"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, May 24, 2013

ကျွန်တော် Russian စကားပြန်


၁၃၇၅ ခုနှစ်  ကဆုန်လပြည့်     



အင်ဗွိုင်းခန်းမမှာ စကားပြန်လုပ်ခဲ့စဉ်က ရုရှားအသိမိတ်ဆွေများ အမှတ်တရပေးသည့်  ဆိုဗီယက်ယူနီယံအထိမ်းအမှတ် ရင်ထိုးများ။ 



အခုရက်ပိုင်းတွေမှာ ကိုရီးယားဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ The Queen of Office ဆိုတဲ့ ယာယီအလုပ် သမားနဲ့အမြဲတမ်းဝန်ထမ်းတွေရဲ့ ဘ၀ကို ရယ်စရာလေးတွေရောပြီး ရိုက်ပြထားတာကို တနင်္လာနဲ့အင်္ဂါနေ့ ည ၉ နာရီမှာ ကြည့်ဖြစ်နေတယ်။ မစ္စကင်း(မ) Ms Kim အမည်နဲ့ သရုပ်ဆောင်တဲ့မင်းသမီး Kim Hye-soo က အဓိကဇာတ်ဆောင်ပါ။ အတော်လေးကို သရုပ်ဆောင်ကောင်းပါတယ်။ ပါးစပ်ပိတ်မထားရလောက်အောင်ပဲ ရယ်နေရတာ။ မျက်နှာကလည်း ခပ်တည်တည်ကြီးနဲ့ ဘာပြောင်သလဲ မပြောပါနဲ့တော့။ 
   
တစ်နေ့မှာတော့ သူတို့ကုမ္ပဏီကို ရုရှားကကုမ္ပဏီအဖွဲ့တစ်ဖွဲ့  ရောက်လာခဲ့ပါတယ်။ အရောင်းအ၀ယ်ကိစ္စ ပြောဖို့ပါ။ ဒီအခါမှာ ရုရှားစကားတတ်တဲ့ ကိုရီးယားဝန်ထမ်းတစ်ဦးက စကားပြန်လုပ်ပါတယ်။ အဲဒီအခန်းမှာ ရုရှားစကားပြောတာနဲ့ပတ်သက်ပြီး ရယ်စရာအကွက်လေး ထည့်ရိုက်ထားတာကြည့်ရတော့ ရုရှားစကား ရေ ရေလည်လည်မတတ်ပဲ မိမိအနေနဲ့ ရုရှားစကားပြန်လုပ်ခဲ့ဖူးတာကို ပြန်လည်အမှတ်ရမိပါတယ်။

၁၉၇၁ ခုနှစ်ကဖြစ်တယ်။

ထိုစဉ်က ဆေးဘက်ပညာသိပ္ပံမှကျောင်းဆင်းပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာ ရေးဦးစီးမှ အလုပ်ခန့်စာကို စောင့်နေရင်း ဘာမှလုပ်စရာမရှိပဲ အချိန်အားနေတာဖြစ်လို့ မိမိက နိုင်ငံခြားဘာ သာသိပ္ပံ (Institute of Foreign Languages)တွင် ရုရှားဘာသာ (အချိန်ပြည့်) သင်နေခဲ့ပါတယ်။ ပထမ နှစ်မှာပါ။ တက္ကသိုလ်အဆင့် မဟုတ်သေးလို့ အချိန်ပြည့် ၂ နှစ် ဒါမှမဟုတ် အချိန်ပိုင်း ၄ နှစ် တက်ပြီးရင် ဒီပလိုမာပေးပါတယ်။  


