"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, June 2, 2013

ကျွန်တော် ခရီးသည်



၁၃၇၅ ခုနှစ်  ကဆုန်လပြည့်ကျော် ၉ ရက်     


ရုပ်မြင်သံကြားအစီအစဉ်ကလာတဲ့ အားကစားပြိုင်ပွဲတွေကို မကြာခဏကြည့်တဲ့အခါ စက်ဘီးပြိုင်ပွဲကတော့ မကြည့်ဖြစ်ဆုံးပါ။

ဒါပေမယ့် ယခုနှစ်ဆန်းလောက်ကစပြီး တစ်ခါတစ်ခါမှာ ကြည့်ဖြစ်လာခဲ့ပါတယ်။ တကယ်က တစ်ခြားအား ကစားတွေမှာလို ပြိုင်ပွဲကိုကြည့်တာထက် လမ်းတစ်လျောက်က ရှုခင်းတွေကို ကြည့်တာရယ်ပါ။ ကျေးရွာ လေးတွေ၊ အိမ်လေးတွေ၊ တောတန်းလေးတွေ၊ တောင်ကုန်းတွေ၊ ပင်လယ်ကမ်းစပ်တွေ၊ စိုက်ခင်းတွေ၊ စား ကျက်တွေ စသဖြင့် စသဖြင့်ပေါ့ ။



ပြိုင်ပွဲဝင်စက်ဘီးများ ကျေးရွာတစ်ရွာကို ဖြတ်သွားကြစဉ် (အထက်)နှင့်  တောတန်းလေးထဲသို့အ၀င်(အောက်)။ ဓာတ်ပုံ - EUROSPORT Channel.
 



မိမိကိုယ်တိုင် ခရီးသွားတဲ့အခါမှာလည်း များသောအားဖြင့် မျက်စိမှိတ်ပြီး အိပ်မသွားလိုပါဘူး။ အလွန်အမင်း ကို အိပ်ချင်တဲ့အခါတွေကလွဲလို့ပေါလေ့။ ကားတို့ ရထားတို့ရဲ့ ပြတင်းပေါက်ကနေ အပြင်ဖက်ကို ကြည့် လေ့ ရှိတာပါ။ ဒါ့ အပြင် ကင်မရာနဲ့ ဗွီဒီယိုကင်မရာတို့ကို အနားမှာ အသင့်ထားပြီး ရိုက်တတ်ပါသေးတယ်။ မြန်မာ ပြည်ထဲမှာပဲသွားသွား နိုင်ငံခြားတိုင်းပြည်တွေကိုပဲသွားသွား ဒီအတိုင်းပါပဲ။

ကားနဲ့ရထားလို မြေကြီးပေါ်မှာသွားတဲ့ယာဉ်တွေသာ မဟုတ်ပါဘူး။ ဝေဟင်အမြင့်ကြီးမှာပျံသန်းတဲ့ လေ ယာဉ်နဲ့ခရီးသွားတဲ့အခါမှာလည်း စာရေးသူသည် လေယာဉ်သွားလမ်းကြောင်း(flight path)ကို အချိန်နဲ့ တစ်ပြေးညီပြပေးနေတဲ့ ရုပ်မြင်သံကြားစက်ကို ကြည့်လေ့ရှိပါတယ်။ အဲဒီမှာ လေယာဉ်ဘယ်နေရာကို ရောက်နေတယ်၊ အမြင့်ပေ ဘယ်လောက်ကပျံသန်းနေတယ်၊ စထွက်ခဲ့တဲ့မြို့ ကနေ ဘယ်လောက်ခရီး ရောက်နေပြီး မိမိသွားမည့်မြို့ ကို ဘယ်လောက်ဝေးသေးတယ်၊ နောက်ထပ် ဘယ်နှစ်နာရီလောက် ကြာ ဦးမယ် စသဖြင့် တစ်ချိန်လုံးတွေ့နေ သိနေရပါတယ်။


စင်ကာပူမှ ဟယ်လ်စင်ကီသို့ လေယာဉ်ပျံသန်းသည့်လမ်းကြောင်းပြမြေပုံ။ (ဓာတ်ပုံ - အင်တာနက်)


