တစ်ပြည်တစ်ရွာမှာရောက်နေကြတဲ့အခါ သူငယ်ချင်းတို့ မိတ်ဆွေတို့ဆိုတာ ဆွေမျိုးတွေပါ။
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်က တစ်ပြည်တစ်ရွာကို စာရေးသူတို့မိသားစု စ,ရောက်တုန်းက ရင်းနှီးတဲ့ မိတ်ဆွေဆိုလို့ ရေတွက်ကြည့်ရင် လက်ငါးချောင်းလုံးပြည့်အောင် ရှိတာမဟုတ်ဖူး။ နောက်မှ မြန်မာဘုန်း တော်ကြီးကျောင်း (Burmese Buddhist Temple) ဖြစ်မြောက်ရေးကော်မတီမှာ တစ်တပ်တစ်အား ၀င်ပြီး လုပ်ကိုင်ရင်း ဒီမှာရောက်နေနှင့်တဲ့မြန်မာတွေနဲ့ မိတ် ဆွေဖြစ်လာခဲ့ရတာ။ မိတ်ဆွေတွေ တိုးလာခဲ့ရတာ။ အဲဒီလိုကျတော့လည်း တကယ့်ကိုပျော်စရာကြီး။
မြန်မာဘုန်းကြီးကျောင်းကြီးတည်ဆောက်ဖို့ ဆရာတော်ကြီးများ၏ဦးဆောင်လမ်းညွှန်မှုဖြင့် အစည်းအ ဝေးတွေထိုင်ကြ၊ ဆွေးနွေးကြ ငြင်းခုံကြ၊ ရံပုံငွေတွေရှာကြ၊ အကတွေတိုက်ကြ ၊ ဖိတ်စာတွေ ကြော်ငြာ တွေ ရေးကြ၊ သူ့အိမ်ကိုယ့်အိမ်ဖိတ်ပြီး ကျွေးကြ၊ ဘုန်းကြီးကျောင်းမှာ စုပြီးစားတဲ့အခါစားကြ၊ ဘုန်းကြီး ကျောင်းစာစောင်(Newsletter)ဖြစ်အောင် ကြိုးပမ်းကြ၊ မြန်မာပြည်ဖက်ကိုစာရေးဆက်သွယ်ပြီး အကူ အညီတောင်းကြနဲ့ ပင်ပန်းလည်းပင်ပန်း ပျော်လည်းပျော်ကြရလို့ပါပဲ။
နောက်တော့တဖြည်းဖြည်းနဲ့ မြန်မာပြည်မှာကတည်းက ကိုယ်နဲ့ ဆေးဘက်ပညာသိပ္ပံကျောင်းမှာတစ် တန်းတည်း (တစ်ချို့ လည်း တစ်တန်းကြီး တစ်တန်းငယ်)တွေ၊ တစ်ဆေးရုံတည်း လုပ်ခဲ့ကြတဲ့သူတွေ၊ ကိုယ့်ရဲ့ ဇာတိမြို့ ကိုယ့်ဇနီးရဲ့ မြို့ ကသူတွေ အသီးသီးအသကအသက ရောက် လာခဲ့ကြတယ်။ အဲ - လူ တွေများလာလေတော့ ထုံးစံအတိုင်းပျော်ရတာတွေလည်းရှိ စိတ်ညစ်ရတာတွေလည်းရှိလို့ပေါ့။ ဒီလိုနဲ့ ၁၀ နှစ် ၁၅ နှစ်တန်သည်ကြာလာတဲ့အခါ တစ်ချို့ လည်း ရေကြည်ရာမြက်နုရာတစ်ခြားနိုင်ငံတွေ ပြောင်း သွားကြသူသွား၊ မြန်မာနိုင်ငံကိုပြန်ကြသူပြန်ကြနဲ့ မိတ်ဆွေအဟောင်းတစ်ချို့ လျော့သွားပြီးနောက် ရောက်လာတဲ့မိတ်ဆွေသစ်အချို့ တိုးလာကြပြန်ပါတယ်။
မြန်မာပြည်မှာကတည်းက ပြည်နယ်ဆေးရုံကြီးတစ်ခုမှာ နှစ်အတန်ကြာအောင်အတူလုပ်ခဲ့ကြ၊ ဆေးရုံက ပေးထားတဲ့အိမ်ခန်းတွေမှာအတူနေခဲ့ကြပြီး တစ်ပြည်တစ်ရွာကို မရှေးမနှောင်းဆိုသလို ရောက်လာခဲ့တဲ့ မိတ်ဆွေတစ်ဦးနဲ့ သူအလုပ်လုပ်နေတဲ့ဆေးရုံမှာ မနေ့ညနေက တွေ့ခဲ့ကြတယ်။