အဲဒီအချိန်တုန်းက မိမိတို့ ဆေးဘက်ပညာသိပ္ပံကျောင်းဆင်းတွေဟာ အခုခေတ်မှာလို ကိုယ့်ဖာသာကိုယ် အလုပ်လိုက်ပြီး မရှာကြရပါဘူး။ အလုပ်လျောက်ရတာတို့ ရေးဖြေတို့ လူတွေ့တို့ ဘာမှလုပ်စရာ မလိုပါဘူး။ အစိုးရဆီက ခန့်စာကိုပဲ အငြိမ့်သားလေး ထိုင်စောင့်ကြရပါတယ်။ တစ်နှစ်ကြာရင် ကြာမယ်။ ဒါမှမဟုတ် ၂ နှစ်၊ ၃ နှစ် တန်သည်လည်း ကြာတတ်ပါသေးတယ်။ မိမိတို့အသုတ်က ကံကောင်းလို့ တစ်နှစ်ပဲ စောင့်ခဲ့ရ တာ။ 


မိမိတို့ ရုရှားဘာသာအချိန်ပြည့်သင်တန်းမှာ ကျောင်းသူကျောင်းသားက မိမိအပါအ၀င်မှ ၄ ဦးပဲ ရှိတာပါ။ အချိန်ပိုင်းသင်တန်းမှာတော့  ၁၁ ဦးလောက်ရှိပါတယ်။ သင်တန်းဆရာ ၂ ဦးကတော့ ပါမောက္ခ မစ္စတာ ‘ယာကော့ဗ်လက်’ နဲ့ ကထိက မစ္စ‘လီလီယာ’တို့ ဖြစ်ကြတယ်။ သူတို့ ၂ ဦးက ဇနီးမောင်နှံတွေပါ။ နောက်ပြီး ရုရှားကနေ ပညာတော်သင်ပြန်လာတဲ့ မြန်မာသင်တန်းဆရာ အမျိုးသား ၂ ဦး (ဦးသွင်အေးမောင်၊ ဦးထွန်း ထွန်းမင်း)လည်း ရှိပါသေးတယ်။


နိုင်ငံခြားဘာသာသင်တဲ့ ကျောင်းသူကျောင်းသားတွေအထဲမှာ ရုရှားဘာသာသင်တန်းသားက အနည်းဆုံးပါ။ တရုတ်ဘာသာသင်တန်းသားက ဒုတိယ အနည်းဆုံးဖြစ်ပြီး ဂျပန်နဲ့ပြင်သစ်ဘာသာသင်တန်းသားတွေက အ များဆုံးဖြစ်ကြပါတယ်။ ဂျာမန်ဘာသာသင်သူက တတိယနေရာလောက်ရှိပါတယ်။  

 မိမိနဲ့အတူ ရုရှားဘာသာအချိန်ပြည့်သင်တန်းတက်သူ ၃ ဦးကတော့ အငြိမ်းစား သံတမန်အရာရှိကြီးတစ်ဦး (ဦးမြတ်ထွန်း)၊ ရုရှားက အနုပညာသင်တန်းတက်ခဲ့ပြီး ယဉ်ကျေးမှုကဇာတ်အဖွဲ့မှာလုပ်နေတဲ့ ၀န်ထမ်းတစ်ဦး (ကိုကျော်သာထွန်း)၊ အက်စ်ဘီ (Special Branch) လို့လူသိများတဲ့ ရဲအထူးထောက်လှမ်းရေး (Special Intelligence Department)က အမျိုးသမီးရဲအရာရှိတစ်ဦး (ဒေါ်မြမြ)တို့ ဖြစ်ကြပါတယ်။


ရုရှားဘာသာသင်တန်းတက်လို့ ၅ လခန့်အကြာ တစ်နေ့မှာ ပါမောက္ခ မစ္စတာ‘ယာကော့ဗ်လက်’ က မိမိကို စကားပြန်လုပ်ဖို့ ပြောပါတယ်။ အဲဒီနှစ် ဒီဇင်္ဘာလမှာ ဆိုဗီယက်ကုန်သွယ်ရေးနဲ့စက်မှုလက်မှုပြပွဲကြီးကို ဦးဝိ ဇာရလမ်းက အင် ဗွိုင်းခန်းမမှာ ပြုလုပ်မည့်အကြောင်း၊ ပြပွဲပြင်ဆင်ချိန်က ၁ လ ကြာမြင့်မှာဖြစ်ပြီး ပြပွဲပြသ ချိန်လည်း ၁ လပင်ကြာမယ့်အကြောင်း၊ မိမိအား ရုရှားစကားပြန်အဖြစ် လုပ်စေလိုကြောင်းနဲ့ နေ့တွက်စားစ ရိတ် သွားလာစရိတ်တွေ ပေးမှာဖြစ်ကြောင်း ပြောလာပါတယ်။ 