၁၉၉၆ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့ ကို သွားတုန်းကဆိုရင် စီးလာတဲ့လေယာဉ်ကြီးက မြန်မာ ပြည်ရဲ့ အနောက်တောင်ပိုင်းပေါ်မှာ ဖြတ်ပြီးပျံသန်းနေတာကို ရုပ်သံစက်ဖန်သားပေါ်မှာ မြင်တွေ့နေရတော့ ရင်ထဲ လွမ်းဆို့ဆို့ကြီး ခံစားရတယ်။ တစ်ချို့ နိုင်ငံတွေအပေါ်ဖြတ်တဲ့အခါ မြို့ နာမည်ပါ ဖော်ပြထားလို့ အခုဘယ်မြို့ ရဲ့  မြောက်ဖက်နားက ဖြတ်ပြီးပျံနေတာပါလားလို့ တွေးမိရသေးတယ်။   

ဒါကြောင့် နိုင်ငံခြားတိုင်းပြည်များကိုရောက်တဲ့အခါ မိမိရဲ့ အလုပ်နဲ့ပတ်သက်ပြီး ရောက်နေတဲ့နိုင်ငံအပြင် အ နီးအနားကနိုင်ငံတစ်ခုခုကို အချိန်ရရင် သွားပြီးလည်တတ်ပါတယ်။ ဖင်လန်နိုင်ငံမှာ ညီလာခံသွားတက်စဉ်က ဟယ်(လ)စင်ကီမြို့ ကနေ ရုရှားနိုင်ငံက စိန့်ပီတာစဘတ်မြို့ ကို သွားလည်ခဲ့ပါတယ်။ ကနေဒါနိုင်ငံ ဗင်ကူးဗား မြို့ ကို ရောက်ခဲ့တုန်းကတော့ အမေရိကန်က စီယာတယ်မြို့ ကို ကူးပြီးသွားလည်ခဲ့ဖူးပါတယ်။ ဟော် လန်နိုင် ငံကို ပထမအခေါက်ရောက်ခဲ့စဉ်က အမ်စတာဒန်မြို့ ကနေ ဟိတ်(ဂ)၊ ရော့တာဒန်၊ ဒဲ့(ဖ) အစရှိတဲ့ မြို့ တွေကို သွားလည်ပတ်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်က ဒုတိယအကြိမ်ရောက်တဲ့အခါမယ်တော့ နိုင်ငံကူးတဲ့ပြီး ဘယ်(လ)ဂျီယံ နိုင်ငံက အန့်(တ)၀တ်နဲ့ ဘရပ်ဆဲ(လ)မြို့ တွေဆီ သွားဖြစ်ခဲ့ပြန်ပါတယ်။



Madame Tussauds ပြတိုက် (အမ်စတာဒန်) ရှေ့ တွင် အမှတ်တရ။  (၂၀၁၁ ခုနှစ်)

စီယာတယ်မြို့ ကို ရောက်ခဲ့စဉ်က။ (၂၀၀၇ ခုနှစ်)

တောင်အာဖရိကနိုင်ငံ ကိတ်ပ်တောင်းမြို့  ဆိပ်ကမ်းတစ်ခုမှာ..။ (၂၀၀၈ ခုနှစ်)


ကနေဒါနိုင်ငံ ဗင်ကူးပါးမြို့ က ကွန်ဗင်းရှင်းစင်တာရှေ့ မှာ...။ (၂၀၀၇ ခုနှစ်)

မိမိရဲ့ နိုင်ငံခြားခရီးစဉ်များဟာ အလုပ်နဲ့ပတ်သက်ပြီး သွားရတာဖြစ်လို့ မိမိတို့ရဲ့ အဖွဲ့အစည်းကို များစွာကျေး ဇူးတင်မိပါတယ်။ “ကုသိုလ်လည်းရ ၀မ်းလည်းဝ” ဆိုတဲ့မြန်မာစကားရပ်လို “အတတ်ပညာလည်းရ ဒေသန္တ ရခရီးလည်းရောက်ရ” လို့ ဆိုရမှာပါ။ ခရီးသွားတဲ့အခါမှာ မတူညီတဲ့ ရေမြေတောတောင်သဘာဝတွေ၊ မြို့  ရွာတွေနဲ့ လူအမျိုးမျိုးကို တွေ့ရတာဖြစ်လို့ အတော်ကြီးကို စိတ်ဝင်စားဖို့ကောင်းတာ။ လူမှုရေး နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံ အဖုံဖုံကလည်း သွားရင်းလာရင်း လေ့လာမှတ်သားစရာပါ။