ဟိုတုန်းက သူနဲ့စာရေးသူတို့ တစ်ခါတစ်ခါလူချင်းတွေ့ကြသလို မကြာမကြာလည်း ဖုန်းဆက်ကြလေ့ရှိ ခဲ့တယ်။ သို့ပေမယ့် ပြီးခဲ့တဲ့နှစ်သြဂုတ်လနောက်ပိုင်းလောက်ကစပြီး မတွေ့ဖြစ်ခဲ့ကြဘူး။ ဖုန်းတော့ ကြိုး ကြားကြိုးကြားဆက်ဖြစ်လိုက်ခဲ့သေးတယ်။ မှတ်မှတ်ရရ ပြီးခဲ့တဲ့နှစ်ဂျူလိုင်လကုန်က သူ့အိမ်မှာတွေ့ခဲ့ကြ တာ နောက်ဆုံးဖြစ်မယ်ထင်ပါတယ်။ သူ့ဆီက အရေးပေါ်ငှားလိုက်ရတဲ့ ကတ္တီပါဖိနပ်လေးတစ်ရံသွားပြန် ပေးရင်း တွေ့ခဲ့ကြတာဖြစ်တယ်။ အဲဒီလိုဖိနပ်သွားငှားခဲ့ရတဲ့အကြောင်းကို ကျွန်းသာယာမှာ“ဖိနပ်ကလေး တစ်ရံ” (ဂျူလိုင်လ ၂၂) ဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်လိုက်ရင်း သူနဲ့စာရေးသူတို့အကြောင်း အခုလိုလေး ထည့်ရေးခဲ့သေးတယ်။
/// ကိုဖေသက်က Tan Tock Seng Hospital မှာလုပ်နေတာ။ သူနဲ့စာရေးသူတို့က မြန်မာပြည်မှာတုန်း က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ငါးနှစ်လောက် အတူတူအလုပ်လုပ်ခဲ့ကြတာ။ စနေ တနင်္ဂနွေဆိုရင် လူလွတ်တွေမို့ ဆေးရုံကြီးနားက ထားဝယ်စုဈေးကို နှစ်ယောက်အတူသွားပြီး ဈေးဝယ်လေ့ရှိကြတာ။ ///
ဒါကြောင့်မနေ့ညနေမှာ တွေ့ကြတော့ပြောစရာစကားတွေက အများကြီး။ ဒီကိုရောက်ပြီးမှ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်လာခဲ့တဲ့ကိုလှဘုန်းမောင်လည်း စာရေးသူလာမယ်ဆိုလို့ အိမ်မပြန်သေးပဲ ကိုဖေသက်နှင့် အတူ ဆေးရုံးကပဲစောင့်နေလေရဲ့ ။ စာရေးသူ အလုပ်ကထွက်မလာခင်လေး မှာ သူ့ဆီက sms ရခဲ့ တယ်။ မတွေ့ရတာကြာလို့ “တွေ့ပြီး လက်ဘက်ရည်သောက်ရင်း စကား တွေပြောကြရအောင်ဗျာ”တဲ့။ ဆေးရုံကိုသွားရတဲ့အကြောင်ကတော့ ဆေးဘက်ပညာသိပ္ပံကျောင်းမှာ အတန်းဖော်သူငယ်ချင်းဖြစ် ခဲ့တဲ့မိတ်ဆွေတစ်ဦး Tan Tock Seng Hospital မှာ ဆေးရုံတက်နေလို့သွားမေးတာဖြစ်တယ်။ ကိုဖေ သက်နဲ့ကိုလှဘုန်းမောင်တို့က ဆေးရုံဝန်ထမ်းများဖြစ်ကြလို့ စာရေးသူကို ICU အခန်းထဲအထိ လိုက်ပို့ ပေးခဲ့ကြပါတယ်။ လူနာက သတိကောင်းကောင်းမရသေးတာဖြစ်လို့မို့ သူ့ဇနီး သူ့သားတို့ နဲ့ပဲစကား ပြောခဲ့ရတာ။ အားပေးစကားတွေ ပြောခဲ့ရတာ။
(၀ဲမှ) ဦးဖေသက်၊ စာရေးသူ၊ ဦးလှဘုန်းမောင်။ တန်တောက်ဆင်းဆေးရုံ။ ၂၇ ဇန်န၀ါရီ ၂၀၁၂။ |
No comments:
Post a Comment