မိမိက ရုတ်တရက်တော့ ကိုယ့်နားကိုတောင် ယုံရခက်ခက်ဖြစ်မိပါတယ်။

ဘာတဲ့?  စကားပြန်လုပ်ရမှာတဲ့လေ။ အဲဒီလောက်အထိ မတတ်သေးဘူးဆိုတာ ကိုယ့်ကိုယ်ကို မသိတာမှ မဟုတ်တာကလား။

မိမိက ငြင်းပေမယ့် ဆရာက “ရဲရဲသာ သွားတာ သွားပါကွာ။ မင်း လုပ်နိင်မယ်ဆိုတာ ငါသိပါတယ်” လို့ တိုက်တွန်းတာနဲ့ မရဲတရဲနဲ့ အင်ဗွိုင်းခန်းမကြီးထဲကို မယောင်မလယ်ရောက်သွားခဲ့ပါတော့တယ်။ 


အင်ဗွိုင်းခန်းမကြီးကိုရောက်တော့ မိမိကို မြန်မာစာ မြန်မာစကားတတ်တဲ့ ရုရှားလူမျိုးနှစ်ဦးနဲ့ မိတ်ဆက်ပေး ပါတယ်။ ပထမတစ်ဦးက လျဲနာ ဇဗာဒိုးဗား(မြန်မာအမည် မလှကျော့) ဖြစ်ပြီး နောက်တစ်ဦးကတော့ ယန် ဆင်း (မြန်မာအမည် မောင်ဥာဏ်) တို့ ဖြစ်ကြပါတယ်။ မလှကျော့က “သမုဒ္ဒရာနှင့်ရေတစ်စက်” အမည်နဲ့ မြန်မာစာပေဆိုင်ရာဆောင်ပါးများစာအုပ်ကို ရေးသားခဲ့တာကြောင့် မြန်မာစာပေလောကသားများက သိကြ ပါတယ်။ အဲဒီတုန်းက မောင်ဥာဏ်က ရန်ကုန်က ရုရှားသံရုံးမှာ အလုပ်လုပ်နေတယ်လို့ သိရပါတယ်။


ပြပွဲကိုပြင်ဆင်ဖို့ ရုရှားလူမျိုးတွေနဲ့ ပြသမယ့် စက်ယန္တရားကြီးတွေ အများကြီးရောက်နေတာ တွေ့ရပါတယ်။ စက်ပစ္စည်းအစိတ်အပိုင်းအချို့ ကို ရုရှားအင်ဂျင်နီယာတွေနဲ့ကျွမ်းကျင်သူပညာရှင်များက မြန်မာအလုပ်သမား များရဲ့ အကူအညီနဲ့ သောတ္တာကြီးတွေထဲမှ ထုတ်နေကြတယ်။ လယ်ထွန်စက်၊ ကောက်ရိတ်စက်၊ မြေတူးစက်၊ ထရပ်ကား အစရှိတဲ့စက်ကြီးများကို အင်ဗွိုင်းခန်းမရှေ့ ကမြေကွက်လပ်မှာထားရှိပြသထားပြီး၊ တွင်ခုံစက်၊ ခြေ အိတ်ထိုးစက်၊ ချည်ယက်စက်အစရှိတဲ့ လုပ်ငန်းသုံးစက်ကရိယာအမျိုးမျိုးတို့ကိုတော့ ခန်းမကြီးအတွင်းမှာ ပြ သထားပြီး ပြပွဲလာပရိသတ်များအား လက်တွေ့လည်း လုပ်ပြကြပါတယ်။