ကိုယ်ရောက်တဲ့မြို့ မှာကိုပဲ ကြည့်စရာတွေက အများသားလား။ ကမ္ဘာ့ညီလာခံတွေ (International and World Congress) မှာ များသောအားဖြင့် City Tour ဆိုတဲ့အစီအစဉ်လေး ထည့်သွင်းထားလေ့ရှိပါတယ်။ ညီလာခံပထမနေ့မှာ မြို့ မှာရှိတဲ့ အထင်ကရနေရာတွေကို လိုက်ပို့ပြီးပြပေးတာပါ။ ညီလာခံရဲ့ အစီအစဉ်တွေ က နေ့လည်စာစားချိန်နဲ့လက်ဘက်ရည်သောက်ချိန်တွေကလွဲလို့ မိုးလင်းကနေ မိုးချုပ်တဲ့အထိ သုတေသ နစာတမ်းဖတ်ပွဲတွေ (Scientific Programme)၊ အလုပ်ရုံသင်တန်းတွေ (Pre-Congress Workshps)၊ သု တေသနပိုစတာပြခန်းတွေ (Poster Presentation of Research Work) နဲ့ ပြည့်နေတာဖြစ်လို့ အပြင်ထွက် ပြီး လည်ပတ်ဖို့ အချိန်မရပါဘူး။ 

ဒါ့ အပြင် ညီလာခံဖွင့်ပွဲ ပိတ်ပွဲတွေ၊ ကြိုဆိုဧည့်ခံပွဲညတွေ (Welcome Reception) လည်း ရှိနေကြသေးတာ။ တစ်ချို့ ညီလာခံတွေဆိုရင် ယဉ်ကျေးမှုည (Cultre Night) ဆိုတဲ့အ စီအစဉ်မျိုး ပါတတ်ပြီး စင်ပေါ်တက်ပြီး ဆိုကြရ ကကြရသေးတာ။  မိမိအနေနဲ့ စာတမ်းတင်သွင်းဖတ်ကြားဖို့ရှိတဲ့အခေါက်တွေမှာဆိုရင်တော့ မသွား ခင်ကကော ဟိုကိုရောက်တော့ကော အားရတယ်ကို မရှိပါဘူး။ တစ်နေ့တာ ညီလာခံပြီးတဲ့ညနေပိုင်း သူများ တွေ ဟိုနားဒီနားသွားနေချိန်မှာ ကိုယ်က ဟိုတယ်ထဲကုပ်ပြီး ကွန်ပြူတာတစ်လုံးနဲ့အလုပ်ရှုပ်ကျန်နေခဲ့တယ်။ စာတမ်းဖတ်ပြီးမှပဲ ‘ဟင်’ချနိုင်ကာ စိတ်အေးလက်အေးဖြစ်သွားရတာ။  


စာရေးသူသည် ငယ်စဉ်ကတည်းက ကားတို့ ရထားတို့နဲ့ခရီးသွားရင် ပြတင်းပေါက်နားမှာ ရွေးပြီးထိုင်လေ့ရှိ ပါတယ်။ အပြင်ဖက်ကို ကြည့်ချင်လို့ပါ။ ဒါကြောင့် လူကြီးတွေက စိုးရိမ်လို့ “ခေါင်း မထွက်နဲ့၊ လက် မထုတ်နဲ့” လို့ မကြာခဏသတိပေးခံရတတ်တာ။ နွေရာသီကျောင်းပိတ်တိုင်း ရွှေဘိုကနေ အမေ့ဖက်ကအမျိုးတွေ ရှိတဲ့ ကန့်ဘလူကို ရထားနဲ့သွားလယ်ရင် ပြတင်းပေါက်အနားထိုင်ပြီး တလမ်းလုံး အပြင်ဖက်ကို ကြည့်သွားတာပဲ။ လမ်းတလျောက်က လယ်ကွင်းတွေ၊ စိုက်ခင်းတွေ၊ ကျေးရွာတွေ မြို့ တွေ၊ ချောင်းမြောင်းတွေ၊တောအုပ်တွေ၊ ဘုရားကျောင်းကန်တွေ … ဘယ်နှစ်ခါပဲ မြင်ရ မြင်ရ ရိုးမသွားဘူး။      




ဆက်ပြီးရေးပါဦးမည်။ 




No comments:

Post a Comment