငြိမ်းချမ်းမှုလည်း ရှိသည်။ စာရေးသူသည် နံနက် ခင်းအလုပ်သွားတိုင်းနှင့်ညနေခင်းမှအလုပ်မှပြန်လာတိုင်း နေရောင်တွင်တောက်ပနေသည့်မြစိမ်းရောင် ကွင်းပြင်နှင့် စီရရီအစဉ်တန်းနေကြသော အုန်းပင်လေးများဘေးမှ ဖြတ်သွားနေရခြင်းကို ကြည်နူးမိ၏။ အုန်းပင်တန်း၏အဆုံးတွင် တူးမြောင်းငယ်မှရေများ တူးမြောင်းကြီးထဲသို့ တရစပ်စီးကျသံကို ကြားနေရ သည်။ ယင်းအသံကို စ,ပြီးကြားမိစဉ်က မုဒုံမြို့ သူဖြစ်သည့်မိမိ၏ဇနီးအား “ဒီအသံက ဂျုံးဂျုံးကျဘုန်း ကြီးကျောင်းမှာရှိတဲ့ရေတံခွန်က ရေကျသံနဲ့တူတယ်နော်” ဟု ရယ်စရာပြောခဲ့ဖူးရာမှ နောင်တွင်’ဂျုံးဂျုံး ကျ’ဟု တွင်သွားပါလေ၏။

သို့ဖြစ်ပေရာ သည်လမ်း သည်အိမ်နှင့် သည်ဝန်းကျင်လေးအား ဤကဲ့သို့မြန်မာပြည်မှအမည်နာမများ ပေးထားမိသည်။

ဂျုံးဂျုံးကျ

အုန်းပင်တန်းနှင့်

 ငြိမ်းချမ်းရာနယ်မြေဟူ၍။

ဤသို့နှင့်ပင် မြန်မာပြည်ကို အလွမ်းဖြေနေရသည်။


No comments:

Post a Comment