စက်ကရိယာအကြီးစား အလတ်စား အသေးစားအမျိုးမျိုးတို့ကို ရုရှားနိုင်ငံကနေယူလာခဲ့တာဖြစ်လို့ အထုတ် တွေကထုတ်ယူရတာ၊ ပြသထားမယ့်နေရာအထိ သယ်ယူရတာ၊ နောက်ပြီး အစိတ်အပိုင်းအားလုံးကို အသုံး ပြုလို့ရတဲ့အထိ  ရုရှားအင်ဂျင်နီယာတွေနဲ့ကျွမ်းကျင်သူပညာရှင်များက  သေသေချာချာပြန်ပြီး တတ်ဆင်ကြ ရတာဖြစ်လို့ အချိန်အတော်လေး ယူရပါတယ်။ တစ်ချိန်တည်းမှာ စာရေးသူတို့က စက်ပစ္စည်းအမည်များနဲ့ စွမ်းဆောင်ရည်များကို မူရင်းရုရှားဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရေးသားကြရပါတယ်။ မလှကျော့နဲ့ မောင်ဥာဏ်တို့က အပြင်ရုံးကိစ္စတွေအတွက် သွားလာရတာများလို့ မိမိတစ်ယောက်သာ ပြခန်းမှာ အမြဲရှိနေ ပြီး ဘာသာပြန်တာကော စကားပြန်လုပ်ပေးရတာကော လုပ်ရတယ်။ 



ယခုနှစ်မှာ အနှစ် ၄၀ ရှိသွားပြီးဖြစ်တဲ့ မိမိ၏ Russian-English Dictionary စာအုပ်။


၁၉၇၃ ခုနှစ် ဧပြီလက ဒီစာအုပ်ကို ၂ ကျပ်နဲ့ ပြား ၂၀ ပေးခဲ့ရတယ်။ 




ယခုလိုစာမျက်နှာပေါင်း ၁၈၀ ပါရှိတယ်။


ရုရှား-အင်္ဂလိပ်၊ အင်္ဂလိပ်-ရုရှား အဘိဓာန် စာအုပ်ကလေးကို စာအုပ်ဆိုင်တစ်ဆိုင်က ခါတော်မီ ၀ယ်လို့ရ သည့်အတွက် စာရေးသူမှာ အတော်လေးအဆင်ပြေခဲ့ရတယ်။ ရုရှားလိုမသိသည့် စကားလုံးများကို အင်္ဂလိပ် လိုအရင်တွေးပြီးမှ မိမိသိလိုသောရုရှားစကားလုံးများအား ပြန်ရှာနိုင်လို့ ဖြစ်တယ်။  တစ်ခါတည်းနှင့်တိုက်ရိုက် ရှာမရတဲ့အခါမျိုးမှာ နှစ်ဆင့်သွားပြီး ရှာရတော့တာ။ စာအုပ်ကလေးက ကိုင်ရယူရလွယ်သောအရွယ်ဖြစ်လို့ မိ မိအတွက် ကံကောင်းထောက်မစွာ ပိုပြီးအသုံးတည့်ခဲ့တယ်။ စာအုပ်က စက္ကူပါးပါးလေးနဲ့ စာလုံးဖောင့် (font) သေးသေးသုံးလေးတွေ သုံးထားတာကြောင့် စာလုံးအရေအတွက် များများပါရှိတာဖြစ်တယ်။

