"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 22, 2013

စင်ကာပူမှာ ဝေတဲ့နှင်း..လေ


၁၃၇၅ ခုနှစ်  နယုန်လဆန်း ၁၄ ရက်     


နံနက် ၉ နာရီ ၃ မိနစ်က "ဘူးကစ်ဂျန်းရှင်း" နားက မီးပွိုင့်တစ်ခုမှာ ။ (ဓာတ်ပုံ - ဖိုးတာ 21 June 2013)


နံနက် ၈ နာရီ ၅၀ မိနစ်က "လာဗင်ဒါဘူတာ" အနားတွင်။ သစ်ပင်နှစ်ပင်အကြားမှာ နေလုံးနီနီကြီးကို တွေ့နေရ ။
(ဓာတ်ပုံ - ဖိုးတာ 21 June 2013)


အင်ဒိုနီးရှားနိုင်ငံဖက်က တောင်ယာတွေမီးရှို့ လို့ စင်ကာပူနိုင်ငံဖက်ကို လွင့်လာတဲ့မီးခိုးပြာ (haze) ပမာဏ ဟာဖြင့် ဒီအပတ်ထဲမှာ တစ်နေ့တခြား ကြောက်ခမန်းလိလိကြီး ရှိလာခဲ့ပါတယ်။ မနေ့နံနက်ကများဆိုလို့ရှိရင် PSI 400 အထိတောင် အဆိုးဝါးဆုံးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒီမီးခိုးပြာများ များပြားလာတာနဲ့အမျှ လူတို့ရဲ့ ကျန်းမာရေး(အထူးသဖြင့် ကလေးငယ်များ၊သက်ကြီးရွယ်အိုများနဲ့ပန်းနာရောဂါကဲ့သို့သော အဆုတ် မကောင်းကြသူမျာ့း)ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တာဖြစ်တယ်။


ဒါ့အပြင် မျက်စိအမြင်မှာလည်း အခါတိုင်းလို ကြည်ကြည်လင်လင် မမြင်တွေ့ရတော့ဘူး။ စာရေးသူတို့ငယ် ငယ်က ဆောင်းတွင်းကာလမှာ နှင်းမြူတွေဖုန်းနေလို့ ဓာတ်မီးတိုင်တစ်တိုင်ခြားလောက်အကွာကို ဘာကိုမှ သဲသဲကွဲကွဲ မမြင်နိုင်သလိုပဲ။ မှိုင်းမှုန်ပြီးနေတာ။ အဲဒါက ဆောင်းတွင်းဖြစ်လို့မို့ အေးစိမ့်နေတာပေါ့နော်။ အ ခုဟာက အေးစိမ့်ဖို့နေနေသာသာ ပူလိုက်တာများ မပြောပါနဲ့တော့။ ပူတာမှ အိုက်စပ်စပ်ကြီး။ ရိုးရိုးနေပူတာ ထက် အများကြီးပိုဆိုးတယ်။ ရှိန်းရှိန်းဖိန်းဖိန်းကြီးကို ပူနေတာ။



နံနက် ၁၀ နာရီ ၁၇ မိနစ်က ဂျူရောင်းအိစ် စာကြည့်တိုက်ရှေ့ မှာ ။ (ဓာတ်ပုံ - ဖိုးတာ 21 June 2013)

ပူတာနဲ့ အိုက်စပ်တာတွေကို ဘေးချိပ်ထားပြီး မှိုင်းမှုန်သီဝေတာလေးဖြစ်နေတာကတော့ စောစောကပြော သလို မြန်မာ့ဆောင်းရာသီကို ပြန်ပြီးသတိရစေတာ အမှန်ပါ။ မျက်စိအမြင်မှာက နှင်းတွေဝေနေတာနဲ့တူ တာမို့ အဆိုတော်ကိုခင်မောင်ကြီးရဲ့  “တက္ကသိုလ်မှာ ဝေတဲ့နှင်း” ဆိုတဲ့သီချင်းကို မဆီမဆိုင် သွားပြီးအ မှတ်ရမိသေးတော့။ ဒီသီချင်းလေးသည် စာရေးသူတို့ ရန်ကုန်တက္ကသိုလ်ကို စပြီးရောက်စနှစ်တွေဖြစ်တဲ့ ၁၉၆၅-၆၆ ခုနှစ်လောက်က လူကြီးလူငယ်တွေအကြားမှာ အတော်ကြီးကို ရေပန်းစားနေတဲ့ ရေဒီယိုသီချင်း တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ 


ကိုယ်တိုင်ကလည်း ကံ့ကော်ရနံ့ ဆွတ်ပျံ့ ရာ ‘တက္ကသီလာ မြကျွန်းသာ’ရယ်လို့ ဂုဏ်ရှိန်မြင့်ပြီး အစဉ်အလာ အားဖြင့် နာမည်ကြီးနေတဲ့ တက္ကသိုလ်မှာ ပညာရင်နို့သောက်စို့နေဆဲ ဒီသီချင်းကိုကြားရတော့ ရင်ထဲမှာ တ သိမ့်သိမ့်ခံစားခဲ့ရပါတယ်။  အဲဒီအခါတုန်းက ရေဒီယိုမှာကြားခဲ့ရတဲ့ အဆိုတော်ကိုခင်မောင်ကြီးရဲ့  မြန်မာသံ စစ်စစ်နဲ့ အဆွေးဓာတ်ခံစွက်ပြီးဆိုထားတဲ့ စာသားလေးတွေကို စိတ်ထဲမှာ လွမ်းလွမ်းဆွတ်ဆွတ်လေး ငြီး ကြည့်မိသေးတယ်။


    “သံသယတောလယ်၊ မောတယ် အချစ်ရယ်
ပန်းချီကဗျာထက်လှတဲ့၊ သီလာတက္ကရဲ့ ကျွန်းညိမြ၀ယ်
မိုးမြေနိမ့်အောင်၊ မာယာဆောင်သို့
မြူနှင်းတို့ဝေတဲ့ကာလ၊ ချမ်းမြမြ ဟေမာန်ဝယ်
လှပုံလေးလည်း တမျိုးရယ်၊ တစိမ့်စိမ့်လေးလည်း အေးတယ်
တသိမ့်သိမ့်တွေးစရာလေးတွေ ရှိနေသည်မို့
တက္ကသိုလ်မှာဝေတဲ့နှင်းရယ်
                    နှင်းကလေးတွေမှ ဟုတ်ရဲ့လား—- နှင်းကလေးတွေမှ ဟုတ်ပါရဲ့လားကွယ်..”      


စင်ကာပူတစ်နိုင်ငံလုံးကို အရုပ်ဆိုးအကြည့်တန်စွာ ရက်ရက်စက်စက် ဖုံးအုပ်လွှမ်းခြုံထားတဲ့ ‘ဟေ့ဇ်’ဆိုတဲ့ မီးခိုးပြာမှုန့်တွေကို အထက်က သီချင်းစာသားထဲကလို “နှင်းကလေးတွေမှ ဟုတ်ရဲ့ လား”လို့ မသိသားဆိုး ၀ါးစွာ မမေးချင်ပေမယ့် မြူနှင်းတို့ဝေတဲ့ ချမ်းမြမြ ဟေမာန်ကာလလေးလို့တော့ဖြင့် မိမိကိုယ်ကိုလှည့်စားပြီး ခံစားကြည့်မိလိုက်သေးတော့ ……






No comments:

Post a Comment