"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, June 16, 2013

ဇရာကို မြည်းစမ်းခြင်း



၁၃၇၅ ခုနှစ်  နယုန်လဆန်း ၈ ရက်  

   
ဓာတ်ပုံ - အင်တာနက်။


မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုသည့် မြန်မာ့ဆိုရိုးစကားတစ်ရပ်ရှိသည်။

ဆိုလိုသည်မှာ ….

အသုဘရှိသော မသာအိမ်သို့ တစ်ခေါက်တစ်လေ ရောက်သွားခြင်းသည် ဘုန်းကြီးကျောင်းသို့ ဥပုသ်သီလ စောင့်ရန် ဆွမ်းကပ်လှူရန် တရားနာကြားရန် တစ်ခေါက်ရောက်သွားခြင်းထက် တရားသဘောသိရှိဆင်ခြင် မှုတွင် ပိုမိုပြီး ခရီးရောက်သည် သို့မဟုတ် ၁၀ ခေါက်ရောက်ခြင်းနှင့် ညီမျှသည်ဟု ပြောလိုခြင်းဖြစ်ပါလေ၏။ 

သေသူ၏ အသုဘခန္ဓာကိုယ်ရုပ်ကြီးအား ကြည့်ရှုလျက် မိမိသည်လည်း တစ်နေ့ သူ့လိုပင် သေရမည်၊ မိမိ၏ သည်ခန္ဓာ သည်ရုပ်ကြီးသည်လည်း သူ့လိုပင် ပျက်စီးရပေဦးမည် အစရှိသော အသိတရား သတိတရားများ တွေးဆဆင်ခြင်မိနိုင်သည်။ တရားသံဝေဂများ ပွားများလာနိုင်လေသည်။  

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမ ကဗျာလေးအတိုင်း ရိုးရိုးရှင်းရှင်းလေး နားလည်နိုင် ၏။

တနေကွယ်
သေနယ်သို့ တခါကူး။ ။

မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အချိန်များလျှင်ဖြင့်
သေနယ်ရွာ တကြိမ်သွားပါလိမ့်
တားမရဘူး။

သေခြင်းအကြောင်းကို မပြောမီ မိမိသည် “အို-နာ-သေ မှ အိုခြင်းနှင့်နာခြင်းအကြောင်းတို့ကို ပြောလို၍ ဤ စာကိုရေးခြင်းဖြစ်သည်။

မိမိသည် အသက်အရွယ်ရလာသည်နှင့်အမျှ ကျန်းမာရေးစစ်ဆေးရန် ဆေးယူရန် ဆေးခန်းနှင့် ဆေးရုံသို့ တခါတရံ အရောက်အပေါက်ရှိလာခဲ့သည်။ သည်တော့ လူအိုလူနာများအား ခရီးသွားဟန်လွဲ တွေ့ရမြင်ရ သည်။ အချို့ က မိမိထက် အသက်ပိုကြီး၏။ အချို့ က ငယ်၏။ အချို့ က ရွယ်တူလောက် ရှိချိမ့်မည်။

ပျိုရွယ်စဉ်ခါ၊ လိုရာပါလျက်
ငါ တကြွကြွ။

အိုကာလ ၊ ထလည်းမနိုင်၊
ထိုင်လည်း မကောင်း၊ လျောင်းလည်း မသာ၊
လို မပါဘူး၊


မိမိသည် နှစ်စဉ်နှစ်တိုင်း တိုးပွားလာနေသည့် ကိန်းဂဏန်းများကို ကြည့်လျက် အော် ငါ့ အသက် ၄၀ ကျော် လာပါပြီလား၊ ၅၀ ထဲရောက်လာပါပြီလားအစရှိသဖြင့် သိခဲ့သတိပြုမိခဲ့သော်လည်း ယခင်ကနဲ့မခြား သွားနိုင် လာနိုင် လုပ်နိုင်ကိုင်နိုင်နေသည်ဟု ထင်မြင်ခံယူထားခဲ့သဖြင့် ဇရာကို မမြင်မိ မခံစားမိပါချေ။

သို့သော် ထိုတစ်နေ့ …

ထိုနေ့က မိမိသည် စင်ကာပူအမျိုးသားတက္ကသိုလ် (Singapore National University – NUS)ရှိ အားက စားကွင်းသို့သွားရင်း အချိန်နောက်ကျနေသဖြင့် လူသွားလမ်းမဟုတ်သော ဖြတ်လမ်းလေးတစ်ခုမှ ခပ်သွက် သွက်လေး လမ်းလျောက်ပြီး သွားခဲ့ပါသည်။ တစ်နေရာတွင် ခါးအမြင့်နီးနီးရှိသည့် သံပြားတန်းကို အမှတ် တမဲ့ ကျော်ခွလိုက်ရာ ပေါင်ခြံနေရာ၌ မျက်ကနဲ စူးရှရှဝေဒနာကို သိသိသာသာကြီး ခံစားရသည်။ ယင်းသို့ တစ်ခါမျှ မဖြစ်ဖူးခဲ့သဖြင့် အံ့အားလည်းသင့်ရသလို သည်လောက်ကလေးမှ မလုပ်နိုင်တော့ဘူးလားဆိုပြီး မိမိကိုယ်ကို ဒေါသပင် ဖြစ်မိသေးတော့။

ကြည့်ပါ။

မိမိသည် ခန္ဓာကိုယ်ကြီး၏ ပြောင်းလဲချွတ်ယွင်းလာခြင်းကို မတွေးမိသေးပါချေ။ ပိုပြီးဆိုးသည်မှာ ယင်းသို့ ဖြစ်လာခြင်းကို လက်မခံနိုင်ခြင်းပင် ဖြစ်ပါလေ၏။  

တဖန် နောက်တစ်ခါ ကြုံရပြန်သည်။

ဤတစ်ကြိမ်တွင်မူ မိမိက တစ်ဦးတစ်ယောက်နောက်ကို အမှတ်မထင် အပြေးလိုက်ရသည်။ ထိုလူရွယ်၌ အန္တရာယ် ကျရောက်နိုင်၍ ဖြစ်သည်။ မိမိသည် သူ့ကို လိုက်လို့မမီရုံမက မောဟိုက်နေ၍ပင် နေချေသေး တော့။ ဘာမှ ဝေးလှသည်မဟုတ်။ တခဏလေးကိုပင် မိမိ မစွမ်းပါလေတကား။ မိမိကိုယ်ကိုမိမိ အတော်ကြီး စိတ်ပျက်သွားခဲ့ရသည်။

အထက်ပါဖြစ်ရပ်နှစ်ခုသည် မိမိအား ဇရာနှင့် နဖူးတွေ့ဒူးတွေ့ တေ့ဆိုင်ပေးလိုက်သည်ဟု ဆိုချင်ပါသည်။ မိမိ ဘာလဲ၊ မိမိ ဘယ်လောက်စွမ်းသလဲ ဆိုသည်ကို မျက်နှာဖုံးခွါချပြီး ပြလိုက်ခြင်းဖြစ်ပါလေ၏။


တစ်နည်းပြောရသော် မိမိအနေဖြင့် အသက် ၆၀ မတိုင်မီ ဇရာကို မြည်းစမ်းလိုက်ရခြင်းပင် ဖြစ်ပါလေသ တည်း။    







No comments:

Post a Comment