ပုံမှာပြထားတဲ့ ရုရှား-အင်္ဂလိပ်အဘိဓာန်က အထက်ကပြောခဲ့တဲ့ ရုရှား-အင်္ဂလိပ်၊ အင်္ဂလိပ်-ရုရှား အဘိဓာန် စာအုပ် မဟုတ်ပါဘူး။ ဒီစာအုပ်လေးက အရွယ်ကြီးပြီး စာမျက်နှာ ပိုနည်းပါတယ်။ ဒါပေမယ့် အသုံးများတဲ့ စကားလုံးတွေရွေးထည့်ထားပြီး စကားလုံးအသုံးအနှုန်းစာကြောင်းလေးတွေပါ နမူနာပေးထားတာကြောင့် မိ မိရဲ့ လက်စွဲစာအုပ်ဖြစ်ခဲ့ပါတယ်။ ရေးဖို့ ပြောဖို့ အသုံးတည့်လှတာဖြစ်တယ်။   


ဒီစာအုပ်လေးသည် မိမိစပြီးဝယ်ခဲ့တဲ့ ၁၉၇၃ ခုနှစ်က ယနေ့အထိ မိမိ၏လက်ထဲတွင် အနှစ် ၄၀ တိတိ ကြာ ခဲ့ပြီဖြစ်တယ်။ စာအုပ်အဖုံးကအနှောင့်ကွာထွက်ပြီး စာရွက်အရောင်ဝါကျင်သွားတာကလွဲလို့ စက္ကူနဲ့စာသား တွေ ကောင်းနေတုန်းပါ။ မိမိလက်ရေးနဲ့ရေးထားတဲ့ မိမိရဲ့ နာမည်နဲ့အတူတွေ့ရတဲ့ စာအုပ်တန်ဖိုးက ၂ကျပ်နဲ့ ပြား၂၀ မို့ ဟိုခေတ်ဟိုအခါက နိုင်ငံခြားကထုတ်တဲ့ အဘိဓာန်စာအုပ်ကို မြန်မာပိုက်ဆံနဲ့ အဲဒီလောက်လေးပဲ ပေးခဲ့ရတာလို့တွေးမိပြီး စာရေးသူတို့ငယ်ငယ်က လူကြီးတွေပြောလေ့ပြောထရှိတဲ့ “ခေတ်ကောင်းတုန်းက ..” ဆိုတဲ့စကားလေးကို ပြေးပြီးအမှတ်ရမိသေးတော့။  


ဆိုဗီယက်ကုန်သွယ်ရေးနဲ့စက်မှုလက်မှုပြပွဲကြီးတွင် စကားပြန်သွားလုပ်ခဲ့ရလို့ ရုရှားနိုင်ငံကနေ ပညာတော် သင်ပြန်လာခဲ့ကြတဲ့ မြန်မာအချို့ နှင့် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ပညာရေးဌာနမှ ဒေါက်တာရဲအောင်၊ ဒေါက်တာ မတင်ဝင်း၊ ဒေါက်တာသန်းနိုင်(သမိုင်း)နှင့်ဆရာဦးဖိုးကျော်မြင့်(မြန်မာစာ)၊ ဦးအေးကို (အင်ဂျင်နီယာ)၊ စာ ရေးဆရာ သိပ္ပံမျိုးအောင်၊ ကိုမျိုးဝင်း (ဆေးကျောင်းပြီးအောင်မတက်ပဲ ပြန်လာခဲ့)၊ ကိုစောနု (ယဉ်ကျေးမှု) စတဲ့သူများဖြစ်ကြတယ်။ ဆရာဦးဖိုးကျော်မြင့်က မြန်မာစာပါမောက္ခတာဝန်နဲ့ သွားတာပါ။ ဒေါက်တာသန်းနိုင်၊ ဦးအေးကို၊ သိပ္ပံမျိုးအောင်နှင့်ကိုမျိုးဝင်းတို့သည် ရုရှားအမျိုးသမီးများနှင့် ဟိုမှာအိမ်ထောင်ပြုခဲ့ပြီး မြန်မာပြည် သို့ ခေါ်လာခဲ့ကြတယ်။

သို့သော် နိုင်ငံခြားသူများသည် မြန်မာပြည်တွင် ကြာရှည်နေရန်အဆင်မပြေကြလေရာ ကိုမျိုးဝင်းမှအပ ကျန်မြန်မာ ၃ ဦးမှာ သူတို့ရဲ့ မိသားစုများနဲ့အတူ ရုရှားနိုင်ငံကို အပြီးပြန်သွားခဲ့ကြပါတယ်။ ကိုမျိုးဝင်း တစ် ယောက်သာ သူ မလိုက်သွားနိုင်တာမို့ သူ့ဇနီးနှင့်သမီး ၂ ယောက်ကို ရုရှားသို့ အပြီး ပြန်လွှတ်လိုက်ရရှာပါ တယ်။ သူတို့မိသားစုနှင့်ရင်းနှီးနေတာဖြစ်လို့ မိမိအနေဖြင့် များစွာစိတ်မကောင်းဖြစ်မိခဲ့ရတယ်။ နောက်ပိုင်း မှာ မိမိသည် ကိုမျိုးဝင်းအား ရွှေတိဂုံဘုရားပေါ်တွင် တစ်ခါတစ်ခါတွေ့မိတတ်၏။ သူ ဘုရားမှာလာပြီး ပုတီး စိပ်တာပါတဲ့။      


ပြပွဲပြင်ဆင်နေတုန်းက မြန်မာစကားတတ်တဲ့ မလှကျော့နဲ့မောင်ဥာဏ်တို့ ၂ ဦးပဲရှိပေမယ့် ပြပွဲကြီးပြတဲ့အ ခါမှာတော့ မြန်မာစကားတတ်တဲ့ နောက်ထပ်ရုရှားလူမျိုးတစ်ဦးရောက်လာခဲ့ပါတယ်။ သူ့နာမည်က ဆီရ်ဂဲအိ (မြန်မာအမည် စိုးမြင့်) ဖြစ်တယ်။ သူက ရုရှားကတက္ကသိုလ်တစ်ခုမှာ မြန်မာစာလေ့လာနေတဲ့ နောက်ဆုံးနှစ် ကျောင်းသားလို့သိရပါတယ်။ သူ့အသက်က ၂၀ လောက်ပဲရှိဦးမယ် ထင်ပါတယ်။ မလှကျော့တို့ ၂ ဦးကတော့ အသက် ၂၇ နှစ် ၂၈ နှစ် လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ စိုးမြင့်နဲ့မိမိတို့က သက်တူရွယ်တူ လောက်မို့ ပို ပြီးတွဲဖြစ်ပါတယ်။ နေ့လည်စာကို မိမိတို့ ၂ ယောက် မင်းမနိုင်အိမ်ယာတိုက်ခန်းတွေကို လမ်းလျောက်ပြီး အ တူ သွားစားကြပါတယ်။  


ဒီနေရာမှာ စပ်မိလို့ စိတ်ဝင်စားစရာလေးတစ်ခု ပြောပြချင်ပါတယ်။ ရုရှားဘာသာသင်တဲ့ မြန်မာတွေကို ရုရှားဘာသာပြဆရာတွေက ရုရှားနာမည်တွေ ပေးတတ်သလို မြန်မာစာလေ့လာကြတဲ့ရုရှားလူမျိုးတွေက လည်း သူတို့ဖာသာ မြန်မာအမည် ယူတတ်ကြတာပါ။ သူတိုရဲ့ မူလအမည်နဲ့ အသံဆင်တူတာကို အချို့ က ယူတတ်ကြသလို တချို့ ကလည်း အဓိပ္ပါယ်ရှိတဲ့ နာမည်လှလှလေးတွေကို ရွေးယူတတ်တာမျိုးလည်း ရှိ ပါတယ်။ မိမိတို့ရဲ့ ပါမောက္ခ မစ္စတာ‘ယာကော့ဗ်လက်’ က မိမိကို ရုရှားနာမည်‘တီမာဖျေးအိ’(тимафей)လို့ မြန်မာအမည် တင်မောင်အေးအသံနဲ့ ခပ်ဆင်ဆင်လေး ပေးထားခဲ့ပါတယ်။ ‘ဖျေး’အသံက မြင့်သွားပြီး ‘အိ’ အသံက တိမ်ပြီးဆင်းသွားတာမို့ ခပ်မြန်မြန်လေးခေါ်တဲ့အခါ မြန်မာအမည်နဲ့ အသံဆင်နေပါတယ်။ ‘တီ’ အသံကိုလည်း ‘တျီ’ လို့ ခပ်ပျော့ပျော့လေး ထွက်ရတာပါ။  


မြန်မာစာလေ့လာကြတဲ့ ရုရှားလူမျိုးများနဲ့ပတ်သက်ပြီး နောက်ထပ်စိတ်ဝင်စားစရာလေးတစ်ခုကိုလည်း ပြောပြလိုပါသေးတယ်။ ရုရှား-မြန်မာ အဘိဓာန်ကြီး (Russian-Burmese Dictionary Российская бирманский словарь)ကို ရေးသားပြုစုခဲ့ကြသူ ၂ ဦး အကြောင်းပဲ ဖြစ်တယ်။ မိမိ သူတို့ကိုတွေ့တဲ့ အဲ ဒီအချိန်ကတည်းကိုက သူတို့ရဲ့ အသက်က ၅၀ လောက်ရှိ နေကြပြီမို့ မလှကျော့တို့ မောင်ဥာဏ်တို့ စိုးမြင့် တို့လို မြန်မာနိုင်ငံကနေ ရုရှားတက္ကသိုလ်မှာသွားပြီးသင်ကြားပြသပေးတဲ့ မြန်မာစာပါမောက္ခနဲ့ သေသေချာ ချာ သင်ကြားခဲ့ကြပုံ မရပါဘူး။


စာရေးသူ ပထမဦးဆုံး သတိပြုမိတာက မြန်မာစကား နည်းနည်းလေးပဲ ပြောတတ်တာဖြစ်တယ်။ နောက် ပိုပြီးသေချာသွားတာကတော့ သူတို့ရေးသားပြုစုထားတဲ့ ရုရှား-မြန်မာအဘိဓာန်စာအုပ်ကြီးအား မိမိကိုပေး 
ဖို့ အမှတ်တရ စာရေးတဲ့အခါမှာပါ။ အသတ်၊ အပင့်၊ အရစ်တွေမှာ အရေးမှားတာတွေ ကိုယ့်မျက်စိကိုပင် မ ယုံလောက်အောင် တွေ့ရတယ်။  အလွယ်ဆုံးဥပမာတစ်ခုပေးရရင် ‘န’ငယ်ကို ရေးတဲ့အခါမှာ အပေါ်ခေါင်း ကနေစဆွဲပြီး ၀မ်းဗိုက်၊ အဲဒီကနေမှ ခြေထောက်မှာဆုံးရတာ။ အတိုပြောရရင် အပေါ်ကစရေးပြီး အောက်မှာ ဆုံးရတယ်။ ‘င’သတ်ဆိုရင် အောက်ကစရေးပြီး အပေါ်မှာ ဆုံးရတယ်။ သူတို့က ‘န’ငယ်ကို ခြေထောက်ကစ ပြီးရေးတယ်။ ‘င’သတ်ကို အပေါ်ကစပြီး ရေးတယ်။

အမှန်အတိုင်းပြောရရင် ရေးတာမြန်တော့ ဦးနှောက်က သိတာက နောက်မှပါ။ မျက်စိက အရင်ဆုံး သတိပြု မိလိုက်တာ။ အရပ်ထဲကစကားနဲ့ ပြောရရင် မျက်စိထဲ ခရော့စ်(cross) ဖြစ်သွားလို့။      







ဆက်ပြီးရေးပါဦးမယ်။ 






No comments:

Post a Comment